← Chapters

ကမ္ဘာဦးမျိုးနွယ် ၆ စု

Vol. 86 Ch. 1288

ကမ္ဘာဦးမျိုးနွယ် ၆ စု

Vol. 86 Ch. 1288

ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ မြောက်ပိုင်းဒေသ....

နေရာတိုင်းတွင် တွေ့မြင်ရသည်မှာ ကျယ်ပြော၍ လူသူအရောက်အပေါက်မရှိသော ကျက်တီးမြေများဖြစ်လေသည်။ အသက်ဓာတ်ကင်းမဲ့နေသော သဲကန္တာရများကို အခါအားလျော်စွာတွေ့ရတတ်၏။

ကျင့်ကြံရေးလောကတွင် ဂိုဏ်းအဖွဲ့အစည်းများစွာရှိကြလေသည်။ သူတို့ထဲမှ အများစုသည် အလယ်ပိုင်းတိုက် ၊ အရှေ့ပိုင်းဒေသ ၊ အနောင်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတို့မှာတည်ရှိကြ၏။ သို့သော်လည်း မြောက်ပိုင်းဒေသမှာတော့ ကျင့်ကြံသူများနှင့် ဂိုဏ်းအဖွဲ့အစည်းများကို မတွေ့ရသလောက်ဖြစ်၏။

မြောက်ပိုင်းဒေသ၏ အနက်ပိုင်းထဲတွင် အလွန်တရာ မြောက်ဘက်အစွန်းကျသော ကျက်တီးမြေတစ်ခုတွင် ပုံရိပ်တစ်ရာကျော်သည် စွမ်းအားကြီးသောအော်ရာများနှင့်အတူ မတ်တတ်ရပ်နေကြ၏။

သူတို့ထဲတွင် လောကတစ်ခုလုံးနှင့် ပေါင်းစည်းထားသော ကျင့်ကြံသူအချို့ပင်ပါရှိကြ၏။ သူတို့၏ အော်ရာများသည် တစ်ဦးချင်းအလိုက် အမျိုးမျိုးကွဲပြားနေသော်လည်း သူတို့ထံမှ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုစီ ဖြာထွက်နေကြ၏။ ထိုပုဂ္ဂိုလ်များသည် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။

အခြားသူများကတော့ ဓမ္မဝိသေသတာအိုအရှင်များဖြစ်ကြလေသည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ ပုံရိပ်တစ်ရာကျော်ထဲမှ အများစုသည် ပြင်ပမျိုးနွယ်သက်ရှိများဖြစ်နေကြ၏။ သူတို့ထဲမှအချို့သည် ရုပ်ဆိုးအကျည်းတန်၍ အစိမ်းရောင်မျက်နှာများနှင့် ပြူထွက်နေသော သွားစွယ်များရှိကြ၏။ သူတို့၏ နှာခေါင်းများက အပေါ်သို့လန်ထွက်နေပြီး သူတို့၏ လက်ချောင်းများနှင့် ခြေချောင်းများမှာ ကွေးညွှတ်၍ အေးစက်စွာတောက်ပနေသော ချွန်ထက်သည့် ခြေသည်းလက်သည်းများရှိကြ၏။

အချို့သော သက်ရှိများသည် အရပ်မြင့်မား၍ နက်မှောင်သောအသားအရေများရှိကြ၏။ သူတို့၏ကျောပေါ်တွင် နက်မှောင်နေသော ဧရာမအသားပြားတောင်ပံများရှိပြီး သူတို့ကို ဖြန့်ကြက်ထားသည့်အခါ ပေပေါင်းများစွာ ကျယ်ပြန့်လေသည်။

ထိုသက်ရှိများထဲ မည်သူကမှ လူသားများမဟုတ်ကြဘဲ ငရဲမှတက်လာသော ဆိုးယုတ်တစ္ဆေများနှင့်ပို၍တူနေ၏။

အဲ့ဒါကတော့ ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော ယက္ခမျိုးနွယ်ဖြစ်၏။

အဲ့ဒါသည် ငရဲမှ ဆိုးယုတ်တစ္ဆေများထက်ပင် ပို၍ကြောက်စရာကောင်းသော မျိုးနွယ်စုတစ်စုဖြစ်၏။

သူတို့ထဲမှအချို့သည် လူသားပုံစံမှာရှိကြသော်လည်း သူတို့သည် အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ပြီး တစ္ဆေသရဲဆန်ဆန် စိမ်းဖန့်ဖန့်မျက်လုံးများရှိကြ၏။ သူတို့ထံမှ အလွန်တရာချောက်ချားစရာကောင်းသော မကောင်းဆိုးဝါးဆန်ဆန်အော်ရာများက ဖြာထွက်နေကြ၏။

ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော စုန်းမျိုးနွယ်...

သူတို့ထဲမှ အချို့သည် လူသားများလည်းမဟုတ် သားရဲများလည်းမဟုတ်ဘဲ မြေကြီးအနက်ပိုင်းထဲထိ အမြစ်တွယ်ထားသော အပင်များနှင့်တူပြီး သွေးနီရောင်နွယ်ပင်များကို ဝေ့ယမ်းနေကြ၏။

နွယ်ပင်တစ်ခုချင်းစီတွင် သွေးရောင်ဘူးသီးတစ်လုံးစီ ရှိနေကြ၏။ ကြောက်စရာအကောင်းဆုံးအချက်မှာ နွယ်ပင်များ၏ ထိပ်ဖျား၌ လူသားမျက်နှာ တစ်ခုစီရှိနေကြခြင်းပင်။ ၎င်းတွင် မည်သည့်မျက်လုံးနှင့် နှာခေါင်းမှမရှိဘဲ ဧရာမပါးစပ်တစ်ခုသာရှိပြီး ထက်ရှသော သွားစွယ်များက တစ်ခုကိုတစ်ခုယှက်လိမ်ကာ အေးစက်စက်အလင်းဖြင့် တောက်ပနေ၏။

ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော သွေးနွယ်ပင်မျိုးရိုး...

အဲ့ဒီမှာ ကျီးကန်းများနှင့် ဆင်တူသော သတ္တဝါများလည်း ရှိကြ၏။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်က အလွန်တရာကြီးမားပြီး ရွှေရောင်ငှက်မွေးများရှိကာ သူတို့၏ တစ်ကိုယ်လုံးကို ရွှေရောင်မီးတောက်များက လောင်ကျွမ်းနေ၏။ သူတို့၏အောက်တွင် ခြေထောက်သုံးချောင်းရှိကြလေသည်။ သူတို့၏ ဘေးပတ်လည်ရှိ လေဟာနယ်က သူတို့ထံမှဖြာထွက်လာသော အပူချိန်ဖြင့် တွ့န်လိမ်နေကြ၏။

ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော ရွှေကျီးကန်းမျိုးနွယ်...

အဲ့ဒီမှာ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည့်ကျင့်ကြံသူအချို့လည်းရှိကြ၏။ အမျိုးသားများက ရုပ်ရည်ချောမောပြီး အမျိုးသမီးများက ကြော့ရှင်းတင့်တယ်၍ ညို့ငင်ဓာတ်ပြည့်ဝနေကြ၏။ သူတို့သည် နတ်ဘုရားမျိုးနွယ်မှ ဖြစ်ကြသည်မှာ သိသာထင်ရှား၏။

သူတို့ထဲမှ ပုံရိပ်အချို့သည် လူသားများနှင့်ဆင်တူလေသည်။ သို့သော်လည်း သူတို့၏နဖူးများပေါ်တွင် သွေးရောင်အမာရွတ်တစ်ခုစီရှိကြပြီး အဲ့ဒါက မျက်လုံးတစ်လုံးနှင့်ဆင်တူလေသည်။

ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်...

ပုံရိပ်တစ်ရာကျော်ကြားတွင် ကမ္ဘာဦးမျိုးနွယ် ၆စုပါဝင်လေသည်။

စုန်းမျိုးနွယ် ၊ ယက္ခမျိုးနွယ် ၊ နတ်ဘုရားမျိုးနွယ် ၊ ရွှေကျီးကန်းမျိုးနွယ် ၊ သွေးနွယ်ပင်မျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်...။

ရှေးဟောင်းခေတ်မှစ၍ ကမ္ဘာဦးမျိုးနွယ် ၉စုသည် ချောင်ကြိုချောင်ကြားမှာနေထိုင်ခဲ့ရပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ခြေချလာခဲလေသည်။ သူတို့သည် ဤကဲ့သို့သော ကြီးမားသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်မလာကြတော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်၏။

ယခုအခါ... မျိုးနွယ်စု ၉စုထဲမှ ၆စုသည် ပေါ်ထွက်လာပြီး အားအနည်းဆုံးက ဓမ္မဝိသေသများဖြစ်ကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင် ပါဝင်လေသည်။

မျိုးနွယ်စု ၆စုသည် မလှမ်းမကမ်းမြေပြင်တွင် ဝပ်တွားနေသော ကြောက်စရာကောင်းသည့် သတ္တဝါတစ်ကောင်အတွက် ဤကဲ့သို့သော စုဖွဲ့မှုတစ်ခုကို ပြုလုပ်လာကြခြင်းဖြစ်၏။ ထိုသတ္တဝါသည် ပေတစ်ရာကျော်ရှည်လျားပြီး သူ၏တစ်ကိုယ်လုံးကို နက်မှောင်နေသော ကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ သို့သော်လည်း သူ၏ အမြီးသည် ခရမ်းရောင်ဖြစ်ပြီး သူ၏ အမြီးရိုးက အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား ထက်ရှနေ၏။

ဆူဇီမိုသာ ဤနေရာမှာရှိမည်ဆိုလျှင် အဲ့ဒါသည် သူ၏ အစစ်အမှန်ပုံစံမှာရှိနေသော ညဝိညာဥ်ဖြစ်ကြောင်း သေချာပေါက်မှတ်မိနေပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ညဝိညာဥ်၏အော်ရာက အားနည်းနေပြီး သူ့တစ်ကိုယ်ကလုံးက ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူသည် သတိလစ်နေပြီးဖြစ်ပြီး သူ့ခြေထောက်အောက်ရှိ ခရမ်းရောင်မီးတောက်များက ငြိမ်းသေသွားပြီဖြစ်၏။

ယခုဆို... ညဝိညာဥ်သည် ဓမ္မဝိသေသအဆင့်မှာသာရှိနေသေးပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲခြင်းမရှိဘဲနှင့်တောင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်လေသည်။

တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ကြမည်ဆိုလျှင် သူသည် သူ၏ အစစ်အမှန်ပုံစံမှာ ကမ္ဘာဦးမျိုးနွယ် ၉ စုမှလူများကိုပင် သတ်ဖြတ်နိုင်၏။ သို့သော်လည်း ညဝိညာဥ်က မည်သို့ပင်သန်မာပါစေ သူသည် ဤမျှများပြားသည့် ကြမ်းကြုတ်ခက်ထန်သော မျိုးနွယ်စုများ၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိပေ။

ဤနှစ်များအတွင်း သူသည် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပြီး တစ်နေရာရာမှာ ထွက်ပြေးပုန်းရှောင်နေတတ်၏။ နောက်ဆုံးမှာတော့ သူသည် ဤနေရာမှာ မျိုးနွယ်စု ၆စု မှ ပညာရှင်များ၏ ဖိနှိမ်ခြင်းကို ခံလိုက်ရပြီဖြစ်၏။

“ဒီတစ်ခေါက် အဲ့ဒီတောကောင်ကို ကျုပ်တို့ဖမ်းဆီးနိုင်ခဲ့တာ ခင်ဗျားရဲ့ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရမှာပဲ”

ဝူရှဲ့သည် တစ်ဘက်သို့ လှည့်ကြည့်ပြီး သူ၏ကျေးဇူးတင်စကားကို ပြောဆိုကာ ခေါင်းညိတ်ပြလိုက်၏။

“ဒီတောကောင်က တကယ်ပဲ ဖမ်းဖို့မလွယ်ဘူး”

ဖုန်ထျန်ဟုခေါ်သော ပေါင်းစည်းခန္ဓာ ယက္ခတစ်ယောက်က မုန်းတီးသော အမူအရာတစ်ခုနှင့်အတူ ကျိန်ဆဲလိုက်၏။

“ငါတို့သူ့ကိုတိုက်ခိုက်နေခဲ့ကြတာ အခုဆိုရင် နှစ်၉၀တောင် ကျော်သွားခဲ့ပြီ”

“တဗူးမျိုးနွယ်ဆိုတဲ့အတိုင်းပါပဲ... ဒီနှစ်တွေထဲမှာ ငါတို့မျိုးနွယ်စု ၆စုက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်ကျော်က အဲ့ဒီတောကောင်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်”

နတ်ဘုရားမျိုးနွယ်သက်ရှိသည် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

ဤတစ်ခေါက်တွင် မျိုးနွယ်စု ၆စုသည် ညဝိညာဥ်ကိုသတ်ဖြတ်ဖို့အတွက် သူတို့၏ ပညာရှင်များကို စေလွှတ်ခဲ့ကြပြီး ယနေ့မှသာ အောင်မြင်ခဲ့ကြ၏။ ဒီနှစ်တွေထဲမှာ သူတို့သည် အလွန်မြင့်မားသည့် တန်ဖိုးတစ်ခုကိုလည်းပေးဆပ်ခဲ့ရသေး၏။

မျိုးနွယ်စု ၆ စုမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်ကျော်က ညဝိညာဥ်၏လက်ထဲမှာ သေဆုံးခဲ့ရ၏။

သေဆုံးခဲ့ရသော ဓမ္မဝိသေသတာအိုအရှင်များဆိုလျှင် အယောက်တစ်ရာကျော်လေသည်။

“တတိယမင်းသား... ခင်ဗျားက ဒီမိစ္ဆာကိုသတ်ဖြတ်တဲ့နေရာမှာ ကျုပ်တို့ကို ကူညီဖို့အတွက် အရှေ့ပင်လယ်ဖန်လိုင်ကနေရောက်လာခဲ့တာပဲ... ခင်ဗျားက နဂါးမျိုးနွယ် ၊ လူရိုင်းမျိုးနွယ်နဲ့ ခွန်မျိုးနွယ်တို့ထက် အများကြီး ပိုပြီးသန်မာတာပဲ”

ဝူရှဲ့သည် မလှမ်းမကမ်းတွင်ရှိသော ခြေသုံးချောင်းရွှေကျီးကန်းကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ပါပြီဗျာ... ဟုတ်ပါပြီ”

ရွှေကျီးကန်းမျိုးနွယ်၏ တတိယမင်းသားက လူသားသွင်ပြင်သို့ပြောင်းလဲလိုက်ပြီး သူက ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်ဖြစ်လာခဲ့၏။

“ဒီတောကောင်အသက်ရှင်နေသေးတဲ့အချက်က ကမ္ဘာဦးမျိုးနွယ် ၉စုအတွက် တကယ့်ကိုကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ရပ်ပဲ... ဘယ်သူကများ မဆိုင်သလို နေနိုင်ပါဦးမလဲ”

“ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်သလဲ”

ဝူရှဲ့က လှောင်ရယ်လိုက်၏။

“နဂါးမျိုးနွယ် ၊ လူရိုင်းမျိုးနွယ်နဲ့ ခွန်မျိုးနွယ်တို့က အဲ့လိုမတွေးကြဘူးလေ... သူတို့က မဆိုင်သလိုနေနေကြတယ်”

(ခွန်- ဝေလငါးကဲ့သို့ ငါးကြီးတစ်မျိုး။)

“နဂါးမျိုးနွယ်က အပေါ်ယံမှ သန်မာတဲ့ပုံပေါ်ပေမယ့်... အတွင်းမှာတော့ အားနည်းနေကြပြီ... လူရိုင်းမျိုးနွယ်က သန်မာတဲ့​ခြေလက်တွေနဲ့ ရိုးအတဲ့စိတ်ရှိတဲ့ အမှိုက်တစ်စုပဲ... ခွန်မျိုးနွယ်စုကတော့ ဟီးဟီး... သူတို့က ကမ္ဘာဦးခေတ်တုန်းက အဲ့ဒီတောကောင်ရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီးတဲ့နောက် အကြောက်လွန်ပြီး ရူးကြောင်ကြောင်ဖြစ်သွားတာနေမယ်”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တစ်ယောက်က အေးစက်စွာဖြင့်ပြောလိုက်၏။

ထိုသတ္တဝါအုပ်စုကြားတွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ခေါင်းတွင် ကွန်ဖြူးရှပ်သရဖူတစ်ခု ဆောင်းထားသော လူသားတစ်ယောက်ပါရှိလေသည်။

ထိုလူ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်၍ ခပ်ဖျော့ဖျော့အပြုံးတစ်ခုက တစ်ချိန်လုံးရှိနေခဲ့၏။

သူသည် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ ပညာရှင်များနှင့် အတူတကွမတ်တတ်ရပ်နေရသည်ဆိုလျှင်တောင် သူ၏အော်ရာက နိမ့်ကျခြင်းမရှိပေ။ သူက ပဟေဠိနန်းတော်၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်ဖြစ်၏။

ရွှေကျီးကန်းတတိယမင်းသားနှင့် အခြားသူများနှင့် အလ္လာပသလ္လာပပြောဆိုပြီးနောက် ဝူရှဲ့သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“တကယ်တော့... ကျုပ်တို့ ဒီတောကောင်ကို ဒီနေရာမှာ ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရဲ့ ဗေဒင်တွက်ချက်ပေးမှုကိုလည်း ကျေးဇူးတင်ရမယ်”

ကမ္ဘာဦးမျိုးနွယ် ၉စုသည် လူသားမျိုးနွယ်များထက် သာလွန်သည်ဟူသော ဗီဇအသိစိတ်တစ်ခုရှိကြ၏။

နောက်ဆုံးမှာတော့ လူသားမျိုးနွယ်သည် တစ်ခါတုန်းက သမိုင်းတစ်လျှောက် ကျွန်ပြုခံခဲ့ရပြီး နိမ့်ကျသော မျိုးနွယ်စုတစ်စုဖြစ်ခဲ့၏။

ဒါ့ပြင်... သူတို့နှစ်ဦးနှစ်ဖက်ကြားမှာ ရှေးဟောင်းစစ်ပွဲက ပေါ်ထွက်ခဲ့လေသည်။

မျိုးနွယ်စု ၆စုသည် ဤနှစ်များအတွင်း ညဝိညာဥ်ကို အမဲလိုက်ဖို့အတွက် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဗေဒင်တွက်ချက်မှုအပေါ် မှီခိုခဲ့ရသော်လည်း သူတို့ထဲမှ အများစုသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို အလေးအနက်ထားခြင်း မရှိကြပေ။

ဝူရှဲ့က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ကျေးဇူးတင်စကားပြောလိုက်သည်ဆိုလျှင်တောင် အခြားမျိုးနွယ်များသည် အေးစက်စက်အမူအရာများရှိကြပြိး မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

“အဲ့ဒါက ပြောလောက်စရာမဟုတ်ပါဘူး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က မှင်သေသေဖြင့်ပြောလိုက်၏။

“ဒီတောကောင်ကလည်း အရမ်းကိုထက်ရှပြီးတော့ သတိကြီးလွန်းတယ်... ကျုပ်က ဒီဘက်အရပ်ကို သူထွက်ပြေးသွားဖို့ အခွင့်များတယ်လို့ ခန့်မှန်းမိတဲ့အတွက် အလောင်းအစားတစ်ခုပြုလုပ်လိုက်တာပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က မြောက်ဘက်အရပ်သို့ လက်ညိုးညွှန်ပြလိုက်၏။

အဲ့ဒါက မြောက်ဝင်ရိုးစွန်းဖြစ်လေသည်။

ခပ်လှမ်းလှမ်းတွင် တိမ်စိုင်များကြားထိုးထွက်နေသော တောင်တန်းများကို မြင်နိုင်လေသည်။

သူတို့က သေချာအာရုံစိုက်၍ ကြည့်မည်ဆိုလျှင် ထိုတောင်တန်းများပေါ်မှာ မရေမတွက်နိုင်သော အလောင်းများဖြင့် ပြည့်နှက်နေသည်ကို ဝိုးတဝါးမြင်ရပေလိမ့်မည်။

သူတို့ထဲမှအလောင်းအချို့သည် ပုပ်သိုးဆွေးမြည့်သွားခြင်းမရှိဘဲ သူတို့၏ မူလပုံစံအတိုင်းကျန်ရှိနေ၏။ သူတို့၏ ခန္ဓာကိုယ်များသည် ရှည်လျားပြီး ပေတစ်သောင်းကျော် ရှည်လျားကြလေသည်။ သူတို့က တောင်ကြောများပေါ်မှာ လှဲလျောင်းနေရင်း ဝပ်တွားနေသော နဂါးများနှင့်တူနေလေသည်။ အတိအကျဆိုရလျှင် အဲ့ဒါတွေက နဂါးအရိုးစုများပင်ဖြစ်လေသည်။

ထိုအထဲမှ နဂါးအရိုးစုတစ်စုသည် ပေတစ်သောင်းကျော်ပင်ရှည်လျားလေသည်။

ပေတစ်သောင်းကျော်ရှည်လျားသော နဂါးတစ်ကောင်က ဘယ်လိုအဆင့်နဂါးမျိုးပါလိမ့်။

All Chapters