တဗူးမျိုးနွယ်
Vol. 86 Ch. 1290
“ဘာမှတော့ မဖြစ်လောက်ပါဘူးနော် ဟုတ်တယ်မလား”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် သက်ရှိတစ်ယောက်က အေးစက်စက် အမူအရာနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။
“ဘာဖြစ်နိုင်ပါ့မလဲ”
နတ်ဘုရား ဟန်လင်းက လက်ကာပြ၍ ဝင့်ကြွားစွာဖြင့် ကြေညာလိုက်၏။
“ဒီကောင်းကင်ဘုံနတ်ဘုရားသော့ကို နတ်ဘုရားမျိုးနွယ်က အကြီးအကဲတစ်ယောက်က ကျုပ်ကို ပေးထားတာပဲ.. ဓမ္မရတနာတစ်ခုကတောင် အဲဒါကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ အသုံးပြုသော လက်နက်များသည် နတ်ဘုရားစွမ်းအားများဖြင့် ပေါင်းစည်းနေပြီး သူတို့ကို ဓမ္မရတနာများဟု ခေါ်ဆိုလေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်ကလည်း ခေါင်းညိတ်လိုက်၏။
“အားလုံးပဲ ဘာမှမပူနဲ့.. ဒီတဗူး မွေးဖွားပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာက ကမ္ဘာဦးမျိုးနွယ် ၉စုတင် မဟုတ်ဘူး.. ကျုပ်တို့ လူသားမျိုးနွယ်တွေကလည်း သူ့ကို လွှတ်ပေးထားမှာ မဟုတ်ဘူး”
“တဗူးတွေက မျိုးနွယ်စုတစ်သောင်းရဲ့ ရန်သူပဲ… အဲဒီအချိန်ကျရင် သူ့ကို ကာကွယ်ပေးတဲ့ ဘယ်သူမဆို သူနဲ့အတူ သေဆုံးရလိမ့်မယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ထိုစကားကို ပြုံး၍ ပြောလိုက်သော်လည်း အဲဒီမှာ အေးစက်စက် သတ်ဖြတ်လိုစိတ်တစ်ခု ပါဝင်နေ၏။
. . . . .
ဆန်းကြယ်တောင်ထွတ်တွင်..
ကိုယ်တော်ယွမ်ပေ ကွယ်လွန်သွားပြီးကတည်းက ဆူဇီမိုသည် ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သို့သော်လည်း သူသည် ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်တော့မည့်အလား.. မကြာသေးခင်က စိတ်ထဲမှာ မအီမသာ ခံစားနေရခဲ့ရ၏။
အဲဒါသည် မသိစိတ်၏ လှုံ့ဆော်မှုတစ်ခုဖြစ်ပြီး သေချာပေါက် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။
သို့သော်လည်း.. အဲဒါက ဘယ်ကနေ လာသလဲဆိုတာ သူ့မှာ သဲလွန်စ မရှိပေ။
ဤနေ့တွင်တော့ ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါထဲမှာ တရားထိုင်နေစဉ် ရင်တစ်ချက်ထိတ်သွား၏။ သူသည် အင်္ကျီလက်စကို ဝှေ့ယမ်းပြီး သူ၏ လိုဏ်ဂူခန်းဝါတံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သတင်းပို့ကြိုးကြာတစ်ကောင်က အထဲသို့ ပျံသန်းဝင်ရောက်လာလေသည်။
ဆူဇီမိုက ၎င်းကို လက်ခံယူလိုက်၏။
“ရှောင်းနင်လား..”
စိတ်ဝိညာဉ်ကြိုးကြာသည် ရင်းနှီးနေကျ အော်ရာတစ်ခုကို ထုတ်ပေးနေ၏။ အဲဒါက ရှောင်းနင်ဖြစ်၏။
“အစ်ကို.. ကျွန်မ ရှင့်ကို လွမ်းနေတာ.. အစ်ကို ဒီနှစ်တွေထဲ အဆင်ပြေရဲ့လား.. ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက မကြာခင် စတော့မယ်.. အစ်ကိုက အဲဒီမှာ ဝင်ပါမှာလား.. ပါမယ်ဆိုရင် ကျွန်မတို့ အဲဒီမှာ တွေ့ကြတာပေါ့”
ထိုနေရာအရောက်တွင် ဆူဇီမိုက ပြုံး၍ ဆက်ဖတ်လိုက်၏။
“ဒီနှစ်တွေထဲမှာ ညဝိညာဉ်ကို တွေ့မိသေးလား.. လွန်ခဲ့တဲ့ နှစ်၉၀လောက်က သူက ရုတ်တရက် ထွက်ခွာသွားပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်.. သူက အဲဒီအချိန်တတည်းက ပြန်ရောက်မလာတော့ဘူး”
“သူထွက်သွားတဲ့နေ့က တစ်စုံတစ်ရာ မှားယွင်းနေသလိုမျိုး သူ့မှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်.. သူက ရှင်နဲ့အတူ ရှိနေတယ်ဆိုရင် ကျေးဇူးပြုပြီး အကြောင်းပြန်ပေးပါဦး”
ထိုနေရာအရောက်တွင် ဆူဇီမိုက အလေးအနက် စဉ်းစားတွေးတောလိုက်၏။
ညဝိညာဉ်က ပျောက်ဆုံးနေ၏။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ညဝိညာဉ်၏ တိုက်ခိုက်ရည်ခွန်အားအရ သူ့အနေဖြင့် နှစ်တစ်ရာလောက် ပျောက်ဆုံးနေတာက ဘာမှမဟုတ်ပေ။ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သူ့ကို ထိခိုက်အောင် လုပ်နိုင်သည့်သူက မရှိလောက်ပေ။
သူက သူတို့ကို မနိုင်ဘူးဆိုလျှင်တောင် လွတ်မြောက်အောင် ထွက်ပြေးနိုင်လေသည်။
ညဝိညာဉ်က ဘာတွေများ ဖြစ်နေသလဲ…။
ညဝိညာဉ်ရဲ့ နောက်ခံက ပေါက်ကြားသွားတာများလား…။
ချက်ချင်းပင် ဆူဇီမိုက ခေါင်းကို ခါယမ်းလိုက်၏။
ညဝိညာဉ်သည် အလွန်သတိကြီးပြီး သူ၏ရှေ့မှာပင် သူ၏ အစစ်အမှန်ပုံစံကို တစ်ခါသာ ထုတ်ဖော်ခဲ့ဖူး၏။ သူက ဘယ်လိုလုပ် ဖော်ထုတ်ခံရပါ့မလဲ..။
ထိုစဉ်မှာပင် လိုဏ်ဂူခန်းဝါ အပြင်ဘက်ကနေ နောက်ထပ် စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင်က ပျံသန်းလာ၏။
ဆူဇီမိုသည် ၎င်းကို လက်ခံယူပြီး တစ်ချက်ကြည့်လိုက်၏။
ဤစိတ်ဝိညာဉ်ကြိုးကြာက လင်းရွှမ်ကျီထံမှ ဖြစ်လေသည်။
“ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ဝင်မပါနဲ့… လုံးဝ ဝင်မပါနဲ့”
စိတ်ဝိညာဉ်ကြိုးကြာပေါ်တွင် သတင်းအချက်အလက်များစွာ မရှိဘဲ စာကြောင်းအချို့သာလျှင် ရှိလေသည်။ အဲဒါက ရှင်းလင်းသော သတိပေးချက်တစ်ခုဖြစ်၏။
ဒါ့အပြင် ထိုစာကို အလောတကြီး ရေးသားခဲ့ပုံရ၏။
“ထိပ်သီးဂိုဏ်းကြီးတွေက ငါ့ဆရာ ကွယ်လွန်သွားပြီဆိုတာကို ကောက်ချက်ချသွားနိုင်လို့ ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်မှာ ငါ့ကို ပူးပေါင်းသတ်ဖြတ်ဖို့ ကြံစည်နေတာများလား..”
ဆူဇီမိုသည် ထိုဖြစ်နိုင်ချေကို အလျင်အမြန်တွေးလိုက်၏။
ဤနှစ်များအတွင်း.. ဖန်သားနန်းတော်၊ မိုးကြိုးလေပြေနန်းတော်နှင့် ဓားဂိုဏ်းတို့သည် သူ့ကို သည်းခံနေခဲ့ခြင်းမှာ ကိုယ်တော်ယွမ်ပေကို စိုးရိမ်ပူပန်နေခဲ့သောကြောင့် ဖြစ်၏။
ယခု ကိုယ်တော်ယွမ်ပေက ကွယ်လွန်သွားခဲ့ပြီဖြစ်သည့်အတွက် ထိုထိပ်သီးဂိုဏ်းကြီးများက တစ်ဖန်လှုပ်ရှားလာကြမည်ဆိုလျှင် အဲဒါက ယုတ္တိတန်လေသည်။
ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
ကိစ္စက ထိုသို့ဆိုမှတော့ သူသည် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ဝင်ပါတော့မည် မဟုတ်ပေ။
လင်းရွှမ်ကျီတောင် ဤကဲ့သို့ သတိပေးလာသည်ဆိုတော့ ဤတစ်ခေါက် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်၏ အန္တရာယ်က သေချာပေါက် မမျှော်မှန်းနိုင်လောက်အောင် မြင့်မားနေပေလိမ့်မည်။
သူက စဉ်းစားတွေးတောနေစဉ်မှာပင် တံခါးအပြင်ဘက်ကနေ ပုံရိပ်တစ်ခုက ဆင်းသက်လာ၏။ အဲဒါက နန်းကြည် ဖြစ်၏။
“သခင်လေး.. ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ သတင်းရောက်လာတာ ရှိတယ်”
သူမက ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာ၏။
“ပြောကြတာတော့.. ဒီတစ်ခေါက် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တိုက်ပွဲကို အလယ်ပိုင်းတိုက်မှာပဲ ကျင်းပမှာ.. ဒါပေမဲ့လို့ အဲဒါက အရင်တုန်းကနဲ့ မတူဘဲ ထူးခြားနေတာ ရှိတယ်”
“အဲဒီမှာ တမူထူးခြားတဲ့ ဆုလာဘ်တွေအပြင်.. ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်မှာ ဝင်ရောက်နိုင်တဲ့ ကျင့်ကြံသူ ၇၂ယောက်က တဗူးသွေးကိုလည်း သောက်သုံးနိုင်တဲ့ အခွင့်အရေး ရဦးမယ်”
“တဗူးသွေးလား..”
ဆူဇီမိုက များစွာ စဉ်းစားတွေးတောခြင်း မရှိဘဲ သာမန်ကာလျှံကာ ပြန်မေးလိုက်၏။
နန်းကြည်က ခေါင်းခါပြလိုက်၏။
“ကျွန်မလည်း သေချာတော့ မသိဘူး.. ထင်တာကတော့ ပဟေဠိနန်းတော်က ထိပ်သီးဂိုဏ်းကြီးတချို့နဲ့ ပူးပေါင်းပြီး ကမ္ဘာဦးခေတ်က အရမ်းကို ကြောက်စရာကောင်းတဲ့ တဗူးတစ်ကောင်ကို ဖမ်းမိထားပုံရတယ်”
“ပြောကြာတာတော့.. အဲဒီတဗူးရဲ့ သွေးတစ်စက်ချင်းစီမှာ မမျှော်မှန်းနိုင်လောက်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
. . . . .
တစ်ချိန်တည်းမှာပင်.. နဂါးအရိုးတောင်ကြားတွင်..
တံခါးပိတ်ကျင့်ကြံနေခဲ့သော အစစ်အမှန်နဂါးခန္ဓာသည် အလောတကြီး တံခါးခေါက်သံများကြောင့် နိုးထလာခဲ့၏။
သူသည် နဂါးမျိုးနွယ်၏ သခင်လေးဖြစ်နေပြီဖြစ်ပြီး မျိုးနွယ်စု ၅စုကို ဦးဆောင်လေသည်။ အရမ်းကို အရေးကြီးသည့် ကိစ္စတစ်စုံတစ်ရာ မရှိလျှင် နဂါးမျိုးနွယ်က သူ့ကို သေချာပေါက် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။
သူသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ မတ်တတ်ထရပ်ကာ သူ၏ နဂါးသားရဲတွင်းကနေ ထွက်လာခဲ့၏။
“သခင်လေး.. အကြီးအကဲတွေက မဟာခန်းမထဲက အစည်းအဝေးကို လာဖို့ ခင်ဗျားကို ဖိတ်လိုက်တယ်”
မီးပဒေသာနဂါးတစ်ကောင်က ရိုသေးလေးစားစွာဖြင့် ဦးညွတ်လိုက်၏။
ဆူဇီမိုသည် ခေါင်းညိတ်၍ အလယ်ပိုင်းဒေသတွင်ရှိသော မဟာခန်းမဆီသို့ ဦးတည်လိုက်၏။
ပြီးခဲ့သည့် နှစ်များအတွင်း.. တံခါးပိတ်ကျင့်ကြံခြင်းမှာ သူ၏ အစစ်အမှန်နဂါးခန္ဓာသည် ပင်ကိုနတ်ဘုရားစွမ်းအား သုံးခု၏ အကူအညီနှင့်အတူ အလွန်တရာ လျင်မြန်စွာ ကျင့်ကြံခဲ့ပြီး သူက ယခုဆို ပကတိဓမ္မဝိသေသအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
တကယ်တော့ ပကတိဓမ္မဝိသေသအဆင့်ကနေ ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖျက်တက်လှမ်းခြင်းသည် အခွင့်အလမ်းတစ်ခုကို လိုအပ်ရုံသာမက.. အခြေခံကျစ်လစ်ခိုင်မာဖို့အတွက် အချိန်အတိုင်းအတာတစ်ခုလည်း လိုအပ်လေသည်။
ဆူဇီမိုသည် အစည်းအဝေးခန်းမထဲသို့ ရောက်ရှိလာပြီး မော့ကြည့်လိုက်၏။
ခန်းမထဲတွင် အကြီးအကဲ ၁၀ယောက်ကျော်က ထိုင်နေကြ၏။ လက်ရှိ မီးပဒေသာနဂါးမျိုးရိုး၏ မဟာအကြီးအကဲသာလျှင်မကဘဲ အခြားသော မျိုးနွယ်စု ၄စုမှ မဟာအကြီးအကဲများလည်း ရှိနေကြ၏။
“လူစည်ကားလှချည်လား”
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။
“အကြီးအကဲတွေ ဒီလောက်အများကြီး စုဝေးလာရအောင် ဘာများဖြစ်လို့ပါလိမ့်”
“လုံမို.. ထိုင်ပါဦး”
မီးပဒေသာနဂါး မဟာအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းပြပြီး ဆူဇီမို ထိုင်ဖို့အတွက် ညွှန်ပြလိုက်၏။
နဂါးမျိုးနွယ်မှ သခင်လေးအနေဖြင့် သူ၏ အဆင့်အတန်းသည် လက်ရှိအကြီးအကဲများနှင့် ယှဉ်နိုင်ပြီး သာမန်နဂါးအကြီးအကဲတချို့၏ အထက်မှာပင် ရှိလေသည်။
“ဒီနေ့ မင်းကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့.. သတင်းအချက်အလက်တချို့ မင်းကို ပေးချင်လို့ပဲ”
မီးပဒေသာနဂါး မဟာအကြီးအကဲက ပြောလိုက်၏။
“ကမ္ဘာဦးခေတ်က တဗူးမျိုးနွယ်စုတချို့ရဲ့ အကြွင်းအကျန်မျိုးဆက်သွေးက အသက်ရှင်နေတုန်းပဲ.. ဒါ့အပြင် သူ့ကို ကမ္ဘာဦးမျိုးနွယ် ၆စုက အသက်ရှင်လျက် ဖမ်းဆီးထားတယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။
သူ့စိတ်ထဲသို့ အရင်ဆုံး ဝင်ရောက်လာသူမှာ ညဝိညာဉ်ဖြစ်၏။
သို့သော်လည်း သူသည် ဣန္ဒြေကိုဆည်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
“အကြီးအကဲတို့.. အဲဒီတဗူးက ဘာလဲဆိုတာ ကျုပ်ကို ရှင်းပြပေးပါဦး”
မီးပဒေသာနဂါး မဟာအကြီးအကဲသည် ပြန်ပြောင်းစဉ်းစား၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကမ္ဘာဦးခေတ်တုန်းက မျိုးနွယ်စုတစ်သောင်းက အုပ်စိုးခဲ့ပြီးတော့.. အခုမျက်မှောက်ခေတ်ထက် အများကြီးပိုပြီး ရက်စက်ကြမ်းတမ်းတယ်”
“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၉စုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကမ္ဘာဦးခေတ်တုန်းက အုပ်စိုးခဲ့ကြတယ်”
“ဒါပေမဲ့လို့ ငါတို့ရဲ့ အထက်မှာ နောက်ထပ် မျိုးနွယ်စုတစ်စု ရှိသေးတယ်.. အဲဒါက တဗူးမျိုးနွယ်ပဲ”
ထင်မှတ်ထားသည့်အတိုင်းပင်..။ ညဝိညာဉ်၏ မျိုးဆက်သွေးသည် တကယ့်ကို သန်မာပြီး ကမ္ဘာဦးမျိုးနွယ် ၉စုထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။
ညဝိညာဉ်သည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်လာစဉ်က တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နဂါးဥကို စားသုံးရဲခဲ့သည်မှာ မထူးဆန်းတော့ပေ။
မီးပဒေသာနဂါး မဟာအကြီးအကဲက ဆက်ပြောလိုက်၏။
“တဗူးမျိုးနွယ်က အရမ်းကို ထူးခြားပေမယ့်.. သူတို့ရဲ့ မွေးဖွားနှုန်းကတော့ အရမ်းအရမ်းကို နိမ့်ပါးတယ်.. သူတို့ရဲ့ မျိုးဆက်သွေးက အရမ်းကို ရှားပါးပြီးတော့ မျိုးဆက်တစ်ခုမှာ တစ်ယောက်စ နှစ်ယောက်စပဲ ပေါ်ထွက်လာတတ်တယ်”
“ငါတို့သိတဲ့ တဗူးတွေကြားမှာ နဂါးဖီးနစ်လည်း ပါတယ်”
“နဂါးဖီးနစ်က နဂါးမျိုးနွယ်ရဲ့ မျိုးဆက်သွေးတင်မကဘူး… နတ်ဖီးနစ်ရဲ့ မျိုးဆက်သွေးကိုလည်း ပိုင်ဆိုင်ထားတယ်.. သိပ်သည်းပြင်းထန်တဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ အရမ်းကို သန်မာပြီးတော့ သူက ကမ္ဘာဦးခေတ်က အစစ်အမှန် တဗူးတစ်မျိုးပဲ”
ထိုနေရာအရောက်တွင်.. မီးပဒေသာနဂါး မဟာအကြီးအကဲက ဆူဇီမိုကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလေသည်။
“ခွန်ဖန်းဆိုတာကလည်း တဗူးတစ်မျိုးပဲ”
“ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှာ ခွန်မျိုးနွယ်ဆိုတာ ရှိတယ်.. ခွန်ဖန်းကတော့ ခွန်မျိုးနွယ်ထက် အများကြီးပိုပြီး သန်မာတယ်.. အဲဒါက ငါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ကီလိုမီတာ ထောင်ပေါင်းများစွာရှိတဲ့ သမုဒ္ဒရာကို ဝါးမျိုနိုင်သလို ငှက်တစ်ကောင်အဖြစ် ပြောင်းလဲပြီးတော့ အဆုံးစွန် ယင်နဲ့ယန်ကိုလည်း ပိုင်ဆိုင်နိုင်တယ်”
ဆူဇီမိုသည် ဤကဲ့သို့သော အကြောင်းအရာများကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။
သူသည် ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ ဆက်လက်နားထောင်နေ၏။
ညဝိညာဉ်သည် တဗူးမျိုးနွယ်မှ လာခြင်းဖြစ်သော်လည်း သူသည် နဂါးဖီးနစ် သို့မဟုတ် ခွန်ဖန်းမျိုးနွယ်မှ မဟုတ်ကြောင်း သူ သေချာပေါက် ပြောနိုင်လေသည်။
မီးပဒေသာနဂါး မဟာအကြီးအကဲက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နောက်ထပ် တဗူးမျိုးနွယ်တစ်ခုကိုတော့ ဟို့ လို့ခေါ်တယ်”