ချောက်နက်ထဲကို ငုံ့ကြည့်လျှင်..
Vol. 51 Ch. 765
သားရဲဘုရင်၏သင်္ချိုင်းတွင် ငွေရောင်လေးနှင့်ချင်လန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အကြည့်ချင်းဆုံသွားသော အခိုက်တွင် ခံစားချက်မျိုးစုံမှာ သူတို့၏ နှလုံးသားထဲတွင် ဝေ့တက်လာသည်။
“ကောလာဟလတွေအရ ဘုရင်မင်းမြတ်က အိပ်ပျော်နေတဲ့အချိန်မှာ စွတ်ပြုတ်လုပ်ခြင်းကို ခံခဲ့ရတယ်.. အဲဒါအမှန်ပဲလား”
ငွေရောင်လေးက ချင်လန်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“သူတော်စင်သားရဲတွေရဲ့ ဘုရင်က ဒီလို ပေါက်ကရနည်းတွေနဲ့ ဘာလို့သေရမှာလဲ”
ချင်လန်က ပြင်ပကမ္ဘာတွင် ပျံ့နှံ့နေသော ကောလာဟလကိုငြင်းဆိုရင် ခေါင်းခါလိုက်သည်။
“ဒါပေမဲ့.. မင်းဘာပြောချင်လဲ ငါသိတယ်”
ချင်လန်က ပြောလိုက်သည်။
“ဘုရင်ကြီးရဲ့အသားက မခံနိုင်လောက်အောင် ငံတယ်လို့ ကောလာဟလတွေ ပြင်ပမှာထွက်နေတယ် မဟုတ်လား”
ထိုစကားကိုကြားလျှင် ငွေရောင်လေးတို့ လူစုက အေးခဲသွားကြသည်။
အဘယ်ကြောင့်ဆိုသော် သားရဲဘုရင်၏ အသားက အလွန်ငံပြီး နှစ်၁၀၀၀ သက်တမ်းရှိ ကျိုင်းကောင်နှင့် အရသာဆင်တူသည်ဟု ပြင်ပကမ္ဘာတွင် အခိုင်အမာ ပြောဆိုနေသောကြောင့် ဖြစ်သည်။
ဤအဆိုကို ကျင့်ကြံခြင်းဖိုရမ်မှ ကျင့်ကြံသူများကလည်း တညီတညွတ်တည်း ထုတ်ပြန်ထားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က တစ်စုံတစ်ယောက်သည် သားရဲဘုရင်၏ အသားတုံးတစ်တုံးကို ယူလာခဲ့ပြီး အခြောက်ခံကာ အသားခြောက်အဖြစ် ပြုပြင်ခဲ့သည်။
ထို့နောက်တွင် ၎င်းက ကျင့်ကြံသူများအား မြည်းစမ်းကြည့်ရန် ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆုံးသတ်တွင် ကျင့်ကြံသူအားလုံးသည် သားရဲဘုရင်၏အသားကို တစ်ကိုက်မျှ စားပြီးနောက်တွင် ထွေးထုတ်လိုက်ကြသည်။
ကျင့်ကြံသူများက သားရဲဘုရင်၏ အသားအနံ့သည် စည်သွပ်ဘူးမှ အသားများထက်ပင် အဆထောင်ပေါင်းများစွာ ပိုဆိုးသည်ဟု ခံစားမိခဲ့ကြသည်။
ချင်လန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ပြင်ပကမ္ဘာရှိ ကောလာဟလများကို ကြားသိပြီးနောက်တွင် ရယ်စရာကောင်းသည်ဟု ထင်ခဲ့သည်။
“တကယ်တော့ ဘုရင်ကြီးရဲ့အသားက သူတော်စင်ဆေးဝါးတစ်ခုပဲ.. ခြေဖဝါးကနေ ခြစ်ထုတ်ထားတဲ့ အရေပြားတွေကတောင် ဒဏ်ရာကို ပိုးသတ်ပြီး ကုသပေးနိုင်တဲ့ အံ့ဖွယ်အာနိသင်ရှိတယ်.. အမာရွတ်တောင် လုံးဝကျန်မှာမဟုတ်ဘူး.. သားရဲဘုရင်ရဲ့ အသားစစ်စစ်ကိုသာ စားမယ်ဆိုရင် ကျင့်ကြံခြင်းကို အနည်းဆုံး ၁၀စုနှစ်အထိ သက်သာနိုင်တယ်”
ထိုစကားကိုကြားလျှင် ဝမ်မင်၏မျက်လုံးများက တောက်ပလာသည်။
“ဒါဆို အပြင်မှာထွက်နေတဲ့ သားရဲဘုရင်ရဲ့ ကောလာဟလတွေက အတုအယောင်တွေလို့ မင်းပြောချင်တာလား.. သားရဲဘုရင် မသေသေးဘူး မဟုတ်လား”
“ဟုတ်တယ်.. အပြင်မှာရှိတဲ့ ကောလာဟလတွေက အတုတွေပါ”
ချင်လန်က သက်ပြင်းချလိုက်သည်။
“ဒီငတုံးတွေက သားရဲဘုရင်ရဲ့ အသားကို စားခဲ့ရတယ်လို့ သူတို့ကိုယ်သူတို့ ထင်နေကြတယ်.. တကယ်တော့ အဲဒါက သားရဲဘုရင်ရဲ့ ကိုယ်ပွားနည်းပညာအသုံးပြုထားတဲ့ အရာပဲ”
“ကျင့်ကြံသူတွေက ကိုယ်ပွားနည်းပညာကို မြင်နိုင်စွမ်း မရှိကြတာလား”
ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။
“ကိုယ်ပွားနည်းပညာနှစ်မျိုး ရှိတယ်.. တစ်ခုက ပုံရိပ်ယောင်ကိုယ်ပွားနည်းပညာ ဖြစ်ပြီး နောက်တစ်ခုကတော့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ထားတဲ့ ကိုယ်ပွားနည်းပညာ ဖြစ်တယ်.. ပုံရိပ်ယောင်ကိုယ်ပွားက လူတစ်ဦးရဲ့ ကိုယ်ပိုင်ချီနဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုထားတဲ့အတွက် ကျင့်ကြံသူတွေ အနေနဲ့ သတိထားမိဖို့ အလွန်လွယ်ကူတယ်.. ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ပွားနည်းပညာကတော့ ကွဲပြားမှုရှိတယ်.. မင်းရဲ့ခန္ဓာကိုယ်နဲ့ သိပ်သည်းဆ တူတဲ့ အရာဝတ္ထု တစ်ခုပေါ်ကို မှော်စွမ်းရည် အသုံးပြုလိုက်သရွေ့ မင်းအနေနဲ့ သတိထားမိဖို့ အရမ်းခက်ခဲသွားပြီ”
ချင်လန်က ပြောလိုက်သည်။
“ဒါကြောင့် အဲဒီအချိန်က ကျင့်ကြံသူတွေ စားသုံးခဲ့တာက ဘုရင်မင်းမြတ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ပွားတစ်ခုသာ ဖြစ်တယ်”
“ဒါဆို ဘုရင်ကြီးက သူ့ရဲ့ ခန္ဓာကိုယ်နေရာမှာ ဘယ်အရာနဲ့အစားထိုးထားတာလဲ”
ငွေရောင်လေးက အလွန်သိချင်နေ၍ စပ်စုလိုက်သည်။
ချင်လန် “မင်းက အဲဒီအရာပေါ်မှာ မတ်တပ်ရပ်နေတာပဲ”
လူတိုင်း “……….”
ဝမ်မင်ကမြေပြင်ကို နင်းလိုက်သည်။
“မဖြစ်နိုင်ဘူးထင်တယ်.. ဒီမြေပြင်က အရမ်းကို ခိုင်မာတယ်”
ထိုစကားကိုကြားလျှင် ချင်လန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“မင်းတို့ရှေ့မှာရှိနေတဲ့ မြေကြီးတွေ၊တောင်တွေ၊ ချောက်နက်တွေအားလုံးကို ဘုရင်ကြီးရဲ့မစင်နဲ့ လုပ်ထားတယ်ဆိုတာ မင်းတို့ သိထားရမယ်”
“……….”
ငွေရောင်လေးက အံ့အားသင့်သွားသည်။
လူတိုင်း “……….”
ထိုအခိုက်အတန့်တွင် ငွေရောင်လေး ခံစားလိုက်ရသည်မှာ အလွန်အမင်း နောင်တရခြင်း ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်က သန့်ရှင်းလွန်းသဖြင့် ငွေရောင်လေးသည် များသောအားဖြင့် ခြေဗလာနှင့်သာ နေလေ့ရှိသည်။
အစောပိုင်းတွင် မြေပြင်ပေါ် မနင်းမိစေရန်အတွက် ငွေရောင်လေးက အချိန်တိုင်း၌ လေထဲတွင် ပျံဝဲနေခဲ့သည်။
သို့သော်လည်း အဆုံးသတ်တွင် သူ၏နုနယ်လှပသော ခြေဖဝါးက သားရဲဘုရင်၏ အညစ်အကြေးများပေါ်တွင် နင်းမိနေဆဲပင်။
ဟုတ်ပါသည်၊ ဖိနပ်ဝတ်သည်က ကောင်းမွန်သော အကျင့်တစ်ခုဖြစ်သည်။
နောက်ပိုင်းတွင် ဖိနပ်ဝတ်သည်ကို အကျင့်လုပ်ရမည်ဟု သူတွေးလိုက်သည်။
ချင်လန် “မင်းမှာတခြားမေးစရာရှိသေးလား”
ငွေရောင်လေး “ခြေဆေးလို့ ရတဲ့နေရာရှိလား”
“……….”
“ကျေးဇူးပြုပြီး သင်္ချိုင်းရဲ့ အတွင်းခန်းထဲကို ငါနဲ့အတူလိုက်လာပေးပါ.. အဲဒီကိုရောက်ရင် မင်းတို့မေးသမျှ မေးခွန်းတွေကို အလိုအလျောက် နားလည်သွားပါလိမ့်မယ်”
ချင်လန်က ပြောလိုက်သည်။
သူ၏စကားလုံးများက လေးနက်သော အဓိပ္ပါယ်ကို သက်ရောက်နေခဲ့သည်။
ချင်လန်က သားရဲဘုရင် အသက်ရှင်နေသလား ဟူသည့်မေးခွန်းကို တိုက်ရိုက် မဖြေခဲ့သော်လည်း အမှန်တရားသည် ယခုအခါ သူတို့၏ ရှေ့တွင်ရှိနေပြီ ဖြစ်သည်။
သင်္ချိုင်းတွင်းသို့ ရောက်သည်နှင့် ထိုအဖြေကို အလိုအလျောက် သိလာလိမ့်မည် မဟုတ်ပါလော။
ထိုခဏတွင် ချင်လန်သည် သူ၏ ဝတ်စုံထဲမှ ကျောက်စိမ်းစာလိပ်တစ်ခု ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
စာလိပ်က ချောက်ကြီးတစ်ခုလုံးကို စကင်န်ဖတ်ပြီးနောက် ဝူချီဖန်တီးခဲ့သည့် အစီအရင်မြေပုံတစ်ခုလို ဖြစ်သွားခဲ့သည်။
“ဒီအစီအရင်မြေပုံက ဘာအတွက်လဲ”
ကျိုးရီကမေးခွန်းထုတ်လိုက်သည်။
“ဒါက ဘုရင်မင်းမြတ်ရဲ့ အတွင်းခန်းတံခါးကို ဖွင့်ဖို့အတွက် အထူး ဒီဇိုင်းထုတ်ထားတဲ့ သော့ပဲ.. ဘုရင်မင်းမြတ်က သူတော်စင်သားရဲတွေ ဒီနေရာကို ရှာတွေ့ပြီး သူ့ရဲ့ ရှင်သန်မှုအမှန်တရားကို ရှာဖွေတွေ့ရှိမယ့်နေကို စောင့်မျှော်ခဲ့တယ်.. ဒီချောက်နက်ကြီးကို ဖန်တီးထားတဲ့ အစီအရင်မှာ သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဘုရင်ကြီးက ထည့်သွင်းထားခဲ့တယ်.. ဒါပေမဲ့ အနှစ်၁၀၀၀ ကြာပြီးတဲ့ နောက်မှာတော့ ဘုရင်ကြီးကမျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့တယ်”
ချင်လန်က စကားကိုပြောရင်း ရုတ်တရက်ရပ်လိုက်သည်။
ထို့နောက်တွင် သူက ကျောက်စိမ်းစာလိပ်ကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
ကျောက်စိမ်းစာလိပ်ပေါ်ရှိ အစီအရင်မြေပုံက ချက်ချင်းပင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ တည့်မတ်စွာ ပျံသန်းသွားခဲ့သည်။
ထိုအခါမှပင် ဤကမ္ဘာကြီး၏ အပေါ်ယံ၌ တောက်ပနေသော အလင်းရောင်သည် လမဟုတ်သည်ကို လူတိုင်း သဘောပေါက်လိုက်ကြသည်။
“ဝင်စို့”
ချင်လန်က ကောင်းကင်ထက်တွင် တောက်ပနေသောအရာကို မျှော်ကြည့်ရင်း ပြောလိုက်သည်။
ငွေရောင်လေးက ချင်လန်ကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ငါ့မှနောက်ဆုံးမေးခွန်းတစ်ခု မေးစရာရှိသေးတယ်.. အဲဒီတောက်ပတဲ့အရာက ဘာများလဲ.. ဒါကလ မဟုတ်ပေမဲ့လည်း ဘာလို့ငါက ရင်းနှီးနေပုံရနေတာလဲ”
“အဲဒါက ဘုရင်ကြီးရဲ့ ရုပ်ခန္ဓာကို မင်းမြင်နိုင်တဲ့ အုတ်ဂူရဲ့ အတွင်းပိုင်းပါ”
“ဪ.. ဒါဆို ခေါင်းတလားထားတဲ့နေရာပေါ့”
ထိုအခိုက်မှာပင် ကောင်းကင်ပေါ်ရှိ တောက်ပနေသော အရာဝတ္ထုကနေ ချောက်ကမ်းပါး အနီးသို့ အလင်းတန်းတစ်ခုတိုက်ရိုက် ကျရောက်လာခဲ့သည်။
ထို့နောက်တွင် လူတိုင်းက သူတို့၏ခန္ဓာကိုယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
အလင်းတန်းတွင် ဆွဲငင်အားတစ်ခု ပါရှိပြီး ၎င်းတို့ကို အပေါ်သို့ ဆွဲတင်လိုက်သည်။
ဖက်တီးလောက ခံစားချက်မဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
ဤသည်က ဆွဲငင်အားကို ပြောင်းလဲသည့် မှော်စွမ်းရည်တစ်ခုဖြစ်ပြီး အနည်းဆုံးအဆင့် ၇ မှော်စွမ်းရည်ဖြစ်သည်။
ဆိုရလျှင် ၎င်းမှာ အလွန်အဆင့်မြင့်သော မှော်စွမ်းရည်တစ်ခုဖြစ်ပြီး သာမန်ကျင့်ကြံသူ တစ်ဦးဖော်ထုတ်ရန် အတွက် အလွန်ခက်ခဲမည် ဖြစ်သည်။
သို့ရာတွင် သူတော်စင်သားရဲ၏ တိုက်ပွဲဝင်စွမ်းအားကို သာမန်ကျင့်ကြံသူ တစ်ဦး၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်နှင့် တိုင်းတာ၍ မရနိုင်ပေ။
ဖက်တီးလောက အင်မော်တယ်စံအိမ်ကနေ ငွေရောင်လေးကိုကယ်ဆယ်ခဲ့သောအခါတွင် ငွေရောင်လေးသည် ဆဌမတန်းစား သူတော်စင်သားရဲသာ ဖြစ်သည်။
ထိုအချိန်က ငွေရောင်လေး၏ တိုက်ပွဲဝင်အင်အားသည် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တန်းတူ ဖြစ်၏။
သို့ရာတွင် ယခုအခါ၌ ငွေရောင်လေးက ပဉ္စမတန်းစားသူတော်စင်သားရဲ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဖက်တီးလောက ဤသို့တိုးတက်လာသော အခြေအနေနှင့် ပတ်သက်၍ လမ်းခရီးတွင် ငွေရောင်လေးကို အထူးတလည်မေးမြန်းခဲ့သည်။
ဆိုရလျှင် ထိုအရာအားလုံးသည် စီနီယာလင်းနှင့် လုံးဝသက်ဆိုင်နေခဲ့သည်။
ပဉ္စမတန်းစား သူတော်စင်သားရဲ တစ်ကောင်သည် ပကတိအင်မော်တယ် တစ်ယောက်ကို ယှဉ်တိုက်နိုင်နေပြီ ဖြစ်သည်။
ငွေရောင်လေးက သူတော်စင်သားရဲဘုရင် ကဲ့သို့ပင် ပထမတန်းစား သူတော်စင်သားရဲတစ်ကောင် ဖြစ်နိုင်သည်ဟု ဖက်တီးလော မှန်းဆမိခဲ့သည်။
ဆိုလိုသည်မှာ သူတော်စင်သားရဲဘုရင်၏ စွမ်းအားကို ပိုင်းခြားစိတ်ဖြာကြည့်လျှင် ၎င်းသည် နဝမအဆင့် ပကတိအင်မော်တယ်ထက် တိုက်ပွဲဝင်စွမ်းအား အဆပေါင်းများစွာ ပိုမို အားကောင်းနေလိမ့်မည် ဖြစ်သည်။
ဤအဆင့်က အင်မော်တယ်အရှင်မြတ်အဆင့်နှင့် တန်းတူဟုပင် ဆိုနိုင်ပေသည်။
ဖက်တီးလောက ထိုအကြောင်းကို တွေးနေစဉ်မှာပင် ၎င်းတို့လူစုက ကောင်းကင်ရှိ တောက်ပသော အရာဝတ္ထုဆီသို့ နီးကပ်လာပြီ ဖြစ်၏။
အဆုံးသတ်တွင် ငွေရောင်လေးက ထိုအရာကဘာလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
၎င်းမှာ တောက်ပနေသည့် ဧရာမLCD မျက်နှာပြင်တစ်ခု ဖြစ်နေခဲ့သည်။
သူတို့က ချောက်နက်ကြီးထဲကို ငုံ့ကြည့်လိုက်ရာ ချောက်နက်ကြီးက LCD TVကို ငေးကြည့်နေသကဲ့သို့ ခံစားခဲ့ရသည်။
အပိုင်း(၇၆၅) ပြီး၏