တစ်စုံတစ်ယောက်ကိုရှာဖွေခြင်း
Vol. 86 Ch. 1284
ပဟေဠိနန်းတော်ရှိ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ တာအိုစံအိမ်တွင်...
အလင်းတန်းတစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာ၏။ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အင်မော်တယ်ဓားကို သူ၏တာအိုစံအိမ်သို့ ခေါ်ဆောင်လာခဲ့၏။
အင်မော်တယ်ဓား၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ အနည်းငယ်မောဟိုက်နေ၏။ သူ၏မျက်လုံးနှစ်ဖက်သည် အမုန်းတရားများဖြင့်ပြည့်နှက်နေပြီး အံကိုတင်းတင်းကြိတ်လိုက်၏။
“အထီးကျန်သိုင်းသခင်... ငါမင်းကိုအခဲမကြေဘူး”
သူသည် ဤတစ်ခေါက်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ကယ်တင်ခြင်းကိုခံခဲ့ရသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိသွားခဲ့၏။
အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာများကိုကုသရန် အရမ်းကိုခက်ခဲလေသည်။
ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့်ပင်လျှင် သူတို့မှာ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကဲ့သို့ ထူးခြားအံ့မခန်းဆေးလုံးများ ရှိမနေပေ။
အစကတော့... ဤတစ်ခေါက် အဆူရာကို သတ်ဖြတ်မည့် သူ၏ အစီအစဥ်သည် သေချာပေါက် အောင်မြင်ရပေလိမ့်မည်။ အထီးကျန်သိုင်းသခင်တစ်ယောက် ပေါ်ထွက်လာရုံမျှနှင့် အရာရာတိုင်းက ဖျက်ဆီးခံလိုက်ရသည်ဆိုတော့...။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က မှင်သေသေဖြင့် ပြောလိုက်၏။
“တကယ်တော့... ခင်ဗျားက အဲ့လောက်လည်း မကျေမချမ်းဖြစ်နေစရာမလိုပါဘူး... အနည်းဆုံးတော့ အဆူရာက ဒုက္ခိတဖြစ်သွားခဲ့ပြီ ခင်ဗျားရဲ့ ရည်ရွယ်ချက်က အထမြောက်သွားတယ်လို့ပြောလို့ရတယ်”
“အမှန်ပဲ... အဲ့ဒီခွေးမ ချင်ဖျန်ရန်ကလည်း သေသွားပြီ”
အင်မော်တယ်ဓားက ခေါင်းညိတ်လိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် သူက လှည့်၍မေးလိုက်၏။
“ညီကို ကောင်းကင်ဘုံလျှို့ဝှက်ချက်... ခင်ဗျားမှာ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးများ ရှိလား... ခင်ဗျားမှာရှိတယ်ဆိုရင် ကျုပ်က ခင်ဗျားအလိုရှိတဲ့ ဘယ်ရတနာနဲ့မဆို အဲ့ဒါကို လဲယူပါ့မယ်”
“စိတ်မကောင်းပါဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တောင်းပန်သည့်ပုံဖြင့် ပြုံးပြလိုက်၏။
အင်မော်တယ်ဓား၏ အကြည့်က မှေးမှိန်သွားပြီး သူ၏ အမူအရာက တစ်ဖန်ပြန်လည်သုန်မှုန်သွား၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးအနက်ပိုင်းထဲတွင် လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စက တဒင်္ဂ ဖျတ်ခနဲပေါ်ထွက်သွား၏။
သူ့မှာ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံး ရှိခဲ့မည်ဆိုလျှင်တောင် သူက အင်မော်တယ်ဓားကို သေချာပေါက်ထုတ်ပေးလိမ့်မည် မဟုတ်ပေ။
အများဆုံး... သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အသုံးချနေခြင်းမျှသာဖြစ်ကြ၏။
ဒါ့အပြင် အင်မော်တယ်ဓားသည် စိတ်သဘောထားကျဥ်းမြောင်းပြီး ကျေးဇူးကန်းသောလူတစ်ယောက်ဖြစ်၏။ သူ့ကို ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံး ပေးလိုက်မည်ဆိုလျှင်တောင် သူက ဤကျေးဇူးကို အမှတ်ထားလိမ့်မည် မဟုတ်ပေ။
ချင်ဖျန်ရန်တောင်... ဘယ်လိုဖြစ်သွားခဲ့သလဲ။
သူမသည် နောက်ဆုံးမှာတော့ အညှာအတာမဲ့စွာ သတ်ဖြတ်ခံလိုက်ရဆဲ ဖြစ်၏။
သူနှင့် နှစ်ပေါင်းများစွာသိကျွမ်းလာခဲ့သော တာအိုအရှင်တိမ်လွှာမိုးစက်သည် သူ၏ အကောက်ကြံခြင်းကိုခံခဲ့ရပြီး နောက်ဆုံးမှာ သေသည့်တိုင်အောင်ဖြစ်ခဲ့ရ၏။
ခဏနေပြီးနောက် အင်မော်တယ်ဓားသည် သာမန်ကာလျှံကာ ပုံစံဖြင့်မေးလိုက်၏။
“ဒါနဲ့... ညီကိုကောင်းကင်ဘုံလျှို့ဝှက်ချက်.. ခင်ဗျားက တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ”
“အစတုန်းကတော့... ခင်ဗျားတို့ရဲ့ခရီးစဥ်အတွက် ကျုပ်ရဲ့ဗေဒင်တွက်ချက်မှုက မှားစရာအကြောင်းမရှိခဲ့ဘူး... အဲ့ဒါကြောင့် ကျုပ်က ခင်ဗျားတို့နောက်ကို လိုက်မလာခဲ့ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြောလိုက်၏။
“ဒါပေမယ့်လို့... သိပ်မကြာခင်မှာပဲ ကျုပ်နောက်တစ်ဖန်ဗေဒင်တွက်ကြည့်လိုက်တော့ ဒီကိစ္စရဲ့ လမ်းကြောင်းက ရုတ်တရက်မှုန်ရီဝေဝါးလာတာကို တွေ့ရှိလိုက်ရတယ်... တစ်ခုခုဖြစ်တော့မယ်ဆိုတာကို ကျုပ်သတိထားမိတဲ့အတွက် ချက်ချင်း နောက်ကနေလိုက်လာခဲ့တာပဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် နွေးထွေးသောအမူအရာတစ်ခုနှင့်အတူ စိတ်ရှည်လက်ရှည်ရှင်းပြနေသော်လည်း သူက စိတ်ထဲကနေ လှောင်ရယ်နေ၏။
အင်မော်တယ်ဓားက သူ့အပေါ်မှာ မကျေနပ်ချက်တချို့ ရှိနေသည်ကို သူက ပြောနိုင်၏။
အင်မော်တယ်ဓားက ဆက်ပြောလေသည်။
“ညီကိုကောင်းကင်ဘုံလျှို့ဝှက်ချက်... အထီးကျန်သိုင်းသခင်က သူ့ရဲ့သက်လုံအားအကုန်ကို သုံးစွဲပြီး အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တွေကို ဆက်တိုက်ထုတ်ဖော်ပြီးတဲ့နောက် သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာအားနည်းသွားခဲ့ပြီ... ခင်ဗျားက အဲ့ဒီအခွင့်အရေးကိုအသုံးချပြီး သူ့ကို ဘာလို့သတ်ဖို့မလုပ်ခဲ့တာလဲ”
“ငါသူ့ကို မသတ်နိုင်ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က စိတ်ရှည်နေဆဲ ဖြစ်ပြီး သူ၏ခေါင်းကိုခါပြလိုက်၏။
“တကယ်တော့... ငါ့ရဲ့အစွမ်းအစနဲ့ဆို အထီးကျန်သိုင်းသခင်ကို အလွယ်တကူအနိုင်ယူနိုင်တယ်... ဒါပေမယ့်လို့ သူ့ကိုသတ်ဖို့ကတော့ မဖြစ်နိုင်ဘူး”
“အထီးကျန်သိုင်းသခင်က ထွက်ပြေးခြင်းနည်းစနစ်အတော်များများကို သိထားတယ် သူက တစ်စုံတစ်ရာလွဲမှားနေတယ်ဆိုတာကို သတိထားမိသွားပြီး သူ့ရဲ့ ထွက်ပြေးခြင်းနည်းစနစ်တွေကို ထုတ်သုံးမယ်ဆိုရင် ငါကသူ့ကို လိုက်မီမှာမဟုတ်ဘူး”
“နောက်ပြီး အထီးကျန်သိုင်းသခင်က ငါ့ရဲ့တည်ရှိမှုကို ကြိုတင်သတိထားမိခဲ့ပြီးပြီ... သူ့ရဲ့အာရုံက အရမ်းကိုထက်ရှလွန်းတယ်”
ဘန်း...
အင်မော်တယ်ဓားသည် သူ့ရင်ထဲရှိ အမျက်ဒေါသများကို ဖြေဖျောက်ဖို့အတွက် သူ့ဘေးတွင်ရှိသော ကျောက်သားစားပွဲကို လက်သီးဖြင့် ပစ်ထိုးချလိုက်၏။
သူက အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။
“အခု... ဒီအခွင့်အရေးကိုလွဲချော်သွားပြီဆိုတော့ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့က အရမ်းကိုခက်ခဲသွားတော့မယ်”
“အထီးကျန်သိုင်းသခင်က ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ ၃ခုကိုကျင့်ကြံထားပြီး သူတို့တစ်ခုချင်းစီက ၈၇ပေမြင့်မားနေပြီ... ဒါပေမယ့်လို့ သူက အလယ်အလတ်ဓမ္မဝိသေသအဆင့်မှာပဲ ရှိနေသေးတယ်”
“သူက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားတာနဲ့ မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တွေကပဲ သူ့ကိုဖိနှိမ်နိုင်တော့မယ်”
ပေါင်းစည်းခန္ဓာအဆင့်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို သူတို့၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းရခြင်းဖြစ်၏။
အထီးကျန်သိုင်းသခင်က ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းပြီး သူ့ကျင့်ကြံထားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုကို ပေါင်းစည်းနိုင်မည်ဆိုရင် သူ၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ထိတောင်မြင့်တက်လာလိုက်မလဲ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် အင်မော်တယ်ဓား၏ မကျေမချမ်း ရေရွတ်ပြောဆိုမှုကို ကြားသောအခါ သူက အလောတကြီးလည်းမရှိ ထိတ်ထိတ်ပျာပျာလည်းမရှိပေ။
“အဲ့ဒီမှာ အခွင့်အရေးတစ်ခုရှိပါသေးတယ်”
“အို...”
အင်မော်တယ်ဓားက မျက်ခုံးပင့်၍မေးလိုက်၏။
“ခင်ဗျားက ဘာလို့အဲ့လိုပြောနိုင်တာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြန်ဖြေလိုက်၏။
“နောက်နှစ်တစ်ရာနေရင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲလာတော့မယ်”
“ခင်ဗျားပြောချင်တာက....”
အက်မော်တယ်ဓားသည် အလေးအနက်စဥ်းစားတွေးတောပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“အဲ့ဒါက ဘယ်လိုလုပ် အခွင့်အရေးတစ်ခုဟုတ်ပါ့မလဲ... အထီးကျန်သိုင်းသခင်ရဲ့ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရဆို သူက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဖြစ်လာဖို့ လုံလောက်တယ်”
“နောက်ပြီး... အထီးကျန်သိုင်းသခင်မှာ မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့နောက်ခံလည်းရှိတယ်... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ ခမ်းနားထည်ဝါမှုအရဆို အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်က ပေါ်ထွက်မလာဘူးလို့ အာမမခံနိုင်ဘူး... အဲ့ဒီအချိန်ကျရင် သူ့ကိုဘယ်သူက ထိပါးရဲဦးမှာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က မှင်သေသေဖြင့်ပြောလိုက်၏။
“ငါ့ရဲ့တွက်ချက်မှုအရဆို... နဂါးသင်္ချိုင်းတောင်ကြားက ပုဂ္ဂိုလ်က သေချာပေါက် နှစ်တစ်ရာထက်ပိုမနေရတော့ဘူး”
အင်မော်တယ်ဓားက ခေါင်းခါလိုက်၏။
“အဲ့လိုဆိုရင်တောင် တစ်သီးပုဂ္ဂလ ၄အုပ်စုထဲက နှင်းပုံတောင်ကြား ၊ ဒီပင်္ကရာကျောင်းတော်နဲ့ အခြားထိပ်သီးဂိုဏ်းကြီးတွေက သူနဲ့ဆက်ဆံရေးကောင်း ရှိထားကြတယ်... ကျုပ်တို့အနေနဲ့ အထီးကျန်သိုင်းသခင်ကို အားလုံးရဲ့ရှေ့မှောက်မှာ သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး”
တစ်ချိန်က အထီးကျန်သိုင်းသခင်သည် မိစ္ဆာသားရဲတစ်ကောင်ဖြစ်သည်ဟု သူတို့၏ ထိပ်သီးဂိုဏ်းကြီးများက ထုတ်ဖော်ကြေညာခဲ့ပြီး နတ်ဆိုးများကို နှိမ်နှင်းခြင်းဟူသော ခေါင်းစဥ်အောက်မှာ သူ့ကိုပြောင်ပြောင်တင်းတင်းသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ကြ၏။
သို့သော် ယခုအခါ ထိုအကြောင်းပြချက်က ဟာသတစ်ခုဖြစ်လာခဲ့လေပြီ။
အင်မော်တယ်ဓားက ဆက်ပြောလိုက်၏။
“နောက်ပြီး အထီးကျန်သိုင်းသခင်ရဲ့ စွမ်းအားအရဆို သူသာ တကယ်တမ်းထွက်ပြေးချင်တယ်ဆိုရင် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် သူ့ကိုတားဆီးနိုင်မှာမဟုတ်ဘူး”
“စောင့်ကြည့်လိုက်ပါဦး... အခွင့်အရေးတစ်ခုက သေချာပေါက်ရှိလာမှာ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏မျက်လုံးကိုမှေးကျဥ်း၍ အဓိပ္ပါယ်ပါပါပြောလိုက်၏။
ထိုစဥ်မှာပင် သူ၏အမူအရာက ပြောင်းလဲသွား၏။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်း၍ စံအိမ်တံခါးကိုပွင့်သွားစေပြီး သတင်းပို့ကြိုးကြာတစ်ကောင်က ပျံသန်းဝင်ရောက်လာ၏။
သတင်းပို့ကြိုးကြာသည် မသတီစရာအစိမ်းရောင်မျက်လုံးများနှင့်အတူ အလွန်တရာမကောင်းဆိုးဝါးဆန်နေ၏။
“မျိုးနွယ်စု ၉စုထဲကတစ်စု… စုန်းမျိုးနွယ်”
အင်မော်တယ်ဓားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
စုန်းမျိုးနွယ်ကသာလျှင် ဤကဲ့သို့သော စိတ်ဝိညာဥ်ကြိုးကြာတစ်ကောင်ကို ပိုင်ဆိုင်ပေလိမ့်မည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် စိတ်ဝိညာဥ်ကြိုးကြာကို တစ်စုံတစ်ရာပြောဆိုပြီးပြန်လွှတ်ပေးလိုက်၏။ သိပ်မကြာမီ အစိမ်းရောင်ဝတ်ရုံများနှင့် ခေါင်းမြီးခြုံထားသော ကျင့်ကြံသူများသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ တာအိုစံအိမ်ထဲသို့ ဝင်ရောက်လာကြ၏။
“အကြီးအကဲ ဝူရှဲ့... အခုလိုတွေ့ရတာ ဂုဏ်ယူစရာပါပဲ... စောစောက ခင်ဗျားကို လာမကြိုမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အပြုံးတစ်ခုနှင့်အတူ သူ၏လက်သီးနှစ်ဖက်ကို ယှက်ဖြာလိုက်၏။
“တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က သဘောကောင်းနေပြန်ပါပြီ”
ဦးဆောင်လာသော အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူက သူ့ဦးခေါင်းထက်ရှိခေါင်းခြုံကိုဖယ်ရှားပြီး ပိန်လီ၍ အိုမင်းသောမျက်နှာတစ်ခုကို ပေါ်ထွက်လာစေ၏။ သူ၏ဆံပင်များက ပါးလွှာ၍ သူ၏မျက်လုံးများက အစိမ်းရောင်ဖြစ်၏။
“ဒါကတော့... အင်မော်တယ်ဓား... သူက တစ်ခါတုန်းက ဓားဂိုဏ်းရဲ့ မည်ကာမတ္တတပည့်... အခုတော့ သူက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်လာခဲ့ပြီ... ဒါကတော့ စုန်းမျိုးနွယ်က အကြီးအကဲဝူရှဲ့ပဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူတို့နှစ်ဖက်ကို အတိုချုံးမိတ်ဆက်ပေးလိုက်၏။
“ခင်ဗျားအကြောင်း ကျုပ်အများကြီးကြားဖူးပါရဲ့”
ဝူရှဲ့က ညင်သာစွာ ပြုံး၍ သူ၏မျက်လုံးက တဖျပ်ဖျပ်ဖြစ်သွား၏။
ရုတ်တရက်.သူက ပြောလိုက်လေသည်။
“တာအိုရောင်းရင်း အင်မော်တယ်ဓား... ခင်ဗျားရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရထားတဲ့ပုံပဲ”
“အကြီးအကဲ... ခင်ဗျားရဲ့ အာရုံက ထက်ရှပါပေတယ်”
အင်မော်တယ်ဓား၏ အမူအရာက သုန်မှုန်သွားပြီး မုန်းတီးစွာဖြင့်ပြောလိုက်၏။
“ပြောရမယ်ဆိုရင်တော့... ကျုပ်ရဲ့ ရန်သူတွေက ကျုပ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီးတော့ ကျုပ်ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရသွားခဲ့တာပဲ”
သူသည် အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုတစ်ခုမှာ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို ရှုံးနိမ့်သွားသည်ဟူသော အမှန်တရားကို ပြောခြင်းဖြင့် အရှက်မရချင်ပေ။
“အကြီးအကဲဝူရှဲ့... ခင်ဗျားဘာလို့ ဒီကိုရောက်လာတာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဝူရှဲ့နှင့် အလ္လာပသလ္လာပပြောဆိုမနေဘဲ တဲ့တိုးပင်မေးမြန်းလိုက်၏။
“ကျုပ်က တစ်စုံတစ်ယောက်ကိုရှာဖို့အတွက် ခင်ဗျားရဲ့အကူအညီကို လိုချင်လို့ပဲ”
ဝူရှဲ့က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“တစ်စုံတစ်ယောက်ရဲ့ တည်နေရာကိုရှာဖွေထောက်လှမ်းဖို့အတွက် စုန်းမျိုးနွယ်မှာ လျှို့ဝှက်အတတ်များစွာနဲ့ ဗေဒင်တွက်ချက်ခြင်းနည်းလမ်းတွေ အများကြီးရှိနေတာပဲ... ခင်ဗျားက ဘာလို့ကျုပ်ကို လာရှာရတာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ရယ်မောပြောဆိုလိုက်၏။
“စုန်းမျိုးနွယ်က လျှို့ဝှက်အတတ်တွေကို ကျုပ်သုံးပြီးသွားပြီ... ဒါပေမယ့်လို့ သူ့ကိုကျုပ်မရှာနိုင်ဘူး”
ဝူရှဲ့က ခေါင်းခါပြလိုက်၏။
“အို...”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏မျက်လုံးကိုမှေးကျဥ်းပြီးမေးမြန်းလိုက်၏။
စုန်းမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တွေနဲ့တောင် မရှာနိုင်လောက်ရအောင် အဲ့ဒီလူရဲ့နောက်ခံက ဘာလဲ”
“အတိအကျပြောရရင်တော့ သူက လူသားမဟုတ်ဘူး”
ဝူရှဲ့က သူ၏လက်ဖဝါးကိုလှန်လိုက်သောအခါ အနက်ရောင်ကြေးခွံတစ်ခုက ပေါ်ထွက်လာ၏။
“ဒါက... ဘာပါလိမ့်”
အင်မော်တယ်ဓားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အနက်ရောင်ကြေးခွံသည် သားရဲချီနှင့်ဆင်တူသော အလွန်တရာကြောက်စရာကောင်းသည့်အော်ရာတစ်ခုကို ဖြာထုတ်ပေးနေသော်လည်း တစ်ချိန်တည်းမှာပင် သိသာခြားနားမှုရှိလေသည်။
“မိစ္ဆာသားရဲလား...”
ဘယ်မိစ္ဆာသားရဲကများ စုန်းမျိုးနွယ်ကို ဤကဲ့သို့သော အင်အားစုဖွဲ့မှုဖြင့် ပဟေဠိနန်းတော်သို့ အကူညီလာတောင်းလောက်ရအောင် ထိုက်တန်တာလဲ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် တည်တံ့သောအမူအရာနှင့်အတူ ကြေးခွံကိုလက်ခံယူ၍ စစ်ဆေးကြည့်ရှုလိုက်၏။ အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်ပြောဆိုလိုက်၏
“ကမ္ဘာဦးတဗူး...”