← Chapters

စိတ်ချဲ့ထွင်ကိရိယာ

Vol. 51 Ch. 752

စိတ်ချဲ့ထွင်ကိရိယာ

Vol. 51 Ch. 752

ဗိုလ်ချုပ်၁၀ဦးသည် ထိုအချိန်က ဟွာရှို့နိုင်ငံကို အတူတကွတည်ထောင်ခဲ့ကြပြီး အချင်းချင်း အလွန်နက်ရှိုင်းသော သံယောဇဉ်များလည်း ရှိကြသည်။

သူတို့အချင်းချင်းသာ မညီညွှတ်လျှင် ဟွာရှို့နိုင်ငံက ပျက်စီးသွားသည်မှာ ကြာပြီ ဖြစ်သည်။

ညဦးစီးမှူးအဖွဲ့ စတင်ချိန်မှစ၍ လက်ရှိအချိန်ထိ ပြန်လည်သုံးသပ်ရလျှင် သူတို့ ဟွာရှို့မဟာမိတ်အဖွဲ့၌ သူလျှို ရှိနိုင်သည်ဟု ဗိုလ်ချုပ် ၁၀ယောက်က မှန်းဆမိခဲ့သည်။

ထို့ကြောင့် သူတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို သေချာ ပြုလုပ်ရပေမည်။

ဝမ်မင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားပြီးနောက်တွင် ဥက္ကဌချီကဝမ်မင်အတွက် ရပ်တည်ပေးလိမ့်မည်ဟု ဗိုလ်ချုပ်ရီနှင့်ဗိုလ်ချုပ်ကျန်းတို့က မျှော်လင့်ထားပြီးသား ဖြစ်သည်။

ဥက္ကဌချီက သူ့တပည့်ကို ကာကွယ်ပေးရာတွင် နာမည်ကြီးသည်။

အထူးသဖြင့် သုတေသနဌာနမှ ဝမ်မင်ကို မနာလိုသောလုပ်ဖော်ကိုင်ဖက်များသည် ဟွာရှို့မဟာမိတ်အဖွဲ့ထံ တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။

သို့ရာတွင် ဥက္ကဌချီက ထိုတိုင်စာများကို ကြားဝင် ဖျက်ဆီးပစ်ခဲ့သဖြင့် အစီအရင်ခံစာများထဲမှ တစ်စောင်မျှပင် ဟွာရှို့မဟာမိတ်အဖွဲ့သို့ ရောက်ရှိခဲ့ခြင်းမရှိပေ။

ဥက္ကဌချီ အမြဲပြောဆိုခဲ့သည့် အတိုင်းပင် အရည်အချင်းသည် မနာလိုရခြင်း၏ ပစ်မှတ် ဖြစ်သည်။

ဆိုရလျှင် ဥက္ကဌချီသည်လည်း ငယ်စဉ်ကပင် မနာလိုမှုများကို ခံခဲ့ရသည်။

ထို့ကြောင့် သူ၏အလှည့်တွင် ဝမ်မင်ကို အကောင်းဆုံး စောင့်ရှောက်မှုပေးခဲ့သည်။

ဝမ်မင်က တစ်ခါတစ်ရံ မာနထောင်လွှားလေ့ ရှိသော်လည်း ဥက္ကဌချီကိုမူ လေးစားသောသူ ဖြစ်သည်။

သူတို့က အလုပ်တွင် ဆရာနှင့်တပည့် ဖြစ်သော်လည်း လက်တွေ့ဘဝတွင် အဖေနှင့်သား အဘိုးနှင့်မြေးကဲ့သို့ ဆက်ဆံရေး ဖြစ်သည်။

ဥက္ကဌချီ အတွက်တော့ ဝမ်မင်က သူအနားယူပြီး နောက်တစ်ရက် အကြာတွင် ဉာဏ်ပညာသူတော်စင် နေရာကို ဆက်ခံနိုင်မည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်သည်။

ဝမ်မင်က ကဏ္ဍများစွာတွင် အားနည်းနေဆဲ ဖြစ်သည်ဟု လူအများက မှတ်ယူခဲ့ကြသော်လည်း ဥက္ကဌချီကမူ ဝမ်မင်ကို တွေ့ရှိသည့်အချိန်မှစ၍ ဝမ်မင်သည် သူ၏ မျှော်လင့်ချက်နှင့် အနာဂတ် ဖြစ်သည်ဟု တစ်ထစ်ချ ယုံကြည်ခဲ့သည်။

ဥက္ကဌချီက ဟွာရှို့မဟာမိတ် အဆောက်အဦးထဲမှ မထွက်ခွာဘဲ သူ၏ ရုံးခန်းထဲသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

သူ့အနေဖြင့် ညဦးစီးမှူးအဖွဲ့ကို သတိပေးရပေမည်။

ဤသည်က နိုင်ငံရပ်ခြားသို့ သွားမည်ဟု မဆိုလိုပေ။

ဗိုလ်ချုပ်၁၀ယောက်မှ တစ်ယောက်ဖြစ်ပြီး နိုင်ငံ အကြီးအကဲ လည်း ဖြစ်သည့် သူက နိုင်ငံရပ်ခြားသို့ ကိုယ်တိုင်သွားရောက်၍ ညဦးစီးမှူးအဖွဲ့ကို သတိပေးခဲ့လျှင် နိုင်ငံတကာသတင်းမီဒီယာများ၌ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားမည်ကို သူနားလည်သည်။

ထို့ကြောင့် ဥက္ကဌချီက ပို၍ဖြစ်နိုင်ချေရှိသော ရွေးချယ်မှုကို ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်သည်။

“အားလုံးအဆင်သင့်ဖြစ်ပြီလား”

ဥက္ကဌချီက သူ၏ရုံးခန်းသို့ပြန်ရောက်သောအခါတွင် လူငယ်တစ်ယောက်က သူ့ကို စောင့်ဆိုင်းနေခဲ့သည်။

ထိုလူငယ်က ဥက္ကဌချီ၏ လက်ထောက်ဖြစ်သည့် ချီမန်ယွီဖြစ်သည်။

ဥက္ကဌချီက မိသားစုမရှိသည့် အတွက် ချီမန်ယွီကို ငယ်စဉ်ကပင် မွေးစားထားခဲ့သည်။

ချီမန်ယွီသည် သူယုံကြည်ရသော လက်ထောက်တစ်ဦးလည်း ဖြစ်သည်။

၎င်းက ကျင့်ကြံခြင်းတွင် ပါရမီရှင်ဟု မသတ်မှတ်နိုင်သော်လည်း မဆိုးလှသော ပါရမီကို ပိုင်ဆိုင်ထားသည်။

ချီမန်ယွီက ဝမ်မင်ထက် အတော်လေး အသက်ကြီးသော်လည်း သူတို့နှစ်ယောက်မှာ ညီအစ်ကိုရင်းများထက်ပင် ပိုမိုရင်းနှီးကြသည်။

“ကျွန်တော် အားလုံးပြင်ဆင်ပြီးပြီ အဖေ.. စက်ပစ္စည်းတွေကို ဟိုနေ့ကတည်းက စမ်းသပ်ပြီးပြီ.. ဘာမှပြဿနာမရှိဘူး”

ချီမန်ယွီက ပြန်ဖြေလိုက်၏။

ဝမ်မင်၏ အဖြစ်အပျက်ကို သူသိသွားပြီးနောက်တွင် ဥက္ကဌချီ တစ်ခုခုလုပ်တော့မည်ကို ချီမန်ယွီ သိခဲ့သည်။

သို့သော် ဥက္ကဌချီက ဤမျှလောက်ထိ ဆောင်ရွက်လိမ့်မည်ဟု ချီမန်ယွီ မမျှော်လင့်ထားခဲ့ပေ။

ဥက္ကဌချီက ရုံးခန်းထဲမှ ပစ္စည်းကို နောက်ဆုံးအကြိမ် အသက်သွင်းခဲ့သည်မှာ လွန်ခဲ့သော နှစ်များစွာက နတ်ဆိုးနတ်ဘုရားအား ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်က ဖြစ်သည်။

ဤစက်ကိရိယာကို စိတ်ချဲ့ထွင်ကိရိယာဟု ခေါ်ပြီး လုပ်ဆောင်ပုံအားလုံး ရိုးရှင်းသည်။

အာကာသယာဉ်ခန်းကဲ့သို့ အခန်းထဲတွင် ဆိုဖာပေါ်၌ ထိုင်ပြီး စိတ်ကို ချက်ချင်း ချဲ့ထွင်ပေးနိုင်သည့် ကြိုးမဲ့ဦးထုပ်ကိုဆောင်းရန်သာ လိုအပ်သည်။

ဥက္ကဌချီ၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာခွန်အားကြောင့် ဤကြိုးမဲ့ဦးထုပ်ကို ဆောင်းထားသည့် အခိုက်အတန့်တွင် ဥက္ကဌချီသည် ကမ္ဘာ၏ မည်သည့်နေရာကိုမဆို အလွယ်တကူ စကားပြောဆိုနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများကိုလည်း အဝေးကနေ လုပ်ဆောင်နိုင်ပေသည်။

ယခုအခါတွင် ဤကိရိယာသည် ဗားရှင်း 8.0အထိ ရှိနေပြီဖြစ်ပြီး နောက်ဆုံး အဆင့်မြှင့်တင်မှုကို ပြုလုပ်သူမှာ ဝမ်မင် ဖြစ်သည်။

“မန်ယွီ.. တံခါးအပြင်ဘက်မှာစောင့်နေ.. ဘယ်သူ့ကိုမှ ဝင်မလာစေနဲ့”

ဥက္ကဌချီက ချီမန်ယွီကို ပြောလိုက်သည်။

ထို့နောက်တွင် ဥက္ကဌချီသည် သူ၏ရုံးခန်းစားပွဲပေါ်မှ လျှို့ဝှက်လက်ကိုင်ခလုတ်ကို လှည့်လိုက်ရာ သူ၏ အနောက်ရှိစာအုပ်စင်က ဘေးသို့ နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။

စာအုပ်စင်၏ အနောက်တွင် ပဟေဠိကုဗတုံး အရွယ်အစားရှိသည့် ပစ္စည်းတစ်ခု ရှိသည်။

ထိုခဏမှာပင် ထိုပစ္စည်းထဲမှ ဝိညာဉ်အလင်းရောင်သည် ဥက္ကဌချီကို တိုက်ရိုက် စုပ်ယူသွားခဲ့သည်။

ထိုပစ္စည်းက အရွယ်အစား သေးငယ်သော်လည်း နေရာလွတ်ချဲ့ထွင်ခြင်း နည်းစနစ်ကို အသုံးပြုထား၍ အထဲတွင် ကျယ်ကျယ်ဝန်းဝန်း ရှိ၏။

ထို့ပြင် အထဲ၌ အသက်သွင်းနိုင်သည့် မှော်အစီအရင်တစ်ခုလည်း ပါရှိသည်။

အခြားတစ်ဖက်တွင် ဝမ်မင်သည် ဝါးဖောင်ပေါ်ရှိ ကိရိယာများကို စစ်ဆေးနေသည်။

သရဲခေါင်းဓားက ဝမ်မင် အသုံးပြုရန်အတွက် လုံလောက်သော ဝိညာဉ်စွမ်းအင်ကို ကိရိယာပုံးထဲသို့ ထည့်သွင်းပေးခဲ့သည်။

ဤကိရိယာပုံးထဲတွင် ဝိညာဉ်စွမ်းအင်များ ပိုလျှံနေမှန်း ဝမ်မင် သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူက အပို ဝိညာဉ်စွမ်းအင်များကို သူ၏လက်စွပ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။

“ဒါက အသံချဲ့အမြောက်အတွက် အသေးစိတ်ပုံကြမ်းပဲ.. နေရာလွတ် တံတိုင်းကို ဖောက်ထွင်းရာမှာ သေချာမှုရှိစေဖို့အတွက် မူလ လုပ်ဆောင်ချက်တွေကို သိသိသာသာ တိုးမြှင့်ထားခဲ့တယ်”

ဝမ်မင်က အသံချဲ့အမြောက်အတွက် အသေးစိတ်ပုံကြမ်းကို ၁၀မိနစ်ခန့် အချိန်ပေး၍ ရေးဆွဲခဲ့ရသည်။

သူက အစိတ်အပိုင်းတစ်ခုစီ အတွက် သက်ဆိုင်ရာဖော်မြူလာများကိုပါ ပုံကြမ်းထဲတွင် ထည့်သွင်းထားခဲ့သည်။

အသေးစိတ်ပုံကြမ်းကို ကြည့်ပြီးနောက်တွင် သရဲခေါင်းဓားသည် နားမလည်သော်လည်း အလွန်အမင်း စိတ်ချသွားခဲ့သည်။

ထို့နောက် သူက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

“မင်းက ဉာဏ်ပညာသူတော်စင်ရဲ့ တပည့် မဟုတ်လား”

“ဟုတ်တယ်”

ဝမ်မင် မငြင်းခဲ့ပေ။

တစ်ဖက်လူက သူ့အကြောင်းကို မေးလာသောကြောင့် သူ့အကြောင်းများကို သေချာစုံစမ်းခဲ့သည်မှာ သိသာနေသည်။

ထို့ကြောင့် ဝမ်မင်က အမှန်တရားကို ဖုံးကွယ်လည်း အသုံးဝင်မည် မဟုတ်ပေ။

“ငါတို့ ဥက္ကဌချီမှာလည်း အသံချဲ့အမြောက်ရှိတယ်.. ငါကနောက်ဆုံးဗားရှင်းရဲ့ အသေးစိတ်ပုံကြမ်းကို ဒီဇိုင်းရေးဆွဲပေးတဲ့သူ ဖြစ်တဲ့အတွက် ဒီပစ္စည်းနဲ့ အရမ်းရင်းနှီးတယ်လို့ ဆိုရမယ်”

ဝမ်မင်က ပြောလိုက်သည်။

“ဒီပစ္စည်းရဲ့ အစပိုင်း ရှေးပြေးပုံစံက စိတ်ချဲ့ထွင်တဲ့ ကိရိယာတစ်ခုပဲ.. အဲဒီအချိန်က စိတ်ချဲ့ထွင်ကိရိယာကို တီထွင်ပြီးနောက်မှာ နိုင်ငံခြားက သန္ဓေပြောင်းသတ္တဝါ အဖွဲ့အစည်းကို ဥက္ကဌချီက လက်ဆောင်ပေးခဲ့တယ်.. အဲဒီက ပရော်ဖက်ဆာက တပ်သားသစ်တွေ စုဆောင်းဖို့ ဒီကိရိယာကို အသုံးပြုခဲ့ပြီး မျိုးဗီဇပြောင်းကျောင်းကိုတောင် ဖွင့်လိုက်သေးတယ်”

“……….”

“ဒါပေမဲ့ ပထမဒီဇိုင်းမှာ ချို့ယွင်းချက်တွေ ရှိခဲ့တယ်.. ဘာလို့လဲဆိုတော့ ဒီကိရိယာကို အသုံးပြုရင် ဆံပင်ကျွတ်လွယ်တယ်လေ.. ဒါကြောင့် သိပ်မကြာခင်မှာပဲ သန္ဓေပြောင်းအဖွဲ့ရဲ့ ပရော်ဖက်ဆာက ထိပ်ပြောင်သွားခဲ့တယ်”

“……….”

“မျိုးဗီဇပြောင်းကျောင်းက အခုထိ ရှိနေတုန်းပဲ.. အရင်တစ်ခေါက် ဥက္ကဌချီနဲ့ နိုင်ငံခြားကို လိုက်သွားတုန်းက အဲဒီနေရာကို လည်ပတ်ခဲ့သေးတယ်”

သရဲခေါင်းဓားက ရုတ်တရက် သိချင်လာပြီး မေးခွန်းထုတ်လိုက်သည်။

“ဒါနဲ့ မင်းက လက်မှုပညာရှင်လား”

“မဟုတ်ဘူး ငါက တီထွင်တဲ့သူပဲ”

ဝမ်မင်က ပြန်ဖြေလိုက်သည်။

“တစ်နည်းအားဖြင့်ရှင်းပြရရင် လက်မှုပညာရှင်က ကုန်ကြမ်းတွေကိုအရည်ပျော်အောင်လုပ်ပြီးတော့ ပုံသဏ္ဍာန်အဖြစ်ပုံသွင်းရတယ်.. အဓိကအားဖြင့် ရှေးဟောင်းပစ္စည်းတွေကို ထုလုပ် သန့်စင်ရတယ်.. ငါ့လို ဉာဏ်ကောင်းတဲ့သူကတော့ ခေတ်မှီနည်းပညာကို အသုံးပြုပြီး မှော်ရတနာကို ဖန်တီးနိုင်တယ်.. ဒါပေမဲ့ မှော်ရတနာ အမျိုးအစားမှာလည်း နှစ်မျိုးနှစ်စားရှိတယ်.. လက်မှုပညာရှင်တွေ ပြုလုပ်ထားတဲ့ မှော်ရတနာတွေက ဝိညာဉ်စွမ်းအင်နဲ့ပဲ အလုပ်လုပ်ကြတယ်.. ဒါပေမဲ့ ငါဖန်တီးထားတဲ့ သိပ္ပံနည်းကျ မှော်ရတနာတွေကတော့ ဝိညာဉ်စွမ်းအင်နဲ့လည်း အလုပ်လုပ်ပြီး အားပြန်သွင်းနိုင်တဲ့ လုပ်ဆောင်ချက်လည်း ရှိတယ်”

“မင်းပြောပြတဲ့ အရာတွေက ငါသိထားတာတွေနဲ့ အတူတူပဲ”

သရဲခေါင်းဓားက ဝမ်မင်ကို ပြောလိုက်သည်။

တကယ်တမ်းတွင် သူသည် ရှေးဟောင်းပစ္စည်း သန့်စင်ခြင်းနှင့်ပတ်သက်၍ သိပ်မသိပေ။

ဝမ်မင်၏ရှင်းပြချက်ကြောင့်သာ မဟုတ်လျှင် သရဲခေါင်းဓားအနေဖြင့် ခေတ်သစ်မှော်ရတနာများ၌ ဤကဲ့သို့ ကွာခြားမှုများရှိလိမ့်မည်ဟု ဘယ်သောအခါမှ သိလိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် ဝမ်မင်လုပ်ရမည့် အလုပ်မှာ သရဲခေါင်းဓား၏ ယုံကြည်မှုကို အပြည့်အဝရရှိရန် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူဒီဇိုင်းထုတ်မည့် အသံချဲ့ အမြောက်သည် သူဖန်တီးမည့် တစ်ခုတည်းသော မှော်ရတနာ မဟုတ်သောကြောင့် ဖြစ်သည်။

အပိုင်း(၇၅၂) ပြီး၏

All Chapters