ရှင်သန်ရန်ကြိုးစားခြင်း
Vol. 50 Ch. 749
ဝမ်မင်က လူမိုက်မဟုတ်ပေ။
ယင်းက လွတ်မြောက်ခြင်းအတွက် ပူးပေါင်းဆောင်ရွက်မှုဖြစ်သောကြောင့် သရဲခေါင်းဓားသည် အနည်းဆုံးတော့ သူ့ကိုအန္တရာယ် ပြုတော့မည် မဟုတ်ပေ။
သရဲခေါင်းဓားက သူ့ထက်ပင် ရှင်သန်ချင်စိတ်ပြင်းပြသည်ဟု ဝမ်မင် ယုံကြည်ခဲ့သည်။
ယင်းက ဝမ်မင် အနေဖြင့် သရဲခေါင်းဓား၏ ဤနေရာမှ ထွက်သွားလိုသောအချက်ကို ခြိမ်းခြောက်ရန်အတွက် အသုံးပြု၍ရမည်ဟု မဆိုလိုပေ။
သရဲခေါင်းဓားက ဓားပုံစံဖြင့် ရှိနေသည့် ရက်အနည်းငယ် အတွင်း အိမ်ရှင်တစ်ဦးကို ရှာဖွေရန် လိုအပ်သည်ဟု ပြောဖူးသည်ကို ဝမ်မင် သတိရမိသည်၊
အိမ်ရှင်ကို ရှာမတွေ့လျှင် သရဲခေါင်းဓား၏ ဝိညာဉ်သည် တိုက်ရိုက် အသတ်ခံရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ဝမ်မင်အတွက် ဤနေရာမှ လွတ်မြောက်ဖို့ နည်းလမ်းရှာရန် အနည်းဆုံး နှစ်ရက် အချိန်ရ၏။
မဟုတ်လျှင် သရဲခေါင်းဓား၏ ပင်ကိုစရိုက်အရ ဝမ်မင်ကို သူနဲ့အတူ သေရွာသို့ တစ်ပါတည်း ဆွဲခေါ်သွားလိမ့်မည် ဖြစ်သည်။
သူတို့နှစ်ဦးက ကောင်းကင်သတ္တုဓား၏ သင်္ကေတဖြစ်သော ဤဝါးဖောင်ပေါ်တွင် ရှိနေချိန်ကစ၍ ဂိမ်းက စတင်နေပြီဖြစ်သည်။
သူသာ ရှင်သန်ချင်တယ်ဆိုရင် အချိန်နဲ့ ပြိုင်ရမယ်မှန်း ဝမ်မင် ကောင်းစွာ သိခဲ့သည်။
အချိန်သည် ပြင်ပကမ္ဘာတွင် ခြားနားသော အရှိန်အဟုန်ဖြင့် စီးဆင်းနေ၍ ဝမ်လင်းက သူ့ကို ရှာတွေ့နိုင်မလား မသေချာပေ။
ဤနွေရာသီစခန်းသွင်းလေ့လာရေးတွင် အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် နေဖို့ ဝမ်လင်းကို အရင်က အတိအကျပြောခဲ့ဖူးသော်လည်း ဖြစ်ရပ်တစ်လျောက်လုံးတွင် ဝမ်လင်း ပေါ်လာဖို့ မျှော်လင့်ချက် တစ်ဝက်လောက် ထားရှိခဲ့သည်။
သို့သော် နောက်ဆုံးတွင် မျှော်လင့်ချက်က မျှော်လင့်ချက်သာ ဖြစ်သည်။
ဖြစ်နိုင်လျှင် ဝမ်မင်သည် ယခုတကြိမ် အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် သူ့ကိုယ်ပိုင် ခွန်အားကိုသာ အသုံးချချင်ခဲ့သည်။
သူ့အနေဖြင့် လွတ်မြောက်ချင်လျှင် ကိုယ်တိုင်လုပ်မှရမည် မဟုတ်လော။
သူ အသက်ဆက်ရှင်ရဦးမည်၊ သူ့တွင် မပြီးပြတ်သေးသည့် လုပ်ငန်း အများအပြား ရှိ၏။
သူသေသွားခဲ့လျှင် ဥက္ကဌချီ၏ ညည်းညူသံကို မည်သူ နားထောင်ပေးနိုင်မည်နည်း။
ထိုနေ့မတိုင်မီက ဉာဏ်ပညာသူတော်စင်ဖြစ်သည့် ဥက္ကဌချီသည် သူ့ထက် ဂုဏ်သတင်းကျော်ကြားသည့် အထူးချွန်ဆုံးတပည့်ဖြစ်လာစေမည်ဟု သူ့ကို ကတိပေးခဲ့သည်။
သူသေသွားခဲ့လျှင် နိုင်ငံခေါင်းဆောင် 001၏ သုတေသနက မည်သို့ ဖြစ်သွားနိုင်ပါသနည်း။
ဤသည်မှာ ယနေ့အထိ သူ၏ အကြီးကျယ်ဆုံး လက်ရာဖြစ်သည်။
သူသေသွားခဲ့လျှင် ကျိုက်ယန်၏ ကြောက်စရာကောင်းသော နဂါးဝက်သားကြော်ကို မည်သူ စားပေးမည်နည်း။
အကယ်၍ သူသေသွားခဲ့လျှင် ကမ္ဘာဦးချီ သုတေသနက မည်သို့ဖြစ်လာမည်နည်း။
သူ့ညီလေးကို မည်သူက ကယ်တင်မည်နည်း။
ဝမ်မင်၏ ခေါင်းထဲသို့ အတွေးများက ပျံ့လွင့်သွားခဲ့သည်။
သာမန်အားဖြင့် သူသည် ဖန်လုံအိမ်ရှိ ပန်းတစ်ပွင့်လိုပင် အမြဲလိုလို ခံစားခဲ့ရသည်။
သူက အခြားသူများ၏ အမြဲတမ်း တင်းတင်းကျပ်ကျပ် အကာအကွယ်ပေးခြင်းကို ခံခဲ့ရ၏။
ထို့ကြောင့် ယခုလို ဘေးဆိုးကြီးကို ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤအဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင် ဝမ်မင်က ဤပြဿနာများကို သာမာန်အားဖြင့် စဉ်းစားမိမည်ဟု မထင်ပေ။
သူက ဤနေရာကနေ ရုန်းထွက်ပြီး အသက်ရှင်ဖို့ တတ်နိုင်သမျှ အကုန်လုပ်ရပေမည်။
ဝမ်မင်က လေးလေးနက်နက် စဉ်းစားခဲ့သည်။
တစ်ဖက်တွင်လည်း သရဲခေါင်းဓားက လုံးဝ တည်ငြိမ်မှု ရှိနေသည်။
ဤသည်က အလောင်းအစား တစ်ခု ဖြစ်သည်။
သူက ဝမ်မင်ကို မသတ်ရန်ရွေးချယ်ခဲ့သည်မှာ ဝမ်မင်က သူအသက်ရှင်ကျန်ရစ်မည့် မျှော်လင့်ချက် ဖြစ်သောကြောင့်ပင်။
ဤနေရာမှ ထွက်နိုင်သ၍ ဝမ်မင်ကို ဘာမှမလုပ်ဟု သူ့ကတိပေးထားသည်။
ကတိလား..
ကတိက မည်မျှတန်ဖိုးရှိနိုင်ပါမည်နည်း။
သရဲခေါင်းဓားက ဆုံးဖြတ်ထားပြီးသားပင်။
ဝမ်မင်က ဤနေရာက ထွက်သွားဖို့ နည်းလမ်းရှာနိုင်သရွေ့ ဝမ်မင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုရဦးမည် ဖြစ်သည်၏
သူ့တွင် အချိန်သိပ်မကျန်တော့ပေ။
လေးရက်မပြည့်မီတွင် သူ၏ဝိညာဉ်သည် တိုက်ရိုက် ပျက်သုဉ်းသွားမည်ဖြစ်သည်။
သရဲခေါင်းဓားသည် ယခုအချိန်တွင် နောက်ကြောင်းပြန်လှည့်၍မရသည်ကို သိသည်။
နှစ်အတော်ကြာအောင် သူသည် အခြားသူ၏ လက်ထဲတွင် ဓားတစ်လက် ကဲ့သို့ လုပ်ဆောင်ခဲ့ပြီး တာဝန်အမျိုးမျိုးကို လက်ခံခဲ့ရသည်။
သူက အိမ်ရှင်ခန္ဓာကိုယ်ကို အကြောင်း အမျိုးမျိုးကြောင့် အဆက်မပြတ် ပြောင်းလဲခဲ့ရသည်။
စင်စစ် သူသည် သူ့ဂိုဏ်းကို ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ကျဉ်းပေးချင်ရုံသာ ဖြစ်သည်။
တစ္ဆေပုဆိန်ဂိုဏ်းကို မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် တည်ထောင်ခဲ့သည့် ထိပ်တန်းလူသတ်ဂိုဏ်းအဖြစ် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် အသိအမှတ်ပြုခဲ့သည်။
သူက လေလွင့်ကိုယ်လူချောနှင့် တာအိုဆရာတောက်တိ ပြီးလျှင် ဂိုဏ်း၏ တတိယမြောက်တပည့် ဖြစ်သည်။
သရဲခေါင်းဓား၏ တစ်သက်တာအိပ်မက်မှာ လူတစ်သောင်းကိုသတ်ပစ်ရန်ဖြစ်ကာ ဂိုဏ်းမှ ပေးအပ်သည့်တာဝန်ကို ပြီးမြောက်စေပြီး ဂိုဏ်း၏ စစ်မှန်သောအမွေအနှစ်ကို အမွေဆက်ခံနိုင်ရန် ဖြစ်သည်။
ထို့ကြောင့် သရဲခေါင်းဓားသည် ဤနေရာတွင် မသေချင်သေးပေ။
“ကောင်ဆိုးလေး.. နောက်ထပ် ဆယ့်နှစ်နာရီအတွင်း တစ်ခုခုကို အဖြေရှာကြည့်ဖို့ ငါအကြံပေးချင်တယ် ဒါလိုမှ မဟုတ်ရင် မင်းသေရလိမ့်မယ်”
သရဲခေါင်းဓားက ဝမ်မင်ကို ခြိမ်းခြောက်ခဲ့သည်။
"ငါ့ကို ဖိအားစွပ်မပေးနဲ့.. ငါ နည်းလမ်းရှာနေတာ မင်းသိပါတယ်.. ဦးနှောက် အလုပ်လုပ်ဖို့ဆိုတာ ဦးနှောက်ဆဲလ်တွေ အားပြည့်ဖို့လည်း လိုအပ်တယ်.. အခုအချိန်မှာ တွေးနေရင်းနဲ့တောင် ခေါင်းကိုက်နေတယ်.. မင်းမှာ စားစရာရှိလား.. ဦးနှောက်ကို အားကောင်းစေဖို့အတွက် သစ်ကြားသီး နှစ်လုံးလောက် စားရရင် ကောင်းမယ်"
သရဲခေါင်းဓား၏ လေသံက အေးစက်သွားသည်။
"မင်းဘာလှည့်စားချင်နေတာလဲ"
"လှည့်စားဖို့လား.. ငါက ဘယ်လိုလုပ် သတ္တိရှိမှာလဲ"
ဝမ်မင်က အားနည်းသောအမူအရာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
"မင်းသိပါတယ် ငါက သာမန်လူတစ်ယောက်ပါ...အစာမရှိရင် တစ်ရက်တောင် ကျော်နိုင်မှာမဟုတ်ဘူး"
သရဲခေါင်းဓားက ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်မင်၏စကားက မှန်နေသောကြောင့် ဖြစ်၏။
သူက ဤအချက်ကို ယခုမှပင် အမှတ်ရသွားသည်။
အစောပိုင်းတွင် သူသည် ဝမ်မင်က သာမန်လူတစ်ယောက် ဆိုသည်ကို မေ့သွားခဲ့၏၏
သရဲခေါင်းဓားတွင် ဝမ်မင်ကို အာဟာရအတွက် အကူအညီ ပေးရုံမှတပါး ရွေးချယ်စရာမရှိပေ။
"ရော.."
ဤသည်က (Mylikes) ချောကလက်အရွယ်အစားခန့် အနီရောင်ဘဲဥပုံဆေးပြား ဖြစ်သည်။
"ဒါက ချီအားဖြည့်ဆေး.."
သရဲခေါင်းဓားက ပြောလိုက်သည်။
ဤဆေးက အဆင့်လေး ဆေးဝါး ဖြစ်ပြီး မယုံနိုင်လောက်အောင် ဈေးကြီးသည်။
သာမာန်လူတစ်ဦး စားလျှင် ခန္ဓာကိုယ်ဒဏ်ရာများကို သက်သာပျောက်ကင်းစေရုံသာမက စိတ်ခွန်အားကိုပါ မြှင့်တင်ပေးပြီး အစာရှောင်ဆေးအဖြစ် လုပ်ဆောင်ပေးနိုင်သည်။
ဤသည်မှာ သူ၏အိမ်ရှင် အသုံးပြုရန်အတွက် သရဲခေါင်းဓား ဆောင်ထားသည့် တစ်ခုတည်းသောဆေးဝါး ဖြစ်သည်။
သူ့အိမ်ရှင်ခန္ဓာကိုယ် ဒဏ်ရာရသွားလျှင် ဤဆေးတစ်လုံးသည် ပုံမှန် ထိခိုက်ပျက်စီးမှုအချို့ကို ပြုပြင်ရန် လုံလောက်သည်။
သို့သော် သူ့တွင် ခန္ဓာကိုယ်မရှိသောကြောင့် သရဲခေါင်းဓားသည် ၎င်း၏ အကျိုးသက်ရောက်မှုကို မခံစားနိုင်တော့ပေ။
လက်ရှိအခြေအနေတွင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသော ပူးပေါင်း ဆောင်ရွက်မှုသည်သာ ပို၍ အရေးကြီးသည်။
ဝမ်မင်၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာမှုသည် နောက်ပိုင်းတွင် ခန္ဓာကိုယ်ကို အတင်းအကျပ် ယူငင်သောအခါ ၌ သူ့အတွက်လည်း အကျိုးရှိလာမည် ဖြစ်သည်။
ထိုသို့ ဖြစ်လာရန် အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်မည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်”
ဝမ်မင်က အားနာမနေတော့ဘဲ ဆေးလုံးကို တိုက်ရိုက် မျိုချလိုက်သည်။
သူက လွတ်မြောက်ရန် နည်းလမ်းကို ရှာနေသောကြောင့် ဤအခြေအနေတွင် သရဲခေါင်းဓား ထုတ်လိုက်သော ဆေးဝါးသည် ကောင်းမွန်သော ဆေးဖြစ်ရပေမည်။
သေချာသည်မှာ ဤအချိန်၌ ဝမ်မင်ကို အဆိပ်ဆေးပေးရဲမည် မဟုတ်ခြင်းပင်။
ချီအားဖြည့်ဆေးကို သောက်ပြီးနောက်တွင် ဝမ်မင်၏ ဦးခေါင်းသည် ချက်ချင်း ပေါ့ပါးသွားခဲ့သည်။
ဆေးအာနိသင်က ချက်ချင်းပင် သိသိသာသာ ပြခဲ့၏။
ဤဆေးကြောင့် အနည်းဆုံး သူ့ခန္ဓာကိုယ်၏ ငါးဆယ်ရာခိုင်နှုန်းခန့်က ပြန်ကောင်းလာပြီ ဖြစ်သည်။
သို့သော် ဝမ်မင်က သူ့မျက်နှာအမူအရာကို တိုက်ရိုက်မဖော်ပြဘဲ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဆေးလုံးက သိပ်ထိရောက်မှုမရှိဘူး"
သရဲခေါင်းဓားက လှောင်ပြောင်သည်။
"ကောင်ဆိုးလေး.. ဒီဆေးက မင်းကို ရက်အနည်းငယ်ကြာအောင် ဗိုက်မဆာဖို့ လုံလောက်တယ်.. အခု မင်းမှာ ဆင်ခြေတွေ မရှိတော့ဘူးဆိုတော့ လွတ်မြောက်မဲ့နည်းလမ်းကို မြန်မြန်စဉ်းစားစမ်း"
"ငါ မင်းကို ချီအားဖြည့်ဆေးတောင် ပေးခဲ့ပြီးပြီ.. ဆေးအာနိသင် ထိရောက်မှု ရှိမရှိက ငါနဲ့ ဘာမှမဆိုင်ဘူး"
တကယ်တမ်းတွင် သရဲခေါင်းဓားသည် ဆေးပြား၏ ထိရောက်မှုကို အာမခံချက် မပေးနိုင်ပေ။
ကျင့်ကြံသူ တစ်ဦးသည် အရည်အသွေးမြင့် ဆေးအမျိုးအစားကို စုပ်ယူမှု မြန်ဆန်စေချင်လျှင် ဝိညာဉ်စွမ်းအင် အသုံးပြုဖို့ လိုအပ်သည်။
သာမာန်လူတစ်ယောက်အတွက်မူ ဆေးလုံးကို လုံးလုံးချေဖျက်ဖို့ အချိန်ကြာနိုင်ပေသည်။
တစ္ဆေပုဆိန်ဂိုဏ်း၏ သင်ကြားသမျှသည် လူသတ်နည်းစနစ်များသာ ဖြစ်သောကြောင့် သူက ဆေးဝါးများအကြောင်း ကောင်းစွာမသိပေ။
စင်စစ် ဝမ်မင်အတွက်မူ ဆေးလုံးသည် သူ့အစာအိမ်ထဲကို ရောက်ပြီး နာရီဝက်အကြာမှာပင် အစာကြေနေပြီ ဖြစ်သည်။
ကျင့်ကြံသူက စုပ်ယူမှု အရှိန်မြန်စေရန် အတွက် ဝိညာဉ်စွမ်းအင်ကို အသုံးပြုဖို့လိုသလို ဝမ်မင်ကလည်း တရားထိုင်ခြင်းကို ပြုလုပ်ဖို့သာ လိုအပ်သည်။
တရားထိုင်ခြင်းသည် ဝိညာဥ်စွမ်းအင် အသုံးပြုသကဲ့သို့ တူညီသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော်လည်း သင့်တွင် အားကောင်းသည့် ဦးနှောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဝမ်မင်သာ အလိုရှိလျှင် တရားထိုင်ခြင်းဖြင့် မြေပြင်မှ အနည်းငယ် လွတ်သည်အထိ ပြုလုပ်နိုင်သည်။
သို့သော် အချိန် အလွန်တိုတောင်းမည် ဖြစ်သည်။
ဝါးဖောင်ပေါ်တွင် သရဲခေါင်းဓားသည် အနည်းငယ် စိတ်မရှည်သလို ခံစားနေရသည်။
"ကောင်ဆိုးလေး.. အခြေအနေဘယ်လိုလဲ"
ဝမ်မင်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။
"စိတ်မပူပါနဲ့ ငါစဥ်းစားမိပြီ.."
တကယ်တမ်းတွင် ဝမ်မင်သည် နေရာလွတ်ပင်လယ်သေကို ပထမဆုံးအကြိမ် စူးစမ်းလေ့လာစဥ်ကတည်းက အကြံတစ်ခု ရှိပြီးသား ဖြစ်သည်။
အပိုင်း(၇၄၉) ပြီး၏