လူသစ်တစ်ယောက်ကဲ့သို့ ပြန်လည်မွေးဖွားခြင်း
Vol. 51 Ch. 756
သရဲခေါင်းဓားက အံကြိတ်လိုက်သည်။
ဤကဲ့သို့ ပြင်းထန်ဆိုးရွားသော အကျပ်အတည်းမျိုး သူတစ်ခါမှ မခံစားရဖူးပေ။
သူက လက်ရှိတွင် ဒဏ်ရာရရှိနေသော်လည်း ဝမ်မင် ကဲ့သို့ ပုရွက်ဆိတ်လေးကို အချိန်မရွေး နှိပ်စက်နိုင်သည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။
ဝမ်မင်က အလွန်ထက်မြက်သည်မှာ သံသယရှိစရာ မလိုသော်လည်း အဆုံးသတ်တွင် ဝမ်မင်သည် သာမန် လူသားတစ်ဦးပင် မဟုတ်ပါလော။
ဝမ်မင်က သူ့ကို မတုံ့ပြန်သရွေ့ သရဲခေါင်းဓားသည် တစ်လျှောက်လုံး ဤကဲ့သို့ပင် တွေးနေခဲ့သည်။
ဤသည်ကပင် သရဲခေါင်းဓားက အလွန်မာနကြီးကြောင်း သက်သေပြနေခဲ့သည်။
လက်ရှိခေတ်တွင် ကျင့်ကြံသူများသည် သာမန်လူများကို အမြဲလိုလို နှိမ်လေ့ရှိသည့်။
ထိုကဲ့သို့သော လူစားများမှာ အရေအတွက် မနည်းလှဘဲ ကျင့်ကြံသူများ၏ ထက်ဝက်နီးပါးခန့် ရှိသည်။
ထို့ကြောင့် ဝမ်မင်က သာမန်လူများကို မထီမဲ့မြင်ပြုသော သရဲခေါင်းဓား ကဲ့သို့ ကျင့်ကြံသူများကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။
အသိပညာသည် စွမ်းအားဖြစ်သည်။
ဆိုရလျှင် အသိပညာသည် လူတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပေသည်။
"သေဖို့သာပြင်ထား"
ဝမ်မင်၏ အော်သံဆုံးသည်နှင့် ဝိညာဉ်စွမ်းအား ချဲ့ထွင်အမြောက်က သရဲခေါင်းဓားကို တိကျစွာ ခြေရာခံနိုင်၍ ချိန်ရွယ်ထားပြီးပြီ ဖြစ်သည်။
သရဲခေါင်းဓား၏ အရွယ်အစားက သေးငယ်သဖြင့် ဝမ်မင်ကအချိန်အတော်ကြာ စဥ်းစားပြီးနောက်တွင် သူ၏ဝိညာဥ်စွမ်းအား ချဲ့ထွင်အမြောက်၌ ဝိညာဥ်စွမ်းအား ခြေရာခံစနစ်ကိုပါ ထည့်သွင်းထားခဲ့သည်။
လက်ရှိအချိန်တွင် ဝမ်မင်သည် သရဲခေါင်းဓားကို ကြောက်စရာမလိုတော့ပေ။
သူက ဝိညာဥ်စွမ်းအား ချဲ့ထွင်အမြောက်ဖြင့် ပစ်ခတ်လိုက်ရာ ပေါက်ကွဲသံက ချက်ချင်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုခဏတွင် အမြောက်၏ တွန်းကန်အားကြောင့် ဝမ်မင်ကအနောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။
ဤမှော်လက်နက်ကို နေရာလွတ် ပင်လယ်သေထဲမှ မှော်ရတနာများဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်အတွက် အစိတ်အပိုင်း အသီးသီး၏ အလေးချိန်များသည် ညီတူမျှတူ ရှိမနေကြပေ။
သို့သော် ဝမ်မင်သည် အမြောက်ကို ပစ်ခတ်ပြီးနောက်တွင် စက်ရုပ်ချပ်ဝတ်တန်ဆာ၏ ချို့ယွင်းချက်များကို နက်နက်ရှိုင်းရှိုင်း သတိပြုမိသွားသည်။
ထို့ကြောင့် ဤနေရာမှလွတ်မြောက်သည်နှင့် ဒုတိယဗားရှင်းကို တီထွင်ရန် စိတ်ပိုင်းဖြတ်ထားလိုက်ပြီဖြစ်သည်။
သူက စက်ရုပ်ဝတ်စုံ၏ တွန်းကန်အားကြောင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၍ ကြွက်သားအနည်းငယ် နာကျင်သွားခဲ့သည်။
ထိုခဏမှာပင် စက်ရုပ်ချပ်ဝတ်တန်ဆာသည် လေထဲတွင် ရပ်တန့်သည့် စနစ် စတင် အသက်ဝင်လာခဲ့သည်။
အခြေအနေကို စောင့်ကြည့်နေသည့် ကောင်းကင်သတ္တုကလည်း အလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး တုန်ယင်မှုကို ဝမ်မင် ခံနိုင်ရည်ရှိစေရန် အတွက် အထောက်အကူ ပေးလိုက်သည်။
ထိုအချိန်တွင် ကြီးမားပြင်းထန်သော အလင်းလှိုင်းလုံးကြီးသည် သရဲခေါင်းဓား၏ ဦးတည်ရာဆီသို့ တည့်တည့်ကြီး တိုးဝင်သွားခဲ့သည်။
ဝိညာဥ်စွမ်းအား လှိုင်းလုံးကြီး လှိမ့်ဝင်လာသည်နှင့် နေရာလွတ် ပင်လယ်သေထဲမှ စိတ်ဝိညာဉ် အရည်များသည် တိမ်တိုက်ထိတိုင် လွင့်စင်သွားခဲ့သည်။
အမြောက်တွင် ခြေရာခံစနစ်ပါရှိ၍ သူ့အနေဖြင့် ရှောင်တိမ်း၍ မဖြစ်နိုင်ကြောင်း သရဲခေါင်းဓား သဘောပေါက်လိုက်သည်။
ဝမ်မင်လို သာမန်လူတစ်ယောက်က သူ့ရှေ့တွင် အစွမ်းသတ္တိကို ထုတ်ပြခဲ့ပါသလော။
"ဖျက်ဆီးခြင်းသရဲဓားနည်းစနစ်"
သရဲခေါင်းဓားက ရှောင်လွှဲရန် မဖြစ်နိုင်သောကြောင့် ဤအမြောက်ကျည်ဆန်ကို ရိုးရိုးရှင်းရှင်းပင် ဖြတ်တောက်ရန်ကြိုးစားခဲ့သည်။
ပြိုးပြိုးပြက်ပြက် တောက်ပနေသော ခရမ်းရောင်ဓားအလင်းတစ်စင်းက ကောင်းကင်ကိုပင် လင်းထိန်သွားစေပြီး နှစ်ခြမ်းပိုင်းဖြတ်ရန် အတွက် အမြောက်ကျည်ဆန်ထံသို့ ပြေးဝင်သွားခဲ့သည်။
အဆုံးသတ်တွင် သရဲခေါင်းဓားသည် ဝမ်မင်၏ အမြောက်ကျည်ဆန်ကို လျှော့တွက်မိနေဆဲပင်။
သူက ဒဏ်ရာရနေသော်လည်း အစောပိုင်းတွင် ဝိညာဥ်စွမ်းအင်အချို့ကို ပြန်လည်ရရှိခဲ့သည်။
သို့ရာတွင် အမြောက်ကို ရင်ဆိုင်ရာ၌ ဝမ်မင်၏ ခန္ဓာကိုယ်ကိုသိမ်းယူရာတွင် အသုံးပြုရန် ဝိညာဥ်စွမ်းအင် အချို့ကို ဖယ်ထားခဲ့သည်။
ထို့ကြောင့် အမြောက်ဆန်ကို ရင်ဆိုင်ရန်အတွက် အင်အားမှာ အလွန် အလှမ်းဝေးနေခဲ့သည်။
ဓားအလင်းက ရှေ့သို့ ရွေ့လျားလာသော်လည်း ဝမ်မင်၏ အလင်းစွမ်းရည်လှိုင်းလုံးကြီးက လျင်မြန်စွာပင် လွှမ်းမိုးသွားခဲ့သည်။
"မဖြစ်နိုင်ဘူး"
သရဲခေါင်းဓားက အထိတ်တလန့် အော်ဟစ်လိုက်သည်။
နေရာလွတ် ပင်လယ်ပြင်ထဲမှ ဆည်ယူရရှိသော ပစ္စည်းများဖြင့်ပြုလုပ်ထားသည့် ဤစက်ရုပ်ချပ်ဝတ်တန်ဆာသည် သူတွေးထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။
ဝမ်မင်၏ ကျောဘက်ရှိ ကောင်းကင်သတ္တုပင်လျှင် အလွန်အံ့ဩသွားခဲ့ရသည်။
သူ၏သခင်သည် သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း အဆင့်မြင့် ကျင့်ကြံသူအား တိုက်ခိုက်ရန်အတွက် စက်ရုပ်ချပ်ဝတ်တန်ဆာကို အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား။
"သေသွားပြီလား"
ဝမ်မင်က လေထဲတွင် ပျံဝဲရန်အတွက် စက်ရုပ်ချပ်ဝတ်တန်ဆာ၏ လေထဲရပ်တန့်ခြင်း စနစ်ကို အားပြုထားခဲ့သည်။
သူတစ်ချိန်က ပျံသန်းနိုင်သည့် ကိရိယာကို တီထွင်ခဲ့ဖူးသောကြောင့် ပျံသန်းခြင်းနှင့် ပတ်သက်၍ အစိမ်းသက်သက်တော့မဟုတ်ခဲ့ပေ။
ထို့ပြင် သူတီထွင်ခဲ့သော စက်ရုပ်ချပ်ဝတ်တန်ဆာသည် နေရာလွတ် ပင်လယ်သေထဲသို့ရောက်မှ ရုတ်တရက် တီထွင်လိုက်သည့်အရာ မဟုတ်ပေ။
ဆိုရလျှင် ဤစက်ရုပ်ချပ်ဝတ်တန်ဆာ၏ ဒီဇိုင်းပုံစံအသေးစိတ်က သူ့စိတ်ထဲတွင်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။
သူက လူသားပုံစံတူ မှော်လက်နက်ဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်001ကို တီထွင်စဉ် ကတည်းက ဤအကြံအစည်ကို ရှိနှင့်ပြီးသား ဖြစ်သည်။
သူ့အနေဖြင့် လက်တွေ့ မတီထွင်ရသေးခြင်း တစ်ခုသာ ရှိ၏။
သူက စက်ရုပ်ချပ်ဝတ်တန်ဆာကို ဖန်တီးရာတွင် ရွေးချယ်စရာမရှိသဖြင့် နေရာလွတ် ပင်လယ်သေထဲမှ ပစ္စည်းများကို ဖြတ်တောက်၍ အသုံးပြုခဲ့ရသည်။
တကယ်တမ်းတွင် ဤနွေရာသီစခန်းသွင်း လေ့လာရေး၌ ဦးဆောင်ဆရာအဖြစ် ဝမ်မင် ရောက်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ နိုင်ငံခေါင်းဆောင်001၏ စွမ်းရည်ကိုစမ်းသပ်ခြင်း၊ ဝမ်လင်းကို စောင့်ကြည့်ခြင်း၊ ဝမ်လင်းအားချောင်းကြည့်ခြင်း၊ ဝမ်လင်းအား အနိုင်ကျင့်ခြင်း၊ ဝမ်လင်းအား လှည့်စားခြင်းနှင့် ဝမ်လင်းအား မေးမြန်းခြင်းမှ တစ်ပါး စက်ရုပ်ချပ်ဝတ်တန်ဆာ ပြုလုပ်ရန်အတွက် အဓိကပစ္စည်းများ စုဆောင်းရန် ဖြစ်သည်။
သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေထဲ၌ ပစ္စည်းများစုဆောင်းခွင့်ရရန်လည်း ဟွာရှို့မဟာမိတ်အဖွဲ့က သူ့ကိုအတည်ပြုပေးခဲ့သည်။
ဆိုရလျှင် ဝမ်မင်သည် သူလိုအပ်သော ပစ္စည်းများကို အကြွင်းအကျန်နယ်မြေထဲမှ စိတ်ကြိုက် ရွေးချယ်နိုင်ပေသည်။
ယင်းက သူ့ကို ဥက္ကဌချီ ပေးခဲ့သည့် အခွင့်ထူးလည်း ဖြစ်သည်။
ဝမ်မင်ထံတွင် ထိုအချက်ကို သက်သေပြရန်အတွက် တံဆိပ်တုံးထုထားသည့် စာရွက်စာတမ်းလည်း ရှိ၏။
ဝမ်မင်က သူ့ရှေ့တွင် လွင့်မြောနေသော အခိုးအငွေ့များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဤစက်ရုပ်ချပ်ဝတ်တန်ဆာက အရေးပေါ် အခြေအနေတွင် ဖြစ်သလို ပြုလုပ်လိုက်ရသောကြောင့် ဝိညာဉ်ရေးရာ အသိဉာဏ် ကင်းမဲ့နေခဲ့သည်။
ထို့ပြင် သူကိုယ်တိုင်ကလည်း ကျင့်ကြံသူ မဟုတ်သောကြောင့် သရဲခေါင်းဓား သေမသေကို မဆုံးဖြတ်နိုင်ခဲ့ပေ။
သို့သော် ယခုပေါက်ကွဲမှုကြောင့် သရဲခေါင်းဓားက ဆိုးရွားစွာဒဏ်ရာရရှိခဲ့ကြောင်း သူသေချာပေါက်သိသည်။
သရဲခေါင်းဓား အနေဖြင့် မသေခဲ့လျှင်ပင် သူ့ကို တိုက်ခိုက်ရန် ခွနါအားရှိတော့မည် မဟုတ်ပေ။
နောင်လာမည့်ရက်များတွင် သရဲခေါင်းဓား၏ ကိုယ်ထည်က နေရာလွတ် ပင်လယ်သေ၏ ဝိညာဉ် အရည်ထဲတွင် စိမ်ထားသည်ဖြစ်၍ တဖြည်းဖြည်း ပြိုကွဲသွားမည်မှာ သံသယဖြစ်စရာ မလိုပေ။
ထို့ပြင် သရဲခေါင်းဓားသည် ရှေးဟောင်း ဝိညာဥ်၏ ကျိန်စာသင့်ခြင်းကို ခံရဦးမည် ဖြစ်သည်။
ထိုခဏတွင် ကောင်းကင်သတ္တု မေးလိုက်သည့် မေးခွန်းသည် ဝမ်မင်၏ အတွေးများကို အတည်ပြုပေးခဲ့သည်။
"သခင် အဲဒီကောင်ကို နောက်ထပ်ရိုက်ချင်သေးလား"
"ထားလိုက်ပါ.. သူ့မှာရုန်းကန်ဖို့ ခွန်အားမှ မရှိတော့တာလေ"
ဝမ်မင်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
တကယ်လည်း သူက ဒုတိယအကြိမ် မပစ်ခတ်ချင်ခဲ့ပေ။
ယခုပေါက်ကွဲမှုက သူသိုလှောင်ထားသည့် ဝိညာဥ်စွမ်းအင်၏ ၃၂%ကို အသုံးချသွားခဲ့သည်။
လက်ရှိတွင် ဝိညာဥ်စွမ်းအားက ၄၀%သာ ကျန်ရှိတော့သည်။
သူ့အနေဖြင့် အာကာပြင်တံတိုင်းကို ဖြတ်ကျော်ရန် ဤဝိညာဥ်စွမ်းအားကိုသာ အသုံးပြုရမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်မင်က သရဲခေါင်းဓားကို ဂရုမစိုက်အားတော့ပေ။
ထိုအစား သူက တတ်နိုင်သမျှ အမြင့်ဆီသို့ ပျံသန်းခဲ့သည်။
"မုန်တိုင်းတစ်ခု ထွက်ပေါ်လာရင် ငါ့ကို တတ်နိုင်သမျှ ကာကွယ်ပေးပါ"
"ကောင်းပါပြီသခင်"
ကောင်းကင်သတ္တုက အလွန်ညင်သာစွာ တုံ့ပြန်ခဲ့သည်။
သူက အင်မော်တယ်စံအိမ်သခင်ချန်ယွီ ကိုယ်တိုင်၊ ကမ္ဘာ့အရှားပါးဆုံး ပစ္စည်းများကို ရွေးချယ်၍ ဂရုတစိုက် သန့်စင်ထားသော ပစ္စည်း ဖြစ်သည်။
ထို့ကြောင့် နေရာလွတ် မုန်တိုင်းကိုလည်း သူ့အနေဖြင့် ကြောက်စရာမရှိပေ။
ထို့နောက်တွင် ကောင်းကင်သတ္တုက ဝမ်မင်၏ ကျောပြင်ကို တွန်းထားပေးလိုက်ရာ ဝမ်မင်က ဝိညာဥ်စွမ်းအားအမြောက်၏ နောက်သို့ ပြန်ကန်မှုကို ခံနိုင်ရည် ရှိသွားခဲ့သည်။
ဝမ်မင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲတွင် ၁မှ ၃ အထိ ရေရွတ်လိုက်သည်။
"ဝုန်း"
သူက လက်ကိုမြှောက်လိုက်ပြီး နေရာလွတ် ပင်လယ်သေ၏ အထက် ကောင်းကင်ယံကို ပစ်ခတ်လိုက်သည်။
ထိုပစ်ချက်က သူ့အသက်ကို ကယ်တင်နိုင်မည့် မျှော်လင့်ချက်လည်း ဖြစ်သည်။
သူက ဝမ်လင်းအား သာမန်လူသားတစ်ယောက် အဖြစ် ရှင်သန်နိုင်ရန် ကူညီပေးရဦးမည် မဟုတ်ပါလော။
သူသာ လုပ်နိုင်ခဲ့လျှင် ဝမ်လင်းက လူသစ်တစ်ယောက် အနေဖြင့် ပြန်လည် မွေးဖွားနိုင်ပေလိမ့်မည်။
အပိုင်း(၇၅၆) ပြီး၏