ပြောင်းပြန်သက်ရောက်ခြင်း
Vol. 51 Ch. 758
ညသရဲဝိညာဥ်အင်ပါယာက "စိတ်ဝိညာဥ် ပြုပြင်ခြင်း အစီအရင်"ဖြင့် ဝိညာဥ်များထံမှ ဝိညာဥ်စွမ်းအားများကို အေးအေးလူလူ စုပ်ယူနေခဲ့သည်။
ဥက္ကဌပိုင်က သူ့ရှေ့တွင် ဒူးထောက်လျက်သားရှိနေဆဲပင်။
"အစကတော့ မင်းကို စိတ်ဝိညာဉ် လှောင်အိမ်ထဲမှာပဲ ထားတော့မယ်လို့ တွေးခဲ့တယ်.. ဘာလို့လဲဆိုတော့ မင်းကို ဝါးမျိုပြီးရင် မင်းရဲ့ပြန်လည်နလန်ထူနိုင်တဲ့ စွမ်းရည်ကို ရရှိမှာဖြစ်လို့ပဲ.. ဒါပေမယ့် အခုတော့ ငါအရှင် စိတ်ပြောင်းသွားခဲ့ပြီ… ဘာကြောင့်လဲ သိလား"
ညသရဲဝိညာဥ်အင်ပါယာက ခဏအကြာတွင် ရုတ်တရက် ပြောလိုက်၏။
ဥက္ကဌပိုင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ညသရဲဝိညာဥ်အင်ပါယာက ခဏမျှ စောင့်ဆိုင်းပြီးနောက် သူ့မေးခွန်းကို ကိုယ်တိုင်ပင် ပြန်ဖြေခဲ့သည်။
"ပိုင်မျိုးနွယ်စုရဲ့ ဖန်တီးခြင်း ပညာရပ်က ထုန်ရာ မျိုးနွယ်စုရဲ့ အံ့မခန်း အဂ္ဂိရိတ်ပညာ နဲ့ ရှောင်မျိုးနွယ်စုရဲ့ အဂ္ဂိရတ်ပညာရပ်တွေလိုပဲ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင်ဖြစ်တယ်.. အဲဒီတုန်းက မင်းရဲ့ဆရာဆီကနေ ဖန်တီးခြင်းပညာရပ်ကို ခိုးယူဖို့ ကျရှုံးသွားတဲ့အခိုက်မှာ ငါအရှင်သာ မင်းကို ငါ့လက်အောက်ခံအဖြစ် မခေါ်ခဲ့ရင် မင်းရဲ့ မျိုးနွယ်စုက မင်းကို သေဒဏ်ပေးမှာအမှန်ပဲ.. နောက်ပိုင်းမှာတော့ ငါ့ရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုနဲ့အတူ ပိုင်မျိုးနွယ်စုရဲ့ အမွေအနှစ်ကို မင်း ဆက်ခံနိုင်ခဲ့ပြီး ဒီကနေ့ အဆင့်အတန်းကို ရောက်ရှိလာခဲ့တယ်"
ဥက္ကဌပိုင်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။
“အရှင် ဘာပြောချင်တာလဲ”
"ငါက မင်းရဲ့ဝိညာဉ်ကို ဝါးမျိုလိုက်ရင် မင်းရဲ့ မှော်ပညာရပ်တွေအပြင် မင်းရဲ့ မှတ်ဉာဏ်တွေ အားလုံးကို ချက်ချင်းရရှိလိမ့်မယ်.. ဒါပေမဲ့ ငါကိုယ်တိုင် တစ်ချိန်က ကယ်တင်ခဲ့တဲ့ မင်းကို ငါမသတ်ချင်ဘူး.. ဒီတစ်ခေါက် မင်းအမှားကြီး လုပ်မိပေမဲ့ ငါအရှင် အနေနဲ့ အတိတ်က ခင်မင်မှုကို သတိရပြီး မင်းကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်.. ငါသာ မင်းကို စွမ်းအား မဌားပေးခဲ့ရင် မင်းရဲ့အစွမ်းအစနဲ့ ဒီလူငယ်ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်လို့ မင်းထင်လဲ"
ညသရဲဝိညာဥ်အင်ပါယာက ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ဥက္ကဌပိုင်က ချက်ချင်းပင် တုန်လှုပ်သွားသည်။
လူငယ်လေး၏ အနိုင်ယူခြင်းကိုခံရပြီးနောက်တွင် သူသည် နေ့စဥ် အိပ်မက်ဆိုး မက်ခဲ့သည်။
ထိုအကြောင်း သတိရမိတိုင်း ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
ညသရဲဝိညာဥ်အင်ပါယာက လက်တစ်ချောင်းကို လှုပ်ရှားလိုက်ရာ ကျောက်စိမ်းစာလိပ်တစ်ခုက လေထဲတွင် ပေါ်လာသည်။
ဥက္ကဌပိုင်က စာလိပ်ကို လက်နှစ်ဖက်ဖြင့် လက်ခံရရှိခဲ့သည်။
သူက ဝိညာဉ်အခြေအနေမှာပင် စာလိပ်ကို တိုက်ရိုက် ထိတွေ့နိုင်ကြောင်း အံ့သြစွာ တွေ့ရှိခဲ့သည်။
"ဒါက ဝိညာဉ်တွေနဲ့ ဆက်သွယ်ရာမှာ သုံးတဲ့ ဝိညာဥ်စာအုပ်ပဲ"
ညသရဲဝိညာဥ်အင်ပါယာ "ဒီကျောက်စိမ်းစာလိပ်ပေါ်မှာ မူရင်းစာလုံးတစ်လုံးမှ မပြောင်းဘဲ ဖန်တီးခြင်း ပညာရပ်ကို ချရေးစေချင်တယ်"
အဆုံးသတ်တွင် ညသရဲဝိညာဥ်အင်ပါယာ လိုချင်သည့်အရာကို ဥက္ကဌပိုင် သဘောပေါက်သွားသည်။
သူ့မျက်နှာပေါ်ရှိ အမူအရာက ချက်ချင်းပင် အေးခဲသွားခဲ့၏။
“ဒါက ငါတို့ ပိုင်မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ်ပဲ”
“ငါအရှင် အဲဒါကို သိပါတယ်.. ဒါပေမယ့် အခု မင်းမှာ တခြားရွေးချယ်စရာ ရှိသေးလို့လား”
ညသရဲဝိညာဥ်အင်ပါယာက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"မင်းက မင်းရဲ့စိတ်ဝိညာဉ်ပေါ်မှာ ကျိန်စာတိုက်ထားတယ် မဟုတ်လား"
ဥက္ကဌပိုင် မှင်တက်သွားသည်။
ဤကျိန်စာကို သူက အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသော်လည်း ညသရဲဝိညာဥ်အင်ပါယာ သိရှိနေမည်ဟု မထင်ထားခဲ့ပေ။
သို့သော် ဤကျိန်စာသည် ညသရဲဝိညာဥ်အင်ပါယာကို တမင်ရည်ရွယ်ခြင်း မဟုတ်ပေ။
သူ၏ စိတ်ဝိညာဉ်ကို ပျက်စီးစေသောသူအား ကျိန်စာသက်ရောက်မှု ရှိစေရန် လုပ်ဆောင်ခဲ့ခြင်းသာ။
သူက လူငယ်လေးအား တိုက်ခိုက်ရာတွင် မတော်တဆရှုံးနိမ့်ပြီး လူငယ်လေးက သူ့ အသက်ကို ချမ်းသာပေးရန် ငြင်းဆန်ခဲ့မည်ဆိုလျှင် အနည်းဆုံးတော့ လူငယ်လေးကို ကျိန်စာတိုက်ခဲ့မည်ဟု တွေးကာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ကျိန်စာက လူငယ်လေးကို ကံဆိုးစေပြီး ဘေးဒုက္ခများနှင့် နပမ်းလုံးစေမည် ဖြစ်သည်။
ယင်းက ဥက္ကဌပိုင်၏ လက်စားချေမှုဟုပင် ယူဆနိုင်သည်။
ဆိုရလျှင် ဤကျိန်စာသည် အစပိုင်းတွင် ညသရဲဝိညာဥ်အင်ပါယာကို ရည်ရွယ်ခြင်း မဟုတ်ပေ။
ဥက္ကဌပိုင်က ကျိန်စာကို အရံအနေဖြင့် ဆောင်ထားခြင်းသာ။
သူက အစကတည်းကပင် ကျိန်စာ၏ နောက်ဆက်တွဲ ဖြစ်နိုင်ချေ အမျိုးမျိုးကို တွေးထားပြီးသား ဖြစ်သည်။
"ပိုင်ကျဲ.. မင်းက တကယ်ကို ဉာဏ်ကောင်းပေမယ့် ငါအရှင်ထက်စာရင် မင်းက အတွေ့အကြုံမရှိသေးဘူး.. ပိုင်မျိုးနွယ်စုရဲ့ ဖန်တီးခြင်းပညာရပ်ကို လုံးလုံးလျားလျား ချရေးထားသရွေ့ ငါက ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်နိုင်ပြီး မင်းအသက်ကို ချမ်းသာပေးနိုင်တယ်"
ညသရဲဝိညာဥ်အင်ပါယာက သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ စုတ်တံတစ်ချောင်းက ပိုင်ကျဲထံ ရောက်ရှိသွားသည်။
"ဘယ်လိုလဲ မင်း ရေးမှာလား"
ဥက္ကဌပိုင်က အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
သူ့တွင် ငြင်းဆန်ရန် နည်းလမ်းမရှိ၍ ခိုင်းသည့်အတိုင်း လုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
…...........
ဤဖန်တီးခြင်းပညာရပ်သည် ပိုင်မျိုးနွယ်စု၏ ရွှေခေတ်တွင် တီထွင်ခဲ့သော ပညာရပ် ဖြစ်ပြီး နောက်ပိုင်းတွင် ဘိုးဘွားစဉ်ဆက် လျှို့ဝှက်နည်းပညာ တစ်ရပ်အဖြစ် ထိန်းသိမ်းလာခဲ့သည်။
ပိုင်မျိုးနွယ်စုတွင် ဥက္ကဌပိုင်သည် ကိုယ်လုပ်တော် တစ်ဦးမှ မွေးဖွားလာသောသား ဖြစ်၍ ထိုပညာရပ်ကို သင်ယူခွင့်မရှိခဲ့ပေ။
သူ့အမေက အဆင့်အတန်းနိမ့်ပါးသည့် ကချေသည်တစ်ဦးဖြစ်ပြီး ပိုင်မျိုးနွယ်စု ခေါင်းဆောင်၏ မတော်တဆ နှစ်သက်မှုကို ရရှိခဲ့သည်။
သူမက သေဆုံးသွားသည့်တိုင် သူမ၏ ကမ္ပည်းတိုင်ကို ပိုင်မျိုးနွယ်စု၏ မျိုးနွယ်စုခန်းမထဲတွင် မထားနိုင်ဘဲ အိပ်ခန်းထဲတွင်သာ ထားနိုင်ခဲ့သည်။
ပိုင်ကျဲက လျှို့ဝှက်ပညာရပ်ကို ချရေးစဥ် ညသရဲဝိညာဥ် အင်ပါယာနှင့် သူပထမဆုံး တွေ့ခဲ့သည့်အချိန်ကို သတိရသွားခဲ့သည်။
ထိုအချိန်က ညသရဲဝိညာဥ်အင်ပါယာသည် အနယ်နယ်အရပ်ရပ်မှ လူများကို စုဆောင်းနေချိန် ဖြစ်သည်။
ညသရဲဝိညာဥ်အင်ပါယာက သူ့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဥက္ကဌပိုင်သည် လွန်ခဲ့သော ရာစုနှစ်ကတည်းက အကြောင်းရင်းကို စုံစမ်းစစ်ဆေးခဲ့သည်။
နောက်ဆုံးတွင် သူက အမှန်တရားကို သိရှိလာခဲ့ပြီ ဖြစ်၏။
"အရှင်.. ပြီးပါပြီ"
မကြာခင်မှာပင် ပိုင်ကျဲက ကျောက်စိမ်းစာလိပ်ကို ပြလိုက်သည်။
ဖန်တီးခြင်းပညာရပ်သည် သာမန် မှော်နည်းစနစ် များထက် ပင်မစည်းမျဉ်းများနှင့် ဖော်မြူလာအချို့ အနည်းငယ်ပို၍ ပါဝင်သည်။
ပိုင်ကျဲက စာလိပ်ပေါ်တွင် အဓိက ဖော်မြူလာများကို ချရေးသားထားသောကြောင့် ညသရဲဝိညာဥ် အင်ပါယာ၏ မျက်လုံးများက တောက်ပသွားသည်။
မှော်နည်းစနစ်များသည် တူညီသော အခြေခံဖော်မြူလာကို မျှဝေကြသည်။
၎င်းတို့၏ အနှစ်သာရကို ဂီတရှိ ယူနီဗာဆယ် 4536251 ကော့ဒ် ကဲ့သို့ အဓိက စည်းမျဉ်းများနှင့် ဖော်မြူလာများဖြင့် ဖွဲ့စည်းထားသည်။
ညသရဲဝိညာဥ်အင်ပါယာက သူ့စကား ဥက္ကဌပိုင် နားထောင်သောကြောင့် အလွန်ကျေနပ်နေခဲ့သည်။
"ပိုင်ကျဲ မင်းက ဉာဏ်ကောင်းသားပဲ.. ငါအရှင်ကို စိတ်ရင်းနဲ့သာ ခစားစမ်းပါ.. မင်းအတွက် အကျိုးမယုတ်စေရဘူး"
ထိုစကားကို ဥက္ကဌပိုင်က ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။
သူက လိမ္မာရေးခြားရှိသည့် ခွေးကလေးလို၊ သခင်ပြောသမျှကို နာခံစွာ နားထောင်သည့် ကျွန်တစ်ယောက်လို မြေကြီးပေါ်တွင် ဒူးထောက်နေခဲ့သည်။
ဤမြင်ကွင်းက ညသရဲဝိညာဥ်အင်ပါယာကို သက်ပြင်းချနိုင်စေခဲ့သည်။
ယခင်က ပိုင်ကျဲကို သူရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ပိုင်ကျဲ၏ ဖီဆန်တတ်သော အမူအကျင့်ကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ်သိုလှောင်ခန်း ထဲသို့ ပစ်ချခံရပြီးနောက်တွင် ပိုင်ကျဲ၏ စရိုက်လက္ခဏာက ယိုယွင်းလာမည်ဟု မည်သူသိနိုင်ပါမည်နည်း။
ညသရဲဝိညာဥ်အင်ပါယာက ဤမြင်ကွင်းကို စိတ်ပျက်စွာ စိုက်ကြည့်နေခဲ့သည်။
သို့သော် ဒါကလည်း တစ်မျိုး ကောင်းပေသည်။
ထိုအချိန်တွင် ညသရဲဝိညာဥ် အင်ပါယာသည် လေးဆယ်ရာခိုင်နှုန်းနီးပါး ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်၍ လုံလောက်သော ခွန်အားကို ရရှိနေပြီ ဖြစ်သည်။
သူက ကျောက်စိမ်းစာလိပ်ထဲမှ ဖန်တီးခြင်းပညာရပ်၏ အခြေခံ ဖော်မြူလာများကို စတင်လေ့လာခဲ့သည်။
ပကတိအင်မော်တယ်သည် ကောင်းကင်ကိုပင် အံတုနိုင်သော အရှိန်ဖြင့် မှော်နည်းစနစ်များကို သင်ယူနိုင်သည်။
အထူးသဖြင့် ညသရဲဝိညာဥ်အင်ပါယာ ကဲ့သို့သော အတွေ့အကြုံရင့် ပကတိအင်မော်တယ် ဖြစ်၏။
သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖော်မြူလာများကို အလင်း၏ အမြန်နှုန်းဖြင့် သိရှိလာခဲ့သည်။
ထိုခဏမှာပင် ညသရဲဝိညာဥ်အင်ပါယာ၏ ဒွါရ ခုနစ်ပေါက်ကို အစိမ်းရောင် ဝိညာဉ်စွမ်းအားများက လွှမ်းခြုံသွားသည်။
"ဒါဆို ဒါက ပိုင်မျိုးနွယ်စုရဲ့ ဖန်တီးခြင်းပညာရပ်အစစ်ပေါ့"
ညသရဲဝိညာဥ်အင်ပါယာက သူ၏ဒဏ်ရာများ အံ့မခန်း အမြန်နှုန်းဖြင့် သက်သာသွားသည့်အတွက် လုံး၀ ကျေနပ်သွားခဲ့သည်။
သို့သော် ဤပျော်ရွင်မှုက ကြာရှည်မခံဘဲ တစ်စုံတစ်ရာ မူမမှန်မှန်း သူ ခပ်မြန်မြန် သိလိုက်ရသည်။
သူ၏ ဒဏ်ရာများ လျင်မြန်စွာ သက်သာလာချိန်တွင် သူ၏ ဝိညာဉ်က ကွဲအက်လာသလိုပင်။
ရုတ်တရက် သူ့ရှေ့ရှိ အရာအားလုံးက မည်းမှောင်သွားပြီး မောပန်းနွမ်းနယ်နေသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဥက္ကဌပိုင်သည် မတ်တပ်ထရပ်၍ ပြုံးလိုက်သည်။
“အရှင် ညသရဲဝိညာဥ်အင်ပါယာ.. ငါတို့ ပိုင်မျိုးနွယ်စုရဲ့ ဖန်တီးခြင်းပညာရပ်က အသုံးဝင်ရဲ့လား”
ထိုမေးခွန်းကြောင့် ညသရဲဝိညာဥ်အင်ပါယာက ပုံမှန်မဟုတ်သော အကြောင်းရင်းကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
သူက မျက်လုံးများ ပြူးကျယ်စွာဖြင့် ဥက္ကဌပိုင်ကို စိုက်ကြည့်လိုက်သည်။
"မင်းဘာလုပ်ခဲ့လဲ"
“အဲဒီတုန်းက ပိုင်မျိုးနွယ်စုကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ပြီး မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ခဲ့တယ်.. မင်းရဲ့သစ္စာရှိခွေး တစ်ကောင် ဖြစ်လာဖို့ ငါ့ကို အသက်ရှင်ကျန်စေခဲ့တယ်...ဒါပေမယ့် မင်း ငါတို့ ပိုင်မျိုးနွယ်စုကို မသုတ်သင်ခင် သမိုင်းကြောင်းကို သေသေချာချာ စုံစမ်းသင့်တယ်"
ဥက္ကဌပိုင်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ထားပြီး မျက်နှာပေါ်တွင် ကျေနပ်သော အရိပ်အယောင် ပြသနေသည်။
"မင်း 'ပြောင်းပြန်သက်ရောက်ခြင်း'ကို အရင်က ကြားဖူးလား"
ထိုစကားကြောင့် ညသရဲဝိညာဥ်အင်ပါယာက တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး ထိတ်လန့်သွားခဲ့သည်။
ပိုင်ကျဲက ထင်ထားသလိုပဲ ကလိမ်ကကျစ် ဖြစ်နေသည်။
"အရှင်.. ငါတို့ မျိုးနွယ်စုက ဖန်တီးခြင်းပညာရပ်ရဲ့ လျှို့ဝှက်ချက်ကို ခန့်မှန်းမိပြီလို့ ငါ ထင်တယ်"
ဥက္ကဌပိုင်က မျက်လုံးများ ကျဥ်းမြောင်းစွာဖြင့် ပြုံးလိုက်သည်။
“နောက်ဆုံးအနေနဲ့ မင်းရဲ့ ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါတယ် အရှင်.. သိပ်မကြာခင်မှာ မင်းခန္ဓာကိုယ်က ငါ့အပိုင်ဖြစ်သွားတော့မယ်”
အပိုင်း(၇၅၈) ပြီး၏