အကြံအစည်
Vol. 86 Ch. 1289
အလောင်းအချို့သည် ငှက်များ၏ ပုံသဏ္ဌာန်ရှိပြီး သူတို့၏ တောင်ပံများက ပေတစ်ထောင်ကျော် ရှည်လျားလေသည်။ အဲဒီမှာ သူတို့၏အောက်တွင် ရွှေရောင် ခြေထောက်သုံးချောင်းလည်း ရှိကြ၏။
ရွှေကျီးကန်း တတိယမင်းသားသည် ထိုအလောင်းများကို မြင်သောအခါ သူ၏မျက်နှာက ဖြူဖျော့သွားလေသည်။
အတောမသတ်သော တောင်တန်းပေါ်တွင် အမျိုးမျိုးသော ရုပ်အလောင်းများ ရှိနေကြ၏။ အဲဒါက ကမ္ဘာဦးမျိုးနွယ် ၉စုအပြင် အခြား အမျိုးအမည်မသိသော သတ္တဝါများလည်း ပါဝင်လေသည်။
ထိုဘက်ခြမ်းမှ ဆိုးယုတ်သော အော်ရာများက မြောက်များစွာ ဖြာထွက်နေပြီး တစ်ချက်ကြည့်မိရုံနှင့် စိတ်ထဲမှာ ချောက်ချားသွားစေနိုင်၏။
မျိုးနွယ်စု ၆စုမှ ပညာရှင်များသည် မာန်မာနကြီးကြ၏။ သို့သော်လည်း ထိုဘက်အရပ်သို့ ကြည့်မိချိန်တွင် သူတို့၏အော်ရာများက အားနည်းသွားပြီး ကြောက်ရွံ့ထိတ်လန့်သော အမူအရာများနှင့်အတူ သူတို့၏အကြည့်ကို အလိုလိုလွှဲလိုက်ကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် လူသားများ ခြေမချရဲသော တားမြစ်နယ်မြေ ၉ခု ရှိလေသည်။
သို့သော်လည်း ထိုဘက်အရပ်ရှိ အတောမသတ်နိုင်သော တောင်တန်းများကတော့ ကမ္ဘာဦးမျိုးနွယ် ၉စု၏ တားမြစ်နယ်မြေဖြစ်လေသည်။
မြောက်ဝင်ရိုးစွန်း ခွန်လွင်အပျက်အစီးနယ်မြေ…
ဟန်လင်းဟု အမည်ရသော နတ်ဘုရားမျိုးနွယ်သက်ရှိသည် အကြောက်မပြေသေးသည့်ဟန်ဖြင့် မှတ်ချက်ပြုလိုက်၏။
“ငါတို့က ဒီတောကောင်ကို ဒီနေရာမှာ တားဆီးလိုက်နိုင်တာ ကံကောင်းတယ်.. သူသာ အဲဒီနေရာကို ထွက်ပြေးသွားမယ်ဆိုရင် ငါတို့က သူ့ကို ဖမ်းမိချင်မှတောင် ဖမ်းမိနိုင်တော့မယ်”
ဝူရှဲ့၏ အမူအရာကလည်း ပျက်ယွင်းသွားပြီး လောဆော်လိုက်၏။
“သွားကြရအောင်.. ငါတို့က ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားကြရင် ကောင်းလိမ့်မယ်”
သူတို့သည် ခွန်လွင်အပျက်အစီးနယ်မြေသို့ ရောက်ရှိဖို့ အတော်ဝေးကွာသေးသော်လည်း မျိုးနွယ်စု ၆စုသည် စိတ်ထဲမှာ မအီမသာ ခံစားနေရပြီဖြစ်၏။
“ဒီတောကောင်ကို ငါတို့ ဘယ်လိုကိုင်တွယ်ရမလဲ.. သူ့ကို တစ်ခါတည်းတန်းပြီး သတ်လိုက်ရမလား”
ယက္ခမျိုးနွယ် ဖုန်ထျန်က သူ၏ သွေးဆာရက်စက်သော သွားစွယ်များကို ထုတ်ဖော်ပြသပြီး ခက်ထန်စွာဖြင့် ပြောလိုက်၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဝင်တစ်ယောက်က ခေါင်းညိတ်လိုက်၏။
“အဲ့လိုလုပ်တာ ကောင်းလိမ့်မယ် ထင်တယ်.. ထင်မှတ်မထားတာတွေ ဖြစ်မလာရအောင် ငါတို့ သူ့ကို တစ်ခါတည်း သတ်ပစ်ရမယ်”
“ဟင့်အင်း.. ငါတို့ အဲ့လိုလုပ်လို့ မရသေးဘူး”
မြေပြင်ပေါ်ရှိ သွေးနွယ်ပင်တစ်ပင်က လူသားတစ်ယောက်အသွင်ပြောင်းလဲသွားပြီး သူ၏ခေါင်းကို ပြတ်သားစွာ ခါယမ်းလိုက်၏။
“ဒီတောကောင်ရဲ့ သွေးထဲမှာ သိပ်သည်းပြင်းထန်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်.. ငါတို့က သူ့ကို သတ်လိုက်မယ်ဆိုရင် သူ့ရဲ့ သွေးက မလတ်ဆတ်တော့ဘဲနဲ့ အထဲမှာရှိတဲ့ စွမ်းအားတွေကလည်း အများကြီး အားနည်းသွားလိမ့်မယ်”
“အဲဒါ ဟုတ်တယ်”
နတ်ဘုရားမျိုးနွယ် ဟန်လင်းက ခေါင်းညိတ်လိုက်၏။
“ဒီတောကောင်က နဖူးကနေ ခြေဖျားအထိ ရတနာတွေနဲ့ ပြည့်နှက်နေတာ.. သူ့ကို ဒီတိုင်းသတ်လိုက်ဖို့က နည်းနည်းတော့ အလောတကြီးနိုင်ရာကျတယ်.. ကျုပ်က သူ့ကို နတ်ဘုရားမျိုးနွယ်ရဲ့ ကောင်းကင်ဘုံနတ်ဘုရားသော့နဲ့ ချုပ်နှောင်လိုက်မယ်ဆိုရင် သူက ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး”
“အဲဒီအချိန်ကျရင် ကျုပ်တို့က သူ့ကို အသက်ရှင်လျက်ဖမ်းပြီး နောက်မှ ဘယ်လိုကိုင်တွယ်ရမလဲ ဆွေးနွေးကြတာပေါ့”
“ဟုတ်ပြီလေ”
ဝူရှဲ့၏ မျက်လုံးများက တဖျပ်ဖျပ်လက်သွားပြီး သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
ညဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်းတိုင်းသည် ကြေးခွံများဖြစ်စေ.. အစွယ်များဖြစ်စေ.. လက်သည်းများဖြစ်စေ.. သွေးဖြစ်စေ.. သူတို့အားလုံးသည် လောကဆိုင်ရာ အဆုံးစွန်ရတနာများဖြစ်၏။ မျိုးနွယ်စု ၆စုသည် သူတို့၏ ကိုယ်ပိုင်အကြံအစည်များ ရှိကြပြီး မည်သည့်မျိုးနွယ်စုကိုမှ မောင်ပိုင်စီးခွင့် မပေးနိုင်ပေ။
နတ်ဘုရား ဟန်လင်းသည် သူ၏သိုလှောင်အိတ်ကိုပုတ်ပြီး တလက်လက်တောက်ပနေသော ရွှေရောင်ချိန်းကြိုးတစ်ခုကို ထုတ်ယူလိုက်၏။
ချိန်းကြိုးပေါ်တွင် သံကွင်းငါးခုရှိပြီး သံကွင်းများ၏ အတွင်းဘက်တွင် ထက်ရှသော ဆူးချွန်များက အစီအရီရှိနေ၏။ သူတို့သည် ဘက်ပြန်ချိတ်များဖြစ်ပြီး အလွန်တရာ ထက်ရှစွာဖြင့် ယှက်လိမ်နေကြ၏။
ဝူရှဲ့နှင့် အခြားသူများသည် ကောင်းကင်ဘုံနတ်ဘုရားသော့ကို မြင်သောအခါ သူတို့၏ သူငယ်အိမ်များက အနည်းငယ် တင်းကျပ်သွားကြ၏။
ကောင်းကင်ဘုံနတ်ဘုရားသော့သည် နတ်ဘုရားမျိုးနွယ်၏ အလွန်တရာ ထင်ရှားသော လက်နက်တစ်ခုဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ် ၉စုပင်လျှင် ၎င်း၏ ချုပ်နှောင်ခြင်းကနေ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်ဘုံနတ်ဘုရားသော့၏ သံကွင်းများပေါ်ရှိ ဆူးချွန်များသည် အသားများကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး နက်ရှိုင်းစွာ စူးဝင်နိုင်လေသည်။
ဒါ့အပြင်.. ထိုဆူးချွန်များတွင် အခေါင်းပေါက်များ ပါရှိပြီး သွေးများကို အဆက်မပြတ် စုပ်ယူနိုင်ကာ ကောင်းကင်ဘုံနတ်ဘုရားသော့ဖြင့် ချုပ်နှောင်ခံထားရသော သက်ရှိများသည် သူတို့၏ သွေးချီကို ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့၏ သွေးချီကို ပြန်လည်ဖြည့်တင်းလိုက်သည့် ခဏမှာပင်.. ၎င်းသည် သံကွင်းများပေါ်ရှိ ဆူးချွန်များ၏ စုပ်ယူခြင်းကို ခံရမည်ဖြစ်၏။
နတ်ဘုရား ဟန်လင်းသည် သူ့လက်ထဲရှိ ကောင်းကင်ဘုံနတ်ဘုရားသော့ကို ညဝိညာဉ်ရှိရာသို့ ပစ်ထုတ်လိုက်၏။
ရွှစ်…
ကောင်းကင်ဘုံနတ်ဘုရားသော့သည် ဆင်းသက်လာပြီး ညဝိညာဉ်၏ ပတ်လည်ကို ချက်ချင်းပင် ရစ်ပတ်လိုက်၏။ သိပ်သည်းပြင်းထန်သော နတ်ဘုရားစွမ်းအားများက စုစည်းလာပြီး ညဝိညာဉ်၏ ခန္ဓာကိုယ်ကို ကန့်သတ်ချုပ်နှောင်ကာ သူ၏ အစစ်အမှန်ပုံစံကနေ လူသားသွင်ပြင်သို့ ပြောင်းလဲလာစေ၏။
ဝုန်း… ဂျွတ်..
သံကွင်း ငါးခုသည် ညဝိညာဉ်၏ လက်နှစ်ဖက်၊ ခြေနှစ်ဖက်နှင့် လည်ပင်းတို့ကို ချက်ချင်းပင် ချုပ်နှောင်လိုက်ပြီး သူ၏အသားထဲသို့ ဆူးချွန်များက နက်ရှိုင်းစွာ နစ်ဝင်သွား၏။
ညဝိညာဉ်သည် ခပ်သဲ့သဲ့ ညည်းတွား၍ နာကျင်နေသော အမူအရာနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။
“ဟားဟားဟားဟား”
ယက္ခဖုန်ထျန်က စိတ်လှုပ်ရှားလာပြီး အော်ဟစ်ရယ်မောလိုက်၏။
“တောကောင်လေး.. မင်းဆက်ပြီးတော့ ဇောင်းကြွနိုင်ဦးမလား ကြည့်ရသေးတာပေါ့.. မင်း.. အခု ဘယ်ကိုဆက်ပြီး ထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
“အား..”
ထိုစဉ်မှာပင် လူသားသွင်ပြင်သို့ ပြောင်းလဲလာသော ညဝိညာဉ်ကို ကြည့်ပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက ပြောင်းလဲသွားကာ သူက တီးတိုးရေရွတ်လိုက်၏။
“အဲဒါ သူလား”
“ဘာလို့လဲ.. ခင်ဗျားက သူ့ကို အရင်က မြင်ဖူးလို့လား”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ပြောင်းလဲသွားသော အမူအရာကို သတိထားမိပြီး ဝူရှဲ့က လှည့်၍မေးလိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခေါင်းညိတ်လိုက်၏။
“သူ့ရဲ့နာမည်က ညဝိညာဉ်ပဲ.. သူက ကျင့်ကြံရေးလောကမှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ မကြာမကြာ ပေါ်လာတတ်တယ်… နောက်ပြီး သူ့ရဲ့ အစစ်အမှန်ပုံစံကိုလည်း တစ်ခါမှ မထုတ်ဖော်ခဲ့ဘူး.. သူက ကျင့်ကြံရေးလောကက လူတစ်ယောက်နဲ့ မိတ်ဆွေရင်းချာဖွဲ့ထားပြီးတော့.. သူက အဲဒီလူရဲ့ စိတ်ဝိညာဉ်တောကောင်ဖြစ်တယ်လို့တောင် ကျင့်ကြံရေးလောကက လူတွေက ထင်နေကြတာ”
“အဲဒါ မဖြစ်နိုင်တာ”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“အဲဒီ တဗူးမျိုးနွယ်ကို ဘယ်သူက ဖိနှိမ်နိုင်မှာလဲ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်မှ လူတိုင်းကိုကြည့်ပြီး ထူးဆန်းစွာဖြင့် ပြုံးလိုက်၏။
“ဥပစာ ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက သူက အဲဒီလူနဲ့ အတူပူးပေါင်းပြီးတော့ ခင်ဗျားတို့ မျိုးနွယ်နှစ်စုက လူတွေကို အသင်္ချေနယ်မြေမြို့တော်မှာ မြှုပ်နှံပေးခဲ့သေးတယ်”
“ဟမ်”
ယက္ခဖုန်ထျန်၏ အမူအရာက ပြောင်းလဲသွားပြီး အေးစက်စွာဖြင့် အော်ငေါက်လိုက်၏။
“အဲဒါ အဲဒီလူလား.. သူ့နာမည်က ဘယ်သူလဲ ပြောစမ်းပါဦး”
“တာအိုအရှင် အထီးကျန်သိုင်းသခင်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အခုဆိုရင်.. သူက သိုင်းတာအိုကို ဖန်တီးပြီးတော့ စိတ်ဝိညာဉ်ရင်းမြစ် မရှိတဲ့ မော်တယ်တွေကို ကျင့်ကြံစေနိုင်ခဲ့တယ်.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို ကြောက်စရာကောင်းပြီးတော့ ထိပ်သီးဂိုဏ်းကြီးတွေက မည်ကာမတ္တ တပည့်တွေတောင် သူ့လက်ထဲမှာ သေဆုံးခဲ့ရတယ်.. သူက အခုဆိုရင် ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသသ သုံးခုကို စုဖွဲ့ပြီးတော့ အရမ်းကို နာမည်ကြီးနေပြီ”
“ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသသ သုံးခုလား”
နတ်ဘုရားမျိုးနွယ်မှ လူတိုင်းက မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသသ သုံးခုကို စုဖွဲ့နိုင်ခဲ့သောအချက်သည် ကျင့်ကြံရေးလောကမှာ ကြီးမားစွာ ဂယက်ရိုက်သွားစေခဲ့၏။ သို့သော်လည်း မျိုးနွယ်စု ၆စုကတော့ အံ့အားသင့်သွားရုံမျှသာ ဖြစ်၏။
ဥပမာအားဖြင့် ဝူရှဲ့၊ နတ်ဘုရား ဟန်လင်းနှင့် ယက္ခဖုန်ထျန်တို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ဆူဇီမိုက ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသသ သုံးခုကို မပြောနှင့်.. ဆယ်ခု စုဖွဲ့နိုင်ခဲ့သည်ဆိုလျှင်တောင် သူတို့က ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
ကမ္ဘာဦးမျိုးနွယ် ၉စုမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ဘယ်လောက်တောင် သန်မာလိုက်သလဲ..။
လူသားမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် သူတို့ကို သွားရောက်ရန်စရဲလိမ့်မည် မဟုတ်ပေ။
“သူက အခု ဘယ်နေရာမှာလဲ”
ယက္ခဖုန်ထျန်က ကြမ်းကြုတ်ခက်ထန်စွာဖြင့် မေးလိုက်၏။
“ငါက အခုပဲ အဲဒီကောင်လေးကို သွားပြီးသတ်မယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခေါင်းခါပြလိုက်၏။
“အထီးကျန်သိုင်းသခင်မှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ခံရှိတယ်.. ခင်ဗျားက အခုနေ သွားမယ်ဆိုရင်တောင် သူ့ကို ထိခိုက်အောင် လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်.. နောက်ပြီး အဲဒီလူရဲ့ လှုပ်ရှားမှု နည်းစနစ်က အရမ်းကို မြန်ဆန်တယ်.. သူသာ အစွမ်းကုန်ထုတ်ပြီး ထွက်ပြေးမယ်ဆိုရင် သူ့ကို ဖမ်းမိနိုင်ဖို့က အတော့ကို ခဲယဉ်းတယ်”
“ဟမ်.. သူက ဘယ်လောက်မြန်မြန်.. ငါတို့ ယက္ခမျိုးနွယ်ထက် ပိုမြန်နိုင်မှာမို့လား”
ယက္ခဖုန်ထျန်က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။
သူသည် ထိုသို့ပြောဆိုသော်လည်း အတင်းကာရော လုပ်မည့်ပုံတော့ မရှိတော့ပေ။
သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို မကြောက်ရွံ့သော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်ကိုတော့ ကြောက်ရွံ့နေရဆဲဖြစ်၏။
မဟာယာနအဆင့်၌ လူတစ်ယောက်သည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ပြီး ထိုစွမ်းအားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ရင်မဆိုင်နိုင်သော တစ်စုံတစ်ရာဖြစ်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဆက်ပြောလိုက်၏။
“နောက်ပြီး.. အထီးကျန်သိုင်းသခင်က သတိဝင်သွားပြီးတော့ ပုန်းကွယ်နေမယ်ဆိုရင်.. ကျုပ်တောင်မှ သူ့ရဲ့ တည်နေရာကို ဗေဒင်တွက်ချက်ပေးနိုင်မှာ မဟုတ်ဘူး”
“မင်းတောင်မှ သူ့ကို ဗေဒင်မတွက်နိုင်ဘူးလား”
ဝူရှဲ့က မျက်မှောင်ကြုတ်လိုက်၏။
တဗူးမျိုးနွယ်အတွက်ပင်လျှင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က နေရာအကြမ်းဖျင်းကို တွက်ချက်ထုတ်ပေးနိုင်ခဲ့၏။
ဒါတောင် သူက ကမြောက်ကခြောက် လူသားတစ်ယောက်ကို ဗေဒင်တွက်မပေးနိုင်ဘူးလား..။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တည်ငြိမ်နေသော အမူအရာတစ်ခုရှိ၏။
“တစ်ခါတုန်းက ပညာရှင်တစ်ယောက်က အထီးကျန်သိုင်းသခင်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ်… သူ့ကို မမြင်ရတဲ့ မြူခိုးတစ်လွှာက လွှမ်းခြုံထားပြီးတော့ ကျုပ်က သူ့ကို ဗေဒင်မတွက်နိုင်ဘူး”
“အဲဒါဆိုရင် ငါတို့ ဘာလုပ်သင့်သလဲ”
ယက္ခဖုန်ထျန်က အေးစက်စွာဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ငါ သတ်ကိုသတ်ရမယ့်လူပဲ”
“အမှန်ပဲ.. အဲဒီကောင်လေးက ငါ့ရဲ့ ကလန်သားတွေကိုလည်း သတ်ခဲ့ဖူးတယ်.. ငါ သူ့ကို ဘယ်လိုမှ ခွင့်လွှတ်မပေးနိုင်ဘူး”
နတ်ဘုရားဟန်လင်းကလည်း ဖြည်းဖြည်းချင်း ပြောလိုက်၏။
ရွှေကျီးကန်း တတိယမင်းသားက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်လေသည်။
“ခင်ဗျားတို့ပြောတာနဲ့ ကျုပ်တောင် စိတ်ပါလာပြီ.. ကျုပ်လည်း အဲဒီ အထီးကျန်သိုင်းသခင်ကို တွေ့ချင်တယ်”
“တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်.. ခင်ဗျားမှာ မဟာအစီအစဉ်တွေ ဘာတွေ မရှိဘူးလား”
ဝူရှဲ့က မေးလိုက်၏။
“အဲဒါက မဟာအစီအစဉ်တစ်ခုလို့တော့ ပြောလို့မရဘူး.. အဲဒါက ပေါ်ပေါ်ထင်ထင် အကောက်ကြံခြင်းလို့ပဲ ပြောလို့ရမယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က မလှမ်းမကမ်းတွင်ရှိသော ညဝိညာဉ်ကို လက်ညိုးထိုးပြီး ပြုံးလိုက်၏။
“နှစ်တစ်ထောင်မှာ တစ်ခါကျင်းပတဲ့ ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက မကြာခင် စတော့မယ်.. အဲဒီအချိန်ကျရင် ကျုပ်တို့က အဲဒီတောကောင်ကို ငါးစာအဖြစ် သုံးလိုက်မယ်ဆိုရင် အဲဒါက အန္တရာယ်ရှိတယ်ဆိုတာ သိရင်တောင် အထီးကျန်သိုင်းသခင်က သေချာပေါက် ရောက်လာလိမ့်မယ်”
“အထီးကျန်သိုင်းသခင်ရဲ့ စိတ်နေစရိုက်အရဆို.. သူက အဲဒီတောကောင်ကို သေချာပေါက် လာကယ်မှာပဲ.. အဲဒီအချိန်ကျရင် မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက သူ့ကို သတ်ဖြတ်ဖို့ တိုက်ခိုက်လာလိမ့်မယ်.. ကျုပ်တို့အားလုံး လုပ်စရာရှိတာက ဘေးကနေရပ်ပြီး ပြပွဲကို စောင့်ကြည့်နေရုံပဲ”
ရွှေကျီးကန်း တတိယမင်းသားက လက်ခုပ်တီး၍ ရယ်မောလိုက်၏။
“စိတ်ဝင်စားစရာပဲ… စိတ်ဝင်စားစရာပဲ”