ရှေးဘုရင်ဂြိုလ်ပေါ်မှ ထူးခြားဆန်းကြယ်သော ရိုးရာဓလေ့
Vol. 76 Ch. 1172
ရွှီချင်းအတွက်တော့ ဤတစ်ကြိမ် လူသားဧကရာဇ်နှင့် တွေ့ဆုံခြင်းသည် နန်းတော်၏ ဂိတ်တံခါးမှ သူထွက်လျှောက်သွားသည့်အခိုက် နိဂုံးချုပ်သွားသည်။
သို့သော်လည်း မုန်တိုင်းက သူ၏ နှလုံးသားထဲမှာ ဆက်လက် ပေါ်လျှိုးနေဆဲပင်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် သားရိုင်းတစ်ကောင်ရှိနေသည့်အလားပင်။ ၎င်းက သူ၏ စိတ်ထဲမှာ ဗြောင်းဆန်အောင် လှုပ်ရှားနေပြီး အရာအားလုံးကို ဆုတ်ဖြဲပစ်ရန် ကြိုးစားနေဟန် ရ၏။
သူက သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး အပေါ်ယံတွင် အေးဆေးတည်ငြိမ်ပုံပေါ်ရန် အကောင်းဆုံး ကြိုးစားထားရသည်။ သူက ခေါင်းမော့လိုက်ပြီး နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ခေါင်းဆောင်နှင့် နတ်မိမယ်ကျစ်ရွှမ်းကို ပြုံးပြလိုက်သည်။
ခေါင်းဆောင်၏ အတွေးများက တခြားကိစ္စများဖြင့် ဆွဲဆောင်ခံထားရကြောင်း ရှင်းလင်း၏။ ထို့ကြောင့် သူက နတ်မိမယ်ကျစ်ရွှမ်းကဲ့သို့ ရွှီချင်းကို လေးနက်စွာ မကြည့်ပေ။
နတ်မိမယ်ကျစ်ရွှမ်းသည် သူနှင့်အတူ မထွက်သွားခင် ရွှီချင်းကို ကြည့်လိုက်သည်။ ခေါင်းဆောင်သည်တော့ နင်ယန်ကို စောင့်ဆိုင်းရန် ကျန်နေခဲ့မည်ဟု ပြောသည်။ သို့သော်လည်း ရှေးဘုရင်ဂြိုလ်ကို စိုက်ကြည့်နေသော ခေါင်းဆောင်၏ မျက်လုံးထဲမှာ အလိုရမ္မက်ဖြင့် ပြည့်နှက်နေကြောင်း ရွှီချင်း သတိထားမိသည်။ ထိုသို့ဖြစ်သည့်အခါတိုင်း တစ်ဖက်လူက ကိစ္စကြီးတစ်ခုကို ဆောင်ရွက်ရန် ပစ္စည်းများနှင့် သတင်းအချက်အလက်များကို စုဆောင်းလိမ့်မည်။
ထိုအကြည့်သည် သူက သတင်းအချက်အလက် စုဆောင်းနေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေသည်။
ထို့ကြောင့် သူက ခေါင်းဆောင်ကို အနောက်မှာ ချန်ထားခဲ့ပြီး ထွက်သွားသည်။ ဤတစ်ကြိမ် လူသားဧကရာဇ်နှင့် တွေ့ဆုံမှုတွင် ရွှီချင်းရရှိခဲ့သော အကျိုးအမြတ်များမှာ ညီလာခံတတ်ရောက်ဖူးခြင်း၊ ကမ္မစွမ်းအားကို စုစည်းရရှိခဲ့ခြင်း၊ ပရောဟိတ်ဆရာ၏ သရုပ်ကို အတည်ပြုနိုင်ခဲ့ခြင်းနှင့် ဧကရာဇ်ဓားကို ရရှိခဲ့ခြင်းတို့ ဖြစ်ကြသည်။
သို့သော်လည်း သူ၏ လုပ်ဆောင်မှုက မလုံလောက်သေးကြောင်း ရွှီချင်း ခံစားမိသည်။ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်နေရာတွင် ပြဿနာတချို့ ရှိနေသေးသည်။ အရေးကြီးဆုံးမှာ ဤအခိုက်အတန့်တွင် လည်ပတ်နေသော သူ၏ အသိစိတ်ကို မရပ်တန့်သွားရန်နှင့် သူ့ကိုယ်သူ စိတ်အေးလက်အေးရှိမနေစေရန် အတော်လေး ကြိုးစားနေရသည်။
သူ၏ အတွေးများက ရပ်တန့်သွားသည်နှင့် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးမှာ ပုန်းကွယ်နေသော ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားအပေါ် သတ်ဖြတ်ချင်စိတ်က ဒီရေအလား ပေါ်လျှိုးထွက်လာလိမ့်မည်။
နတ်မိမယ်ကျစ်ရွှမ်းသည် ယင်းကို အာရုံခံမိသည်။ ရွှီချင်းက ယင်းကို အကောင်းဆုံး ဖုံးကွယ်ထားသော်လည်း ရွှီချင်း၏ နှလုံးသားထဲမှာ ကြီးမားသော မုန်တိုင်းတစ်ခုရှိနေကြောင်း နတ်မိမယ်ကျစ်ရွှမ်းက အာရုံခံမိသွားဆဲပင်။
ထို့ကြောင့် သူက ရွှီချင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ရွှီချင်းက သူ့လက်ကို ဆုပ်ကိုင်ပေးခဲ့သကဲ့သို့ သူ၏ အနွေးဓာတ်ကို ရွှီချင်းထံသို့ ပို့လွှတ်ပေးလိုက်သည်။
“ အိမ်ပြန်ကြရအောင် ”
သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် လေပြေသည် တိုးဝှေ့လာပြီး သူတို့၏ ဆံပင်ကို မြှောက်တင်ပေးလိုက်သည်။ ရွှီချင်းသည် အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက အိမ်ပြန်လမ်းမှာ ဧကရာဇ်နှင့်တွေ့ဆုံခဲ့သည့် ဖြစ်စဉ်တစ်လျှောက် ဖြစ်ကြောင်းကုန်စင်ကို နတ်မိမယ်ကျစ်ရွှမ်းအား အသေးစိတ် ပြန်ပြောပြလိုက်သည်။
နင်ယန်၏ စံအိမ်ဆီသို့ သူတို့ပြန်ရောက်မသွားခင်အထိ နတ်မိမယ်ကျစ်ရွှမ်းသည် စိတ်ဝင်တစား နားထောင်နေသည်။ ရေကန်၏ အရှေ့သို့ သူတို့ရောက်ရှိသွားသည့်အခါ သူက နူးညံ့စွာ ပြောသည်။
“ ကျီးကန်းကို မင်းမြင်တဲ့အချိန် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားတာက အရမ်းကောင်းတယ် ”
“ မင်းရဲ့ ယူဆချက်ကို ငါသဘောတူတယ်… လူသားဧကရာဇ်က ကျီးကန်းရဲ့ သရုပ်ကို မသိတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး… သူတို့ကြားမှာ အပေးအယူတစ်ခုရှိရမယ် ”
“ ဧကရာဇ်ဓားက ကျီးကန်းအပေါ် သက်ရောက်မှုမရှိတာက သာမန်ပါပဲ… အဲ့ဒီဓားက တစ်ကိုယ်ကောင်းဆန်တယ်… ကိုယ်ရေးကိုယ်တာကိစ္စအတွက် အဲ့ဒါကို ဘယ်လိုလုပ် အသုံးပြုနိုင်မှာလဲ… အဲ့ဒါက လူသားမျိုးနွယ်ရဲ့ ကမ္မအပြောင်းအလဲကို အာရုံခံမိတဲ့အခါမှ အရေးကြီးအခိုက်အတန့်မှာ ကပ်ဘေးကို တားဆီးဖို့ ထွက်ပေါ်လာလိမ့်မယ် ”
“ ဒီတစ်ကြိမ် လူသားဧကရာဇ်နဲ့ တွေ့ဆုံမှုမှာ မင်းရဲ့ အားနည်းချက်တွေက သေးငယ်တဲ့ အမှားအယွင်းလေးတွေပါ ”
“ လူသားဧကရာဇ်က ကျီးကန်းနဲ့ စစ်တုရင်ကစားနေတာ ဖြစ်နိုင်တယ်… ငါတို့အားလုံးက စစ်တုရင်ခုံပေါ်က စစ်တုရင်အရုပ်တွေပဲ ”
“ ကျီးကန်းအပေါ် မင်းရဲ့ သတ်ဖြတ်ချင်စိတ်ကိုတော့ သူ့ကို သတ်နိုင်တဲ့ စွမ်းရည် မင်းမှာမရှိခင်အထိ ကိုယ့်ကိုယ်ကို ကာကွယ်ပြီး သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ထားဖို့ အာရုံစိုက်ရလိမ့်မယ် ”
“ နန်းမြို့တော်ထဲမှာ ငါတို့ရဲ့ တည်ရှိမှုက အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေတယ်… ဒါပေမဲ့ ချင်း… မင်းက တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မှတ်ထားရမယ်… ဘာတွေပဲဖြစ်လာပါစေ ငါက မင်းဘေးမှာ ရှိနေမယ် ”
“ ကျီးကန်းကို မင်းသတ်တဲ့အခါကျရင် ငါဝင်ကူညီပေးမယ် ”
ရေကန်၏ မျက်နှာပြင်သည် တအိအိလှုပ်သွားပြီး သက်တံ့ငါးများက အပေါ်သို့ ခုန်လိုက်ကြသည်။ ယင်းက ရေကန်ကို လှိုင်းထသွားစေရုံသာမက သူတို့၏ နှလုံးသားထဲမှ ပင်လယ်ကိုလည်း လှိုင်းထသွားစေသည်။
ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ပြီ… မင်းစောစောပြန်လာတာ ဆေးလုံးသန့်စင်မှုကို စိုးရိမ်လို့ဆိုတာ ငါသိပါတယ်… မင်းရဲ့ ဆေးမီးဖိုကို ငါတို့သွားကြည့်ရအောင် ”
သိမ်မွေ့ညင်သာသော အပြုံးသည် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ နေရောင်ခြည်က သူ၏ ဖြူဖွေးသော အသားအရေပေါ်သို့ ကျဆင်းသွားသည့်အခါ ယင်းက ကောင်းကင်ဘုံပဝါတစ်ထည်သို့ ပြောင်းလဲသွားသည့်အလား သူ၏ အလှကို ထပ်လောင်းအားဖြည့်ပေးလိုက်သည်။ ဤအခိုက်အတန့်မှာ သူက ပွင့်လန်းနေသော သစ်ခွပန်းတစ်ပွင့်နှင့် ဆင်တူသည်။
ယင်းက တုနှိုင်းမဲ့အောင် လှပသည်။
ရွှီချင်းသည် အလိုအလျောက် နှလုံးခုန်မြန်လာသည်။ နတ်မိမယ်ကျစ်ရွှမ်းက သူ၏ လက်ကို ကိုင်ဆွဲပြီး ဆေးလုံးအခန်းဆီသို့ ဦးဆောင်လျှောက်သွားသည်ကို သူက ခွင့်ပြုထားသည်။
ဆေးလုံးအခန်းထဲတွင် အပူပေးခံထားရသော ဆေးမီးဖိုကို ကြည့်နေရင်း အထဲမှ ဆေးလုံးက မပျက်စီးသွားကြောင်း သူအာရုံခံမိသွားသောအခါ သူ၏ ရင်ဘက်ထဲမှ နောက်ဆုံးအလေးတုံးက ပြုတ်ကျသွားသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နေဝင်ရီတရောအချိန်သို့ ကျရောက်သွားသည်။ ဝင်လုဆဲဆဲ နေလုံးမှ အလင်းရောင်သည် ကောင်းကင်တစ်ခွင်ကို နီညိုရောင်သန်းစေသည်။
ရှေးဘုရင်ဂြိုလ်ပေါ်မှ ဆင်ခြင်နားလည်မှုကြာချိန်သည် အစက တစ်ရက်ဖြစ်သည်။ သို့သော်လည်း ဒုတိယချိပ်တံဆိပ်ကို ဖွင့်လှစ်ခဲ့သောကြောင့် ကြာချိန်က တိုတောင်းသွားသည်။ ထို့ကြောင့် နေဝင်ရီတရောအချိန်သို့ ရောက်ရှိသွားသောအခါ ယင်းက ရပ်တန့်သွားသည်။
နောက်ပိုင်းတွင် အောင်မြင်စွာ ဆင်ခြင်နားလည်သွားသူများ၏ သတင်းက အလျှင်အမြန် ပျံ့နှံ့သွားသည်။
ရွှီချင်းထွက်သွားပြီးနောက် နောက်ထပ်သုံးယောက်သည် ကောင်းကင်ဘုံအမတ်အမွေအနှစ်များကို ဆင်ခြင်နားလည်ခဲ့ကြသည်။ အမှန်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ဘုရင်၏ အမွေအနှစ်ကို ရရှိသွားခဲ့သည်။
ထိုသူသည် မင်းသားတစ်ဆယ်ဖြစ်သည်။
ထိုကိစ္စသည် ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည်။
နင်းယန်သည်တော့ ဘာမှမရရှိခဲ့ပေ။
သို့သော်လည်း သူပြန်ရောက်လာသည့်အခါ နင်ယန်သည် စိတ်ဓာတ်ကျသော အမူအရာကို ထုတ်ဖော်မပြပေ။ ယင်းအစား သူက ခေါင်းကို မြင့်မြင့်မော့ထားပြီး ရင်ဘက်ကို ကော့ထားသည်။ ရှင်းလင်းစွာပင် ရွှီချင်း၏ ကိစ္စက သူ့ကို ဂုဏ်ယူဝင့်ကြွားစေသည်။
သို့သော်လည်း သူ့မျက်လုံး၏ အနက်ပိုင်းထဲတွင် စိတ်ပျက်သော အရိပ်အယောင်က မည်သူမှမသိအောင် ပုန်းကွယ်နေဆဲပင်။
ခမည်းတော်၏ အရှေ့မှာ သူ့ကိုယ်သူ သက်သေပြချင်သော သူ၏ ဆန္ဒက မဖြစ်မြောက်လာခဲ့ပေ။
ရွှီချင်း၏ စိတ်ထဲမှာ တစ်စုံတစ်ခုရှိနေသောကြောင့် သူက နင်ယန်ကို မနှစ်သိမ့်ပေးနိုင်ခဲ့ပေ။
ထိုညတွင် စံအိမ်ထဲမှ လူအများစုသည် အိပ်မပျော်ကြပေ။
ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်းသည် ဆေးလုံးသန့်စင်ခြင်းကို အာရုံစိုက်နေကြသည်။ နတ်မိမယ်ကျစ်ရွှမ်းလိုအပ်သော ဆေးလုံးက နောက်ဆုံးအခိုက်အတန့်ကို ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ဆေးလုံးသန့်စင်ခြင်းသာ အောင်မြင်မည်ဆိုလျှင် ဆေးလုံးက ဤညမှာ ဖွဲ့စည်းလာလိမ့်မည်။
ခေါင်းဆောင်သည် လေးနက်စွာ တွေးတောနေသည်။ ရံဖန်ရံခါ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး တစ်စုံတစ်ခုကို မှတ်သားလိုက်သည်။ သူက အစီအရင်များစွာကိုပင် ရေးဆွဲပြီး ယနေ့ သူမြင်ခဲ့ရသော ရှေးဘုရင်ဂြိုလ်ကို စတင်လေ့လာလိုက်သည်။
သူ့အတွက်တော့ ထိုသို့လုပ်ဆောင်ခြင်းသည် အလွန်ရှားပါးသည်။ ယခင်က ကိစ္စကြီးတစ်ခုကို သူပြုလုပ်သည့်အခါတိုင်း သတင်းအချက်အလက်များကို စုဆောင်းလေ့ရှိသော်လည်း အစီအစဉ်ဆွဲခြင်းသည် သူ့အတွက် ရှားပါးသည်။ သူက မည်သည့်အတားအဆီးကိုမဆို အင်အားသုံး၍ ဖြေရှင်းလေ့ ရှိသည်။
သို့သော်လည်း ဤတစ်ကြိမ်သည် ခြားနားသည်။ မည်သို့ဖြစ်ပါစေ ယခင်ဘဝပေါင်းများစွာတွင် သူက ကျရှုံးသွားခဲ့ပြီး ရှေးဘုရင်ဂြိုလ်ပေါ်မှာ သေဆုံးသွားခဲ့သည်မဟုတ်ပါလော။
နင်ယန်သည်တော့ ထိုတစ်ညလုံး ဘိုးဘေးခန်းမဆောင်ထဲမှာ ရှိနေသည်။ သူက နေရာမှာ တင်ပျဉ်ခွေထိုင်နေပြီး သူ့မယ်တော်၏ ပုံတူပန်းချီကားကို ကြည့်နေသည်။ သူက နူးညံ့သော အသံဖြင့် သူ့မယ်တော် မသေဆုံးခင်က အမှတ်တရများကို ပြန်လည်ရေရွတ်လိုက်သည်။ သူ၏ စကားတိုင်းမှာ ‘ လွမ်းဆွတ်သည် ’ဟူသော အဓိပ္ပာယ်မပါရှိသော်လည်း မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေလေသည်။
ခုန်းရှန်းလုံသည်လည်း နှုတ်ဆိတ်နေသည်။ ယနေ့ သူက ရွှီချင်း၏ ကိစ္စကိုကြားမိပြီး အဝေးမှ မြင်တွေ့ခဲ့သည်။ သူက စိတ်ထဲမှာ ရွှီချင်းကို ကောင်းချီးပေးလိုက်ပြီး သူ့ကိုယ်သူလည်း ရည်မှန်းချက်တစ်ခု ချမှတ်လိုက်သည်။
သူက ရွှီချင်းနှင့် အများကြီး ဝေးကွာနေရန် သူ့ကိုယ်သူ ခွင့်မပြုနိုင်ပေ။
ယနေ့ညတွင် အနှောင်အဖွဲ့ကင်းလွတ်သော ဝူကျန်းဝူသည်သာ ကျင့်ကြံရန် အလွန်ပျင်းရိသောကြောင့် ဟောက်သံကျယ်ကြီးဖြင့် အိပ်မောကျနေသည်။
ညအချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
နေလုံးက ကောင်းကင်ယံတွင် မြှောက်တတ်လာပြီး နေ့သစ်အစပျိုးလာသည့်အခါ လူတိုင်း၏ အတွေးများသည် ညအချိန်၏ ထွက်ခွာမှုနှင့်အတူ ပျောက်ကွယ်သွားကြသည်။ နင်ယန်သည် ဘိုးဘေးခန်းမဆောင်ထဲမှ စိတ်ဓာတ်တတ်ကြွစွာ ထွက်လျှောက်လာပြီး စတင်ကျင့်ကြံလိုက်သည်။
ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်နေသဖြင့် မျက်နှာဝင်းပနေသည်။ သူက ဆက်လက် လေ့လာစုံစမ်းရန် အပြင်ထွက်သွားသည်။
ရွှီချင်းသည်လည်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သွားသည်။ ဆေးမီးဖိုကို ဖွင့်လိုက်သည့်အခါ ရွှေရောင်အစင်းကြောင်းများပါရှိသော သွေးနီရောင်ဆေးလုံးတစ်လုံးသည် သူနှင့် နတ်မိမယ်ကျစ်ရွှမ်း၏ အရှေ့မှာ မျောလွင့်လာသည်။
နတ်မိမယ်ကျစ်ရွှမ်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေသည်။ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ကို ဝှေ့ယမ်းလိုက်ပြီး သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။
သူက ဤအတောအတွင်း ထိုသံလိုက်အိမ်မြှောင်ကို သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ယင်းက သူ၏ အာရုံခံနိုင်မှုကို တိုးမြှင့်ပေးနိုင်သည်။ သူက သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည့်အခိုက် လေထဲမှာ မျောလွင့်နေသော သွေးဆေးလုံးသည် သံလိုက်အိမ်မြှောင်၏ အလယ်နေရာသို့ ကျဆင်းသွားသည်။
ထိုနှစ်ခုပေါင်းစပ်သွားသည်နှင့်ချက်ချင်း သွေးဆေးလုံးသည် အရောင်တောက်ပလာပြီး သံလိုက်အိမ်မြှောင်က ပြင်းထန်စွာ လှုပ်ယမ်းလာသည်။ နတ်မိမယ်ကျစ်ရွှမ်းသည် မျက်နှာတည်ကြည်သွားသည်။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သံလိုက်အိမ်မြှောင်ကို ဖိချလိုက်ကာ သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ အာရုံခံနိုင်သော အတိုင်းအတာက ကျယ်ပြောလာသည်။ လောကထဲမှ အရာအားလုံးသည် သူ၏ စိတ်ထဲမှာ ပျောက်ကွယ်သွားသည်။ ကံကြမ္မာမီးအိမ်တစ်ခုတည်းသာ တဖြည်းဖြည်း ရှင်းလင်းလာသည်။
ရွှီချင်းသည်လည်း တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူက နတ်မိမယ်ကျစ်ရွှမ်းကို ကာကွယ်ပေးနေရင်း နောက်ထပ် မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားလိုက်သည်။
‘ မီးအိမ်ကို ရှာဖွေရာမှာ နတ်မိမယ်ကျစ်ရွှမ်းကို ကူညီပေးဖို့က နန်းမြို့တော်ကို ရောက်လာရတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုပဲ ’
‘ ပြီးတော့ အင်ပါယာအကယ်ဒမီဆီ ငါတစ်ခေါက်သွားကြည့်ရမယ် ’
( ဘာသာပြန်သူ၏ မှတ်ချက်: အင်ပါယာကျောင်းတော်ကို အင်ပါယာအကယ်ဒမီလို့ ပြောင်းရေးထားပါတယ်)
အင်ပါယာအကယ်ဒမီသည် လူသားမျိုးနွယ်၏ အဆင့်မြင့်ဆုံး ပညာရေးတက္ကသိုလ်ဖြစ်သည်။ နန်းမြို့တော်မှာရှိနေသည့် အတောအတွင်း ရွှီချင်းသည် ထိုအကြောင်းကို တစ်ခေါက်ထက်မနည်း ကြားခဲ့ဖူးသည်။ မင်းသားများသော်လည်းကောင်း အရာရှိများသော်လည်းကောင်း သူတို့အားလုံးသည် အင်ပါယာအကယ်ဒမီမှာ ပညာဆည်းပူးခဲ့ကြရသည်။
အမှန်မှာ အထူးဂိုဏ်းများမှ ကောင်းကင်အရွေးချယ်ခံများသည်ပင် အင်ပါယာအကယ်ဒမီ၌ ပညာသင်ကြားခွင့်ရရန် လိုလားတောင့်တကြသည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းက ဂိုဏ်းတစ်ခုနှင့် ဆင်တူသည်။ ယင်းက လူသားမျိုးနွယ်က တည်ဆောက်ထားသော ဂိုဏ်းဖြစ်သည်။ ထိုနေရာတွင် မည်သည့်အဆင့်အတန်းမှ မရှိပေ။ မည်သူမဆို ကျင့်ကြံခြင်းအတတ်ပညာများနှင့် ဗဟုသုတများကို လေ့လာဆည်းပူးနိုင်သည်။
“ နန်းမြို့တော်ကိုလာတဲ့ ခရီးမှာတုန်းက တတိယမင်းသမီးက အင်ပါယာအကယ်ဒမီအကြောင်းကို ပြောခဲ့ဖူးတယ်… အဲ့ဒါက အတွေးကျောင်းတော်တွေကို အဓိကအလေးထားတယ်လို့ သူပြောတယ်… အဲ့ဒီမှာ မတူညီတဲ့ ကျောင်းတော်တစ်ထောင်ကျော် ရှိတယ်… ကျောင်းတော်တစ်ခုစီမှာ ကိုယ်ပိုင်မူဝါဒ၊ ကိုယ်ပိုင်ဖွဲ့စည်းပုံနဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအတတ်ပညာတွေ ရှိတယ် ”
“ မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး မတူညီတဲ့ လမ်းစဉ်တွေကို ရှာဖွေဖော်ထုတ်တာက လူသားမျိုးနွယ်ရဲ့ ကျင့်ကြံခြင်းကို တိုးမြှင့်ဖို့ အသင့်တော်ဆုံးနည်းလမ်းပဲ ”
“ ဘယ်ကျောင်းတော်ပဲဖြစ်ဖြစ် ဝင်ရောက်ဖို့ ဘာအရည်အချင်းမှ မလိုအပ်ဘူး… တစ်စုံတစ်ယောက်က အင်ပါယာအကယ်ဒမီဆီ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုရင် ဘယ်ကျောင်းတော်ကိုမဆို တတ်ရောက်ပြီး ပညာသင်ကြားနိုင်တယ်… အဲ့ဒါက ဘယ်လိုနောက်ခံပဲရှိရှိ ကျောင်းတော်မှာ သင်ယူလေ့လာဖို့နဲ့ စူးစမ်းရှာဖွေဖို့အတွက် သင့်တော်တယ် ”
“ ဘာဖြစ်လို့လဲဆိုတော့ အင်ပါယာအကယ်ဒမီက အထူးလေဟာနယ်ထဲမှာ တည်ရှိတယ်… အင်ပါယာအကယ်ဒမီကို ဝင်ရောက်တဲ့ လူတွေက သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တဲ့ ကျောင်းတော်သားတာအိုဝတ်စုံနဲ့ မျက်နှာဖုံးကို ဝတ်ဆင်ရလိမ့်မယ်… အင်ပါယာအကယ်ဒမီထဲမှာ တစ်ဖက်လူရဲ့ သရုပ်ကို ထုတ်ဖော်ခြင်းကို တားမြစ်ထားတယ်… ဘွဲ့ရသွားတဲ့အခါမှသာ သူတို့ရဲ့ တကယ့်သရုပ်မှန်ကို ထုတ်ဖော်ပြနိုင်တယ် ’
“ ဒါကြောင့် တကယ်လို့ တစ်ယောက်ယောက်က အင်ပါယာအကယ်ဒမီမှာ အရည်အချင်းရှိတယ်ဆိုရင် သူတို့ကိုယ်ပိုင် အတွေးကျောင်းတော်တစ်ခုကို ဖန်တီးနိုင်တယ်… လိုအပ်ချက်ကတော့ သူတို့က ကျောင်းသားတွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီး ကျောင်းတော်ရဲ့ သင်ကြားမှုတွေကို သူတို့လက်ခံကျင့်သုံးလာအောင် လုပ်ပြနိုင်ရမယ်… ”
“ လူသားဧကရာဇ်ရွှမ်ကျန်း နန်းတတ်ပြီးတဲ့နောက် သူက လူတိုင်းရဲ့ ဆန္ဒတွေကို ဆန့်ကျင်ခဲ့ပြီး အင်ပါယာအကယ်ဒမီကို တည်ထောင်ခဲ့တယ်… ဒီနှစ်တွေမှာ အင်ပါယာအကယ်ဒမီကနေ မရေမတွက်နိုင်တဲ့ နည်းစနစ်တွေကို ရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ လူတွေကို မွေးထုတ်ပေးခဲ့တယ် ”
“ အဲ့ဒီနေရာက လူသားမျိုးနွယ်ရဲ့ အတွေးအမြင်တွေကို ပြန်ရှင်သန်လာအောင် ပြုလုပ်ပေးတဲ့နေရာပဲ… အဲ့ဒီမှာ လူတိုင်းက မတူညီတဲ့ အတွေးအခေါ်တွေပေါ် အခြေခံပြီး ကိုယ်ပိုင်ယုံကြည်မှုကို ရှာဖွေနိုင်လိမ့်မယ်… ”
တတိယမင်းသမီး၏ စကားများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းကို လူသားဧကရာဇ်ဖြင့် သူတွေ့ဆုံခဲ့စဉ်က ရှာတွေ့ခဲ့သော အချက်အလက်များဖြင့် ဆက်စပ်ကြည့်လိုက်သည့်အခါ ဤလူသားဧကရာဇ်ရွှမ်ကျန်းကို သူနားမလည်ကြောင်း ခံစားမိသွားသည်။
“ ရွှံ့မြေခွေးပြောတာတော့ လူသားဧကရာဇ်က ကိစ္စကြီးတစ်ခုကို လုပ်ဆောင်နေတယ်တဲ့… အဲ့ဒါက တကယ်ပဲ ဘာများလဲ… ”
ရွှီချင်းက စဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာ တခြားအတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ပြီးတော့ ရွှံ့မြေခွေးပြောသွားတာကို အမှန်လို့ ယူဆနိုင်လို့လား… ဘာပဲပြောပြော သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က နတ်ဘုရားမဟုတ်လား ”
ရွှီချင်းက တွေးတောနေစဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်းသည် ဤအခိုက်အတန့်မှာ မျက်လုံးပြန်ဖွင့်လိုက်သည်။ စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောသည်။
“ ချင်း… မီးအိမ်ကို ငါရှာတွေ့ပြီလို့ ထင်တယ် ”
…..
ရှေးဘုရင်ဂြိုလ်…
ချိပ်တံဆိပ်ဖွင့်လှစ်ခြင်းနှင့် အမွေအနှစ်ကို ဆင်ခြင်နားလည်ခြင်း အဆုံးသတ်သွားပြီးနောက် တိမ်တိုက်များနှင့် မြူခိုးက တဖန်ပျံ့နှံ့လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းတို့က ယခင်အတိုင်း ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှာ ဖြည်းညင်းစွာ မျောလွင့်နေသည်။
တိမ်တိုက်များနှင့် မြူခိုးအောက်ရှိ ရှေးဘုရင်ဂြိုလ်၏ အတွင်းပိုင်းထဲဝယ် ကုန်းမြေထုများသည် တစ်ခုပြီးတစ်ခု လွင့်မျောနေကြသည်။ ယင်းတို့က မြူခိုးအတွင်းမှာ ရွေ့လျားနေကြပြီး ကြယ်ဂြိုလ်တစ်လျှောက် လွင့်မျောနေကြသည်။
ကြယ်ဂြိုလ်၏ အလယ်ပိုင်းဒေသမှ တိမ်တိုက်များကြားထဲတွင် ရှင်းလင်းစွာ မမြင်နိုင်သော နန်းတော်တစ်ခု ရှိသည်။ နန်းတော်ကို မြူခိုးက ဖုံးလွှမ်းထားသောကြောင့် ရေးတေးတေးသာ မြင်နိုင်ပေသည်။
နန်းတော်၏ အပေါ်မှ အလွန်ကြီးမားသော ပဉ္စဂံပုံသဏ္ဍာန် ယဇ်ပလ္လင်တစ်ခုသည်သာ တိမ်တိုက်များကြားထဲတွင် ထင်ရှားစွာ ထွက်ပေါ်နေသည်။
ယဇ်ပလ္လင်ပေါ်တွင် ဧရာမရွှေရောင်ခေါင်းတလားငါးခု ရှိသည်။ ထိုခေါင်းတလားငါးခုကို ယဇ်ပလ္လင်၏ ထောင့်တစ်ခုစီမှာ နေရာချထားကြသည်။ ခေါင်းတလားတစ်ခုစီသည် ကြောက်မက်ဖွယ်ကောင်းသော အင်ပါယာချီနှင့် အထွတ်အမြတ်စွမ်းအားကို ထုတ်လွှတ်နေကြသည်။
ထို့ပြင် ခေါင်းတလားတစ်ခုစီ၏ အပေါ်မှာ နတ်နန်းတစ်ခုရှိသည်။
သို့သော်လည်း နတ်နန်းများထဲတွင် မည်သည့်ရုပ်တုမှ မရှိပေ။ ဝိညာဉ်ကမ္ပည်းများသာ ရှိကြသည်။
ထိုဝိညာဉ်ကမ္ပည်းများပေါ်တွင် ဒုန်းရှန့်၊ ရွှမ်ထျန်း၊ ရှန့်ထျန်း၊ ကျင့်ယွင်၊ တာအိုရှီကျဲ အစရှိသဖြင့် နာမည်အသီးသီးကို ရေးသားထားကြသည်။
နောက်ဆုံးဝိညာဉ်ကမ္ပည်းသည် ရွှမ်ကျန်းဖြစ်သည်။
ထိုမြင်ကွင်းသည် အံ့ဩထိတ်လန့်စရာကောင်းပြီး ထူးခြားဆန်းကြယ်သော ရိုးရာဓလေ့ ဖြစ်သည်။
ခေါင်းတလားငါးခု၏ အလယ်ဗဟိုတွင် ရှေးဟောင်းမီးအိမ်တစ်လုံး ရှိသည်။
ထိုမီးအိမ်ကို ခရမ်းရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး အနီရောင်ပန်းပွင့်နှင့် ဆင်တူသည်။ မီးအိမ်၏ အပေါ်တွင် ခရမ်းရောင်ဖီးနစ်တစ်ကောင်က အနားယူနေသည်။ ဖီးနစ်က အတောင်ပံဖြန့်ကားထားလေရာ တကယ်အသက်ရှိနေဟန် အောက်မေ့ရသည်။