အစွဲအလန်း ကြီးမားသော ချစ်ခြင်းမေတ္တာ
Vol. 86 Ch. 1281
အင်မော်တယ်ဓား လှည့်၍ တိုက်ခိုက်လိုက်ခြင်းသည် အရမ်းကို ရုတ်တရက်ဆန်လွန်း၏။
ဒါ့အပြင် ကောင်းကင်ဘုံ လျှို့ဝှက်ချက်ကလည်း ပေါ်ထွက်လာ၏။
အစကတော့ ဆူဇီမိုသည် အငိုက်မိသွားပြီး သေချာပေါက် တုန်လှုပ်သွားလိမ့်မည်ဟု သူက တွေးထင်ထားခဲ့၏။ သူ၏ တုန်လှုပ်မှုဖြင့် သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုမှာ သူက ချက်ချင်းပင် သတ်ဖြတ်ခြင်းခံရဖို့များလေသည်။
ကံဆိုးစွာနှင့် အင်မော်တယ်ဓားက စိတ်ပျက်သွားရ၏။ သူ လှည့်ကြည့်လိုက်သောအခါ ဆူဇီမို၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့ထိတ်လန့်မှုကိုမှ မတွေ့မြင်ရပေ။
သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ဆင့်ခေါ်လိုက်စဉ်မှာ ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်ကလည်း ကြိုတင်ပြင်ဆင်ထားသည့်အလား သိပ်သည်းစုဖွဲ့လာခဲ့လေပြီ။
ဖျောက်…
ရုတ်တရက်.. မိုးကြိုးများဖြင့် ပြုလုပ်ထားသော ကျာပွတ်တစ်ခုသည် ဆူဇီမို၏ နှာရောင်ထဲကနေ ပေါ်ထွက်လာခဲ့၏။ ၎င်းသည် အဖျက်စွမ်းအား အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး ဝင်ရောက်လာသော ဓားကို ပစ်ရိုက်ချလိုက်၏။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုက မလုံလောက်သေးပေ။
ဇီး…
လေဟာနယ်က တုန်ခါသွား၏။
ဆူဇီမို၏ နှာရောင်ကနေ ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။
ကြီးမားသော စကြာသင်္ကေတတစ်ခုသည် ဆင်းသက်လာပြီး ၎င်းသည်လည်းပဲ အင်မော်တယ်ဓား၏ အမြုတေစိတ်ဝိညာဉ်ဆီသို့ ပြေးဝင်သွားလေသည်။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် နှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
အင်မော်တယ်ဓား၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုသာ ထုတ်ဖော်သည်ဆိုလျှင် အဲဒါက ဘာမှပြောလောက်စရာ မဟုတ်ပေ။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်မှာသာ ရှိနေ၏။ ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် မိုးကြိုးဧကရာဇ်ထံမှ အမွေခံထားသည်ဆိုလျှင်တောင် ၎င်းက သူ့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါ ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုကို ထုတ်ဖော်လိုက်ပြီး ထိုနှစ်ခုစလုံးက သူ့ထံသို့ ဦးတည်လာ၏။ ဆူဇီမိုသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို လုံးဝ လျစ်လျူရှုထားပုံရလေသည်။
“တကယ့်ကို တဇောက်ကန်းပဲ”
အင်မော်တယ်ဓားက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် သုံးခုက ချက်ချင်းပင် ထိတွေ့ရိုက်ခတ်သွားကြ၏။
၎င်းက တိတ်ဆိတ်ငြိမ်သက်သော်လည်း လေဟာနယ်က တုန်ခါ၍ တွန့်လိမ်သွားလေသည်။
ကြောက်စရာကောင်းသော စိတ်ဝိညာဉ် အတက်အကျတစ်ခုက ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ဝါးသစ်တောသည် ဖုန်မှုန့်အဖြစ်သို့ တိတ်တဆိတ်ပြောင်းလဲသွား၏။
“အား..”
အင်မော်တယ်ဓားသည် စူးစူးဝါးဝါး အော်ဟစ်၍ သူ၏ အသိစိတ်အတွင်းရှိ သူ့အမြုတေစိတ်ဝိညာဉ်ထံကနေ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူ၏ အမြုတေစိတ်ဝိညာဉ်က ထိုထိတွေ့ရိုက်ခတ်မှုတွင် ဒဏ်ရာရရှိသွားခဲ့လေပြီ။
“အထီးကျန်သိုင်းသခင်… မင်းက ငါ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်တဲ့အတွက် သေရမယ်”
အင်မော်တယ်ဓားက ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခုနှင့်အတူ ဟိန်းဟောက်လိုက်၏။
သူ၏ ထင်မြင်ချက်အရ.. ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုလုံးကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်တာကြောင့် သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ခုခံနိုင်တော့မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို…
ကောင်းကင်ဘုံလျှို့ဝှက်ချက် ထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဉ်မြားက ဆင်းသက်လာသည့် ခဏမှာပင် ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်သည် မြင့်မြတ်ထည်ဝါသော ရွှေရောင်အလင်းနှင့်အတူ ဝင်းလက်လာခဲ့၏။
ရွှေရောင်အလင်းသည် လျင်မြန်စွာ ဖြန့်ကြက်သွားပြီး ဆူဇီမို၏ ဘေးပတ်လည်တွင် ရွှေရောင်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ထိုအကာအရံအလွှာ၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်၍ ရှေးကျသော ဗုဒ္ဓဝါဒဆိုင်ရာ စကားလုံးများကို ခတ်နှိပ်ထား၏။
တကယ်ဆို.. ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်မှ သက္ကတ ဘာသာစကားအသံတချို့ပင် ကျယ်လောင်သော အသံဖြင့် ထွက်ပေါ်လာခဲ့၏။
“ဟမ်..”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်မှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက တစ်ချိန်လုံး ရှိနေခဲ့ပြီး သူ၏ အမူအရာက လုံးဝ မပြောင်းလဲခဲ့ပေ။
သို့သော်လည်း.. ရွှေရောင်အကာအရံအလွှာ ဖြစ်ပေါ်လာသည့် ခဏမှာပင် သူက မျက်မှောင်ကြုတ်လိုက်၏။
သူသည် အရာရာတိုင်းကို တွက်ချက်နိုင်သည်ဟု ယုံကြည်ထားခဲ့၏။
သူသည် မတိုက်ခိုက်ခင်ကပင် ဆူဇီမို၏ တုံ့ပြန်မှုကို ကြိုတင်တွက်ချက်ထားခဲ့ပြီး ထိုသူသည် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ခုခံဖို့အတွက် မင်းဝမ်ဆုတောင်းပုတီးကို အသုံးပြုလာမည်ဟု မျှော်လင့်ထားခဲ့၏။
တကယ်ဆို.. ပျက်စီးနေသော မင်းဝမ်ဆုတောင်းပုတီးက သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ဟုပင် သူက ကြိုတင်မျှော်လင့်ထားခဲ့ပြီးဖြစ်၏။
သို့သော်လည်း သူက လွဲမှားတွက်ချက်ခဲ့မိလေသည်။
ရုတ်တရက်.. ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ မင်းဝမ်ဆုတောင်းပုတီးသည် ပြီးပြည့်စုံပြီး စွမ်းအင်ပြည့်ဝနေသည်ကို သူက နားလည်လိုက်၏။
ဘုန်း…
မြားသည် ရွှေရောင်အကာအရံလွှာကို ထိခတ်သောအခါ ကျယ်လောင်သော အသံက ထွက်ပေါ်လာ၏။
ရွှေရောင်အကာအရံလွှာသည် ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်းပေါ်တွင် အက်ကွဲကြောင်းများက ချက်ချင်းပေါ်ထွက်လာ၏။
ဘုန်း…
ထို့နောက် ချက်ချင်းပင် ရွှေရောင်အကာအရံအလွှာက ကြေမွသွား၏။
အမြုတေစိတ်ဝိညာဉ်မြားအနေဖြင့်လည်း ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်ပြီးနောက် ၎င်းသည်လည်း ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏အပြုံးကို ရုတ်သိမ်းပြီး သူ၏မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။ သူသည် ဆူဇီမိုကို အလေးအနက် တစ်ချက်ကြည့်ပြီးနောက် ဘေးဘက်ရှိ အင်မော်တယ်ဓားကို ဖမ်းဆွဲကာ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ အဝေးတစ်နေရာသို့ ပြေးထွက်လိုက်၏။
သူသည် ဆူဇီမိုနှင့် ဆက်လက်တိုက်ခိုက်ဖို့ မရွေးချယ်ဘဲ အင်မော်တယ်ဓားနှင့်အတူ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်၏။
သူ၏ ထွက်ပြေးခြင်း နည်းစနစ်သည် အင်မော်တယ်ဓား၏ ဓားစတေးထွက်ပြေးခြင်းထက်ပင် ပို၍မြန်ဆန်လေသည်။
ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်နောက်သို့ ပြေးလိုက်သွားခြင်း မရှိဘဲ နေရာမှာပင် ရပ်တန့်၍ ငေးကြည့်နေ၏။
နောက်ပိုင်း ပေါ်ထွက်လာသော စာပေသမားသည် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံနှင့် စွမ်းအားကြီးသော တိုက်ခိုက်ရည်ခွန်အား ရှိလေသည်။ သူ၏ လှုပ်ရှားခြင်း နည်းစနစ်က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေ၏။
သူ၏ အမြန်နှုန်းအရ သူသည် နောက်ကနေ ပြေးလိုက်မည်ဆိုလျှင်တောင် သူတို့ကို လိုက်မီချင်မှ လိုက်မီတော့ပေမည်။
ဒါ့အပြင်.. သူ့နောက်ဘက်ရှိ ဝါးသစ်တောထဲမှာ ယန်ပေးချန်သည် ဒဏ်ရာအပြင်းအထန် ရရှိထားဆဲဖြစ်၏။
သူက သူတို့နောက်သို့ အချိန်ကြာမြင့်စွာ လိုက်လံဖမ်းဆီးနေလျှင် ယန်ပေးချန် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ရလေသည်။
ယန်ပေးချန်သည် သွေးအေးရက်စက်၍ နှလုံးသား ကင်းမဲ့သည်ဟု ထင်ရသော်လည်း သူ၏နှလုံးသားက တစ်ကြိမ်လှုပ်ခတ်သွားလျှင် စိတ်ခံစားချက် အလွန်တရာ မြင့်တက်လာသော တစ်စုံတစ်ယောက်ဖြစ်ကြောင်း သူက ကောင်းကောင်းသိထား၏။
ထိုကဲ့သို့ ကြိုတင်မျှော်လင့်မထားသော ရုတ်တရက်ဆန်လွန်းသည့် အဖြစ်အပျက်တစ်ခုကို တွေ့ကြုံရခြင်းသည် ယန်ပေးချန်အတွက် ကြီးမားပြင်းထန်သည့် ရိုက်နှက်ချက်တစ်ခု ဖြစ်လေသည်။
ဆူဇီမိုသည် မချင့်မရဲဖြစ်နေသော်လည်း သူသည် ယန်ပေးချန်ကို ပြန်လည်စစ်ဆေး သွားရောက်ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်၏။
သိပ်မကြာခင် ဆူဇီမိုသည် ဝါးသစ်တောဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ယန်ပေးချန်သည် ချင်ဖျန်ယန်၏ အလောင်းဘေးမှာ ဒူးထောက်ချပြီး သူ၏ခေါင်းကို ငုံ့ထား၏။ သူသည် ကြက်သေသေနေသော အမူအရာနှင့် ဗလာကျင်းနေသော အကြည့်နှင့်အတူ မလှုပ်မယှက် ရှိနေ၏။
အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူတို့သည် ရင်ဘတ်စည်တီး အော်ဟစ်၍ လဲပြိုကျသွားလောက်လေသည်။
သို့သော်လည်း.. အစကနေ ယခုအချိန်ထိ ယန်ပေးချန်သည် အသံတစ်ချက်မှ ထွက်မလာခဲ့ပေ။
သူသည် ချင်ဖျန်ယန်ကို တိတ်တဆိတ်ဖြင့်သာ ကြည့်နေ၏။
ဆူဇီမိုသည် ဟန့်တားနှောင့်ယှက်ခြင်း မရှိဘဲ ဘေးကနေသာ စောင့်ကြည့်နေ၏။
သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်နေသော ယန်ပေးချန်ကို ကြည့်ပြီး သူက အမှန်တကယ်ပင် စိုးရိမ်ပူပန်လာ၏။
ယန်ပေးချန်က အော်ငိုလိုက်မည်ဆိုလျှင်တောင် အဲဒါက ပိုကောင်းနိုင်လေသည်။
ယန်ပေးချန်က တိတ်ဆိတ်ငြိမ်သက်လေလေ.. ဆူဇီမိုက ပို၍စိုးရိမ်ရလေလေ ဖြစ်၏။
“အစ်ကိုယန်.. အဲဒါကို ချုပ်တည်းထားမယ့်အစား ဖွင့်ထုတ်လိုက်ပါလား”
ဆူဇီမိုက မနေနိုင်ဘဲ ဖျောင်းဖျလိုက်၏။
“ငါ.. အဆင်ပြေပါတယ်”
အတန်ကြာပြီးနောက်.. ယန်ပေးချန်သည် နက်ရှိုင်း၍ ခြောက်ကပ်သော အသံဖြင့် ထိုစကားကို ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဆူဇီမို၏ အမူအရာက အနည်းငယ် ပြေလျော့သွား၏။
ရုတ်တရက်ဆိုသလို…
ယန်ပေးချန်သည် သူ၏ပါးစပ်ကို ဖွင့်ပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။
သူက ထိုသွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည့် ခဏမှာပင် ယန်ပေးချန်၏ အသက်ဓာတ်အားက သိသိသာသာ အားနည်းသွား၏။
သူ၏ အနက်ရောင်ဆံပင်များသည် သိသာမြင်သာသော နှုန်းထားဖြင့် မီးခိုးရောင်သန်းလာခဲ့၏။
ယန်ပေးချန်သည် ဤတိုင်းသာ ဆက်နေလျှင် သူ၏ ဘဝသက်တမ်းက ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။
မသတီစရာ သွေးများသည် ချင်ဖျန်ယန်၏ ဖြူဖွေးသော ပါးနှစ်ဖက်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
ယန်ပေးချန်သည် သူ၏ အင်္ကျီစကို ဆုတ်ဖြဲပြီး သူမ၏ မျက်နှာပေါ်ရှိ သွေးစက်များကို ညင်သာစွာဖြင့် ဂရုတစိုက် သုတ်ပေးလိုက်၏။
ယန်ပေးချန်၏ မျက်လုံးထဲရှိ နူးညံ့ညင်သာမှုက ဆူဇီမို၏ နှလုံးသားကို နာကျင်ကိုက်ခဲသွားစေ၏။
သူသည် စိတ်ထဲကနေ သက်ပြင်းချ၍ တစ်ဘက်သို့လှည့်ကာ အဲဒါကို ဆက်လက်၍ မကြည့်ရက်နိုင်တောာ့ပေ။
ထိုသို့နှင့်ပင်.. ယန်ပေးချန်သည် ချင်ဖျန်ယန်၏ ရှေ့မှာ တစ်နေ့လုံး တစ်ညလုံး ဒူးထောက်နေခဲ့၏။
သူသည် ခြေတစ်လှမ်းမျှ ခွာမသွားခဲ့ပေ။
အဲဒါထက် သူ၏အကြည့်သည် ချင်ဖျန်ယန်အပေါ်မှာ တစ်နေ့လုံး မမှိတ်မသုန် ကျရောက်နေခဲ့၏။
ဆူဇီမိုသည် စိုးရိမ်ပူပန်စွာဖြင့် ဘေးကနေ တိတ်တဆိတ် စောင့်ကြည့်နေ၏။ မနက်ခင်းသို့ ရောက်၍ နေက မြင့်တက်လာခဲ့၏။
ဆူဇီမိုသည် အဲဒါကို ဆက်လက်၍ မချုပ်တည်းနိုင်တော့ပေ။ သူသည် ရှေ့သို့ လျှောက်လှမ်းပြီး မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကနေ သူလုယူလာခဲ့သော ကျောက်စိမ်းဆေးပုလင်းကို ထုတ်ယူလိုက်၏။
အစကတော့.. ကျောက်စိမ်းဆေးပုလင်းထဲတွင် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနှစ်လုံး ရှိနေခဲ့၏။
စောစောက ဆူဇီမိုသည် အင်မော်တယ်ဓားနောက်သို့ ပြေးမလိုက်ခင် ဆေးလုံးတစ်လုံးကို စားသုံးခဲ့ပြီးလေပြီ။
တကယ်တော့.. ထွက်ပြေးသွားသော အင်မော်တယ်ဓားနောက်သို့ ပြေးလိုက်သည့် ခဏမှာပင် သူက မသိသာမထင်ရှားသော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိနေခဲ့ပြီဖြစ်၏။
အဲဒါသည် သူ့အာရုံခံအသိစိတ်ထံမှ သတိပေးချက်တစ်ခုဖြစ်ပြီး သေချာပေါက် ထင်ယောင်ထင်မှားတစ်ခု မဟုတ်ခဲ့ပေ။
ထိုအချိန်တုန်းက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုနှင့် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ရာကျော်ကို ထုတ်ဖော်ပြီးနောက် အလွန်တရာ အားနည်းနေခဲ့ပြီဖြစ်၏။
ထို့ကြောင့်ပင်လျှင်.. သူသည် အင်မော်တယ်ဓားနောက်သို့ ဆက်လက်ပြေးမလိုက်ခင် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးတစ်လုံးကို ကြိုတင်စားသုံးခဲ့ပြီး နောက်ပိုင်းတွင် သူက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ် နှစ်ခုကိုပင် ထုတ်ဖော်ခဲ့ရ၏။
ယခုအချိန်တွင် ကျောက်စိမ်းပုလင်းထဲမှာ ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံး တစ်လုံးသာလျှင် ကျန်ရှိတော့၏။
ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဉ်သည် အစကတည်းက ဒဏ်ရာရရှိထား၏။
ဤတိုက်ပွဲတွင် သူသည် အင်မော်တယ်ဓားကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကိုလည်း တွေ့ကြုံခံစားခဲ့ရ၏။ သူသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို မစားသုံးဘူးဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဉ်က သက်သာပျောက်ကင်းလာဖို့ မဖြစ်နိုင်တော့ပေ။
“အစ်ကိုယန်.. ဒီဆေးလုံးကို အရင်စားလိုက်”
ဆူဇီမိုသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ကမ်းပေးရင်း ညင်သာစွာ ပြောလိုက်၏။
ယန်ပေးချန်က ၎င်းကို အမူအရာကင်းမဲ့စွာဖြင့် လက်ခံယူလိုက်၏။
ဆူဇီမိုက အနည်းငယ် စိတ်သက်သာရာရသွား၏။
ယန်ပေးချန်သည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို စားသုံးလိုက်သည်နှင့်အမျှ သူက အနည်းဆုံး အသက်ရှင်နိုင်ပေလိမ့်မည်။
သူ့အတွေးမဆုံးသေးခင်မှာပင် ယန်ပေးချန်သည် ထိုဆေးလုံးကို သူ၏လက်နှစ်ချောင်းဖြင့် ဖိချေလိုက်၏။
ချက်ချင်းပင် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွား၏။