← Chapters

တိတ်တိတ်ပုန်းနှင့်ပေါ်တင်

Vol. 51 Ch. 761

တိတ်တိတ်ပုန်းနှင့်ပေါ်တင်

Vol. 51 Ch. 761

ဖက်တီးလောက ကျော်ကြားသော လက်မှုပညာရှင်တစ်ဦးဖြစ်သည်ကို ကြာမြင့်စွာကတည်းကပင် ဝမ်မင်က သိရှိခဲ့သည်။

အချို့သောနယ်ပယ်များမှ ထူးချွန်ထက်မြက်သော ပညာရှင်များသည် လူမသိနိုင်သော ထူးခြားချက်တချို့ အနည်းနှင့်အများ ရှိနိုင်သည်ဟူသော ကောလာဟလကို သူအတည်ပြုနိုင်ခဲ့သည်။

ဤဖက်တီးလောကမူ ဓားဝိညာဉ်ကို ရူးသွပ်ခြင်းသက်သက်မဟုတ်ဘဲ ကျင့်ခယ်၏ ပရိသတ်လည်း ဖြစ်ပုံရသည်။

ဝမ်မင်က ဖက်တီးလော၏ပုခုံးကို ပုတ်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“အာ.. ညီနောင်လော.. မင်းလုပ်ရပ်က နည်းနည်းလေး ညစ်ပတ်တယ်လို့ မထင်ဘူးလား”

ထိုစကားကိုကြားလျှင် ဖက်တီးလော ခေါင်းကုပ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာ ဖြစ်ပေါ်လာပြီး ဗိုက်ကြီးကလည်း တလှုပ်လှုပ် ဖြစ်နေသည်။

“ယောက်ျားလေးပဲဟာ.. နည်းနည်းပါးပါး ညစ်ပတ်တာလောက်က ဘာဖြစ်မှာမို့လို့လဲ”

ဝမ်မက် ကျိုးရီ ငွေရောင်လေးနှင့် ဝူချီ “……….”

[ဒီကောင်တော့ မျှော်လင့်ချက်မဲ့သွားပြီ]

ဝမ်မင်က သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

သူက ဖက်တီးလောနှင့် ငြင်းခုန်မနေတော့ပေ။

သူ့လို အကျင့်စာရိတ္တ ကောင်းမွန်သူတစ်ယောက်သည် မှန်ကန်သောအကျင့်ကိုသာ ကျင့်ရပေမည်။

ဝမ်မင်က သူ၏ဖြောင့်မတ်မှန်ကန်သော အပြုအမူကို အသုံးပြုပြီး ဖက်တီးလောကို ဖောက်ပြန်သောလမ်းကြောင်းမှ အောက်သို့ စိုက်မဆင်းအောင် တားဆီးရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့မဟုတ်ဘဲ လမ်းဆုံးသွားခဲ့လျှင် ဖက်တီးလောကိုကယ်တင်ရန် နည်းလမ်း ရှိတော့မည်မဟုတ်ပေ။

ဝမ်မင်က ဖက်တီးလောကို ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။

သူက ဖက်တီးလောကို ပြောလိုက်သည်။

“ညီနောင်လော.. လာပါဦး ငါ့ကိုကူညီပါဦး.. ငါ့မှာစက်ရုပ်ချပ်ဝတ်တန်ဆာအတွက် အသေးစိတ်ပုံကြမ်း ရှိတယ်.. ငါတို့နှစ်ယောက်သာ အတူတူ အလုပ်လုပ်လိုက်ရင် ပိုမြန်သွားမှာအမှန်ပဲ”

“ဘယ်လောက်ကြာမှာလဲ”

ငွေရောင်လေးက ဝင်မေးလိုက်သည်။

“ဆယ်မိနစ် မိနစ်နှစ်ဆယ်လောက်ပါပဲ”

ဝမ်မင်က ပြန်ဖြေလိုက်သည်။

'ဖက်တီးလော'က လက်မှုပညာရှင် ဖြစ်သည့်အပြင် လက်ထဲတွင်လည်း ပစ္စည်းအစုံအလင်ရှိ၍ သူ၏ လက်ထောက်အဖြစ် ဆောင်ရွက်နိုင်ပေသည်။

ဝမ်မင်က အကြွင်းအကျန်နယ်မြေထဲမှ လွတ်မြောက်လျှင် စက်ရုပ်ချပ်ဝတ်တန်ဆာ ဒုတိယဗားရှင်းကို တီထွင်ရန် သုတေသနဌာနရှိ စက်ကိရိယာများကို အသုံးပြုသွားမည်ဖြစ်သည်။

သို့သော် လက်တလောတွင် သက်ဆိုင်ရာ ကွန်ပျူတာပစ္စည်းများ မပါ၍ ပထမဗားရှင်း စက်ရုပ်ချပ်ဝတ်တန်ဆာကို အခြေခံပြုပြင်မှု အချို့သာ ပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင် အစောပိုင်းက သရဲခေါင်းဓားနှင့် တိုက်ပွဲအပြီးတွင် ဝမ်မင်သည် သူ၏ လက်မောင်းရှိ ဝိညာဉ်စွမ်းအား အမြှောက်များကို ပြုပြင်ရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်၊

အထူးသဖြင့် အမြောက်ပစ်သည့် အချိန်တွင် နောက်သို့တွန်းကန်ခြင်းဖြစ်သည်။

သူက အ​မြောက်ပစ်ပြီး တိုင်းတွင် နောက်သို့ ပြန်ကန်ခံရခြင်းကို ရှောင်ရှားလိုခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်သော ရေကန်ငယ်လေး ဘေးတွင် ကျိုးရီနှင့် အခြားသူများသည် ဝမ်မင်နှင့် ဖက်တီးလောတို့ ချပ်ဝတ်တန်ဆာ ပြုပြင်နေသည်ကို အတူအတကွ စောင့်ဆိုင်းနေခဲ့ကြသည်။

ဝမ်မင်ကို ရှာဖွေတွေ့ရှိခဲ့သည့် အကြောင်းကို ကျိုးရီက ဝမ်လင်းကိုသာ ပြောပြခဲ့သည်။

ထို့ကြောင့် ဝမ်မင်ကို ရှာဖွေရန်အတွက် အခြားမည်သူမှ ဤနေရာသို့‌ ရောက်မလာခဲ့ကြပေ။

အကြောင်းအရင်းမှာ ထူးခြားသော အော်ရာအတက်အကျများကြောင့် ဤနေရာသို့ လာခဲ့လျှင်ပင် အချိန်အတော်ယူရမည်ဖြစ်သောကြောင့်ပင်။

သူတို့က ဝူကျီ၏ တည်နေရာရွှေ့ပြောင်းနိုင်မှု စွမ်းရည်ကို အသုံးပြုခဲ့သောကြောင့်သာ ဤနေရာသို့ ချက်ချင်း ရောက်ရှိလာကြခြင်း ဖြစ်သည်။

အကယ်၍ ဤနေရာသို့ သူတို့ရောက်နေကြောင်း တင်ပြလိုက်လျှင် သံသယကို ရှောင်ရှားရန် ခက်သွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျိုးရီက ဘာမှမပြောခင် အချိန်တစ်ခု စောင့်ဆိုင်းပြီးမှသာ ပိုကောင်းမည်ဟု တွေးမိခဲ့၏။

ဝမ်မင်က ၁၀မိနစ်ခန့် အကြာတွင် မျက်မှန်ကို ချွတ်လိုက်ပြီး ဆောင့်ကြောင့် ထိုင်နေရာမှ ထလိုက်သည်။

“ပြင်လို့ပြီးသွားပြီ”

သူ၏စကားကိုကြားလျှင် ကျိုးရီနှင့် ငွေရောင်လေးတို့က စူးစမ်းချင်စိတ် ပြင်းပြစွာဖြင့် အနီးကပ် ကြည့်လိုက်သည်။

ထိုအခါ စက်ရုပ်ချပ်ဝတ်တန်ဆာမှ အစိတ်အပိုင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

ဝမ်မင်က လက်ထဲတွင် အလင်းရောင်များ ထွက်ပေါ်နေသည့် လက်ဖဝါးအရွယ် ဒစ်စ်ပြား တစ်ချပ်ကို ကိုင်ဆောင်ထားသည်။

ထိုဒစ်စ်ပြားက သိုလှောင်လက်စွပ်မှ ဝိညာဉ်စွမ်းအားကို ထည့်သွင်းထားသည့် အူတိုင်ဗဟိုချက် ဖြစ်သည်။

ဝမ်မင်က ဤဒစ်စ်ပြားကို ဝိညာဉ်စွမ်းအား ပြန်လည်အားဖြည့်ရန်အတွက် အစောပိုင်းတွင် ဖက်တီးလော၏ ဆိုင်ကယ်ကနေ ချိတ်ဆက်အားသွင်းပြီးပြီ ဖြစ်သည်။

ဖက်တီးလော၏ ဆိုင်ကယ်တွင် နေရောင်ခြည်စွမ်းအင်သုံး စနစ်ပါရှိသည်။

ထို့ကြောင့် အလင်းရောင်ရှိနေသရွေ့ ဝိညာဉ်စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာနိုင်ပေသည်။

ထို့ကြောင့် ဝမ်မင်က ဆိုင်ကယ်ထံမှ ဝိညာဉ်စွမ်းအားကို ထုတ်ယူသောအခါတွင် တုံ့ဆိုင်းခြင်း လုံးဝရှိခဲ့ပေ။

“သေချာကြည့်ထား”

ဝမ်မင်က ပြုံးလိုက်ပြီး သူ့ရင်ဘက်ဗဟိုချက်ရှိ ခလုတ်ကိုနှိပ်လိုက်ရာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကိရိယာအစိတ်အပိုင်းများသည် အသက်ရှင်နေသကဲ့သို့ လေပေါ်ပျံတက်လာပြီး ဝမ်မင်၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေခဲ့သည်။

“ဆရာဝမ်ကတော့ ထင်ထားတဲ့ အတိုင်းပါပဲလား.. ဒီလို စမတ်ကျတဲ့ စက်ရုပ်ချပ်ဝတ်တန်ဆာမျိုးကို ကျွန်တော် ပထမဆုံးမြင်ဖူးတာပဲ”

'ဖက်တီးလော'က တအံ့တဩ ပြောလိုက်သည်။

ဝမ်မင် “ဒါက အသေးအဖွဲလေးပါပဲကွာ”

ဖက်တီးလော “ဒီစက်ရုပ်ချပ်ဝတ်တန်ဆာမှာ နာမည်ရောရှိလား”

ဝမ်မင် “ရှိတာပေါ့.. သူ့ရဲ့နာမည်က ဝမ်လင်း1 လို့ ခေါ်တယ်”

ထိုစကားကြောင့် ကျိုးရီက ထိတ်လန့်သွားသည်။

“ဝမ်…ဝမ်လင်း1 ဟုတ်လား”

“ဟုတ်တယ်”

ဝမ်မင်က ခေါင်းညိတ်လိုက်သည်။

“ဒါကို ညီနောင်လောရဲ့စက်ရုပ်လက်ကို နမူနာယူပြီး တီထွင်ခဲ့တာပဲ.. ဝိညာဉ်စွမ်းအား အမြောက်ကို ပစ်ခတ်တဲ့အခါမှာ ငါ့ရဲ့လက်တွေကို မထိခိုက်စေဖို့အတွက် ဝမ်လင်း1ရဲ့ လက်တွေကို အားဖြည့်ခဲ့တယ်.. ဒါအပြင် ချိန်ညှိဖို့အဆင့်နဲ့ အေးစက်စက်မျက်လုံးလေဆာတွေကိုပါ ထည့်သွင်းထားတယ်.. ဒါကြောင့်ငါ့မျက်လုံးတွေက ဝိညာဉ်စွမ်းအင် လေဆာတွေကို ပစ်ခတ်လို့ ရသွားခဲ့ပြီ”

“……….”

“မှန်ပါတယ်.. ဒါတွေက ငါ့ရဲ့ ဂုဏ်ယူစရာအကောင်းဆုံး တီထွင်မှုတော့ မဟုတ်သေးဘူး.. ငါအကြိုက်ဆုံးကတော့ ဝမ်လင်း1ရဲ့လျှာပဲ”

ထိုသို့ပြောပြီးနောက် ဝမ်မင်က စက်ရုပ်ချပ်ဝတ်တန်ဆာကို တိုက်ရိုက် ထိန်းချုပ်၍ သူ၏လျှာကို ထုတ်လိုက်သည်။

“ဒီလျှာကိုလည်း ညီနောင်လောရဲ့ ဆိုင်ကယ်က လျှာကို နမူနာယူထားတယ်.. ဒါပေမဲ့ ညီနောင်လောရဲ့ လျှာနဲ့တော့ နည်းနည်းလေး ကွဲပြားတယ်.. ငါက ညီနောင်လောရဲ့ လျှာကို အခြေခံအဖြစ် အသုံးပြုပြီးတော့ လုပ်ဆောင်ချက်အသစ် တစ်ခုကို ထပ်ထည့်ထားလိုက်တယ်.. ငါအခု လျှာထုတ်လိုက်တာ မင်းစေ့ဆော်မှုကို ခံစားရတယ် မဟုတ်လား”

“ဟုတ်တယ်.. ငါခံစားမိတယ်”

ကျိုးရီက ခေါင်းညိတ်လိုက်သည်။

သူ၏ပါးပြင်တွင် ချွေးစေးများ ထွက်နေသည်။

သူက ဝမ်မင်ကို ရိုက်နှက်ရန် စေ့ဆော်သည့် တွန်းအားကို ခံနိုင်ရည်မရှိသလို ဖြစ်နေခဲ့သည်။

ဆိုရလျှင် ဝမ်မင်၏ လျှာထုတ်သည့်ပုံစံက အထူးသဖြင့် အရိုက်ခံရရန် တောင်းဆိုနေသလို ဖြစ်နေသည်။

ဝမ်မင် “ငါ့ကိုတိုက်ခိုက်လိုတဲ့စိတ်တွေ ဖြစ်ပေါ်လာတာက လျှာမှာထည့်ထားတဲ့ အမြင်အာရုံဖမ်းယူမှု ယန္တရားကြောင့်ပဲ.. အဲဒါက မြင်လိုက်ရတဲ့အရာကို အစုလိုက်အပြုံလိုက် ကဲ့ရဲ့ရှုပ်ချခြင်းအဖြစ် တွေးပြီး လှောင်ပြောင်တဲ့ အချက်ပြမှုတစ်ခုအနေနဲ့ ဦးနှောက်ကို ပေးပို့လိုက်​တဲ့လုပ်ဆောင်ချက်လေ ”

လူတိုင်း “……….”

'ဖက်တီးလော'က ဝမ်မင်၏တီထွင်မှုကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။

သူက ဝမ်မင် သူ့ကို အစောပိုင်းက မေးခဲ့သော မေးခွန်းအား ပြန်မေးလိုက်သည်။

“ဆရာဝမ်.. မင်းဖန်တီးတာက နည်းနည်းလေး ညစ်ပတ်တယ်လို့ မထင်ဘူးလား”

“ဟုတ်တယ်.. နည်းနည်းတော့ ညစ်ပတ်တာ အမှန်ပဲ”

ဝမ်မင်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ငါဖန်တီးထားတာက မင်းဖန်တီးထားတာနဲ့ သိသိသာသာကြီး ကွဲပြားတယ်”

ဖက်တီးလော “???”

ဝမ်မင် “မင်းက တိတ်တိတ်ပုန်းဖြစ်ပေမဲ့ ငါကတော့ ပေါ်တင်ပဲ.. မင်းရဲ့စက်ရုပ်လက်ကို ကျင့်ခယ်1လို့ မင်းပေးဝံ့လို့လား”

ထိုစကားကြောင့် ဖက်တီးလောက အေးစက်သော လေထုကို ရှူရှိုက်လိုက်ရသည်။

“……….”

ကျိုးရီ ငွေရောင်လေးနှင့် ဝူချီ “……….”

ထိုခဏတွင် အကြွင်းအကျန်နယ်မြေ အရှေ့ပိုင်းဒေသ၏ ထူထဲသောတောအုပ်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ခဏအကြာတွင် နောက်ထပ်လူရိပ်တစ်ခု သက်ဆင်းလာသည်။

“စီနီယာအစ်ကို”

လူရိပ်က ပြောလိုက်သည်။

“အားလုံးအဆင်ပြေသွားပြီလား”

“မငြိမ်မသက်မှုတွေကြောင့် မူးလဲသွားတဲ့ ကလေးတွေကိုတော့ ကယ်ဆယ်လိုက်နိုင်ပါတယ်”

“အင်း.. မင်းလုပ်တာကောင်းတယ်”

ရှေးဟောင်းစာအုပ်ကြီးက ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် သူက တောက်တိကိုကြည့်၍ ပြောလိုက်သည်။

“ငါတို့ဂိုဏ်းအတွက် သရဲခေါင်းဓားကို ငါကိုယ်တိုင်ဖယ်ရှားလိုက်ပြီ.. ဒီအတွက် ငါ့ရဲ့အာကာပြင် မြေဖြူခဲ တစ်ခဲကိုတော့ ဖြုန်းတီးပစ်ခဲ့ရတယ်.. သူက ငါတို့ရဲ့ ဂျူနီယာညီလေး ဖြစ်မယ်လို့ ထင်ရပေမဲ့ နောက်ဆုံးမှာ လမ်းလွဲသွားတာက သနားစရာပဲ.. လူတစ်သောင်းကို သတ်ရမယ်ဆိုတာက ငါတို့ရဲ့ဉာဏ်ရည်ကို စမ်းသပ်တာထက် မပိုဘူး.. ကြည့်ရတာ သူ့မှာ လျှို့ဝှက်စာအုပ် အပြည့်အစုံမရှိဘူးလို့ ငါထင်တယ်.. ဒါကြောင့် အယူအဆ လွဲချော်သွားတဲ့ပုံပါပဲ.. နောက်မှ ငါကိုယ်တိုင် သရဲခေါင်းဓားရဲ့ အိမ်ကို ဝင်ရောက်ပြီး တခြားသူလက်ထဲ မကျရောက်အောင် ဒီစာအုပ်ကို ပြန်ယူရမယ်”

“ဒါနဲ့လေ စီနီယာအစ်ကို.. လျှို့ဝှက်ဆန်းကြယ်တဲ့ စီနီယာကြီးကို ဘယ်သူလို့ထင်လဲ”

“ငါမသိဘူး.. ဒါပေမဲ့ သူက ဆရာတွေကြားထဲမှာပဲ ရှိရမယ်.. ခုထိတော့ ငါလည်းရှာနေတုန်းပဲ”

ရှေးဟောင်းစာအုပ်ကြီးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဒါပေမဲ့ ဒီစီနီယာရဲ့ ခွန်အားကြောင့် သူကို ခေါ်ထုတ်ဖို့ခက်ခဲမှာကို ငါစိုးရိမ်တယ်.. ငါတို့အနေနဲ့ ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းစာအုပ်က ဘေးထွက်ဆိုးကျိုးတွေကို ပြုပြင်ပေးဖို့အတွက် စီနီယာတစ်ဦး လိုအပ်နေတာ အမှန်ပဲ.. ငါတို့ ဆရာကလည်း ဘယ်ရောက်နေလဲ မသိဘူးဆိုတော့ လက်ရှိအချိန်မှာ ဒီစီနီယာက ငါတို့အတွက် အကောင်းဆုံး မျှော်လင့်ချက်ပဲ”

အပိုင်း(၇၆၁) ပြီး၏

All Chapters