ဝမ်မင်၏ ဓားဝိညာဥ်
Vol. 51 Ch. 754
ဥက္ကဌချီက အံ့အားသင့်သွားခဲ့သည်။
သူက ညဦးစီးမှူးအဖွဲ့ကို အမှန်တကယ် စိမ့်ဝင်သွားပြီး ဌာနချုပ်ရှိ လူအားလုံးကို သူ၏ ထိန်းချုပ်မှုအောက်တွင် ထားနိုင်ခဲ့ကြောင်း သူအမှတ်ရမိသည်။
သို့သော် ကံဆိုးစွာဖြင့် သူကိုယ်တိုင်လည်း ထိန်းချုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဆိုရလျှင် သူ၏စိတ်ကို အခြားသူတစ်ယောက်က ခိုးယူသုံးစွဲသွားခဲ့သည်။
အကြမ်းဖျင်း ရှင်းပြရလျှင် သင်က တစ်စုံတစ်ယောက်၏ စိတ်ကို ကျူးကျော်ဝင်ရောက်နေချိန်တွင် တစ်စုံတစ်ယောက်က သင်၏စိတ်ကို ကျူးကျော်ဝင်ရောက်လာခြင်းပင်။
စိတ်သုံးပါးတို့အကြား တိုက်ခိုက်မှုသည် အလယ်တွင်ရှိသော ပုဂ္ဂိုလ်အား အလွန်ပင် အန္တရာယ်ရှိစေသည်။
ယင်းက လူတစ်ယောက်ကို အလယ်မှာထား၍ လက်တစ်ဖက်စီကို ဆန့်ကျင်ရာအရပ်သို့ ဆွဲလိုက်သည်နှင့် အတူတူပင်ဖြစ်၏။
ဥက္ကဌချီက လုံမင်၏စိတ်ကို ထိန်းချုပ်ထားသော အခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သောလူက ဥက္ကဌချီ၏ စိတ်ကိုထိန်းချုပ်ထားခဲ့ရာ ဥက္ကဌချီသည် အလိုအလျောက်ပင် အလယ်လူ ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ယုတ္တိကျကျ ပြောရမည်ဆိုလျှင် သူသည် အတိုင်းအဆမရှိ နာကျင်မှုကို ခံစားရမည် ဖြစ်သည်။
သို့သော် သူ၏စိတ်က မထင်မှတ်ဘဲ သက်သောင့်သက်သာ ဖြစ်နေခဲ့သည်။
ဤသည်က သူတစ်ခါမှ မခံစားခဲ့ရဖူးသည့် ပျော်ရွှင်မှုမျိုးဖြစ်၏။
သူအသိစိတ် ပြန်ကပ်လာသောအခါတွင် ညသရဲဝိညာဉ် အင်ပါယာ ပျောက်ကွယ်သွားခဲ့ပြီး ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ် မျက်နှာကျက်ထက်တွင် အလွန်ကြီးမားသော အပေါက်ကြီးတစ်ခုသာ ရှိနေခဲ့သည်ကို တွေ့လိုက်သည်။
ထို့နောက်တွင် ဥက္ကဌချီသည် သူ၏စိတ်စွမ်းအားကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး စိတ်စွမ်းအင် ခေါင်းဆောင်းကို ချွတ်လိုက်သည်။
ဥက္ကဌချီက အချိန်အတော်ကြာသည်အထိ မထသေးဘဲ ခေါင်းအေးအေးဖြင့် တွေးတောနေခဲ့သည်။
သူ၏စိတ်ကို ယခုလေးတင် လွှမ်းမိုးသွားသည့် လျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူက မည်သူနည်း။
"ဒီကောင်က မယားလာရှာတာများလား.. ငါ့ကို တစ်ခုခုလုပ်သွားသေးလား မသိဘူး"
ထိုခဏတွင် ဥက္ကဌချီက စိုးရိမ်လာပြီး သူ၏ဘောင်းဘီကို ငုံ့ကြည့်လိုက်သည်။
သူ၏အဝတ်အစားများက လျင်မြန်စွာ ခြောက်သွေ့စေပြီး ထူးဆန်းသောအနံ့ဆိုးများကို ဖယ်ရှားပေးနိုင်သည့် အထူးပစ္စည်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် အမှန်တကယ် တက်လုပ်သွားလျှင်ပင် သူ့အနေဖြင့်သိရှိနိုင်မည် မဟုတ်ပေ။
မန်ယွီသာ မြင်တွေ့သွားလျှင် သူ့အနေဖြင့် မည်မျှရှက်စရာ ကောင်းလိမ့်မည်နည်း။
ထိုအချိန်တွင် သူ၏မွေးစားသား ချီမန်ယွီက သူ့နောက်တွင် ရပ်နေမှန်း သူသိလိုက်ရသည်။
ချီမန်ယွီ "အဖေ"
ဥက္ကဌချီ ထိတ်လန့်သွားသည်။
"ဟေ့ကောင်.. မင်းဘယ်တုန်းက ဝင်လာတာလဲ"
ချီမန်ယွီ "အဖေ့ရဲ့ အသံကိုကြားပြီး တစ်ခုခုဖြစ်တယ် ထင်လို့ ကျွန်တော်ဝင်လာတာပါ"
ဥက္ကဌချီက ချီမန်ယွီကို စူးစမ်းကြည့်လိုက်သည်။
"ငါသင်ပေးထားတဲ့ နည်းစနစ်ကိုသုံးပြီး မင်းရဲ့ မှတ်ဉာဏ်ကို အခုချက်ချင်း ဖျက်ဆီးပစ်လိုက်.. မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ငါနဲ့ပတ်သက်တဲ့ ပေါက်ကရတွေ ရှိနေမှာကို ငါမလိုချင်ဘူး"
ချီမန်ယွီ ".........."
..................
နေရာလွတ် ပင်လယ်ပြင်ထဲတွင် ဝမ်မင်က သရဲခေါင်းဓားကို ဉာဏ်ပညာဖြင့် ဆက်လက် တိုက်ခိုက်နေခဲ့သည်။
ဝမ်မင်က အသေးစိတ်ပုံကြမ်းကို ရေးဆွဲပြီးနောက်တွင် အစောပိုင်းက ချွတ်ထားသော သူ၏ခါးပတ်ကို ချိတ်အဖြစ် ပုံဖော်ကာ ပင်လယ်ထဲတွင် လွင့်မြောနေသော မှော်ရတနာ အပိုင်းအစများကို ဆယ်ယူခဲ့သည်။
နေရာလွတ် ပင်လယ်သေထဲတွင် လွင့်မြောနေသည့် အပိုင်းအစများမှာ ကြုံရာကျပန်း ဖြစ်သောကြောင့် ဝမ်မင်ကအခြေခံအားဖြင့် ပတ်ဝန်းကျင်မှ ပစ္စည်းမှန်သမျှကို စေ့စေ့စပ်စပ် ကြည့်နေခဲ့ရသည်။
အချို့သောပစ္စည်းများ ဆိုလျှင် ဖောင်ပေါ်ရောက်မှသာ သူ့အနေဖြင့် အသုံးဝင်သည့် ပစ္စည်းရှိမရှိ စစ်ဆေးရသည်။
နေ့များစွာ ကြာပြီးနောက်တွင် မှော်ရတနာ အပိုင်းအစလေးများကြောင့် သေးငယ်သော ဝါးဖောင်လေး၌ နေရာအများအပြား မရှိတော့ပေ။
ဝမ်မင်က သူလိုအပ်သော အပိုင်းအစများကို ရွေးချယ်ပြီးနောက်တွင် သူ၏ ကုတ်အင်္ကျီကိုချွတ်ကာ အဝတ်စကဲ့သို့အသုံးပြု၍ အပိုင်းအစများပေါ်ရှိ ဝိညာဉ်အရည်များကို သန့်စင်ခဲ့သည်။
သူ၏ အဖြူရောင် ကုတ်အင်္ကျီက အထူးပစ္စည်းတစ်ခုကနေပြုလုပ်ထားပြီး သာမန် အဝတ်အစားတစ်ခု မဟုတ်ပေ။
၎င်းက ပစ္စည်းများကိုသန့်စင်ရန်အတွက် အသုံးပြုနိုင်သည်။
ဝမ်မင်က ပင်လယ်သေ စိတ်ဝိညာဉ်အပင်များကို တိုက်ရိုက် မထိဝံ့ပေ။
သို့မဟုတ်လျှင် သူ၏ အရေပြားက ပျက်စီးသွားမည်မှာသေချာသည်။
သူဆယ်ယူထားသည့် မှော်ရတနာ ၁၀ခုထဲတွင် ဝမ်မင်က ၃ခုကိုသာ ရွေးချယ်ခဲ့ပြီး ကျန်အရာများကို နေရာလွတ် ပင်လယ်သေထဲသို့ ပြန်မျှောပစ်ခဲ့သည်။
ဝမ်မင်က သူလိုအပ်သော အစိတ်အပိုင်းများကို ဖြတ်တောက်ရန် ကိရိယာပုံးထဲမှ ကိရိယာများကို အသုံးမပြုမီ အပိုင်းအစများကို အကြိမ်ကြိမ်အခါခါ သုပ်နေသည်အား သရဲခေါင်းဓားက ကြည့်နေခဲ့သည်။
ဝမ်မင် အသုံးပြုမည့် ဖြတ်တောက်သော ကိရိယာမှာ ကိရိယာပုံးထဲတွင်ပါရှိသည့် စက်ရုပ် ဂဏာန်း အသေးစားလေး ဖြစ်သည်။
စစ်တပ်တဲထဲရှိ လက်ရှစ်ဖက် ဂဏာန်းကြီးနှင့် နှိုင်းယှဉ်လျှင် ၎င်းက ထိရောက်မှု အလွန်နည်းပါးသည်။
ဆိုရလျှင် စက်ရုပ်ဂဏန်း အသေးသည် သယ်ယူရလွယ်ကူသော်လည်း ဖြတ်တောက်ရာတွင် များစွာနှေးကွေးမှုရှိသည်။
“ဂဏန်းကြီးသာ ဒီမှာရှိရင်ကောင်းမှာပဲ”
ဝမ်မင်က သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်သည်။
သူက သရဲခေါင်းဓား ကြားစေရန် တမင်တကာ ပြောဆိုခြင်းဖြစ်သည်။
သရဲခေါင်းဓားက ဝမ်မင်၏ စကားကိုကြားလျှင် ဖိနှိပ်မည့်အရိပ်အယောင် သိပ်မပြတော့ပေ။
ဝမ်မင်က သူဖြတ်တောက်ထားသော အစိတ်အပိုင်းများကို စတင်စုစည်း၍ ပေါင်းစပ်လိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် အသံချဲ့အမြောက် အတွက် ပထမဆုံး အစိတ်အပိုင်းက ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
“အရမ်းမြန်တယ်ဟ”
သရဲခေါင်းဓားက အလွန်ပင် အံ့ဩသွားခဲ့သည်။
“ဒါက အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်.. နောက်ထပ် အစိတ်အပိုင်းတွေ အများကြီး ငါလုပ်ရဦးမယ်”
ဝမ်မင်က ပြန်ဖြေလိုက်၏။
ထို့နောက် သူက စုဆောင်းထားသော ကိရိယာ အစိတ်အပိုင်းများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
အဆုံးသတ်တွင် ဤဒုတိယအကြိမ် ဆယ်ယူခြင်းသည် သူ့အတွက် အလွန်အမင်း အကျိုးဖြစ်ထွန်းစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤဒုတိယအကြိမ်တွင် သူသည် မှော်ဓားတစ်လက်ကို ဆယ်ယူရရှိခဲ့သောကြောင့် ဖြစ်သည်။
ဤမှော်ဓားက အက်ကွဲကြောင်းများ ရှိသော်လည်း အလွန်လက်ရာမြောက်သည်။
၎င်းက နက်ပြာရောင် ဝိညာဉ်ဓားတစ်လက် ဖြစ်ပြီး လက်ကိုင်တွင် နဂါးဦးခေါင်းကိုပင် တပ်ဆင်ထားခဲ့သည်။
ဆိုရလျှင် ထိုဓားသည် လက်ရာအတော်လေး ကောင်းမွန်ပြည့်စုံသော ဓားတစ်လက်လည်း ဖြစ်သည်။
“ဒီလောက်ကောင်းတဲ့ ဓားတစ်ချောင်းမှာ ဓားဝိညာဉ်ရှိမယ်လို့ငါထင်တယ်”
ဝမ်မင်က မှော်ရတနာ အကဲဖြတ်နည်းကို သိထား၍ ဤမှော်ဓားက သူတော်စင်လက်နက်တစ်ခု ဖြစ်နိုင်သည်ဟု သိထားခဲ့သည်။
“နေရာလွတ် ပင်လယ်သေထဲမှာ ကျိုးပဲ့နေတဲ့မှော်ရတနာတွေ အများကြီးရှိတယ်.. အနည်းနဲ့အများ ပျက်စီးသွားတယ်ဆိုပေမဲ့ တချို့ပစ္စည်းတွေကတော့ နဂိုအတိုင်းရှိနေဆဲပဲ.. မှော်ရတနာက ဒီနေရာကို စုပ်ယူခံရပြီးရင် သူတို့ရဲ့သခင်က ပြန်လည်ရယူဖို့ နည်းလမ်းမရှိတော့ဘူး.. ဒါကြောင့် သူတို့သခင်နဲ့အဆက်အသွယ် ပျက်သွားပြီးနောက်မှာ ဓားဝိညာဉ်တွေက သူတို့ကိုယ်သူတို့ သတ်သေလိုက်ကြတယ်”
သရဲခေါင်းဓားက ဝမ်မင်ကို ရှင်းပြလိုက်သည်။
“ဓားဝိညာဉ်တွေရဲ့ဘဝက သနားစရာပဲ”
ဝမ်မင်က ဓားဝိညာဉ်များ အတွက် ဝမ်းနည်းမှု တစ်စုံတစ်ရာကို ခံစားခဲ့ရသည်။
သူက ဤနတ်ပြာရောင်ဝိညာဉ်ဓားကို သန့်ရှင်းအောင် သုပ်ပြီးသောအခါတွင် စကားလုံးများစွာကို ဓားပေါ်၌ တွေ့ရှိလိုက်ရ၍ အံ့ဩသွားခဲ့သည်။
ဝမ်မင် “ဒါတွေက ဘာတွေလဲ”
သရဲခေါင်းဓားက ချက်ချင်းပင် ပြန်ဖြေပေးလိုက်သည်။
“ဓားဝိညာဉ်တွေနဲ့ မှော်ရတနာတွေက သူတို့ကိုယ်သူတို့ဖျက်ဆီးလိုက်တဲ့အခါကျရင် အကြောင်းအရင်းကို သူတို့ရဲ့ကိုယ်ထည်မှာ ချန်ထားရစ်ခဲ့ကြတယ်.. ဒီလိုမလုပ်ရင် သူတို့ကပြန်လည်ဝင်စားနိုင်မှာ မဟုတ်တော့ဘူးလေ.. အခုမင်းကြည့်နေတဲ့ စာလုံးတွေက ဓားဝိညာဉ်ရဲ့ သေတမ်းစာ ဖြစ်နိုင်တယ်”
“အဲလိုလား”
ထို့နောက်တွင် ဝမ်မင်က ထိုစာလုံးများကို အသံထွက်၍ ဖတ်လိုက်သည်။
“ဤနိမ့်ကျသောကျွန်ကို ခွန်ရှန်ဟုခေါ်ပြီး ကျွန်ုပ်သည် ဤဓား၏ ဓားဝိညာဉ်ဖြစ်သည်.. ကျွန်ုပ်၏ သခင်အမည်မှာ လုံဖြစ်သည်.. သခင်က ဓားရှည်ဖြင့် လေထဲ၌ခရီးဆန်စဉ် အရက်မူးပြီး အဖြူရောင်ဝတ် သူရဲကောင်းလေး တစ်ဦးနှင့် ရန်ဖြစ်ခဲ့သည်.. ထိုတိုက်ပွဲအတွင်း သခင်က တစ်ဖက်လူကိုတိုက်ခိုက်ရန်အတွက် ဓားကိုပင့်၍ မြှောက်လိုက်ရာ အရက်မူးနေသဖြင့် လက်ကတုန်ပြီး ဓားလွတ်ကျသွားခဲ့သည်.. ဤသို့ဖြင့်ပင် ကျွန်ုပ်က အာကာပြင်တစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး နေရာလွတ် ပင်လယ်သေထဲကို ရောက်ရှိသွားခဲ့သည်.. အဲဒီနောက်မှာ လက်နက်မဲ့သွားတဲ့ ကျွန်ုပ်ရဲ့သခင်က အဖြူရောင်ဝတ် လူငယ်လေးရဲ့ ဓားနဲ့ထိုးသတ်ခြင်းကို ခံလိုက်ရသည်.. ဒါကြောင့် ဒီနိမ့်ကျတဲ့ကျွန်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပါတယ်.. မည်သူမဆို ဒီဓားကိုတွေ့ပြီး ကျွန်ုပ်ရဲ့ရှင်းလင်းချက်ကို ဓာတ်ပုံ အထောက်အထားယူပါ.. ပြီးရင် ကျိုးကြောင်းဆီလျော်တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအဖြစ် သက်သေလိုက်ပေးဖို့ အတွက် အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးထံ ပေးအပ်ပေးပါ.. ဤနိမ့်ကျသောကျွန်က လူဝင်စားခွင့်ရှိရင် ကောင်းကင်တာအိုကို တောင်းဆိုချင်ပါတယ်.. ကျေးဇူးပြုပြီး ယုံကြည်စိတ်ချရတဲ့ ဓားသခင်ဆီကိုပဲ ကျွန်ုပ်ကို ပို့ပေးပါ”
ဝမ်မင် “……….”
သရဲခေါင်းဓား “……….”
ဝမ်မင်က နက်ပြာရောင်ဓားဝိညာဉ်၏ သေတမ်းစာကို ဖတ်ပြီးသည်နှင့် သူ့တင်ပါးအောက်ရှိ ကောင်းကင်သတ္တုဓားက အနည်းငယ် တောက်ပလာသည်ကို ရုတ်တရက် သိလိုက်ရသည်။
ထိုခဏတွင် ရှေးခေတ်ပုံစံ ဝတ်စားထားပြီး ဆံပင်အရှည်၊ အေးစက်စက် မျက်လုံးများနှင့် လူငယ်လေးက ရုတ်တရက် ပေါ်ပေါက်လာကာ ဝမ်မင်ကို လှမ်းကြည့်လိုက်သည်။
"ဒီနိမ့်ကျသော ကျွန်ရဲ့နာမည်က ခွန်ရှန် ဖြစ်ပါတယ်.. သခင်ရဲ့ဆီမှာ ဓားဝိညာဉ်အဖြစ် ထမ်းဆောင်ဖို့အတွက် ကောင်းကင်တာအိုက ကျွန်တော့်ကို စေလွှတ်လိုက်တာပါ"
ထိုစကားကြောင့် ဝမ်မင်နှင့် သရဲခေါင်းဓား နှစ်ဦးစလုံးက အံ့အားသင့်သွားကြသည်။
“ကောင်းကင်သတ္တုဓားက ဘာကြောင့် ရုတ်တရက်ကြီး ဓားဝိညာဉ် ထွက်ပေါ်လာရတာလဲ”
ထိုအချိန်မှာပင် ဤနေ့က သူ့မွေးနေ့ဖြစ်သည်ကို ဝမ်မင်ရုတ်တရက် သတိရမိလိုက်သည်။
“ဖြစ်နိုင်တာက… ဒါက လင်းလင်းရဲ့ မွေးနေ့လက်ဆောင်များလား”
ဤအရာက တိုက်ဆိုင်မှု မဟုတ်သည်မှာတော့ သေချာသည်။
အပိုင်း(၇၅၄) ပြီး၏