← Chapters

မဟာဝရဇိန်လှည်းဘီးချိပ်စည်း

Vol. 86 Ch. 1277

မဟာဝရဇိန်လှည်းဘီးချိပ်စည်း

Vol. 86 Ch. 1277

သားရဲတစ်ထောင်တောင်ကြားမှာတုန်းက အဲဒါသည် တာအိုအရှင် တိမ်လွှာမိုးစက်၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ခဲ့၏။

ယခုအခါ စိတ်ခံစားချက်ခုနှစ်မျိုးချည်မျှင်များကို ထုတ်ဖော်လိုက်သည့်သူက တာအိုအရှင် တိမ်လွှာမိုးစက်၏ အစစ်အမှန်ခန္ဓာ ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် စိတ်ခံစားချက်ခုနှစ်မျိုးချည်မျှင်များသည် ပို၍ပင် စွမ်းအားကြီးမား၍ မကောင်းဆိုးဝါးဆန်လာပြီး ခုခံဖို့အတွက် မဖြစ်နိုင်သလောက်ပင်။

ဆူဇီမိုသည် ရှေ့သို့ တက်လှမ်းလိုက်သည့် ခဏမှာပင် သူ၏ခန္ဓာကိုယ်က ရောင်စုံချည်မျှင်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ဒါ့အပြင် သူတို့၏ အရေအတွက်က လျင်မြန်စွာ တိုးလာပြီး ဖြတ်တောက်ဖို့အတွက် မဖြစ်နိုင်ပေ။ သူတို့သည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို လှီးဖြတ်ဖို့ ကြိုးစားနေသည့်အလား အဆက်မပြတ် တင်းကျပ်လာခဲ့၏။

“ဟမ့်”

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။

စိတ်ခံစားချက်ခုနှစ်မျိုးကြားတွင် သူ၏ခန္ဓာကိုယ်မှ အမျက်ဒေါသသည် သိသာထင်ရှားမှု အရှိဆုံးဖြစ်၏။ ထိုချည်မျှင်များသည် သူ၏ စိတ်ခံစားချက်ခုနှစ်မျိုးမှ ဆင်းသက်လာခြင်းလည်း​ ဖြစ်လေသည်။

သူ့အနေဖြင့် ထိုဓမ္မပညာရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့က ခက်ခဲလေသည်။

အကြောင်းမှာ စိတ်ခံစားချက်ခုနှစ်မျိုးချည်မျှင် တစ်ခုချင်းစီသည် ဆူဇီမို၏ ကိုယ်ပိုင်ခွန်အားမှ ဆင်းသက်လာသောကြောင့်ဖြစ်၏။

စိတ်ခံစားချက်ခုနှစ်မျိုးချည်မျှင်များကို အခြားသော နည်းလမ်းဖြင့်သာ ဖြေရှင်းရပေလိမ့်မည်။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုသည် ရှုပ်ထွေးနက်နဲသော ဂါထာတစ်ပိုဒ်ကို ရွတ်ဆိုလိုက်၏။

သူသည် ထိုသုတ္တန်ကို ရွတ်ဆိုနေရင်း ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်ခံစားချက်ခုနှစ်မျိုးချည်မျှင်များသည် လျော့ကျလာပြီး မျက်စိဖြင့် မြင်နိုင်သော နှုန်းထားဖြင့် ပျက်ပြယ်လာကြ၏။

အဲဒါသည် ဗုဒ္ဓဂိုဏ်းများ၏ ဂါထာမန္တန်တစ်ခုဖြစ်သော စိတ်နှလုံးတည်ငြိမ်မန္တန်ဖြစ်၏။

စိတ်ခံစားချက်ခုနှစ်မျိုးသည် သူ၏နှလုံးသားထဲကနေ ပေါက်ဖွားလာခြင်းဖြစ်၏။

တည်ငြိမ်နေသော နှလုံးသားနှင့် ရှင်းလင်းသော စိတ်နှင့်ဆိုပါက စိတ်ခံစားချက်ခုနှစ်မျိုးသည် ပျက်ပြယ်သွားရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ရင်ထဲရှိ အမျက်ဒေါသသည် လေထဲသို့ ပျောက်ကွယ်သွားသည့်အလား ထင်ရ၏။

ဗုဒ္ဓဝါဒမှ ဂါထာမန္တန်တစ်ခုကပင် တိမ်လွှာမိုးစက်ဂိုဏ်း၏ အဆုံးစွန်နည်းစနစ်တစ်ခုကို ချေဖျက်နိုင်လေသည်။

အစကနေ ယခုချိန်ထိ ဆူဇီမို၏ ခြေလှမ်းက လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။

“ကောင်းပြီလေ”

တာအိုအရှင် တိမ်လွှာမိုးစက်သည် အံ့အားသင့်သွားခြင်း မရှိဘဲ သူ၏လက်ကို လက်ပြန်လွှဲယမ်းကာ ဆူဇီမိုရှိရာသို့ ရိုက်ချလိုက်၏။

အဆုံးမဲ့သော ဓမ္မစွမ်းအားများက တာအိုအရှင် တိမ်လွှာမိုးစက်၏ လက်ဖဝါးမှာ စုဝေးလာကြ၏။

ဧရာမ လက်ဟန်ချိပ်စည်းတစ်ခုက လေထဲမှာ ပေါ်ထွက်လာခဲ့လေသည်။

တာအိုအရှင် တိမ်လွှာမိုးစက်သည် လေထဲကို ခြောက်ကြိမ်ဆင့်၍ ရိုက်ချလိုက်၏။

ဧရာမ လက်ဟန်ချိပ်စည်း ခြောက်ခုက ပေါ်ထွက်လာခဲ့၏။

“အာရုံခြောက်ပါး လက်ဝါးရိုက်ချက် ဖွဲ့တည်စမ်း”

တာအိုအရှင် တိမ်လွှာမိုးစက် ဟိန်းဟောက်လိုက်စဉ်မှာပင်.. ဧရာမ လက်ဟန်ချိပ်စည်း ခြောက်ခုသည် လျင်မြန်စွာ ပေါင်းစည်းသွားပြီး အလွန်တရာ ကြောက်စရာကောင်းသော ဓမ္မစွမ်းအား လက်ဟန်ချိပ်စည်းတစ်ခုကို ဖြစ်ပေါ်စေကာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဖိချေကျဆင်းလာ၏။

စိတ်ခံစားချက်ခုနှစ်မျိုး ချည်မျှင်များ၏ ခွန်အားသည် အရမ်းကို ကိုင်တွယ်ရ ခက်ခဲလေသည်။

သို့သော်လည်း အာရုံခြောက်ပါး လက်ဝါးရိုက်ချက်သာလျှင် တိမ်လွှာမိုးစက်ဂိုဏ်း၏ ပြင်းထန်ကြမ်းကြုတ်မှု အရှိဆုံး ဓမ္မပညာရပ် ဖြစ်လေသည်။

“မာ..”

ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး သက္ကတဘာသားစကားကို ရွတ်ဆိုလိုက်၏။

တာမင်းမန္တာန်မှ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ဂါထာစာလုံးများက ထွက်ပေါ်လာ၏။

လေဟာနယ်တစ်ခုလုံးက တုန်ခါသွားလေသည်။

အာရုံခြောက်ပါး လက်ဝါးရိုက်ချက်သည် တာမင်းမန္တာန်၏ အသံပိုင်းလျှို့ဝှက်အတတ်နှင့် ရင်ဆိုင်ရချိန်တွင် ခေတ္တခဏအားဖြင့် ရပ်တန့်သွားခဲ့၏။

ဆူဇီမိုသည် သူ၏လက်ချောင်းများကို ပူးကပ်ပြီး ဝေ့ဝိုက်လှုပ်ရှားကာ လက်သီးတစ်လုံး၊ လက်ဝါးတစ်ဖက်နှင့် ဆုံလည်ခွက်တစ်ခုကဲ့သို့ လက်ဟန်ချိပ်စည်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

အဲဒါသည် တာမင်းဓမ္မချိပ်စည်း၏ ပဉ္စမမြောက်ချိပ်စည်းဖြစ်သော မဟာဝရဇိန်လှည်းဘီးချိပ်စည်း ဖြစ်၏။

တာမင်းဓမ္မချိပ်စည်းများကြားတွင် နောက်ဆုံးနှစ်ခုဖြစ်သော မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိပ်စည်းတို့က ကြမ်းကြုတ်ခက်ထန်မှု အရှိဆုံးဖြစ်ပြီး ရပ်တန့်၍ မရနိုင်ပေ။

ဆူဇီမိုသည် အစကတည်းက တာမင်းအစစ်အမှန်သုတ္တန်ကို ကျင့်ကြံထားပြီး ဤနှစ်များအတွင်း မင်းဝမ်ဆုတောင်းပုတီးကို တောက်လျှောက်ဝတ်ဆင်ထားခဲ့၏။ ထိုသို့ဖြင့် သူသည် ကျန်ရှိနေသော ဓမ္မချိပ်စည်းနှစ်ခုကို ကျင့်ကြံဖို့အတွက် အားထုတ်မှုအနည်းငယ်သာ လိုအပ်လေသည်။

သူသည် ဤနေရာသို့ လာရာလမ်းတစ်လျှောက်မှာ အဲဒါကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီးပြီဖြစ်၏။

ဘုန်း..

ဆူဇီမိုသည် တာမင်းချိပ်စည်းကို ထုတ်ဖော်လိုက်စဉ် ဧရာမ​ ရွှေရောင်လက်ဝါးတစ်ဖက်က လေထဲမှာ ပေါ်ထွက်လာ၏။ ၎င်း၏ လက်ချောင်းငါးချောင်းသည် အတူတကွ ပူးကပ်၍ ကွေးညွှတ်ကာ ပြိုးပြိုးပြက်ပြက် အလင်းတစ်ခုဖြင့် တောက်ပနေသော ဧရာမ ရွှေရောင်လှည်းဘီးတစ်ခုကဲ့သို့ ဖြစ်လာ၏။

ဝရဇိန်လှည်းဘီးသည် အကန့်အသတ်မဲ့သော စွမ်းပကားကို သယ်ဆောင်ထားပြီး မနှိုင်းယှဉ်သာအောင် နတ်ဘုရားဆန်ကာ အာရုံခြောက်ပါး လက်ဝါးရိုက်ချက်ဆီသို့ ပစ်တိုက်ချလိုက်၏။

ဘုန်း..

ကျယ်လောင်သော ဆူညံပေါက်ကွဲသံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် တာအိုအရှင် တိမ်လွှာမိုးစက်၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏ ရှေ့တည့်တည့်တွင် အာရုံခြောက်ပါး လက်ဝါးရိုက်ချက်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများက ထွက်ပေါ်လာ​ပြီး တစ်ခဏအတွင်း လျင်မြန်စွာ ဖြန့်ကြက်သွားလေသည်။

“မဖြစ်နိုင်တာ”

တာအိုအရှင် တိမ်လွှာမိုးစက်က တုန်လှုပ်သွားရ၏။ သူသည် ဓမ္မဝိသေသအဆင့်မှာ နှစ်ပေါင်းများစွာ ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း သူ၏ ဓမ္မစွမ်းအားသည် အလယ်အလတ်အဆင့် ဓမ္မဝိသေသတစ်ယောက်ကို မယှဉ်နိုင်ဖြစ်နေ၏။

ဖျောက်.. ဖျောက်.. ဖျောက်…

လေထဲတွင် ဝရဇိန်လှည်းဘီးသည် လုံးဝ ရပ်တန့်သွားခြင်း မရှိဘဲ အာရုံခြောက်ပါး လက်ဝါးရိုက်ချက်ကို ပကတိနင်းချေဖျက်ဆီးကာ ရှေ့သို့ ဆက်လက်လိမ့်လာ၏။

ဘန်း.. ဘုန်း.. ဘုန်း..

ဝရဇိန်လှည်းဘီး၏ ကြွင်းကျန်ရစ်သော စွမ်းအားသည် ရပ်တန့်သွားခြင်း မရှိဘဲ သူ့ကို ဖုန်မှုန့်များအဖြစ်သို့ ကြိတ်ချေချင်သည့်အလား တာအိုအရှင် တိမ်လွှာမိုးစက် ရှိရာသို့ ဆက်လက်ဖိချေကျဆင်းလာ၏။

“ဘန်း”

တာအိုအရှင် တိမ်လွှာမိုးစက်သည် သုန်မှုန်နေသော အမူအရာတစ်ခု ရှိလာပြီး သူ၏ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာ၏။ ပုံရိပ်ယောင်တစ်ခုသည် သူ၏ဦးခေါင်းထက်မှ ပေါ်ထွက်လာပြီး လျင်မြန်စွာ မြင့်တက်လာ၏။

တစ်ခဏအတွင်းမှာပင် ၎င်းက ၈၈ပေ အမြင့်ထိ ရောက်ရှိသွား၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ…

မဟာဝရဇိန်လှည်းဘီးချိပ်စည်း၏ ဖိအားအောက်တွင် တာအိုအရှင် တိမ်လွှာမိုးစက်သည် တခြားရွေးချယ်စရာ မရှိတော့ဘဲ သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်ဖော်လိုက်ရ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် သူ၏လက်ကို လွှဲယမ်းပြီး မဟာဝရဇိန်လှည်းဘီးချိပ်စည်းကို ပျက်ပြယ်စေရန် ပစ်ထိုးချလိုက်၏။

မဟာဝရဇိန်လှည်းဘီးချိပ်စည်းသည် အာရုံခြောက်ပါး လက်ဝါးရိုက်ချက်နှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် ၎င်းတွင် ဓမ္မစွမ်းအားများစွာ မကျန်ရှိတော့သည့်အတွက် တာအိုအရှင် တိမ်လွှာမိုးစက်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ခုခံနိုင်ခြင်း မရှိတော့ပေ။

ဆူဇီမိုက အမူအရာ ကင်းမဲ့နေ၏။

ဘုန်း…

သူ၏ ခန္ဓာကိုယ်အတွင်းမှလည်း ပုံရိပ်ယောင်တစ်ခုက ပေါ်ထွက်လာ၏။

၈၇ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် နက်မှောင်နေသော မိစ္ဆာချီများဖြင့် လွှမ်းခြုံနေပြီး နက်မှောင်နေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ သူ့လက်ထဲရှိ ပိန်းပိတ်အောင် နက်မှောင်နေသော မိစ္ဆာတံစဉ်နှင့်အတူ လောကသို့ ဆင်းသက်လာခဲ့၏။

“ဂါး….”

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ မျက်လုံးထဲမှ နက်မှောင်နေသော အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။ ၎င်းသည် သူ့ရှေ့တွင်ရှိသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို တွေ့မြင်သောအခါ ၎င်းက ဟိန်းဟောက်လိုက်၏။

ရွှစ်..

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ရှေ့သို့တက်လှမ်းပြီး သူ့လက်ထဲရှိ ကောင်းကင်ဘုံမိစ္ဆာတံစဉ်ကို တိမ်လွှာမိုးစက်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

“သတ်”

တာအိုအရှင် တိမ်လွှာမိုးစက်သည် ဟိန်းဟောက်၍ သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထိန်းချုပ်ကာ ရှေ့သို့ တက်လှမ်းစေလိုက်၏။

သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ၈၈ပေ မြင့်မား​ပြီး ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာထက် တစ်ပေတိတိ ပိုမိုမြင့်မားလေသည်။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုသည် ပြင်းထန်ကြမ်းကြုတ်စွာ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ချက်ချင်းပင် ရာသီဥတုက ပြောင်းလဲသွားပြီး ဖုန်မှုန့်များက တထောင်းထောင်းထသွား၏။

ရုတ်တရက်ဆိုသလို…

တာအိုအရှင် တိမ်လွှာမိုးစက်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ထိုထိတွေ့ရိုက်ခတ်မှုတွင် အမှန်တကယ်ပင် အရေးနိမ့်နေ၏။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

တာအိုအရှင် တိမ်လွှာမိုးစက်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။

ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အစကတည်းက မိစ္ဆာဂိုဏ်းများ၏ အသန်မာဆုံး ဓမ္မခန္ဓာများထဲမှ တစ်ခုဖြစ်၏။

တိမ်လွှာမိုးစက်ဂိုဏ်းသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ အထူးမပြုကြပေ။

တိမ်လွှာမိုးစက်ဂိုဏ်း၏ အမွေအနစ် ဓမ္မဝိသေသသည် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းတွင် အောက်ဆုံးအဆင့်မှာ ရပ်တည်လေသည်။

ဒါ့အပြင်.. ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကိုယ်ကို တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်အား အခြေခံအုတ်မြစ်အဖြစ်သုံး၍ ဖန်တီးထားခြင်းဖြစ်ပြီး ၎င်းတွင် မိစ္ဆာဂိုဏ်းများမှ လျှို့ဝှက်အတတ်များစွာကို ပေါင်းစည်းထား၏။

အဲဒါသည် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေး နည်းစနစ်များကို အတူတကွ ပေါင်းစည်းခြင်းမှ ထွက်ပေါ်လာသော မဟာထုတ်ကုန်တစ်ခု ဖြစ်၏။

တာအိုအရှင် တိမ်လွှာမိုးစက်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် တစ်ပေ ပိုမိုမြင့်မားသည် ဆိုလျှင်တောင် ၎င်းသည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

“ဖွီး..”

တာအိုအရှင် တိမ်လွှာမိုးစက်သည် ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်ခင်မှာပင် တိုက်ပွဲနယ်မြေရှိ အခြေအနေက ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

သူ့ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ လက်တစ်ဖက်သည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရပြီး ၎င်း၏ ဓမ္မစွမ်းအားများက လျင်မြန်စွာ ဆုတ်ယုတ်ကာ ၎င်း၏ ခွန်အားကလည်း ကြီးမားစွာ လျော့ကျသွား၏။

“အား..”

တာအိုအရှင် တိမ်လွှာမိုးစက်သည် အံ့အားတသင့် ရေရွတ်၍ သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို အလျင်အမြန် နောက်ဆုတ်စေရန် အတွေးတစ်ချက်နှင့် ထိန်းချုပ်ပြီး အော်ဟစ်အကူအညီတောင်းလိုက်ရ၏။

“တာအိုအရှင် အင်မော်တယ်ဓား.. အထီးကျန်သိုင်းသခင်က အရမ်းကို သန်မာလွန်းတယ်.. သူ့ကို ခင်ဗျားကိုယ်တိုင် တိုက်ခိုက်မှပဲ ရလိမ့်မယ်”

တကယ်တော့.. တာအိုအရှင် တိမ်လွှာမိုးစက်သည် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ရာကို ကြံစည်နေခဲ့ပြီဖြစ်၏။

သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် နောက်ထပ်အနည်းငယ်ကြာအောင် ဆူဇီမိုနှင့် ယှဉ်ပြိုင်နိုင်သေးလေသည်။

သို့သော်လည်း အဲဒါက သူ၏ စွမ်းအင်အမြောက်အများကို ကုန်ဆုံးစေမည်ဖြစ်ပြီး သူသည် အန္တရာယ်ကျရောက်ကာ သေပင်သေသွားနိုင်လေသည်။

ဆူဇီမိုသည် ကိုင်တွယ်ရ ခက်ခဲနေပြီဆိုမှတော့.. သူသည် သူ၏ဂုဏ်သိက္ခာကို ဆက်လက်၍ ဂရုစိုက်ခြင်း မရှိတော့ပေ။ သူသည် မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုကို ချကာ အင်မော်တယ်ဓားနှင့် ဆူဇီမိုကို တိုက်ခိုက်စေပြီး သူက ဘေးကနေ စောင့်ကြည့်နိုင်မည်ဖြစ်၏။

အင်မော်တယ်ဓားက လှောင်ရယ်၍ လေထဲသို့ ခုန်တက်လိုက်၏။

သူသည် ဝင်ရောက်လာသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။

“ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ တစ်ခုလောက်က ထိုးချက်တစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. ပျက်စမ်း”

ချွမ်း..

အင်မော်တယ်ဓား၏ လှုပ်ရှားမှုကို လုံးဝပင် မတွေ့မြင်လိုက်ရပေ။

ဓားထုတ်သံနှင့်အတူ တွဲဖက်၍ ပြိုးပြိုးပြက်ပြက် ဓားအလင်းတန်းတစ်ခုက ဆင်းသက်လာပြီး ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာဆီသို့ ခုတ်ပိုင်းကျလာခဲ့၏။

ဓားအလင်းတန်းက ဆင်းသက်မလာခင်မှာပင်.. ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ ရင်ဘတ်ပေါ်တွင် ရှင်းလင်းသော အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာပြီဖြစ်၏။

ထိုခုတ်ချက်၏ စွမ်းအားက အရမ်းကို ကြောက်စရာကောင်းလွန်း၏။

All Chapters