မိန်းမလှတစ်ဦး သေဆုံးခြင်း
Vol. 86 Ch. 1279
ထိုတိုက်ခိုက်မှုကနေ ဖြစ်ပေါ်လာသော ဆူညံပွက်လောရိုက်ခြင်းသည် တိုက်ပွဲနယ်မြေ၏ အခြားတစ်ဘက်ရှိ လူနှစ်ယောက်ကို တုန်လှုပ်သွားစေ၏။
အကြီးအကဲချင်သည် သူမ၏ တိုက်ခိုက်မှုများကို ရပ်တန့်ပြီး တစ်ဘက်သို့ကြည့်ကာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ ချင်ဖျန်ရန်အပေါ် သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။
ချင်ဖျန်ရန်သည် တစ်ချိန်လုံး လုံးဝပြန်လည်တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ တကယ်တော့ အကြီးအကဲချင်သည်လည်း သူမ၏ ခွန်အားအပြည့်အဝကို ထုတ်သုံးတိုက်ခိုက်နေခြင်းမဟုတ်ပေ။
သူမသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သူမ၏ ကျင့်ကြံမှုအဆင့်အရ သူမသည် ချင်ဖျန်ရန်ကို တကယ်တမ်းသတ်ဖြတ်ချင်သည်ဆိုလျှင် ထိုသူသည် အသက်ဆယ်ရှိုက်စာထက် ပို၍ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ချင်ဖျန်ရန်သည် သူမကို ဆွေမျိုးအဖြစ် သတ်မှတ်ထားသလို သူမအတွက်လည်း ထို့အတူပေ။
မည်သို့ပင်ဆိုစေ... ချင်ဖျန်ရန်တစ်ယောက် ကြီးပြင်းလာသည်ကို သူမက စောင့်ကြည့်ခဲ့ရ၏။ ထိုသူအပေါ် သူမ၏ ခံစားချက်များကို မည်သူကမှ ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
ချင်ဖျန်ရန်သည် ဆိုးဝါးသောအမှားတစ်ခုကို ကျူးလွန်ခဲ့သည်ဆိုလျှင်တောင် သူမ၏ မျက်လုံးထဲမှာ ချင်ဖျန်ရန်က ကလေးတစ်ယောက်ထက်မပိုပေ။
“ဆရာ...”
ချင်ဖျန်ရန်သည် အကြီးအကဲချင်၏ စိတ်ခံစားချက်များကို နားလည်သွားပြီး သူမ၏ မျက်ရည်များက တစ်ဖန်ပြန်လည်စီးကျလာ၏။
တိုက်ပွဲနယ်မြေရှိ အခြေအနေက ရုတ်ချည်းပြောင်းလဲသွားခဲ့လေပြီ။
အက်မော်တယ်ဓားက နောက်ဆုတ်ဖို့အတွက် တွေးလိုက်ပြီဖြစ်၏။ ရုတ်တရက် သူကအော်ပြောလိုက်လေသည်။
“တိမ်လွှာမိုးစက်... ငါက အထီးကျန်သိုင်းသခင်ကို တားပေးထားမယ်... မင်းက အဆူရာကို မြန်မြန်ဆန်ဆန်သတ်လိုက် တခြားဘာမှမဖြစ်စေနဲ့”
တာအိုအရှင်တိမ်လွှာမိုးစက်သည် စောစောကမှ နောက်ဆုတ်လာခါစဖြစ်ပြီး သူက ယန်ပေးချန်၏ ဘေးမှာရောက်ရှိနေ၏။
အင်မော်တယ်ဓား၏ စကားလုံးများသည် အလွန်တရာ ရုတ်တရက်ဆန်ပြီး တာအိုအရှင်တိမ်လွှာမိုးစက်သည် တစ်စုံတစ်ရာ လွဲမှားနေသလိုခံစားရ၏။
သို့သော်လည်း သူသည် အချိန်တိုအတွင်းမှာ အဲ့ဒါကို စဥ်းစားပုံဖော်နိုင်ခြင်းမရှိပေ။ ယန်ပေးချန်သည် သူ့ဘေးမှာ ရှိနေသောကြောင့် သူ့အနေဖြင့် ထိုသူကို အလွယ်တကူသတ်ဖြတ်နိုင်သောကြောင့် အဲ့ဒါက ထူးထူးခြားခြားဘာမှမရှိဟုသာ ခံစားရ၏။
ယန်ပေးချန်၏ လက်ရှိအခြေအနေအရ သူသည် ဒုက္ခိတတစ်ယောက်ဖြစ်နေခဲ့ပြီး မတော်တဆဖြစ်ရပ်တစ်စုံတစ်ရာရှိမလာနိုင်ပေ။
ထိုသို့အတွေးဖြင့် တာအိုအရှင်တိမ်လွှာမိုးစက်သည် သူ၏ခေါက်ယပ်တောင်ကို ဆန့်ထုတ်ပြီး ယန်ပေးချန်၏ ဦးခေါင်းကို ပြင်းထန်စွာရိုက်ချလိုက်၏။
ထိုရုတ်တရက်တိုက်ခိုက်မှုသည် ယန်ပေးချန်၏ဦးခေါင်းကို ကြေမွပျက်စီးသွားစေဖို့ လုံလောက်၏။
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ထိုစဥ်မှာပင် တာအိုအရှင်တိမ်လွှာမိုးစက်သည် အလွန်တရာကြမ်းကြုတ်ခက်ထန်သော ဟိန်းဟောက်သံကို ကြားလိုက်ရ၏။ ထိုအသံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ဖြစ်ပြီး သူ၏နားနှစ်ဖက်ကို စပ်ဖျင်းဖျင်းဖြစ်စေကာ သူ၏စိတ်ထဲမှာ တဇီဇီမြည်သွားလေသည်။
ထို့နောက် ချက်ချင်းပင် သူသည် အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်နှင့် အမျက်ဒေါသနှင့်အတူ မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသော အော်ရာတစ်ခု တလိပ်လိပ်တက်လာသည်ကို ခံစားလိုက်ရ၏။
တာအိုအရှင်တိမ်လွှာမိုးစက်သည် အလိုလိုလှမ်းမျှော်ကြည့်လိုက်ပြီး ဆူဇီမိုက သူ၏လမ်းကြောင်းကို ပြောင်းလဲလိုက်ပြီကို တွေ့မြင်လိုက်ရ၏။ သူသည် အင်မော်တယ်ဓားနောက်သို့ လိုက်လံဖမ်းဆီးခြင်းကို စွန့်လွှတ်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ့ရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။
အခြားတစ်ဘက်မှာတော့... အင်မော်တယ်ဓားသည် တစ်ဘက်သို့လှည့်၍ အဝေးတစ်နေရာသို့ ပြေးထွက်သွားပြီဖြစ်၏။
ရုတ်တရက် တာအိုအရှင်တိမ်လွှာမိုးစက်က နားလည်သွား၏။
ဤနှစ်များအတွင်း သူသည် အင်မော်တယ်ဓားကို တစ်ချိန်လုံးသတိထားစောင့်ကြည့်နေခဲ့၏။ ဒါတောင် နောက်ဆုံးမှာတော့ သူသည် အင်မော်တယ်ဓား၏ ထောင်ချောက်ထဲမှာ သက်ဆင်းခဲ့ရပြန်လေသည်။
အင်မော်တယ်ဓားသည် တာအိုအရှင်တိမ်လွှာမိုးစက်ကို အဆူရာကိုသတ်ဖြတ်ခိုင်းခြင်းမှာ သူထွက်ပြေးလွတ်မြောက်ဖို့အတွက် ဆူဇီမိုကို အာရုံလွှဲပြောင်းရန်ဖြစ်လေသည်။
အင်မော်တယ်ဓားက အဲ့ဒါကို ကောင်းကောင်းသိထား၏။ ဆူဇီမို၏ရင်ထဲတွင် ယန်ပေးချန်သည် အရာအားလုံးထက်ပို၍အရေးကြီးလေသည်။
အဲ့ဒါကြောင့် သူသည် တာအိုအရှင်တိမ်လွှာမိုးစက်ကို ယန်ပေးချန်ကို သတ်ဖြတ်ခိုင်းသောအခါ ဆူဇီမိုသည် ယန်ပေးချန်ကို သေချာပေါက် ချက်ချင်းလက်ငင်း ကယ်တင်ဖို့ကြိုးစားပေလိမ့်မည်။
ထိုသို့ဖြင့် သူ့အတွက် လုံလောက်သည့် အချိန်ရရှိပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။ တကယ်တော့... ထိုသို့ပြုလုပ်ခြင်းသည် တာအိုအရှင်တိမ်လွှာမိုးစက်ကို သေကြေပျက်စီးစေပေလိမ့်မည်။
သို့သော်လည်း အဲ့ဒါက သူနှင့်ဘာမှမဆိုင်ပေ။
သူသည် ဤနေရာကနေ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်သည်နှင့်အမျှ ဘယ်သူသေသေ ကိစ္စမရှိပေ။
တာအိုအရှင်တိမ်လွှာမိုးစက်သည် အဲ့ဒါကို နားလည်သည့်အချိန်မှာ နောက်ကျသွားခဲ့လေပြီ။
ဆူဇီမိုက သူ့ရှေ့သို့ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။
တကယ်တော့... ဆူဇီမို၏ ဉာဏ်ရည်ထက်မြတ်မှုအရ သူသည် အင်မော်တယ်ဓား၏ အကောက်ကြံမှုကို ချက်ချင်းပင် နားလည်သဘောပေါက်လေသည်။
သို့သော်လည်း သူ့မှာတခြားရွေးချယ်စရာမရှိပေ။
အင်မော်တယ်ဓားကို သတ်ဖြတ်ဖို့က အရေးကြီးသော်လည်း အဲ့ဒါကို ယန်ပေးချန်၏အသက်နှင့် မလဲလှယ်နိုင်ပေ။
ဒါ့အပြင် ဆူဇီမို၏ ထင်မြင်ချက်အရ အင်မော်တယ်ဓားက အရင်ဦးစွာ ထွက်ပြေးသွားလျှင်တောင် သူက ထိုသူ့ကို အမီပြန်လိုက်နိုင်လေသည်။
ဘုန်း...
တာအိုအရှင်တိမ်လွှာမိုးစက်သည် သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထိန်းချုပ်ပြီး ဆူဇီမိုထံသို့ ပြေးဝင်သွား၏။
ဆူဇီမို၏ နောက်တွင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကလည်း ရှေ့သို့တက်လှမ်းလာ၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုသည် စကာပေါက်များဖြစ်နေသော်လည်း သူတို့သည် ၈၈ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခု ရင်ဆိုင်ခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
ဓမ္မဝိသေသ ၃ခုက ကျယ်လောင်သောမြည်သံနှင့်အတူ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။ တာအိုအရှင်တိမ်လွှာမိုးစက်သည် ဆတ်ခနဲ တုန်ယင်သွားပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်လိုက်ရ၏။ သူ့မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အလောတကြီး ပြောလိုက်လေသည်။
“ကျေးဇူးပြုပြီး... စိတ်ကိုလျှော့ပါ တာအိုအရှင်အထီးကျန်သိုင်းသခင်.. ကျုပ်က အဆူရာကိုထိခိုက်အောင်လုပ်ဖို့ လုံးဝစိတ်ကူးမရှိပါဘူး... အဲ့ဒါက အင်မော်တယ်ဓားရဲ့ ရည်ရွယ်ချက်ပဲ... သူက ကျုပ်ကို အသုံးချသွားတာ”
“မင်းကလည်း... ငါသတ်ရမယ့်သူပဲ”
ဆူဇီမိုသည် သူနှင့် စကားပြောရင်းအချိန်ဖြုန်းလိုစိတ်မရှိဘဲ သူ၏နှာရောင်ကနေ အစိမ်းရောင်အလင်းတန်း ၅၄ ခုကို ပျံသန်းထွက်ပေါ်လာစေ၏။ ချက်ချင်းပင် သူတို့သည် တလက်လက်တောက်ပသော အစိမ်းရောင်ဓားတစ်လက်အဖြစ် စုဖွဲ့သွားပြီး တာအိုအရှင်တိမ်လွှာမိုးစက်ကို ခုတ်ပိုင်းချလိုက်၏။
“ဟာ..”
တာအိုအရှင်တိမ်လွှာမိုးစက်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
သူ၏ကျင့်ကြံမှုအဆင့်အရ အစိမ်းရောင်ဓားအတွင်း အလွန်တရာကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေသည်ကို သူက ခံစားမိနိုင်၏။
အဲ့ဒါသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်နည်းစနစ်တစ်ခုလည်းဖြစ်၏။
‘အထီးကျန်သိုင်းသခင်က အရမ်းကိုရက်စက်လွန်းတယ်... ငါ့ကိုရှင်သန်လွတ်မြောက်ဖို့ အခွင့်ရေးတစ်ခုတောင်မပေးဘူး’
တာအိုအရှင်တိမ်လွှာမိုးစက်သည် စိတ်ထဲကနေ အော်ဟစ်ပြီး သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိရှိကာ နောက်မဆုတ်တော့ပေ။
သူသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ချက်ချင်းပင်ဆင့်ခေါ်ပြီး ခုခံတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်၏။
“ဖုန်း...”
ရုတ်တရက်ဆိုသလို... ဆူဇီမိုက ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
ဆဋ္ဌမမြောက်တာမင်းမန္တန်က ထွက်ပေါ်လာခဲ့လေပြီ။
တာအိုအရှင်တိမ်လွှာမိုးစက်သည် ဆတ်ခနဲတုန်ယင်သွားပြီး သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖွဲ့တည်ခြင်းက နှေးကွေးသွား၏။
“ဖောက်...”
အစိမ်းရောင်ကြာပန်းဓားသည် သူ၏နှာရောင်ထဲသို့ ချက်ချင်းဝင်ရောက်သွားပြီး သူ၏ အသိစိတ်ကို ထိုးဖောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ခုတ်ပိုင်းချလိုက်၏။
“အား...”
တာအိုအရှင်တိမ်လွှာမိုးစက်သည် သူ၏လျှာကို ညင်သာစွာကိုက်ပြီး သေရေးရှင်ရေးအခိုက်အတန့်တွင် သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။ အဲ့ဒါက အစိမ်းရောင်ကြာပန်းနှင့် ထိတွေ့ရိုက်ခတ်လိုက်လေသည်။
သို့သော်လည်း ထိုထိတွေ့ရိုက်ခတ်မှုသည် သူ၏ အသိစိတ်အတွင်းမှာဖြစ်ပွားနေခြင်းပင်။
ထိတွေ့ရိုက်ခတ်မှုကနေ ထွက်ပေါ်လာသော တုန်ခါအားလှိုင်းသည် သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်တွင် အက်ကွဲကြောင်းများကို ပေါ်ထွက်လာစေ၏။
“ဖွီး...”
တာအိုအရှင်တိမ်လွှာမိုးစက်၏ အကြည့်ကမှေးမှိန်သွားပြီး ပါးစပ်အပြည့်သွေးများကို ထွေးထုတ်ကာ သူ၏အသက်ဓာတ်အားက လျင်မြန်စွာ ဆုတ်ယုတ်သွား၏။
သူ၏အမြုတေစိတ်ဝိညာဥ်သည် ကြေမွသွားပြီး သူက ဆက်လက်၍ မရှင်သန်နိုင်တော့ပေ။
တိမ်လွှာမိုးစက်ဂိုဏ်း၏ မည်ကာမတ္တတပည့် ၊ နှစ်ငါးထောင်ကြာအောင် ကျင့်ကြံရေးလောကမှာ လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး ဓမ္မဝိသေသအဆင့်မှာ နံပါတ်နှစ်ဖြစ်ခဲ့ဖူးသူ... ထိုသူသည် လူမသိ သူမသိ ဝါးသစ်တောတစ်တောထဲမှာ သေဆုံးရခြင်းဖြင့် အဆုံးသတ်ရလေပြီ။
“အင်မော်တယ်ဓား... မင်း... အရမ်း.. ရက်စက်လွန်းတယ်”
အဲ့ဒါသည် တာအိုအရှင်တိမ်လွှာမိုးစက်ထံမှ နောက်ဆုံးထွက်ပေါ်လာသော စကားလုံးများဖြစ်၏။
သူသေဆုံးသည့်တိုင်အောင် သူ၏နာကြည်းချက်များသည် ဆူဇီမိုအပေါ်မှာမဟုတ်ဘဲ အင်မော်တယ်ဓားအပေါ်မှာဖြစ်လေသည်။
ဘုန်းခနဲမြည်သံနှင့်အတူ တာအိုအရှင်တိမ်လွှာမိုးစက်က ပြူးကျယ်သော မျက်လုံးများနှင့်အတူ ပစ်လဲကျသွားပြီး ငြိမ်းချမ်းစွာဖြင့် သေမသွားခဲ့နိုင်ပေ။
တကယ်တော့... အင်မော်တယ်ဓား၏ ရက်စက်နိုင်မှုသည် သူတွေ့မြင်ထားခဲ့သည်ထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေကြောင်း တာအိုအရှင်တိမ်လွှာမိုးစက်က သိမသွားခဲ့ပေ။
. . . .
“ဖျန်ရန်... ဒီနှစ်တွေထဲမှာ နင်လည်းအများကြီး ထိခိုက်ခံစားနေခဲ့ရမှာ ငါသိပါတယ်”
အကြီးအကဲချင်က ညင်သာစွာ သက်ပြင်းချ၏။
ထိုနှစ်တွေထဲမှာ ချင်ဖျန်ရန်၏စိတ်အာရုံသည် အင်မော်တယ်ဓားအပေါ် တစ်ချိန်လုံးရောက်ရှိနေခဲ့သည်ကို သူမက ဘယ်လိုလုပ်မသိရှိဘဲ နေပါ့မလဲ။ သို့သော်လည်း ချင်ဖျန်ရန်အပေါ် အင်မော်တယ်ဓား၏ စိတ်နေသဘောထားသည် မည်သည့်ခံစားချက်မှမရှိဘဲ တစ်ချိန်လုံး တစ်သီးတခြားနေခဲ့၏။
အကြီးအကဲချင်က အနည်းငယ်နာကျင်စွာဖြင့် ပြောလိုက်၏။
“ဒါပေမယ့်လို့... ဘာပဲဖြစ်ဖြစ် နင်က မိစ္ဆာဂိုဏ်းတွေရဲ့အဆူရာနဲ့ အတူနေထိုင်ပြီး သူ့ရဲ့တာအိုလက်တွဲဖော် ဖြစ်လာလို့မရဘူးလေ”
“ဆရာ... ကျွန်မတောင်းပန်ပါတယ် ကျွန်မတောင်းပန်ပါတယ်”
ချင်ဖျန်ရန်က သူမ၏ခေါင်းကို ငုံ၍ တိတ်တဆိတ်ငိုကြွေးနေ၏။
ထိုစဥ်မှာပင် တိုက်ပွဲနယ်မြေ၏ အခြားတစ်ဘက်မှာ အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။
အင်မော်တယ်ဓားက ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
တာအိုအရှင်တိမ်လွှာမိုးစက်က သေဆုံးသွားခဲ့၏။
အကြီးအကဲချင်သည် ထိုသည်ကိုမြင်သောအခါ သူမက စိတ်ထဲကနေ သက်ပြင်းချ၍ အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“ဖျန်ရန်... အင်မော်တယ်ဓားက ထွက်သွားပြီဆိုမှတော့.. နင်လည်းပဲထွက်သွားသင့်တယ် နင်က အနာဂတ်မှာ ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်မယ်လို့ ငါမျှော်လင့်မိတယ်”
“ဆရာ...”
ချင်ဖျန်ရန်၏ မျက်လုံးထဲတွက် မယုံကြည်နိုင်မှုက ဖျပ်ခနဲ ပေါ်ထွက်လာပြီး သူမက အလိုလိုခေါင်းမော့ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်သည် သူမကို ကြောက်လန့်တကြားနှင့် သူမ၏ မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်သွားစေ၏။
အင်မော်တယ်ဓား၏ ကြောက်မက်ဖွယ်ရာကောင်းသောမျက်နှာက အကြီးအကဲချင်၏ နောက်မှာ ပေါ်ထွက်လာခဲ့၏။ သူ၏ သွင်ပြင်သည် တွန့်လိမ်နေပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်နေ၏။
“အဖွားကြီး... ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် ခင်ဗျားက ပျော့ညံလွန်းတယ်ဆိုတာ ကျုပ်သိတာပေါ့”
အင်မော်တယ်ဓား၏ အေးစက်စက်လေသံက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
“ဒီလိုဆိုမှတော့လည်း... ကျုပ်ကိုယ်တိုင် ခင်ဗျားနဲ့ ခင်ဗျားတပည့်ကို ငရဲပြည်ကို အတူတူပို့ပေးရတာပေါ့”
“ဖောက်...”
အကြီးအကဲချင်က အငိုက်မိသွား၏။
ဓားတစ်လက်က သူမ၏ဦးခေါင်းကို ချက်ချင်းပင် ထိုးဖောက်သွားပြီး သူမ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
အင်မော်တယ်ဓားသည် သူမကို တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ဆရာ....”
ချင်ဖျန်ရန်သည် အော်ဟစ်၍ အရူးတစ်ယောက်ကဲ့သို့ ရှေ့သို့ပြေးတက်လိုက်၏။
ဖောက်...
ဓားအလင်းတန်းတစ်ခုက ချင်ဖျန်ရန်၏နှာရောင်ကို ထိုးဖောက်သွား၏။
ချင်ဖျန်ရန်သည် နေရာမှာပင် တောင့်တင်းစွာ အေးခဲရပ်တန့်၍ သူမ၏အကြည့်က တဖြည်းဖြည်းမှိန်ကျသွား၏။