← Chapters

မဟာအမြုတေဖန်တီးခြင်း ဆေးလုံး

Vol. 86 Ch. 1285

မဟာအမြုတေဖန်တီးခြင်း ဆေးလုံး

Vol. 86 Ch. 1285

အင်မော်တယ်ဓားသည် ကမ္ဘာဦးတဗူးဟူသော စကားကို ကြားရချိန်တွင် ပင့်သက်ကို ရှိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားရ၏။

“အဲ..အဲဒါက အသက်ရှင်နေသေးတာလား”

အင်မော်တယ်ဓား၏ လေသံက တုန်ယင်နေ၏။

ကမ္ဘာဦးတဗူးသည် တော်ရုံတန်ရုံ မည်သည့်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းကမှ မသိရှိသော တစ်စုံတစ်ရာ ဖြစ်၏။

ရှေးဟောင်းခေတ်ကတည်းက ဆင်းသက်လာခဲ့သော ထိပ်သီးဂိုဏ်းကြီးများနှင့် ရှေးတော်ဝင်မိသားစုအချို့က လွဲလျှင် ဂိုဏ်းအများစုနှင့် ကျင့်ကြံသူအများစုသည် အဲဒါကို တစ်ခါမှ မကြားဖူးကြပေ။

ထိုထိပ်သီးဂိုဏ်းကြီးများ၏ မှတ်တမ်းများထဲတွင် ၎င်းသည် အလွန်တရာ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်ပြီး ကမ္ဘာဦးခေတ်က သတ်ဖြတ်ခြင်း နတ်ဘုရားဟု ခေါ်ဆိုနိုင်၏။ ၎င်းသည် အရာရာတိုင်းကို သတ်ဖြတ်ဝါးမျိုနိုင်ပြီး နဂါးများကိုပင် သုတ်သင်သတ်ဖြတ်နိုင်လေသည်။

၎င်း၏ အဆင့်အတန်းက မျိုးနွယ်စု ၉စု၏ အထက်မှာ ရှိလေသည်။

ဒဏ္ဍာရီအရဆို.. ကမ္ဘာဦးခေတ်က ကမ္ဘာတုန်လောက်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်မှာ ကမ္ဘာဦးမျိုးနွယ် ၉စု ဦးဆောင်သော မျိုးနွယ်စုတစ်သောင်းသည် ထိုကမ္ဘာဦးတဗူးကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသောကြောင့် ဖြစ်၏။

ထိုတိုက်ပွဲတွင် မရေမတွက်နိုင်သော သက်ရှိများက သေကြေပျက်စီးခဲ့ရ၏။

များပြားလှစွာသော မျိုးနွယ်စုများသည် ထာဝရအပြီးတိုင် ရှင်းပစ်ခြင်းခံလိုက်ရ၏။

ထို့ကြောင့်ပင်လျှင် ကမ္ဘာဦးမျိုးနွယ် ၉စုသည်လည်း ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့်ပင် လူသားမျိုးနွယ်စုသည် ထိုအခြေအနေပေါ် အမြတ်ထုတ်ကာ နောက်ပိုင်းတွင် ကမ္ဘာဦးမျိုးနွယ် ၉စုကို တိုက်ခိုက်ဖိနှိမ်နိုင်ခဲ့ခြင်းဖြစ်၏။

ကမ္ဘာဦးခေတ်က ထိုတိုက်ပွဲကြောင့်သာ မဟုတ်လျှင် လူသားများအ​နေဖြင့် ရှေးဟောင်းခေတ်စစ်ပွဲမှာ အနိုင်ရရှိဖို့ အတော်ကို ခက်ခဲပေလိမ့်မည်။

လူသားများသည် ကမ္ဘာဦးမျိုးနွယ် ၉စုအပေါ် နက်ရှိုင်းသော အကြောက်တရားတစ်ခု ရှိကြ၏။

နောက်ဆုံးမှာတော့ သူတို့သည် နှစ်ပေါင်းများစွာ ကျွန်ပြုခံခဲ့ရပြီး အဲဒါက နက်ရှိုင်းစွာ အမြစ်တွယ်နေသော အကြောက်တရားတစ်ခုဖြစ်၏။

ကမ္ဘာဦးတဗူးသည် ကမ္ဘာဦးမျိုးနွယ် ၉စုထက်ပင် ပို၍ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်၏။ ကမ္ဘာဦးတဗူးဟူသော စကားကို ကြားရချိန်တွင် အင်မော်တယ်ဓား ခံစားခဲ့ရသော တုန်လှုပ်မှုကို စဉ်းစားကြည့်နိုင်၏။

အင်မော်တယ်ဓား၏ ကြောက်ရွံ့မှုကို သတိထားမိသွားပြီး ဝူရှဲ့၏ မျက်လုံးက လှောင်ပြောင်သရော်လိုမှုဖြင့် ဖျပ်ခနဲလက်သွား၏။

“တာအိုရောင်းရင်း.. အဲ့လောက်ထိလည်း ကြောက်နေစရာ မလိုပါဘူး.. ကျုပ်က အဲဒီသတ္တဝါရဲ့ ကျင့်ကြံမှုကို တွက်ချက်ပြီးသွားပြီ… သူက ဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်”

ထိုနေရာအရောက်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက ပြေလျော့သွား၏။

၎င်းက ဓမ္မဝိသေသအဆင့်မှာသာ ရှိနေသေးသည်ဆိုလျှင် ကိစ္စက အရမ်းမကြီးမားသေးပေ။

လုံလောက်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို စေလွှတ်နိုင်သည်နှင့်အမျှ ၎င်းကို ဖိနှိမ်နိုင်ပေလိမ့်မည်။

အဲ့လိုမှ မဟုတ်လျှင်လည်း သူတို့သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို စေလွှတ်နိုင်ကြ၏။

“ဒါပေမဲ့လို့…”

ဝူရှဲ့က စကားလမ်းကြောင်းပြောင်းလိုက်၏။

“အဲဒါက လုံလောက်တဲ့ အချိန်တစ်ခုရပြီး ကြီးထွားလာမယ်ဆိုရင်တော့.. ဟင်းဟင်း.. အဲဒီအချိန်ကျရင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သွေးတွေက မြစ်ချောင်းအသွယ်သွယ် စီးဆင်းလာလိမ့်မယ်”

“ခင်ဗျားတို့ရဲ့ လူသားထိပ်သီးဂိုဏ်းကြီးတွေလည်း ချမ်းသာရာရမှာ မဟုတ်ဘူး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အသံကိုနှိမ့်၍ ပြောလိုက်၏။

“အဲဒါက ကမ္ဘာဦးတဗူးဆိုမှတော့ သူ့ရဲ့ တည်နေရာကို ဗေဒင်တွက်ချက်ဖို့အတွက် ကျုပ်က လျှို့ဝှက်အတတ်တစ်ခုကို သုံးမယ်ဆိုရင်.. သူကလည်း ကျုပ်ကို အာရုံခံမိသွားမှာပေါ့”

“သူ့ရဲ့ တည်နေရာကို ရတာနဲ့ အဲဒါက အဆင်ပြေတယ်”

ဝူရှဲ့က အေးစက်စွာ ပြောလိုက်၏။

“ဘာမှပူမနေနဲ့.. အဲဒီ ကမ္ဘာဦးတဗူးနောက်ကို လိုက်နေတာက.. ကမ္ဘာဦးမျိုးနွယ် ၉စုမှာ ကျုပ်တို့ စုန်းမျိုးနွယ်တစ်ခုတည်း မဟုတ်ဘူး.. တခြားမျိုးနွယ်တွေကလည်း သူတို့ရဲ့ ပညာရှင်တွေကို စေလွှတ်ပေးကြလိမ့်မယ်”

“ကျုပ်တို့မျိုးနွယ်တွေက ကျုပ်တို့ရဲ့ ခွန်အားကို ပေါင်းစည်းလိုက်မယ်ဆိုရင်.. ကျုပ်တို့က သူ့ရဲ့ တည်နေရာကို ရတာနဲ့ သူ့ကို သေချာပေါက် ဖိနှိမ်နိုင်လိမ့်မယ်”

“ကျုပ် စမ်းကြည့်ရတာပေါ့”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာပြီး သူ့လက်ဖဝါးထဲရှိ နက်မှောင်နေသော ကြေးခွံပေါ်သို့ ဆင်းသက်ကာ စတင်၍ အာရုံခံတွက်ချက်လိုက်၏။

ခဏနေပြီးနောက်.. သူသည် ဆတ်ခနဲ တုန်ယင်သွားပြီး ခပ်သဲ့သဲ့ ညည်းတွားလိုက်၏။

“တကယ့်ကို အံ့အားသင့်စရာပဲ”

နောက်ဆုံးမှာတော့.. ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏အပြုံးကို ရုတ်သိမ်းလိုက်၏။

သူသည် ဤတစ်ခေါက် ဗေဒင်တွက်ချက်ရာမှာ ကျရှုံးခဲ့ရုံသာမက.. ထိုကြေးခွံသည် သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ်မှာ တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ဖြစ်စေလုနီးပါးပင်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက်.. သူ၏ အမြုတေစိတ်ဝိညာဉ်ကို တစ်ဖန်လှည့်ပတ်လိုက်၏။ သူ၏မျက်လုံးထဲတွင် မီးခိုးရောင်မြူခိုးတစ်ခုက လွှမ်းခြုံလာပြီး အနက်ရောင်ကြေးခွံကို တင်းတင်းဆုပ်ကာ ဆက်လက်၍ အာရုံခံတွက်ချက်လိုက်၏။

တဖြည်းဖြည်းနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲရှိ မီးခိုးရောင်မြူခိုးထဲမှာ သွေးရောင် တစ်စွန်းတစ်စက ပေါ်ထွက်လာ၏။

အချိန်ကြာလာသည်နှင့်အမျှ.. သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်၍ တဖြည်းဖြည်း သိပ်သည်းအားကောင်းလာခဲ့၏။

နောက်ဆုံးမှာတော့…

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲရှိ မီးခိုးရောင်မြူခိုးသည် ပျက်ပြယ်သွားပြီး သူက ဖြူဖပ်ဖြူလျော် အမူအရာနှင့်အတူ သည်းထန်စွာ မောဟိုက်နေ၏။

သူသည် လက်ကိုလွှတ်ပြီး အနက်ရောင်ကြေးခွံကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေ၏။

“အဲဒါက အလယ်ပိုင်းတိုက်မှာပဲ”

သူသည် သိုလှောင်အိတ်ထဲကနေ အလယ်ပိုင်းတိုက်၏ မြေပုံတစ်ခုကို ထုတ်ယူပြီး အနည်းငယ် မောဟိုက်နေ၏။

“ကျုပ်က သူ့ရဲ့ နေရာအတိအကျကိုတော့ မတွက်ချက်နိုင်ဘူး.. ကျုပ်က အကြမ်းဖျင်းနေရာတစ်ခုပဲ ခင်ဗျားတို့ကို ပေးနိုင်မယ်”

“အဲဒါက ဒီနေရာရဲ့ ကီလိုမီတာ ၅၀၀ တစ်ဝိုက်အတွင်းမှာပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် မြေပုံပေါ်ရှိ ဂိုဏ်းအမှတ်အသားတစ်ခုကို လက်ညိုးထိုးပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ယန်ဆေးဂိုဏ်းလား”

အင်မော်တယ်ဓားသည် မြေပုံကိုကြည့်​ပြီး တီးတိုးရေရွတ်လိုက်၏။

“ကောင်းပြီလေ”

ဝူရှဲ့၏ မျက်လုံးထဲရှိ အစိမ်းရောင်အလင်းက ပိုမိုတောက်ပလာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“အချိန်ဖြုန်းနေလို့ မရဘူး.. ကျုပ်က အခုချက်ချင်းပဲ တခြားမျိုးနွယ်တွေကို သတင်းပေးပြီး အဲဒီနေရာဆီကို ချက်ချင်းသွားရမယ်”

“ကောင်းကင်ဘုံလျှို့ဝှက်ချက်.. ခင်ဗျားက ကျုပ်တို့နဲ့လိုက်ပြီး သူ့ရဲ့တည်နေရာကို ဆက်ပြီး တွက်ချက်ပေးလို့ မရဘူးလား”

ဝူရှဲ့က ပြောလိုက်၏။

“ကျုပ် မလုပ်နိုင်တော့ဘူး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ခေါင်းကို ခါပြလိုက်၏။

“အခုလို အာရုံခံတွက်ချက်တာက ကျုပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အတော်လေး အားအင်ကုန်ခမ်းသွားစေတယ်… ကျုပ်က ပြန်လည်သက်သာကောင်းမွန်ဖို့အတွက် အနည်းဆုံး တစ်နှစ်လောက် အနားယူရလိမ့်မယ်”

“ဟုတ်ပြီလေ.. အဲဒါဆိုရင် ကျုပ်တို့ အရင်သွားနှင့်တော့မယ်”

ဝူရှဲ့က ဆက်လက်၍ ကြန့်ကြာမနေဘဲ ချက်ချင်းပင် ထွက်ခွာသွား၏။

အလယ်ပိုင်းတိုက်၊ ယန်ဆေးဂိုဏ်းတွင်…

“ညဝိညာဉ်.. ဒီကိုမြန်မြန်လာကြည့်ဦး.. ငါက မဟာအမြုတေဖန်တီးခြင်း ဆေးလုံးတစ်လုံးကို သန့်စင်လိုက်နိုင်ပြီ”

ဆေးတိုက်တစ်ခုထဲတွင် ရှောင်းနင်သည် ဆေးလုံးတစ်လုံးကို ကိုင်ထားပြီး သူမ၏ဘေးရှိ အေးစက်စက် ညဝိညာဉ်ကို ဝမ်းသာအားရ လှမ်းပြောလိုက်၏။

“မဟာအမြုတေဖန်တီးခြင်း ဆေးလုံးတစ်လုံးနဲ့ဆို ဓမ္မဝိသေသအဆင့် ကျင့်ကြံသူတစ်ယောက်က အဆင့်သေးတစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်”

ရှောင်းနင်က ဆက်ပြောလိုက်၏။

“ငါက ဒီလောက်အချိန်တွေအကြာကြီးနေမှ ဆေးလုံးတစ်လုံးကို ဖန်တီးနိုင်တာ နှမျောစရာပဲ”

“ဒါပေမဲ့ ကိစ္စမရှိပါဘူး.. ငါက ဖြည်းဖြည်းချင်း အဲဒါတွေကို ဆက်ပြီးသန့်စင်သွားရုံပဲ.. အချိန်တန်ရင် ငါ့အတွက် တစ်လုံးရမယ်.. အစ်ကိုကြီးအတွက် တစ်လုံးချန်ထားမယ်.. ညဝိညာဉ် နင်လည်း ဆေးလုံးတစ်လုံး ရမယ်”

ညဝိညာဉ်က သူ၏နှုတ်ခမ်းကို ကွေးညွှတ်၍ ခေါင်းညိတ်ပြလိုက်၏။

ရုတ်တရက်ဆိုသလို…

သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မျက်မှောင်ကြုတ်လိုက်၏။

ရှောင်းနင်သည် မဟာအမြုတေဖန်တီးခြင်း ဆေးလုံးကို သန့်စင်ခြင်းမှာ သူမ၏ အောင်မြင်မှုအတွက် ဝမ်းသာပျော်ရွှင်နေပြီး ညဝိညာဉ်၏ မူမမှန်မှုကို သတိမထားမိပေ။

“ရှောင်းနင်.. ငါ့မှာ လုပ်စရာတစ်ခုပေါ်လာပြီ.. ငါအရင်ဆုံး ထွက်သွားရမယ်”

ထိုစဉ်မှာပင် ညဝိညာဉ်က ရုတ်တရက် ပြောလိုက်၏။

“အာ.. နင်လုပ်စရာရှိတာ လုပ်လေ.. စောစောတော့ ပြန်လာခဲ့”

ရှောင်းနင်က လက်ကာပြပြီး ပြုံးလိုက်၏။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက်.. ညဝိညာဉ်က ပြောလိုက်၏။

“ဒီကိစ္စက နည်းနည်းတော့ ဒုက္ခများတယ်.. ငါက အချိန်အတော်ကြာကြာထိ ပျောက်နေလောက်တယ်”

“အာ…”

ရှောင်းနင်က ညဝိညာဉ်၏ လေသံမှ တစ်နည်းတစ်ဖုံ ထူးခြားမှုကို ခံစားမိပြီး မေးလိုက်၏။

“နင်က အချိန်ဘယ်လောက်ကြာ​ကြာ လိုတာလဲ”

“ငါ မပြောတတ်ဘူး.. အဲဒါက ဆယ်နှစ် ဒါမှမဟုတ် နှစ်တစ်ရာလည်း ဖြစ်သွားနိုင်တယ်.. ဘယ်လိုပဲဖြစ်ဖြစ်.. ငါပြန်မလာဘူးဆိုရင် နင်စိတ်ပူစရာ မလိုဘူး”

ညဝိညာဉ်က ပြောလိုက်၏။

“နင်က ငါ့အကူအညီကို လိုသေးလား”

ရှောင်းနင်က ညင်သာစွာ မေးလိုက်၏။

“မလိုဘူး.. ရတယ်”

ညဝိညာဉ်က ခေါင်းခါပြ​ပြီး ရှောင်းနင်နှင့် ဆက်လက်၍ စကားပြောဆိုမနေတော့ပေ။ သူက တစ်ဖက်သို့လှည့်ပြီး သူမ၏ မြင်ကွင်းကနေ မကြာခင် ပျောက်ကွယ်သွား၏။

“အဲဒါက နောက်ဆုံးတော့ စလာပြီပေါ့လေ”

ယန်ဆေးဂိုဏ်း၏ အပြင်ဘက်တွင် ညဝိညာဉ်၏ အမူအရာက အေးစက်လာပြီး တီးတိုးရေရွတ်လိုက်၏။ ဖျတ်ခနဲဆို သူက တစ္ဆေတစ်ကောင်ကဲ့သို့ လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

. . . . . .

တစ်ချိန်တည်းမှာပင်.. အလယ်ပိုင်းတိုက်ရှိ ဝါးသစ်တောတစ်ခုထဲတွင်…

ဆူဇီမိုသည် ယန်ပေးချန် ထွက်သွားသည်ကို စောင့်ကြည့်ရင်း လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

စစ်မှန်သော အဆူရာတစ်ယောက် မွေးဖွားပေါ်ထွက်လာခြင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သွေးလွှမ်းမှုတစ်ခုကို သေချာပေါက် ဖြစ်စေပေလိမ့်မည်။

ဤကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော မည်သည့်လူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် တာအိုအရှင် တိမ်လွှာမိုးစက်၏ အလောင်းကိုကြည့်ရင်း သူ၏သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်၏။ တိမ်လွှာမိုးစက်ဂိုဏ်း၏ မည်ကာမတ္တတပည့်အနေဖြင့် တာအိုအရှင် တိမ်လွှာမိုးစက်၏ သိုလှောင်အိတ်ထဲတွင် ရတနာများ ပြည့်နှက်နေပေလိမ့်မည်။

ဆူဇီမိုသည် သိုလှောင်အိတ်ကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။

အဲဒီမှာ ကျင့်ကြံခြင်း နည်းစနစ်များနှင့် လျှို့ဝှက်အတတ်ကျမ်းများစွာ ရှိလေသည်။

သို့သော်လည်း သူတို့က အထက်လမ်းကျင့်ကြံရေး နည်းစနစ်များ မဟုတ်သောကြောင့် ဆူဇီမိုသည် အဲဒါကို ကျင့်ကြံလိမ့်မည် မဟုတ်ပေ။

အဲဒီမှာ ထိပ်တန်းအဆင့်နှင့် ပကတိအဆင့် ဓမ္မလက်နက်အချို့လည်း ရှိလေသည်။

ဆူဇီမိုသည် အားလုံးကို သိမ်းဆည်းလိုက်၏။

သူသည် ဆေးလုံးတစ်လုံးကို တွေ့သောအခါ သူ၏မျက်လုံးက အမှန်တကယ်ပင် ဝင်းလက်သွား၏။

တာအိုအရှင် တိမ်လွှာမိုးစက်၏ သိုလှောင်အိတ်ထဲတွင် မဟာအမြုတေဖန်တီးခြင်း ဆေးလုံးတစ်လုံး ရှိနေ၏။

မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှာတုန်းက လူတိုင်းသည် ပုံရိပ်ယောင်လောကထဲသို့ သက်ဆင်းသွားပြီး မဟာအမြုတေဖန်တီးခြင်း ဆေးလုံးတစ်လုံးကို တွေ့မြင်ခဲ့ကြ၏။

ယခု ဤဆေးလုံးက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘဲ အဲ့ဒါက အစစ်အမှန် ရှေးဟောင်းခေတ်က ဆေးလုံးတစ်လုံးဖြစ်၏။

ယခုဆို သူသည် အလယ်အလတ်အဆင့် ဓမ္မဝိသေသအဆင့်မှာ ရှိနေ၏။

သူသည် ဤ မဟာအမြုတေဖန်တီးခြင်း ဆေးလုံးကို ဤနေရာမှာ စားသုံးလိုက်မည်ဆိုလျှင် သူသည် နောက်ပိုင်းဓမ္မဝိသေသအဆင့်သို့ အလျင်အမြန်ချိုးဖျက်တက်လှမ်းသွားနိုင်မည်။

ထိုအချိန်ကျလျှင် သူ၏ ကောင်းကင်နှင့်မြေ​ကြီး ဓမ္မဝိသေသများကလည်း တစ်ဖန်ထပ်၍ ကြီးထွားလာပေလိမ့်မည်။

All Chapters