သိုင်းတာအို မီးဖို
Vol. 86 Ch. 1286
ပင်ယန်းမြို့တွင်..
သိပ်မကြာသေးခင်က ဆူဇီမို၏ ပင်မခန္ဓာဖြစ်သော သူ၏ သိုင်းတာအို အစစ်အမှန်ခန္ဓာသည် ဆန်းကြယ်တောင်ထွတ်ကနေ ပြန်ရောက်လာခဲ့ပြီဖြစ်၏။
သူသည် ဆန်းကြယ်တောင်ထွတ်မှာ ရှိသော ကျင့်ကြံရေး နည်းစနစ်နှင့် လျှို့ဝှက်အတတ်များ အားလုံးကို မှတ်သားလာခဲ့ပြီးပြီဖြစ်၏။
ရင်းနှီးနေကျ ခြံဝန်းထဲတွင် ပင်မခန္ဓာသည် မက်မွန်ပင်၏အောက်မှာ ထိုင်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှ ထိုညကို ပြန်လည်အမှတ်ရလာ၏။ သွေးနီရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်သည် ဤနေရာမှာ မှုန်ရီဝေဝါးသော လရောင်အောက်၌ မတ်တတ်ရပ်နေခဲ့ပြီး သူ့ကို ကျင့်ကြံရေးလောကသို့ ပို့ဆောင်ပေးခဲ့လေသည်။
အရာရာတိုင်းသည် တစ်ဘဝစာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရ၏။
ပင်မခန္ဓာသည် သူ၏မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်၏။
သူသည် အမြုတေဖွဲ့တည်ခြင်းအဆင့်ကနေ ချိုးဖျက်တက်လှမ်းပြီး နောက်ထပ်အဆင့်တစ်ခုသို့ ဝင်ရောက်ဖို့ ပြင်ဆင်လိုက်၏။
အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက်.. အင်မော်တယ်တာအိုဖြစ်စေ.. ဗုဒ္ဓတာအိုဖြစ်စေ.. သို့မဟုတ် သားရဲတာအိုဖြစ်စေ.. သူတို့သည် မတူညီသော နည်းလမ်းများကနေ တူညီသော ပန်းတိုင်သို့ ရောက်ရှိလာကြမည်ဖြစ်၏။ သူတို့သည် သူတို့၏ ရွှေအမြုတေအဆင့်မှာရှိသော ပြောင်းလဲမှုများကို အသုံးချကာ ကောင်းကင်နှင့်မြေကြီးသို့ ချိတ်ဆက်၍ အမြုတေစိတ်ဝိညာဉ်များကို ဖွဲ့တည်လာနိုင်မည်ဖြစ်၏။
အဲဒါသည် သိုင်းတာအိုအတွက်လည်း ထို့အတူပင်။
သူ၏ ပင်မခန္ဓာသည် နောက်လာမည့်အဆင့်ကို သိုင်းစိတ်ဝိညာဉ်အဆင့်ဟု အမည်ပေးထား၏။
သိုင်းတာအို၏ အမြုတေစိတ်ဝိညာဉ်သည် သိုင်းစိတ်ဝိညာဉ်ဖြစ်လေသည်။
အဲဒါကို အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှာ ယင်စိတ်ဝိညာဉ်ဟုခေါ်ပြီး အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာ ကျင့်ကြံရေးနည်းစနစ်များမှာတော့ နိုးထဝိညာဉ်အဆင့်ဟု ခေါ်ကြ၏။
တကယ်တော့ သူ၏ ပင်မခန္ဓာသည် သိုင်းတာအိုအပေါ်မှာ အဆက်မပြတ် တိုးတက်မှုရှိလာခဲ့၏။ သိုင်းသုတ္တန်၏ အဆိုအရ.. သူ၏ သိုင်းစိတ်ဝိညာဉ်နှင့် သာမန်အမြုတေစိတ်ဝိညာဉ်တစ်ခုကြားမှာ ကွာခြားမှုတစ်ခု ရှိနေသေး၏။
ပင်မခန္ဓာသည် ကျောက်ရုပ်တစ်ရုပ် ဖြစ်သွားသည့်အလား မက်မွန်ပင်အောက်မှာ မလှုပ်မယှက် ထိုင်နေ၏။
တဖြည်းဖြည်းနှင့် ပင်မခန္ဓာသည် အသက်ပင် မရှူတော့ပေ။ ထောင်ယောင်သည် သူ၏သစ်ကိုင်းများကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ သူသည် ပင်မခန္ဓာအတွင်းမှ အသက်ဓာတ်အားကို ခံစားမိနေသောကြောင့်သာ မဟုတ်လျှင် ပင်မခန္ဓာက ကွယ်လွန်သွားပြီဟုပင် သူက တွေးမိသွားနိုင်၏။
ပင်မခန္ဓာသည် သိုင်းတာအို၏ တာအိုသစ်သီးကနေ ဖြစ်တည်လာခဲ့ခြင်းဖြစ်၏။
သိုင်းသုတ္တန်ကို ဖန်တီးခဲ့သူမှာ သူပင်လျှင်ဖြစ်ပြီး သူသည် အသွင်ပြောင်းလဲခြင်း ကိုးရပ်မှာ နဝမမြောက် အသွင်ပြောင်းလဲခြင်းဖြစ်သော နဂါးဆင်အင်အားကို ကျင့်ကြံထားခဲ့ပြီဖြစ်၏။
ပင်မခန္ဓာသည် အခြားမည်သူနှင့်မှ မတိုက်ခိုက်ခဲ့ဖူးသည့်အတွက် သူ၏ တိုက်ခိုက်ရည်ခွန်အားကို မည်သူကမှ မသိရှိကြပေ။
အရိုးရှင်းဆုံးပြောရလျှင်.. ဆူဇီမို ရွှေအမြုတေအဆင့်မှာ ရှိခဲ့စဉ်က အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားသော သူ၏ ခန္ဓာကိုယ်သည် ကိုယ်ကာယနှင့် သွေးချီစွမ်းအားအရာမှာ သူ၏ ပင်မခန္ဓာကို မယှဉ်နိုင်ပေ။
မည်သူကမှ သို့မဟုတ် ပင်မခန္ဓာတောင်မှ အတွင်းအမြုတေကနေ ဖြစ်ပေါ်လာသော ဤသိုင်းစိတ်ဝိညာဉ်သည် ဗလာနယ်ကို ဖြတ်ကျော်ပြီးနောက်.. နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲ မသိရှိနိုင်သေးပေ။
ထိုဖြစ်စဉ်က ပင်မခန္ဓာနှင့်လည်း ရင်းနှီးကျွမ်းဝင်မှု မရှိပေ။
ဘန်း.. ဘန်း.. ဘန်း..
ပင်မခန္ဓာကိုယ်၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏အပေါ်ယံမှာတော့ ငြိမ်သက်နေဆဲဖြစ်၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ထဲမှာ ကမ္ဘာတုန်လောက်ဖွယ်ရာ အသံတစ်ခုက ထွက်ပေါ်လာ၏။
သူ၏ အတွင်းအမြုတေသည် ဗလာနယ်ဆီသို့ အဆက်မပြတ် တိုးဝင်နေ၏။
ဤကဲ့သို့သော ဖြစ်စဉ်မှာ ကျရှုံးမှုတစ်ရပ်လည်း ဖြစ်ပေါ်လာနိုင်၏။
လူတစ်ယောက်၏ အတွင်းအမြုတေက လုံလောက်အောင် သန်မာမှုမရှိလျှင် သူတို့သည် ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးသွားနိုင်၏။
သို့သော်လည်း သူ၏ ပင်မခန္ဓာအတွက်တော့ နဂါးဆင်တစ်ကောင်၏ ခွန်အားကို ကျင့်ကြံထားသော သူ၏ အတွင်းအမြုတေကို မည်သည့်အရာကမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သိပ်မကြာခင်.. သူ့ခန္ဓာကိုယ်ထဲရှိ ဗလာနယ် အကာအရံက ကျိုးပျက်သွား၏။
သူ၏ အသိစိတ်က ပေါ်ထွက်လာခဲ့၏။
သူ၏ အတွင်းအမြုတေသည် အထဲသို့ တိုးဝင်သွားပြီး သူ၏ အသိစိတ်ထဲရှိ ဝိညာဉ်နှင့် ပေါင်းစည်းကာ သိုင်းစိတ်ဝိညာဉ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ထူးဆန်းသည့်အရာမှာ သိုင်းစိတ်ဝိညာဉ်သည် လူသားပုံသဏ္ဌာန်မှာ ရှိမနေပေ။ ထို့အစား.. ၎င်းသည် တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခု ဖြာထွက်နေသည့် ခရမ်းရောင် မီးတောက်လုံးတစ်ခုဖြစ်၏။
ထောင်ယောင်သည် အစကတော့ ပင်မခန္ဓာကို ကာကွယ်ပေးနေ၏။ သို့သော်လည်း ပင်မခန္ဓာက သူ၏ သိုင်းစိတ်ဝိညာဉ်ကို ဖြစ်ပေါ်စေသည့် ခဏမှာပင် ထောင်ယောင်သည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ရ၏။ ဖျတ်ခနဲဆို သူက အိုးတိုးအမ်းတမ်း အမူအရာတစ်ခုနှင့်အတူ ခြံဝန်း၏ ထောင့်တစ်နေရာမှာ သွားပုန်းနေ၏။
ဓမ္မဝိသေသအဆင့်မှာ ရှိနေသော ထောင်ယောင်ပင်လျှင် ပင်မခန္ဓာ ကျင့်ကြံထားသော ခရမ်းရောင်မီးတောက်များမှ ကြောက်ရွံ့မှုခံစားချက်ကို ရရှိနေ၏။
အတန်ကြာသွားပြီးနောက်…
သူ့အသိစိတ်ထဲရှိ ခရမ်းရောင်မီးတောက်များသည် အဆက်မပြတ် ပြောင်းလဲလာပြီး တဖြည်းဖြည်း သွင်ပြင်တစ်ခုကို ယူလာ၏။
၎င်းသည် ဆူဇီမိုနှင့် ရုပ်ရည်သွင်ပြင် တူညီသော်လည်း ၎င်း၏ ခန္ဓာကိုယ်ကို ခရမ်းရောင်မီးတောက်တစ်လွှာက လောင်ကျွမ်းနေ၏။
ထင်မှတ်ထားသည့်အတိုင်းပင်..။
ပင်မခန္ဓာသည် သူ၏မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ခေါင်းညိတ်လိုက်၏။
သူ၏ သိုင်းတာအိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ ကျင့်ကြံရေးလမ်းစဉ်များနှင့် အလွန်တရာ ခြားနားလေသည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများသည် သူတို့၏ ခန္ဓာကိုယ်နှင့်အတူ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများကို စုပ်ယူကာ ကျင့်ကြံရမည်ဖြစ်၏။
သိုင်းတာအိုအတွက်တော့ သူသည် သူ့ခန္ဓာကိုယ်ကို လောက၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ပြီး အထဲတွင် ပါဝင်သော စွမ်းအားများကို အဆက်မပြတ် တူးဖော်ထုတ်ရမည်ဖြစ်၏။
သူသည် သိုင်းတာအို၏ နဝမမြောက် အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံပြီး သိုင်းစိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားမည်ဆိုလျှင် သူ၏ သိုင်းစိတ်ဝိညာဉ် ဖွဲ့တည်ခြင်းအစမှာ စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ဖို့ အခွင့်များကြောင်း ကောက်ချက်ချထားခဲ့ပြီ ဖြစ်၏။
ထိုစွမ်းအားသည် အလွန်တရာ ကျယ်ပြန့်ပြီး ကျင့်ကြံတစ်ယောက်ချင်းစီ၏ စရိုက်လက္ခဏာနှင့် နီးစပ်စွာဆက်စပ်မှုရှိ၏။ ၎င်းသည် မီးတောက်များ၊ လက်နက်များ၊ ကြမ်းကြုတ်တောကောင်များ သို့မဟုတ် သူတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုပင်လျှင် ဖြစ်နိုင်၏။
ပင်မခန္ဓာကနေ စုဖွဲ့လိုက်သော သိုင်းစိတ်ဝိညာဉ်သည် သိုင်းစိတ်ဝိညာဉ်မီးတောက်နှင့်အတူ မွေးဖွားပေါ်ထွက်လာ၏။
ခရမ်းရောင်…
၎င်းသည် သူတော်ကောင်းတစ်ယောက်နှင့် ဧကရာဇ်တစ်ပါး၏ အော်ရာကို ကိုယ်စားပြုပြီး အထွတ်အထိပ် အန္တိမဖြစ်၏။
ပင်မခန္ဓာသည် ခရမ်းရောင် သိုင်းစိတ်ဝိညာဉ်မီးကို စုဖွဲ့နိုင်ရသည့် အကြောင်းရင်းမှာ သူသည် သူ့ခန္ဓာကိုယ်ကို သိုင်းသုတ္တန် ကျင့်ကြံရေးနည်းစနစ်၏ ဒုတိယတစ်ဝက်မှာ ဧရာမ မီးဖိုတစ်လုံးအဖြစ် ရှုမြင်ထားသောကြောင့် ဖြစ်၏။
ရှေးဟောင်းခေတ်က ဆိုရိုးတစ်ခုအရ.. ကောင်းကင်နှင့်မြေကြီးသည် မီးဖိုများဖြစ်ကြပြီး သက်ရှိများအားလုံးက ကြေးသားများဖြစ်ကာ၊ ယင်နှင့်ယန်သည် လောင်စာမီးသွေးဖြစ်ကာ၊ ကံကြမ္မာက ပေါ်ထွက်လာသည့် လက်ရာတစ်ခုဖြစ်၏။
သူ၏ ပင်မခန္ဓာသည် သိုင်းတာအို အစစ်အမှန်ခန္ဓာကို မီးဖိုတစ်လုံးအဖြစ် ရှုမြင်လေသည်။ သူသည် စစ်မှန်သော အန္တိမသိုင်းတာအိုတစ်ခုကို ဖန်တီးဖို့အတွက် သုတ္တန်များအားလုံးကို ကျင့်ကြံပြီး သူတို့အားလုံးကို ခန္ဓာကိုယ်တစ်ခုထဲသို့ ပေါင်းစည်းစေမည်ဖြစ်၏။
သိုင်းစိတ်ဝိညာဉ်မီးသည် သိုင်းတာအိုမီးဖို၏ အခြေခံအုတ်မြစ်ဖြစ်လေသည်။
ပင်မခန္ဓာသည် နောင်အနာဂတ်တွင် မည်သည့်ဓမ္မလက်နက်ကိုမှ သန့်စင်စရာ လိုတော့မည် မဟုတ်ပေ။ သိုင်းတာအိုမီးဖို ရှိနေသည့်အတွက် သူ၏ ကိုယ်ကာယက သူ၏ ဓမ္မလက်နက်ဖြစ်လာပေလိမ့်မည်။
ရွှစ်…
သိုင်းစိတ်ဝိညာဉ်မီး ဖြစ်ပေါ်လာသောအခါ.. ၎င်းသည် သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ် စတင်၍ လောင်မြိုက်စေလိုက်၏။
တစ်ချိန်တည်းမှာပင်.. သိုင်းစိတ်ဝိညာဉ်မီးသည် ဤနှစ်များအတွင်း ဆူဇီမို လေ့လာဖတ်ရှုထားသော ကျင့်ကြံရေးနည်းစနစ်နှင့် လျှို့ဝှက်အတတ်များ အားလုံးကို စတင်အရည်ဖျော်လိုက်၏။ အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာ သို့မဟုတ် သားရဲကျင့်ကြံရေး နည်းစနစ်များပင် ဖြစ်ပါစေ.. သူတို့အားလုံးသည် သိုင်းတာအိုမီး၏ အရည်ဖျော်ခြင်းကို ခံရမည်ဖြစ်၏။
တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်မှ ကျင့်ကြံရေးနည်းစနစ်များ…
မဟာဗလာနယ် မိုးကြိုးကျမ်း…
တည်ငြိမ်ပင်လယ်ကျမ်းနှင့် ဒီလှိုင်းကျမ်း…
မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်…
ကျောက်သားရုပ်တု သုတ္တန်မှ အမွေအနှစ် ၃၀ကျော်…
သိုင်းတာအိုမီးဖိုတွင် အတောမသတ်သည့် ကျင့်ကြံရေးနည်းစနစ်များ အားလုံးပါဝင်ပြီး ၎င်းသည် အဆက်မပြတ် မီးဆေး၊ ကောက်ချက်ချ၊ နားလည်ဆင်ခြင်ကာ ထိုကျင့်ကြံရေး နည်းစနစ်များတွင် ပါဝင်သော လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အနှစ်သာရများကို သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းမည်ဖြစ်၏။
သိုင်းတာအိုမီးဖိုနှင့် ပတ်သက်၍ ကြောက်စရာကောင်းသည့် အချက်မှာ ၎င်းတွင် အကန့်အသတ်မရှိခြင်း ဖြစ်၏။
ပင်မခန္ဓာသည် လုံလောက်သည့် ကျင့်ကြံရေးနည်းစနစ်များကို ရရှိသည်နှင့်အမျှ သူသည် သူတို့အားလုံးကို သိုင်းတာအိုမီးဖိုထဲမှာ ထည့်သွင်းပေါင်းစည်းပြီး အဲဒါတွေကို သူထိန်းချုပ်နိုင်သည့် စွမ်းအားတစ်ခုအဖြစ် သန့်စင်လိုက်မည်ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုလျှင် လျှို့ဝှက်အတတ်တစ်ခုကို အရည်ဖျော်တိုင်း ပင်မခန္ဓာ၏ စွမ်းအားက တိုးလာမည်ဖြစ်၏။
ဒါ့အပြင်.. သိုင်းစိတ်ဝိညာဉ်မီး၏ အဆက်မပြတ် သန့်စင်မှုအောက်တွင် သူ၏ သိုင်းတာအို အစစ်အမှန်ခန္ဓာသည် ပို၍သန်မာလာကာ ပို၍ကြောက်စရာကောင်းလာပြီး အကန့်အသတ်မဲ့လာမည်ဖြစ်၏။
ပို၍ကြောက်စရာကောင်းသည့် အချက်မှာ ပင်မခန္ဓာသည် ယခုအချိန်မှာ သိုင်းစိတ်ဝိညာဉ်မီး တစ်ခုကိုသာလျှင် ထိန်းချုပ်နိုင်နေသေးခြင်းဖြစ်၏။
သူက မီးတောက်များအပေါ် ပို၍ ကျွမ်းကျင်ပိုင်နိုင်လာသည်နှင့်အမျှ သိုင်းတာအိုမီးဖို၏ စွမ်းပကားကလည်း တိုးလာပေလိမ့်မည်။
တကယ်တော့… သိုင်းတာအိုမီးဖိုကို လောင်မြှိုက်စေဖို့အတွက် မီးတောက်တိုင်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။
သိုင်းတာအို အစစ်အမှန်ခန္ဓာကို ပုံသွင်းဖို့အတွက် သုတ္တန်တစ်ရာကို အရည်ဖျော်ပြီး သိုင်းတာအိုမီးဖိုကို လောင်မြှိုက်စေဖို့ ဆိုသည်မှာ သူသည် ကမ္ဘာပေါ်ရှိ အသန်မာဆုံး မီးတောက်များကို လိုအပ်လေသည်။
သိုင်းစိတ်ဝိညာဉ်မီးက ပထမဆုံး သူထိန်းချုပ်နိုင်သော တစ်ခုမျှသာ ဖြစ်၏။
ယခု သူသည် ရှေ့ဆက်ရမည့် ကျင့်ကြံရေးလမ်းကြောင်းကို နေရာချစတင်ပုံဖော်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ပင်မခန္ဓာသည် စိတ်သက်သာစွာ သက်ပြင်းချ၍ ဆက်လက်ကျင့်ကြံလိုက်၏။
ယခုတင် ဖြစ်ပေါ်လာသော သိုင်းတာအိုမီးဖိုသည် နုနယ်၍ အားနည်းနေသေး၏။ ၎င်းသည် သုတ္တန်များနှင့် ဓမ္မပညာရပ်များကို အရည်ဖျော်ဖို့အတွက် အချိန်အတော်ကြာ လိုအပ်လေသည်။
. . . . .
တစ်ချိန်တည်းမှာပင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလယ်ပိုင်းတိုက်ကနေ မြောက်ပိုင်းဒေသသို့ ပြန်လာနေပြီဖြစ်၏။
ဆူဇီမိုသည် သူ၏ ပင်မခန္ဓာ၏ အခြေအနေကို ခံစားမိသောအခါ နောက်ဆုံး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် မဟာအမြုတေဖန်တီးခြင်း ဆေးလုံးကို စားသုံးကာ သူ၏ ကျင့်ကြံမှုအဆင့်က နောက်ပိုင်း ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ဤတစ်ခေါက် မြောက်ပိုင်းဒေသသို့ ပြန်လာခြင်းနှင့်အတူ သူသည် ဆန်းကြယ်တောင်ထွတ်မှာ တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်ထား၏။
အလယ်ပိုင်းတိုက်သို့ သွားသော ခရီးစဉ်က တိုတောင်းသော်လည်း သူသည် အဆက်မပြတ် တိုက်ပွဲများကနေ အကျိုးအမြတ်များစွာ ရရှိခဲ့၏။ သူသည် ဤတံခါးပိတ်ကျင့်ကြံခြင်းနှင့်အတူ ပကတိ ဓမ္မဝိသေသအဆင့်သို့ တတ်နိုင်သမျှ မြန်မြန် ချိုးဖျက်တက်လှမ်းဖို့ ပြင်ဆင်ထား၏။
ယခုအချိန်တွင် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် အမြင့် ၈၉ပေအထိ ကြီးထွားလာခဲ့ပြီဖြစ်၏။
သူသည် အန္တိမဓမ္မဝိသေသသို့ ရောက်ရှိဖို့အတွက် ခြေတစ်လှမ်းမျှသာ လိုတော့၏။
တကယ်တော့… ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းတွင် ပကတိ ဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တက်လှမ်းလိုခြင်းမှာ သူ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုသာလျှင် ဖြစ်၏။
ဆူဇီမိုတွင် နောက်ထပ်မေးခွန်း ရှိလေသည်။
ပေ၉၀ အန္တိမဓမ္မဝိသေသက တကယ်ပဲ အကန့်အသတ်တစ်ခုပေပဲလား…။