သရဲခေါင်းဓား အသက်ရှင်ရန်ရုန်းကန်ခြင်း
Vol. 51 Ch. 759
တစ်ဖက်တွင်မူ ဝမ်မင်သည် ဒုတိယမြောက် ပစ်ခတ်မှုကို ဝိညာဥ်စွမ်းအား 28%သုံး၍ အောင်မြင်စွာ ပစ်ခတ်ခဲ့သည်။
ယခုအခါတွင် သူသည် နေရာလွတ် တံတိုင်းကို ဖောက်ထွင်းရန် ဝိညာဉ်စွမ်းအား ဆယ့်နှစ်ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့သည်။
နေရာလွတ် အက်ကြောင်းတစ်ခု ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ဝမ်မင်၏ စက်ရုပ်ချပ်ဝတ်တန်ဆာမှ စနစ်သတိပေးချက် ထွက်ပေါ်လာသည်။
ရှေ့တွင် နေရာလွတ်အက်ကြောင်းရှိသည်။ အက်ကြောင်းပြန်မပိတ်မီ ခန့်မှန်းအချိန်သည် 243 စက္ကန့်ဖြစ်သည်။ လက်ရှိတွင် စွမ်းအင် 12% ကျန်ရှိနေသည်။
စက်ရုပ်ချပ်ဝတ်တန်ဆာတွင် ကွန်ပျူတာစနစ် ပါရှိသော်လည်း ၎င်းသည် AI စနစ် လုံးဝမဟုတ်ပေ။
၎င်း၏ ဒီဇိုင်းကို ဂြိုလ်တုနည်းပညာနှင့် ပေါင်းစပ်နိုင်လျှင် ၎င်းသည် ပို၍အစွမ်းထက်လာမည် ဖြစ်သည်။
သို့သော်လည်း ဝမ်မင်သည် ယခုအချိန်တွင် နေရာလွတ် ပင်လယ်သေမှ အမှိုက်များကိုသာ အသုံးပြုနေရ၏။
စနစ်က ပြောသလို နေရာလွတ် အက်ကွဲကြောင်းက ပွင့်နေသော်လည်း ကြာကြာပွင့်နေမည် မဟုတ်ပေ။
ယခုအချိန်သည် ဤနေရာမှ ထွက်ခွာရန် အကောင်းဆုံးအချိန်ဖြစ်သည်။
"မသွားရဘူး..မင်းလည်း ဒီမှာပဲနေရမယ်"
သရဲခေါင်းဓား၏ ဒေါသတကြီး အော်ဟစ်သံက အောက်ဘက်ကနေ ထွက်ပေါ်လာသည်။
သူက ဝမ်မင်ကို ဤနေရာတွင် ဆွဲထားရန်အတွက် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုဖို့ ပြင်ဆင်လိုက်သည်။
ထိုခဏတွင် အနက်ရောင်ဓားကိုယ်ထည်က အလင်းတန်းများဖြင့် တောက်ပသွားခဲ့သည်။
"သခင် မြန်မြန်သွား.. ဒီနိမ့်ကျတဲ့ကျွန်က ကာကွယ်ပေးထားမယ်"
ကောင်းကင်သတ္တုက ဝမ်မင်ကို ကာကွယ်ထားလိုက်သည်။
"မင်းအနစ်နာခံဖို့မလိုပါဘူး.. ငါတို့ထွက်သွားရင် အတူတူပဲ ထွက်သွားမယ်"
ဝမ်မင်က ပြတ်သားစွာ ပြောလိုက်သည်။
ကောင်းကင်သတ္တုက ယခင်ဘဝတွင် သခင်၏ ဂရုမစိုက်မှုကြောင့် အထီးကျန်ဆန်သော ဓားဝိညာဉ် ဖြစ်ခဲ့သည်ကို သူသိသည်။
ထို့ကြောင့် ဝမ်မင်က ကောင်းကင်သတ္တုဓားကို လုံးဝ စွန့်ပစ်မည် မဟုတ်ပေ။
ထိုအချိန်မှာပင် ကောင်းကင်၌ နောက်ထပ် နေရာလွတ် အက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး အဖြူရောင် အလင်းတန်း တစ်ခုက ထိုအထဲမှ ထွက်ပေါ်လာကာ သရဲခေါင်းဓားကို ထိမှန်သွားသည်။
"အား.."
သရဲခေါင်းဓားက အလွန်အမင်း နာကျင်စွာ အော်ဟစ်လိုက်သည်။
ဝမ်မင် “….........”
ကောင်းကင်သတ္တုဓား “….........”
တစ်စုံတစ်ယောက်က လှုပ်ရှားမှုတစ်ခု ပြုလုပ်ပြီး သရဲခေါင်းဓားကို သတ်ခဲ့သည်။
အဖြူရောင် အလင်းတန်းက မှော်စွမ်းအား မဟုတ်ဘဲ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သည်။
ကံမကောင်းစွာပင် လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက လျင်မြန်စွာ လုပ်ဆောင်ခဲ့၍ စက်ရုပ်ချပ်ဝတ်တန်ဆာက ဤလျှို့ဝှက်လက်နက်၏ တည်နေရာနှင့် ပုံသဏ္ဍာန်ကို ဖမ်းယူနိုင်စွမ်းမရှိပေ။
ကောင်းကင်သတ္တုတွင် စိတ်အားထက်သန်သော မျက်လုံးများနှင့် လျင်မြန်သောလက်များရှိသည်။
သူက လေထဲ လွင့်နေသော အရာတချို့ကို ဖမ်းယူလိုက်သည်။
သူ့လက်ထဲတွင် အဖြူမှုန့်များ ပေကျံသွားခဲ့၏။
ကောင်းကင်းသတ္တုဓားက မျက်မှောင်ကြုတ်လိုက်သည်။
ဤအရာက မြေဖြူမှုန့်ဟု တစ်နည်းနည်းဖြင့် သူ ခံစားလိုက်ရသည်။
"ဆရာလေးလင်းရဲ့ လက်ချက်များ ဖြစ်နိုင်မလား"
ကောင်းကင်သတ္တုက ရုတ်တရက် မေးလိုက်သည်။
ဝမ်မင် "မင်းက ငါ့ညီလေးကို သိတယ်လား"
ကောင်းကင်သတ္တုက ပြုံးလိုက်သည်။
"သခင်.. ဒီကျွန်က ဒီဓားရဲ့ ဓားဝိညာဉ်ဖြစ်လာပြီးနောက်မှာ ဓားကို ထုလုပ်စဥ်ကနေ ဖြစ်ပျက်သမျှ အရာအားလုံးကို မှတ်ဉာဏ်အဖြစ် သိမ်းဆည်းရရှိခဲ့ပါတယ်"
"ဒါက ငါ့ညီလေး မဖြစ်နိုင်ဘူး"
ဝမ်မင် ခေါင်းခါယမ်းလိုက်သည်။
“သူသာဆိုရင် ပိုတောင် ရက်စက်လိမ့်မယ်.. သရဲခေါင်းဓားက ချက်ချင်း သေဆုံးသွားခြင်းမပြုမီ အော်ဟစ်ဖို့ အချိန်တောင်ရမှာမဟုတ်ဘူး"
ကောင်းကင်သတ္တု “......…”
ဝမ်မင် မျက်ခုံးပင့်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်လူက မည်သူပဲဖြစ်ပါစေ.. အခုအချိန်တွင် ဂရုစိုက်ဖို့ အချိန်မရှိတော့ပေ။
ယခု အရေးကြီးဆုံးမှာ ဤနေရာက ထွက်သွားရန် ဖြစ်သည်။
ထို့နောက် ဝမ်မင်က ကောင်းကင်သတ္တုနှင့် ဘေးချင်းယှဥ်ရပ်ကာ စက်ရုပ် ချပ်ဝတ်တန်ဆာကို လည်ပတ်ပြီး နေရာလွတ် အက်ကွဲကြောင်းထဲကို ဝင်သွားခဲ့သည်။
…................
ဤအတောအတွင်း အကြွင်းအကျန် နယ်မြေအစစ်တွင် စောစောက ထွက်ပြေးခဲ့သော ဆဲလ်များ အားလုံးနီးပါးကို သုတ်သင် ရှင်းလင်းပစ်လိုက်ပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဝူကျန်းကျွင်း၏ အချိန်မီ လမ်းညွှန်မှုအောက်တွင် အကြွင်းအကျန် နယ်မြေသည် အလွန်အမင်း ပျက်စီးခြင်း မရှိပေ။
သို့တိုင် ညဦးစီးမှူးအဖွဲ့၏ အကျိုးသက်ရောက်မှုသည် တွက်ချက်၍မရနိုင်ပေ။
ကြိုတင်သတိထားရန် အမှန်တကယ် လိုအပ်သည်မှာ ပြည်ပတွင် ဖြစ်ပေါ်လာမည့် စိတ်လှုပ်ရှားဖွယ်ရာ သတင်းများပင်ဖြစ်သည်။
အခြားနိုင်ငံများအားလုံးသည် သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေကို အမြဲလိုလို မျက်စိကျခဲ့ကြသည်။
ဤကိစ္စကြောင့် မီရှို့နိုင်ငံသည် ပူးပေါင်းစီမံခန့်ခွဲရရန် နိုင်ငံတကာ တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်မည့် အခွင့်အလမ်းကို ဆုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။
အရှေ့ဘက်တောထဲတွင် ကျိုးရီ၏ အထူးစစ်ဆင်ရေးအဖွဲ့သည် ဆဲလ်တစ်ဝက်နီးပါးကို ရှင်းပစ်နိုင်ခဲ့သည်။
ဤမျှအထိ ရှင်းထုတ်နိုင်ခြင်းမှာ သူ့တို့တွင် သက်ရှိလူသား ရေဒါတစ်ခု ဖြစ်သည့် ဝူကျီ ရှိနေသောကြောင့်ပင်။
သူမ အတွက် ထွက်ပြေးသွားသော ဆဲလ်များ၏ တည်နေရာကို သိရှိဖို့က လွယ်ကူလွန်းလှ၏။
"ဝူကျန်းကျွင်း ငါဒီမှာအကုန်ရှင်းလိုက်ပြီ.. ဒီဆဲလ်အလောင်းတွေကို ငါတို့ ဘယ်လို ကိုင်တွယ်သင့်လဲ"
ဝူကျန်းကျွင်း“မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး.. ငါတို့က ဒီဆဲလ်ကောင်တွေကို စွန့်ပစ်ဖို့ မလိုအပ်ပါဘူး.. ဒီဆဲလ်တွေမှာ ဓာတ်မြေဩဇာ အဖြစ် အသုံးပြုနိုင်တဲ့ အော်ဂဲနစ်ပစ္စည်းတွေ အများကြီး ပါဝင်တယ်”
"အဲဒီလိုလား"
ကျိုးရီ သဘောပေါက်သွားသည်။
“အင်း”
ဝူကျန်းကျွင်း ခေါင်းညိတ်လိုက်သည်။
“နောက်တစ်ချက်က အနောက်ဘက်ဒေသမှာ ထူးဆန်းတဲ့ အာကာပြင် အတက်အကျတွေကို ငါတို့ တွေ့ရှိခဲ့တယ်.. ဒါက ဆရာဝမ် ပျောက်ဆုံးမှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိတော့ မသေချာသေးဘူး.. ဒါရိုက်တာကျိုး.. မင်းရဲ့အဖွဲ့ကို ဦးဆောင်ပြီး စုံစမ်းစစ်ဆေးဖို့ သွားနိုင်မလား"
"အစောပိုင်းက အစည်းအဝေးမှာ အနောက်ဘက်ဒေသဆီ စေလွှတ်ခံရတဲ့ ဆရာတွေကို ပြန်လည်ခေါ်ယူဖို့ အထက်လူကြီးတွေ ဆီကနေ အမိန့်ကို လက်ခံရရှိခဲ့တယ်.. အကယ်၍ ဒါရိုက်တာကျိုး မအားရင်လည်းနောက်နေ့မှပဲ တစ်ယောက်ယောက်ကို လွှတ်လိုက်တော့မယ်"
ကျိုးရီက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဝူကျန်းကျွင်း မင်း ဘာတွေပြောနေတာလဲ.. ငါတို့က အထူးစစ်ဆင်ရေးအဖွဲ့ ဖြစ်တာကြောင့် ဒါက ငါ့ရဲ့တာဝန်ပဲ.. လူ့အသက်ကို ကယ်တင်တာက ဘုရားတည်တာနဲ့ အတူတူပဲလေ”
ကျိုးရီ၏စကားကြောင့် ဝူကျန်းကျွင်း ကြည်နူးသွားသည်။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး"
ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက်တွင် ကျိုးရီက သူ့ဘေးနားရှိ လူများကို လှမ်းကြည့်လိုက်သည်။
"အနောက်ဘက်ဒေသမှာ အာကာပြင် အတက်အကျတွေကို တွေ့ရှိခဲ့ပြီး ဆရာဝမ်မင် နဲ့ ဆက်စပ်နေနိုင်တယ်လို့ ဝူကျန်းကျွင်းက ပြောတယ်"
“မကြာသေးမီက အာကာပြင် အတက်အကျတွေ ပေါ်လာတာကို ကျမလည်း ခံစားမိတယ်”
ဝူကျီ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ပုံမှန်မဟုတ်သော အော်ရာ အတက်အကျများကို သူမ ခံစားမိသောအခါတွင် သူမ မျက်နှာပေါ်ရှိ ပတ်တီးများသည် တင်းကျပ်လာတတ်သည်။
ဝူကျီ ကိုယ်တိုင်က ဤအချက်ကို မသိသော်လည်း ဖက်တီးလောက ထိုအချက်ကို စောစောစီးစီး သတိပြုမိပြီး ကျိုးရီအား ပြောပြခဲ့သည်။
ကျော်ကြားသော လက်မှုပညာရှင် တစ်ဦးအနေဖြင့် ဖက်တီးလောသည် မှော်ရတနာများကို စူးစမ်းလေ့လာရာတွင် အလွန်တိကျသည်။
ယခု ဝူကျီ၏ ပတ်တီးကအနည်းငယ်တင်းကျပ်သွားသောကြောင့် အာကာပြင် အော်ရာ အတက်အကျများက အစစ်အမှန် ဖြစ်ပုံရသည်။
အစောပိုင်းက ဝူကျီ ပြောခဲ့သည့် စကားအရဆို ဝမ်မင်က နေရာလွတ်ပင်လယ်သေ ထဲသို့ စိမ့်ဝင်သွားတာ ဖြစ်နိုင်၏။
အန္တရာယ်မရှိသရွေ့ နေရာလွတ်ပင်လယ်သေက သူ့ကို နိုင်ငံခြားပစ္စည်း အဖြစ် သတ်မှတ်ပြီး ပြန်ထုတ်ပစ်မည်မှာ သေချာသည်။
ထို့ကြောင့် ပုံမှန်မဟုတ်သော အာကာပြင် အတက်အကျများသည် ဝမ်မင်ကို ပြန်အန်ထုတ်သည်မှာ အမှန်တကယ် ဖြစ်နိုင်ပေသည်။
"သွားကြည့်ရအောင်"
ကျိုးရီက လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
ယခုအခါ အကြွင်းအကျန် နယ်မြေတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့် သူများမှာ အထူးခွင့်ပြုမိန့် ရထားသည့် အထူးတပ်ဖွဲ့ဝင်များသာ ဖြစ်သည်။
ထို့အပြင် သူတို့၌ အနောက်ဘက်ဒေသကို ရှာဖွေရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခုလည်း ရှိနေပြီဖြစ်သည်။
ယင်းမှာ အာကာပြင်အော်ရာ.အတက်အကျများက ဝမ်မင်နှင့် ဆက်စပ်မှုရှိမရှိကို စုံစမ်းရန် ဖြစ်သည်။
ထို့အပြင် ၎င်းတို့သည် အဆုံးသတ်တွင် ၎င်းတို့ခရီးစဉ်၏ တကယ့်ပန်းတိုင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ငွေရောင်လေး၏အဆိုအရ သားရဲဘုရင်၏ အုတ်ဂူသည် အကြွင်းအကျန် နယ်မြေ၏ အနောက်ဘက်ခြမ်းတွင် ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့သာ အုတ်ဂူကို ရှာတွေ့ခဲ့မည်ဆိုလျှင် သူတော်စင်သားရဲဘုရင်ကြီး ဖြစ်သည့် မိစ္ဆာဘုရင် သေဆုံးရသည့် နောက်ကွယ်မှ အကြောင်းရင်းကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။
ဤနှစ်များတစ်လျှောက်တွင် မိစ္ဆာဘုရင် အမှန်တကယ် မသေသေးကြောင်း ပြင်ပကမ္ဘာ၌ ကောလဟာလများ ရှိခဲ့သည်။
ယင်းက ကောလဟာလ ဖြစ်စေ၊ အမှန်တရားဖြစ်စေ၊ စုံစမ်းစစ်ဆေးမှုအပြီးတွင် အရာအားလုံးကို သိရှိနိုင်မည် ဖြစ်သည်။
….................
ညနေခင်း၏ မငြိမ်မသက်မှုများကြောင့် နွေရာသီစခန်းသွင်း လေ့လာရေးကို ဆိုင်းငံ့ထားရန်မှတပါး ရွေးချယ်စရာမရှိပေ။
ညစာစားချိန် ဖြစ်သဖြင့် ကျောင်းအသီးသီးမှ ကျောင်းသားများသည် အဖြစ်အပျက်ကို ဆွေးနွေးခဲ့ကြသည်။
စောစောက ဝမ်လင်းကို စူးစူးစိုက်စိုက် လိုက်ရှာခဲ့သော လီမင်ယောင် နှင့် ကျိုးယိုကျန့် တို့ပင်လျှင် ဝမ်လင်းကို လိုက်ရှာဖို့ မေ့သွားခဲ့သည်။
ကန်တင်းတွင် ဝမ်လင်းသည် မြေပဲလေး၊ ချန်းချောင်၊ ကော်ဟောက် တို့နှင့်အတူ စားပွဲတစ်ခုတွင် ထိုင်နေသည်။
"ကြားပြီးပြီလား.. ကောင်းကင်နဲ့ပင်လယ် အစီအရင်ကိုအသက်သွင်းလိုက်တဲ့အချိန်မှာ ထူးဆန်းတဲ့သတ္တဝါတွေ အများကြီး ထွက်ပေါ်လာတယ်.. အဲဒီအချိန်မှာ ငါတို့ဘက်ကို လျှို့ဝှက်ကျင့်ကြံသူတစ်ဦးက ကူညီပေးခဲ့တယ်လို့ ကြားတယ်
"ထူးဆန်းတဲ့သတ္တဝါတွေက ဘယ်ကနေ ရောက်လာတာလဲ ဆိုတာတော့ ငါလည်းမသိဘူး.. ဒါပေမယ့် စီနီယာကျိုးလည်း ဒီကို ရောက်နေတယ်.. ဒီတစ်ခါတော့ အထူးတပ်ဖွဲ့ဝင် တစ်ယောက်အနေနဲ့လို့ ငါကြားမိတယ်.. ဒီလျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက သူလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"
ကော်ဟောက်က ပခုံးတွန့်ပြလိုက်သည်။
ဝမ်လင်း မျက်ခုံး လှုပ်သွားသည်။
ဤသည်မှာ ကော်ဟောက်၏ ထင်ရှားသော အခြားဦးလေးတစ်ဦးထံမှ အချက်အလက်များ ဖြစ်ပုံရသည်။
"ဒီကမ္ဘာကြီးက ငြိမ်းချမ်းမှုမရှိတော့ ကမ္ဘာကြီးရဲ့ လေးလံတဲ့ဝန်ကို ထမ်းပြီး ငါတို့အတွက် လမ်းရှင်းပေးတဲ့သူ တစ်ယောက်ယောက်ယောက် ဖြစ်မှာပေါ့”
ထိုအချိန်တွင် ချန်းချောင်က ဝင်ပြောလိုက်သည်။
“ဟက်.. လျှို့ဝှက်ဆန်းကြယ်တဲ့လူက အနေအထိုင် သိုသိပ်တော့ အဲဒီလူက ဝမ်လင်းဆိုတာ ငါတကယ် ယုံကြည်ချင်လာပြီ"
ဝမ်လင်း "???"
အပိုင်း(၇၅၉) ပြီး၏