← Chapters

သားရဲဘုရင်၏ သင်္ချိုင်းကိုစူးစမ်းခြင်း

Vol. 51 Ch. 762

သားရဲဘုရင်၏ သင်္ချိုင်းကိုစူးစမ်းခြင်း

Vol. 51 Ch. 762

စက်ရုပ်ချပ်ဝတ်တန်ဆာကို ပြုပြင်ပြီးသည်နှင့် နောက်ဆုံးတွင်သူတို့အဖွဲ့သည် သားရဲဘုရင်၏ သင်္ချိုင်းသို့ ထွက်ခွာရန်အသင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ငွေရောင်လေး၏ အဆိုအရ အနောက်ဘက်ဒေသကို လုံးလုံးလျားလျား လေ့လာစူးစမ်းခဲ့လျှင်ပင် သားရဲဘုရင်၏သင်္ချိုင်းကို သေချာပေါက် ရှာတွေ့နိုင်မည်မဟုတ်ချေ။

သားရဲဘုရင်က သေဆုံးသွားပြီးနောက်တွင် သူ၏ အုတ်ဂူကိုတူးဖော်ခြင်းမှ တားဆီးရန်အတွက် ဝင်ပေါက်ကို ရှာရအလွန်ခက်စေရန် ဒီဇိုင်းထုတ်ထားမည်မှာ သေချာသည်။

ငွေရောင်လေးက မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ မိစ္ဆာတောင်ကြားရှိ နေရာအားလုံးကို အာရုံခံလိုက်သည်။

ငွေရောင်လေး၏ ရှည်လျားလှပသော ငွေရောင်ဆံနွယ်များက လေထဲတွင် ညင်သာစွာ လွင့်ပျံနေခဲ့ပြီး ကြယ်ရောင်ကဲ့သို့တောက်ပစွာဖြင့် ပုခုံးထက်တွင် ဝဲကျနေခဲ့သည်။

ဤဆံပင်ပုံစံက ငွေရောင်လေး၏ အလွန်ဖြူစင်သော မျက်နှာနှင့် လိုက်ဖက်တင့်တယ်နေ၏။

ပုံမှန်အားဖြင့် ငွေရောင်လေးက အလွန်တက်တက်ကြွကြွရှိသော်လည်း ယခုအခါတွင် ရှားရှားပါးပါး ငြိမ်သက်နေခဲ့သည်။

ငွေရောင်လေးက ဣန္ဒြေရသော နတ်သမီးတစ်ပါးနှင့် တူသည်ဟု ကျိုးရီ ခံစားမိခဲ့သည်။

[အိုး.. ငါမှားတော့မလို့.. ငွေရောင်လေးက ယောက်ျားလေးဟ]

ကျိုးရီက ခေါင်းခါယမ်းလိုက်ပြီး ပေါက်ကရအတွေးကို သူ့စိတ်ထဲမှ မောင်းထုတ်လိုက်သည်။

ငွေရောင်လေးကို မိန်းကလေးဟု မေမေဝမ် ထင်မြင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ကြောင်း သူခံစားခဲ့ရသည်။

ဆိုရလျှင် ငွေရောင်လေး၏ ငွေရောင်ယူနီကွန်း မျိုးနွယ်စုသည် သူတော်စင်သားရဲများကြားတွင် မြင့်မြတ်သော မျိုးနွယ်စုဖြစ်ပြီး အလွန်ထူးခြားသော ပင်ကိုစရိုက်ကို ပိုင်ဆိုင်ထားကြသည်။

ငွေရောင်ယူနီကွန်းများက ယင်ဓာတ်ကို လွန်လွန်ကဲကဲ အခြေပြုထားသောကြောင့် ငွေရောင်ယူနီကွန်း အထီးများပင်လျှင် မိန်းမဆန်သော အလှတရားကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် ဤအရာက ငွေရောင်လေး၏ အမှားမဟုတ်ပေ။

ထိုအစား ကျိုးရီက ငွေရောင်ယူနီကွန်းအမသာ ဆိုလျှင် မည်မျှလှပမည်ကို ရုတ်တရက် သိချင်လာခဲ့သည်။

ငွေရောင်ယူနီကွန်း အမများ၏ အလှက အင်ပါယာ၏ မင်းသမီးများကို မရှုံးလောက်ဟု သူတွေးမိခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ငွေရောင်လေးက မျက်လုံးကိုဖွင့်ကာ သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

“ရှာတွေ့ပြီ”

“မြန်လိုက်တာ.. မင်းဟာက သေချာလို့လား”

ဝူကျီက မေးလိုက်သည်။

“ဘုရင်မင်းမြတ်က သူ့ရဲ့ အုတ်ဂူဒီဇိုင်းကို သေချာဒီဇိုင်းထုတ်ခဲ့တယ်.. ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က လူသိများတဲ့ သင်္ချိုင်းဓားပြဂိုဏ်း တစ်ခုရှိလို့ပဲ.. အဲဒီဓားပြဂိုဏ်းကို မျိုးရိုးအမည်ကျန်းနဲ့ မျိုးရိုးအမည်ဝူတို့က ဦးဆောင်ကြတယ်.. သူတို့တွေက လက်ထဲမှာပေါက်တူး ရှိနေသမျှ ကာလပတ်လုံး မင်းတို့ ဘိုးဘေးတွေရဲ့ မျိုးဆက်တစ်ဆယ့်ရှစ်ဆက်လုံးကို တူးဖော်ဖို့ ဝန်လေးတဲ့သူတွေ မဟုတ်ဘူး.. ဒါကြောင့် ဘုရင်မင်းမြတ်က သူ့ရဲ့သင်္ချိုင်းကို အထူးတလည် ဖုံးကွယ်ထားခဲ့တယ်.. သူ့သင်္ချိုင်းကို ရှာဖွေဖို့က လူသားကျင့်ကြံသူတွေ အတွက် အတော်လေး ခက်ခဲမှာဖြစ်ပေမဲ့ သူတော်စင်သားရဲတွေအတွက်တော့ ခက်ခဲမှာ မဟုတ်ဘူး”

“ဘာကြောင့်လဲ”

ဝမ်မင်က မေးခွန်းထုတ်လိုက်သည်။

“ဘုရင်မင်းမြတ်ရဲ့ သင်္ချိုင်းကို ပစ္စည်းတွေရောစပ်ပြီး လုပ်ထားတာလေ.. အချိန်ကြာလာတာနဲ့ အမျှ ရာသီဥတုဒဏ်တွေကို ခံရပြီးနောက်မှာ ဒီပစ္စည်းတွေက သူတော်စင်သားရဲတွေပဲ အနံ့ခံနိုင်တဲ့ ထူးခြားတဲ့ရနံ့ကိုပေးစွမ်းမှာ ဖြစ်တယ်.. ကြည့်ရတာ ဘုရင်မင်းမြတ်က နောင်လာနောင်သား သူတော်စင်သားရဲတွေ သူ့ကိုဂါရဝပြုဖို့ လိုလားတဲ့ပုံပဲ.. ဒါပေမဲ့ ငါကလွဲလို့ ကျန်ရှိတဲ့ သူတော်စင်သားရဲတွေ အကုန်လုံး စွတ်ပြုတ်အဖြစ်ပြောင်းလဲသွားတယ် ဆိုတာကိုတော့ သူဘယ်တုန်းကမှ ထင်မိမှာမဟုတ်ဘူး”

ထိုစကားကိုပြောနေချိန်တွင် ငွေရောင်လေးက အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။

သူက သူတော်စင်ခွေးနှင့် ပတ်သက်သည့် ပူစပ်စပ် ဟောပေါ့အကြောင်းကို ပြန်မတွေးဘဲ မနေနိုင်တော့ပေ။

တကယ်တမ်းတွင် ဤသည်က အမှန်တကယ် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်သည်။

ထို့ပြင် ငွေရောင်လေးသည် ပူစပ်စပ် ဟော့ပေါ့၏ ရနံ့ကို ယနေ့တိုင် မမေ့နိုင်သေးပေ။

ငွေရောင်လေး ပေးလိုက်သော တည်နေရာ ကိုဩဒိနိတ် အမှတ်အသားများကို အခြေခံ၍ ဝူကျီထီးသည် လူတိုင်းကို သားရဲဘုရင်၏ သင်္ချိုင်းအဝင်ဝသို့ လျှပ်တပြက် အတွင်း တည်နေရာ ရွှေ့ပြောင်းပေးလိုက်သည်။

ဤနေရာက ချင်သစ်ပင်များ၏ သစ်တော ဖြစ်သည်။

ချင်သစ်ပင်ကို အင်ပါယာသစ်သား သို့မဟုတ် အင်ပါယာသစ်ပင်ဟုလည်း ခေါ်ကြသည်။

ချင်သစ်ပင်က ကမ္ဘာကြီး ဝိညာဉ်စွမ်းအင်ခေတ်သို့ ရောက်ရှိသည့်အချိန်တွင် ၎င်း၏ ကြီးထွားမှုပုံစံကို ပြောင်းလဲခဲ့သည့် ပထမဦးဆုံး စိတ်ဝိညာဉ်အပင် ဖြစ်သည်။

၎င်းက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး သန်မာသော သန့်စင်နိုင်စွမ်း ရှိသည်။

ကုန်းမြေက ပို၍ညစ်ညမ်းလေလေ ချင်သစ်သား၏ သန့်စင်သောစွမ်းအားများက ပို၍ ဖြစ်ပေါ််လာလေလေ ဖြစ်၏။

အရာအားလုံးသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ချင်သစ်သား၏ သန့်စင်သောစွမ်းအားများက ပိုမို ဖြစ်ပေါ်လာလေလေပင်။

သို့သော် လွန်ခဲ့သည့် နှစ်တစ်ထောင်က လူသားကျင့်ကြံသူများ၏ မသိနားမလည်မှုကြောင့် ကမ္ဘာပေါ်တွင် ချင်သစ်ပင်ဆယ်ပင်ထက် လျော့နည်း၍သာ ကျန်ရှိခဲ့သည်။

ချင်သစ်ပင် မျိုးပွားခြင်းနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များသည် သုတေသနကို ခက်ခက်ခဲခဲ ကြိုပမ်းခဲ့ကြသော်လည်း ယခုအချိန်ထိ ချင်သစ်ပင်မျိုးပွားပုံနှင့်ပတ်သက်၍ နားမလည်နိုင်ကြသေပေ။

ဤသည်က အလွန်အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုလေ့လာမှုမှ ရလဒ်သည် နှစ်ထောင်ပေါင်းများစွာတွင် ကမ္ဘာကြီး၏ စိတ်ဝိညာဉ်ချီ ဆုတ်ယုတ်ခြင်းအတွက် အဖြေ ဖြစ်လာနိုင်မည် ဖြစ်သောကြောင့်ပင်။

ဝမ်မင်က ထိုသုတေသနတွင် ပါဝင်သောကြောင့် ချင်သစ်ပင်နှင့် ရင်းနှီးနေခဲ့သည်။

ချင်သစ်ပင်များကို သစ်တောအလိုက် မြင်လိုက်ရသောအခါ အထူးတလည် အံ့အားသင့်သွားခဲ့သည်။

ပြင်ပကမ္ဘာတွင် ဆယ်ပင်အောက်သာ ရှိသော်လည်း သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေအတွင်း၌ ချင်သစ်ပင်သည် သစ်တောတစ်ခုစာ ရှိနေပါသေးသည်။

မျှော်လင့်ထားသည့် အတိုင်းပင် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေသည် ရတနာသိုက်တစ်ခု ဖြစ်သည်။

“အရင်တုန်းက နတ်ဘုရားသစ်ပင် ၃ပင်ရှိတယ်.. အဲဒါတွေက အင်ပါယာသစ်ပင်၊ အေမိထိယပ်စ်သစ်ပင်နဲ့ ကောင်းကင်သစ်ပင်တို့ပဲ.. အခုတော့ ချင်သစ်ပင်ပဲ ကျန်ရှိတော့တယ်”

ဖက်တီးလောက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

ဝမ်မင် “ဒီ ချင်သစ်ပင်က အထူးကာကွယ်ထားတဲ့ စိတ်ဝိညာဉ်အပင်ဖြစ်တယ်.. သူ့ရဲ့အရွက်ကို ကောက်တာတောင် တရားမဝင်ဘူး.. ဒါပေမဲ့လည်း ဒီမှာတော့ အများကြီးပဲ”

ယခုအခါတွင် လျှို့ဝှက်နယ်မြေ ဖြစ်သည့် မိစ္ဆာတောင်ကြားကိုစီမံခန့်ခွဲနိုင်ခွင့် အတွက် နိုင်ငံပေါင်းစုံက တိုက်ပွဲဝင်နေရတဲ့ အကြောင်းအရင်းကို ကောင်းစွာနားလည်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤနေရာက အမှန်တကယ်ပင် ရတနာသိုက်တစ်ခု ဖြစ်နေခဲ့သည်။

ချင်သစ်ပင်တောအုပ် တစ်ခုထဲကပင် အင်မော်တယ်ရွှေ ဘီလီယံနှင့်ချီ၍ တန်ဖိုးရှိနေပြီ မဟုတ်ပါလော။

၎င်း၏ တန်ဖိုးကို ငွေဖြင့်တိုင်းတာ၍ မရလောက်ဟု ဝမ်မင်ထင်သည်။

အဘယ်ကြောင့်ဆိုသော် ဤအထူးကာကွယ်ထားသော စိတ်ဝိညာဉ်အပင်များသည် အဖိုးမဖြတ်နိုင်၍ ဖြစ်သည်။

သူတို့လူစုက ငွေရောင်လေး၏ နောက်ကနေ ချင်သစ်ပင် တစ်ပင်ဆီသို့ရောက်လာကြသည်။

သစ်ပင်၏ လုံးပတ်က လူ၂၀မှ ၃၀ကျော် လက်ချင်းချိတ်ဆက်၍ ရသည်အထိ ကြီးမားသည်။

ဤချင်သစ်ပင်က အလွန်အိုမင်းနေသော်လည်း ကောင်းမွန်စွာ ကာကွယ်ထားနိုင်သည်မှာ ထင်ရှားနေသည်။

“ဒါက သစ်ပင်တွေရဲ့ ဘုရင်ပဲ”

ငွေရောင်လေးကရှင်းပြလိုက်သည်။

“ဒီဧရိယာမှာရှိတဲ့ ချင်သစ်ပင်တွေက အရေအတွက်တစ်ခုကိုရောက်လာတဲ့အခါမှာ သစ်ပင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မယ်.. သစ်ပင်ဘုရင်က ဒီသစ်တောထဲမှာရှိတဲ့ အခြားသော ချင်သစ်ပင်တွေရဲ့ အာဟာရဓာတ်တွေနဲ့ ဖြစ်ပေါ်လာတာကြောင့် အားလုံးက တူညီတဲ့ အမြစ်စနစ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ကြတယ်”

“ချင်သစ်ပင်တွေ အကြောင်း မင်းဘာလို့ ဒီလောက်ထိ သိနေရတာလဲ”

ဝမ်မင်က စပ်စုလိုက်သည်။

ငွေရောင်လေးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါတို့ ငွေရောင်ယူနီကွန်း မျိုးနွယ်စုက ချင်သစ်ပင်ရဲ့ အရွက်တွေကိုစားပြီး ကြီးပျင်းလာလို့ပဲ”

“လခွမ်း”

ဝမ်မင်က အံ့ဩသွားခဲ့သည်။

လူတိုင်း “……….”

ဝမ်မင်က ချင်သစ်ပင်ကို သူ၏ ချပ်ဝတ်တန်ဆာဖြင့် ဂရုတစိုက် ရှာဖွေခဲ့သော်လည်း ဝင်ပေါက်ကို ရှာမတွေ့ခဲပေ။

သူ၏ရှာဖွေမှုကို ရပ်တန့်လိုက်ပြီးနောက်တွင် အားလုံးက ငွေရောင်လေး၏ နောက်ကို လိုက်ခဲ့ကြသည်။

ငွေရောင်လေးက ချင်သစ်ပင်မှ အခေါက်တစ်ပိုင်းကို တူးထုတ်လိုက်ပြီး အက်ကွဲကြောင်းကို ညွှန်ပြလိုက်သည်။

“ဒါက သင်္ချိုင်းရဲ့ ဝင်ပေါက်ပဲ”

ထို့နောက် သူ၏လက်ကို အနည်းငယ် လှီးဖြတ်လိုက်ပြီး သူတော်စင်သားရဲသွေးကို ထိုအက်ကွဲကြောင်းထဲသို့ ထည့်လိုက်သည်။

ထိုခဏမှာပင် ချက်ချင်းဆိုသလို ထိုအက်ကွဲကြောင်းကနေ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းတန်း တဖြည်းဖြည်း ပိုမို ကြီးမားလာသည်နှင့်အမျှ မိုးချုန်းသံများပင် ထွက်ပေါ်လာခဲ့သည်။

လူတိုင်းကို အားပြင်းသောစွမ်းအားတစ်ခုက အက်ကွဲကြောင်းဆီသို့ဆွဲခေါ်သွားခဲ့သည်။

ငွေရောင်လေး “ညီနောင်တို့ စိတ်မပူပါနဲ့.. ဒါကပုံမှန်ပါပဲ.. မုန်တိုင်းထဲကို ရောက်ရှိသွားသလို ခံစားရပေမဲ့ ဘာအန္တရာယ်မှ မရှိပါဘူး.. အခုဝင်ပေါက်ရဲ့ ယန္တရားကို ငါအသက်သွင်းပြီးပါပြီ”

စက္ကန့်ပေါင်းများစွာ အကြာတွင် ဝမ်မင် အပါအဝင် လူတိုင်းသည် အက်ကွဲကြောင်းမှ ထွက်လာသော အလင်းတန်းကြောင့် အလင်းမှုန် အဖြစ်သို့ ပြောင်းလဲသွားပြီး အက်ကွဲကြောင်းထဲသို့ စုပ်ယူခံလိုက်ရသည်။

ဆိုရလျှင် သူတော်စင်သားရဲသွေးသည် သင်္ချိုင်းအတွင်း ဝင်ရောက်ရန်အတွက် လိုအပ်သော လျှို့ဝှက်ကုတ် ဖြစ်သည်။

သူတို့ ဝင်သွားပြီးနောက်တွင် ထိုနေရာ၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

ထိုပုံရိပ်က အဘိုးကြီးတစ်ယောက် ဖြစ်ပြီး မျက်နှာပေါ်တွင် အနည်းငယ်စိတ်ရှုပ်သော အမူအရာ.ရှိနေခဲ့သည်။

သူက ဝမ်မင်တို့ကို တားမြစ်ရမည် ဖြစ်သော်လည်း နောက်ကျသွားသဖြင့် ဝမ်မင်တို့ လူစုက သားရဲဘုရင်၏ သင်္ချိုင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

“လူတစ်စု ဝင်သွားခဲ့ပြီ”

အဘိုးအိုက သက်ပြင်းချလိုက်သည်။

အခြားတစ်ဖက်မှ လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦးနှင့် စကားပြောရန်အတွက် အဆောင်လက်ဖွဲ့ကို အသုံးပြုလိုက်သည်။

“ရှိပါစေတော့.. သူတို့ကို လွှတ်ထားလိုက်ပါ.. ဘာပဲဖြစ်ဖြစ် ဒီသင်္ချိုင်းမှာ တန်ဖိုးရှိတာ ဘာမှမရှိဘူးလေ”

တစ်ဖက်မှငြီးတွား၍ ပြောဆိုလိုက်သော အသံတစ်သံ ထွက်လာခဲ့သည်။

အပိုင်း(၇၆၂) ပြီး၏

All Chapters