← Chapters

ဝမ်မင်ရဲ့တန်ပြန်တိုက်ခိုက်မှု

Vol. 51 Ch. 755

ဝမ်မင်ရဲ့တန်ပြန်တိုက်ခိုက်မှု

Vol. 51 Ch. 755

ဓားဝိညာဉ်က မထင်မှတ်ဘဲ ရောက်ရှိလာသောကြောင့် ဝမ်မင်နှင့် သရဲခေါင်းဓားတို့က မှင်တက်သွားကြသည်။

ယုတ္တိဗေဒအရ ပြောရလျှင် ဝမ်မင်ကဲ့သို့ ဝိညာဉ်စွမ်းအား မရှိသော သာမန်လူတစ်ယောက် အတွက် ဓားဝိညာဉ်ကို မွေးထုတ်ရန်မှာ မဖြစ်နိုင်ပေ။

ဝမ်မင်က ဝမ်လင်းနှင့် သက်ဆိုင်နေလောက်သည်ဟု ရိပ်စားမိသော်လည်း သရဲခေါင်းဓားကမူ နားလည်ရန်အတွက် အလွန်ခက်ခက်ခဲခဲပင် ကြိုးစားနေရသည်။

“ဒါက ငါ့ရဲ့ မွေးနေ့လက်ဆောင်များလား”

ဤကိစ္စက လေးနက်မှုရှိသည်ဟု ဝမ်မင် ရုတ်တရက် တွေးမိလိုက်သည်။

ဝမ်လင်းက လွန်ခဲ့သည့် နှစ်များကစပြီး သူ့ကိုမွေးနေ့လက်ဆောင် အမြဲလိုလို ပေးခဲ့ဖူး၏။

နွေရာသီစခန်းသွင်းလေ့လာရေးတွင် ဝမ်လင်းနှင့် အခန်းတစ်ခန်းတည်း နေရခြင်းမှာ မွေးနေ့လက်ဆောင် အတွက် ဝမ်လင်းကို အရိပ်အမြွက်ပြသရန် ဖြစ်သည်။

သို့သော် သူက အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ဝမ်လင်းက သူ့ကိုမွေးနေ့လက်ဆောင်နှင့် ပတ်သက်၍ ဘာမှမပြောခဲ့ပေ။

ဤထူးခြားသော အခြေအနေကြောင့် ဝမ်လင်းက မွေးနေ့လက်ဆောင်အဖြစ် သူ၏ ကောင်းကင်ဘုံဓားထဲသို့ ဓားဝိညာဉ်ကို အလိုအလျောက်ဝင်ရောက်ရန် အတွက် စီစဉ်ပေးခဲ့သည်ဟု ဝမ်မင် ခံစားမိခဲ့သည်။

သူယခင်က ကောင်းကင်သတ္တုဓား၏ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ဝမ်လင်းနှင့် ပြောဆိုခဲ့ဖူးသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။

သူ့ကိုဓားဝိညာဉ် စီစဉ်ပေးခဲ့သူမှာ ဝမ်လင်းသာ ဖြစ်သည်ဆိုလျှင် ထိုသို့သော အစီအစဉ်ကို ပြုလုပ်ရန်အတွက် အချိန်အလုံအလောက် ရှိမည်မှာ‌ သေချာပေသည်။

ထို့နောက် ဝမ်မင်က သူ့ရှေ့မှ ဆံပင်ရှည်လူငယ်လေးကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်သည်။

ထိုခဏဝယ် သူက ဓားဝိညာဉ်လူငယ်လေး၏ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပုံကို ပြန်လည် သတိရသွားခဲ့၏။

“နေပါဦး.. မင်းနာမည်ကာခွန်ရှန်လို့ ပြောလိုက်တာလား”

လူငယ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်.. အဲဒါက ဒီနိမ့်ကျတဲ့ကျွန်ရဲ့ နောက်ဆုံးဘဝက နာမည်ပါ.. ဒါပေမဲ့ ဓားဝိညာဉ်ရဲ့ အမည်က ဓားရဲ့အမည်ကိုလိုက်ပြီး ပေးရတာကြောင့် သခင်က ကျွန်တော့်ကို ကောင်းကင်သတ္တုလို့ ခေါ်နိုင်ပါတယ်”

“မင်းရဲ့အရင်ဘဝကို မင်းက တကယ်ကြီး မှတ်မိတာလား”

ဝမ်မင်က တအံ့တဩ မေးလိုက်သည်။

သူ့လက်ထဲမှ နက်ပြာရောင်ဓားဝိညာဉ်၏ အမည်မှာလည်း ခွန်ရှန် ဖြစ်သည်။

ဤသည်က တော်ရုံတိုက်ဆိုင်မှုဟု မဆိုနိုင်တော့ပေ။

“မှတ်မိပါတယ်”

လူငယ်က သက်ပြင်းချလိုက်သည်။

“ကျွန်တော့်ရဲ့ နောက်ဆုံးဘဝမှာ ကျွန်တော့်ရဲ့သခင်က အရက်မူးပြီး လက်ကနေ လွှတ်ချလိုက်တဲ့အတွက် နေရာလွတ် ပင်လယ်သေထဲကို ကျွန်တော် ရောက်ရှိသွားခဲ့တယ်.. အခုတော့ ကျွန်တော်က သခင်နဲ့တွေ့ဆုံဖို့ အတွက် ကောင်းကင်တာအိုရဲ့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရတယ်.. သခင်က ကျယ်ဝန်းတဲ့ဒီလိုပင်လယ်ပြင်ကြီးမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် တကယ်မထင်ခဲ့မိဘူး.. ကြည့်ရတာ ဒါက သခင်နဲ့ ကျွန်တော်ရဲ့ လေးနက်တဲ့ ကံကြမ္မာပဲ.. သခင့်ကို တစ်ခုလောက်မေးပါရစေ.. သခင်က ပင်လယ်ပြင်မှာ အပန်းဖြေခရီး ထွက်နေတာများလား”

“မဟုတ်ဘူး”

ဝမ်မင်က ခေါင်းခါယမ်းလိုက်သည်။

“မင်းသေချာကြည့်စမ်းပါဦး.. ဒါက မင်းရဲ့နောက်ဆုံးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ နေရာလွတ် ပင်လယ်သေပဲလေ”

ဓားဝိညာဉ်လူငယ် “……….”

ထိုစကားကြောင့် ကောင်းကင်သတ္တုက ငြိမ်ကျသွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။

သူ၏အတိတ်ဘဝတွင် ဤအဆုံးမဲ့နေရာလွတ် ပင်လယ်သေထဲတွင် မျောပါနေခဲ့ရသည်။

မှတ်ဉာဏ်များက ယခုထိ ပျောက်ကွယ်မသွားသေးဘဲ မနေ့တစ်နေ့ကလိုသာ ရှိနေခဲ့သည်။

သူ့ကိုယ်သူ ဖျက်ဆီးခြင်းသည် မူလသခင်ကို စွန့်လွှတ်ခြင်းဖြစ်၍ ကောင်းကင်တာအို၏ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။

သူက အနှစ်၁၀၀ကျော် ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားပြီးမှသာ အဆုံးသတ်တွင် ပြန်လည်မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်၏။

ဤကဲ့သို့ ဆင်းရဲဒုက္ခမျိုးစုံကို ဖြတ်ကျော်ပြီးနောက်တွင် ထိုနေရာသို့ ပြန်ရောက်သွားလိမ့်မည်ဟု မည်သူ ထင်မိမည်နည်း။

“ဒါက ငါ့ရဲ့ကံကွမ်မာလား”

အချိန်အတော်ကြာပြီးနောက်တွင် ကောင်းကင်သတ္တုက သက်ပြင်းချလိုက်သည်။

“ထားလိုက်ပါတော့.. ဒါက ဒီနိမ့်ကျတဲ့ကျွန်ရဲ့ ကံကြမ္မာပဲ ဖြစ်ပါလိမ့်မယ်”

“ဒီလောက်ထိ အဆိုးမြင်နေဖို့ မလိုပါဘူး.. ငါတို့ ဒီကနေ ရုန်းထွက်နိုင်မှာပါ”

ဝမ်မင်က ကောင်းကင်သတ္တုဓားကို ပြုံး၍ ပြောလိုက်သည်။

ကောင်းကင်သတ္တုဓားက ထိုစကားကိုကြားလျှင် ဝမ်းသာသွားခဲ့သည်။

“သခင် ကျနော်တို့ ဒီကနေတကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား.. ဒီနိမ့်ကျတဲ့ကျွန်က သခင်ကို ဘာတွေကူညီပေးရမလဲ”

ထိုစကားကိုကြားလျှင် ဝမ်မင်က ဝါးဖောင်၏တစ်ဖက်ရှိ သရဲခေါင်းဓားကို ညွှန်ပြလိုက်သည်။

“မင်းအဲဒီဓားကို တွေ့လား.. မင်းသူ့ကို အနိုင်ယူနိုင်မလား”

ထိုသို့သော စကားကိုကြားလျှင် သရဲခေါင်းဓားက ချက်ချင်းပင် လူသတ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်သတ္တုဓားက ပခုံးတွန့်ပြလိုက်သည်။

“ကျွန်တော်မနိုင်လောက်ဘူးထင်တယ်”

ဝမ်မင် “ဒါဆိုမင်းအသက်ဆက်ရှင်လို့ရပြီ”

ကောင်းကင်သတ္တုဓား “……….”

ထိုခဏတွင် ဝမ်မင်က တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။

ယင်းမှာ အေးစက်စက်မျက်လုံးများကို ပိုင်ဆိုင်သောသူများသည် စကားသိပ်ပြောလေ့မရှိ‌သော အချက်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက်က ကုန်ဆုံးသွားခဲ့သည်။

ဝမ်မင်က ပင်လယ်ထဲမှ မှော်ရတနာအပိုင်းအစများကိုအသုံးပြုပြီးနောက်တွင် အပို အစိတ်အပိုင်းများကို သူ၏ သိုလှောင်လက်စွပ်ထဲ၌ သိမ်းဆည်းထားခဲ့သည်။

“ငါ့ကိုကူညီပြီး တစ်ချက်လောက် ဖြတ်ပေးပါ”

ဝမ်မင်က သိုလှောင်လက်စွပ်ထဲမှ လျှပ်စစ်ထမင်းပေါင်းအိုးကိုထုတ်ပြီး ကောင်းကင်သတ္တုဓားထံသို့ ပေးလိုက်သည်။

ထိုလျှပ်စစ်ပေါင်းအိုး၏ မျက်နှာပြင်ပေါ်တွင် ဟောင်းနွမ်းနေသော မှော်တံဆိပ်တစ်ခု ကပ်နေသဖြင့် ၎င်းအား တံဆိပ်ခတ်ထားသော မှော်ရတနာတစ်ခုဟု မှန်းဆမိခဲ့သည်။

ကောင်းကင်သတ္တု၏ အကူအညီကြောင့် ဝမ်မင်က ကိရိယာများကို ဖြတ်တောက်ရာတွင် ပိုမို မြန်ဆန်လာသည်။

သရဲခေါင်းဓားက ဘာစကားမှ မပြောသော်လည်း ဘေးကနေ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

သူက တိုးတက်မှုနှင့် ပတ်သက်၍ ဝမ်မင်ကို မေးတိုင်းတွင် ဝမ်မင်က မကြာခင်ဟုသာ အမြဲ ပြောဆိုတတ်သည်။

ဆိုရလျှင် သရဲခေါင်းဓားသည် နေရာလွတ် ပင်လယ်သေထဲမှ ဝမ်မင် ဖောက်ထွက်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

အစောပိုင်းက ဝမ်မင်ဖြတ်တောက်ခိုင်းလိုက်သော လျှပ်စစ်ပေါင်းအိုးသည် ဝမ်မင်အတွက် အသုံးအဝင်ဆုံးအရာ တစ်ခု ဖြစ်လာသည်။

၎င်းကို ဝိညာဉ်စွမ်းအား ဗဟိုချက်အဖြစ် ပြောင်းလဲပြီး ကိရိယာကို လည်ပတ်ရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

သူတီထွင်နေသည့်အရာမှာ ဝိညာဉ်စွမ်းအား ချဲ့ထွင်သည့် ကိရိယာတစ်ခုမျှသာ ဖြစ်သည်။

၎င်းက လူသားပုံစံတူ နိုင်ငံခေါင်းဆောင်001နှင့် ဆင်တူသောမှော်ရတနာတစ်ခု ဖြစ်သည်။

သို့သော် တီထွင်ပြီးနောက်တွင် ဤစက်ကို ပထမဆုံး တစ်ကြိမ်သာ အသုံးပြုနိုင်လိမ့်မည်ဟု ဝမ်မင်ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအပေါ်တွင်သာ အခြေခံထားသောကြောင့် ဖြစ်သည်။

ဝမ်မင်က အများအားဖြင့် သူ၏ စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအပေါ် ယုံကြည်မှုသိပ်မရှိခဲပေ။

ဤကဲ့သို့ ရှုပ်ထွေးသော စက်ကိရိယာကို တပ်ဆင်ရန်အကောင်းဆုံးနည်းလမ်းမှာ တိကျသော မှတ်သားမှုများကိုပြုလုပ်ရန် အတွက် သိပ္ပံနည်းကျ ကိရိယာများကို အသုံးပြုခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် တွက်ချက်မှုများကို အကြိမ်ပေါင်း ရာချီပြုလုပ်ပြီးမှသာ ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိမည်ဖြစ်သည်။

ဝမ်မင်က ယခုအခါတွင် အရာအားလုံးကို စိတ်တွက်ဖြင့်သာ လုပ်ဆောင်နေရသည်။

သို့ရာတွင် သူ၏တီထွင်မှုသည် သူ့ကို ဤအကျပ်အတည်းမှ ရုန်းထွက်နိုင်အောင် ကူညီပေးလိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူစုဆောင်းထားသော ပစ္စည်းများသည် နေရာလွတ် မုန်တိုင်းနှင့် နေရာလွတ် ပင်လယ်သေထဲမှ စိတ်ဝိညာဉ် အရိပ်များကိုပင် ခံနိုင်ရည်ရှိသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူဦးစားပေး လုပ်ဆောင်ရမည့်အရာမှာ ဤနေရာလွတ် ပင်လယ်ပြင်ထဲမှ လွတ်မြောက်ရန်ပင်ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သရဲခေါင်းဓားသည် လက်ရှိအခြေအနေက တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိလာသည်။

ဝမ်မင်ထံမှ အသံချဲ့အမြှောက်၏ အသေးစိတ်ပုံကြမ်းကို သူမြင်ဖူးခဲ့သည်။

သို့သော် ဤကိရိယာကမူ အသေးစိတ်ပုံကြမ်းတွင် ပါရှိသည်ထက်ပင် အစိတ်အပိုင်းများစွာကို တပ်ဆင်ထားခဲ့သည်။

ကိရိယာများကို မည်သည့်အတွက် အသုံးပြုထားလဲ သူမသိသော်လည်း တစ်စုံတစ်ရာ မူမမှန်သည်ကိုတော့ ခံစားမိခဲ့သည်။

“ကောင်ဆိုးလေး.. မင်းဘာတွေလှည့်စားဖို့ ကြံစည်နေတာလဲ”

အနက်ရောင်ဓားက လေထဲတွင် လွင့်ပျံကာ ဝမ်မင်ထံသို့ ကြောက်ရွံ့ထိတ်လန့်စေသော ဖိအားကို ထုတ်လွှတ်လိုက်သည်။

ဝမ်မင် ကိရိယာများကို တီထွင်နေချိန်တွင် သရဲခေါင်းဓားသည် ဘာမျှ မနှောင့်ယှက်ဘဲ သူ၏ ဝိညာဉ်စွမ်းအားကိုသာ စုဆောင်းနေခဲ့သည်။

ထိုအချိန်က သူ၏ ဝိညာဉ်စွမ်းအားသည် အတော်လေး ပါးလွှာနေပြီ ဖြစ်သော်လည်း အချိန်တော်ကြာပြီးနောက်တွင် သက်သာလာခဲ့သည်။

“ပြီးသွားပြီ”

ထိုခဏမှာပင် ဝမ်မင်က ကိရိယာ၏ နောက်ဆုံးအစိတ်အပိုင်းကို တပ်ဆင်လိုက်သည်။

“ကောင်းကင်သတ္တု.. ငါ့ကို ကာကွယ်ပေးထားစမ်း”

ဝမ်မင်က အမိန့်ပေးလိုက်ပြီးနောက် မတ်တပ် ထရပ်ကာ သူ၏လက်စွပ်ထဲ၌ သိုလှောင်ထားသည့် ဝိညာဉ်စွမ်းအားများကို ကိရိယာ၏ ဝိညာဉ်စွမ်းအား ဗဟိုချက်မထဲသို့ ထည့်သွင်းလိုက်သည်။

ထိုခဏမှာပင် မရေမတွက်နိုင်သော အပိုပစ္စည်းများက အသက်ရှင်နေသကဲ့သို့ လေထဲသို့ ပျံတက်သွားပြီး ဝမ်မင်ကိုကာကွယ်ထားလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကောင်းကင်သတ္တုက ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

“သခင်.. ဒါက”

ထိုခဏမှာပင် သူ၏သခင်က သာမန်လူ တစ်ယောက်မျှသာ ဖြစ်သော်လည်း မည်မျှ ထူးခြားသည်ကို ကောင်းကင်သတ္တု သဘောပေါက်သွားခဲ့သည်။

သူ့သခင်က အမှန်တကယ် ဉာဏ်ကြီးရှင်တစ်ယောက် ဆိုသည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။

“ကောင်ဆိုးလေး.. မင်းက ငါ့ကိုလှည့်စားခဲ့တယ်ပေါ့.. မင်းကအသံချဲ့ထွင်အမြောက်ကို လုံးဝမလုပ်ခဲ့ဘူး မဟုတ်လား”

အဆုံးသတ်တွင် သရဲခေါင်းဓားက သူလှည့်စားခံလိုက်ရသည်ကို သဘောပေါက်သွားပြီး ဒေါသတကြီး ပျံသန်းကာ ဝမ်မင်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

“မဟုတ်ဘူး.. ငါတကယ်ဖန်တီးခဲ့တယ်”

ဝမ်မင်က သရဲခေါင်းဓားကို ပြုံး၍ ပြောလိုက်သည်။

သူက အမှန်တကယ်ပင် ဝိညာဉ်စွမ်းအား ချဲ့ထွင်အမြောက်ကို ဖန်တီးခဲ့သော်လည်း ၎င်းမှာ စက်ရုပ်ချပ်ဝတ်တန်ဆာ ကဲ့သို့ဖြစ်ပြီး သူ့လက်နှစ်ဖက်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဖြစ်သည်။

“မင်းဘာတွေ လျောက်လုပ်နေတာလဲ.. မင်းက သာမန်လူတစ်ယောက်ပဲ.. ကျင့်ကြံသူတစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”

သရဲခေါင်းဓားက ဝမ်မင်ကို သတိပေးလိုက်သည်။

“ငါကအရင်က ဝမ်မင် မဟုတ်တော့ဘူး”

ဝမ်မင်က သရဲခေါင်းဓားကို စိုက်ကြည့်ရင်းပြောလိုက်သည်။

ထိုခဏတွင် သူ့အမူအရာက ရုတ်တရက် အေးစက်သွားခဲ့သည်။

“အခုကစပြီး ငါက စက်ရုပ်ဝမ်မင်ဖြစ်သွားပြီ”

နောက်ဆုံးအနေဖြင့် ဝမ်မင်က သူ၏ညာလက်ကို မြှောက်လိုက်ရာ အလိုအလျောက် ခြေရာခံစနစ်က သူ့မျက်စိရှေ့တွင်ပေါ်လာပြီ ဖြစ်သည်။

ဤစက်ရုပ်ချပ်ဝတ်တန်ဆာတွင် အရှိန်အဝါကိုအလိုအလျောက် ခြေရာခံနိုင်သည့် ယန္တရားတစ်ခုပါရှိ၍ သရဲခေါင်းဓားက မည်သို့မှ ပြေးလွတ်တော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်မှာပင် သရဲခေါင်းဓားသည် အလွန်တရာကြောက်ရွံ့ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံး အေးခဲသလို ခံစားလိုက်ရသည်။

သူက အန္တရာယ်အငွေ့အသက်ကို ရရှိနေခဲ့သည် မဟုတ်ပါလော။

အပိုင်း(၇၅၅) ပြီး၏

All Chapters