လူသားမျိုးနွယ်၏ အင်ပါယာအကယ်ဒမီ
Vol. 76 Ch. 1173
“ မီးအိမ်က ရှေးဘုရင်ရွှမ်ယုံရဲ့ နန်းတော်ထဲမှာ ”
“ အဲ့ဒီနေရာက လက်ရှိမှာ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေကို ဂါရဝပြုတဲ့နေရာပဲ ”
“ မီးအိမ်ကို ငါအာရုံခံမိတယ်… အဲ့ဒါက ရှေးဘုရင်ဂြိုလ်ရဲ့ အနက်ပိုင်းထဲမှာ တည်ရှိတယ် ”
နင်ယန်၏ စံအိမ်ထဲမှ ဆေးလုံးအခန်း၏ အပြင်ဘက်တွင် နတ်မိမယ်ကျစ်ရွှမ်းသည် လက်တန်းကို ကိုင်ထားလျက် အဝေးမှ ရှေးဘုရင်ဂြိုလ်ကို လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ နေဝင်သွားသည်နှင့်ချက်ချင်း အဝါရောင်အလင်းသည် ကုန်းမြေတစ်လျှောက် လွှမ်းခြုံသွားသည်။ ရှေးဘုရင်ဂြိုလ်၏ ဘေးပတ်ပတ်လည်မှ မြူခိုးသည် ရွေ့လျားနေပြီး နေဝင်ဆည်းဆာ၏ အလင်းရောင်ဖြင့် စွန်းထင်ခံလိုက်ရသည်။ မြူခိုးအတွင်းမှာ မရေမတွက်နိုင်သော ရွှေရောင်နဂါးများက ကူးခတ်ရွေ့လျားနေကြောင်း မြင်နိုင်ပေသည်။ ၎င်းတို့က လူသားမျိုးနွယ်၏ ကမ္မကို ရှူသွင်းရှူထုတ်ပြုလုပ်နေကြပြီး သန့်စင်မွန်မြတ်သော ခံစားမှုကို ပေးသည်။
‘ မီးအိမ်ကို ဆင့်ခေါ်ဖို့ ငါကြိုးစားကြည့်ခဲ့တယ်… ဒါပေမဲ့ ငါကျရှုံးသွားခဲ့တယ်… အဲ့ဒီနေရာမှာ အရမ်းတင်းကျပ်တဲ့ အတားအဆီးတစ်ခုရှိတယ်လို့ ငါအာရုံခံမိတယ်… ’
‘ မီးအိမ်ကို ငါလိုချင်တယ်ဆိုရင် ရှေးဘုရင်ဂြိုလ်ဆီ အရင်ဝင်ရောက်ရလိမ့်မယ် ”
‘ ဒါပေမဲ့ ရှေးဘုရင်ဂြိုလ်ပေါ်က ချိပ်တံဆိပ်တချို့ကို နောက်ပိုင်းမျိုးဆက်တွေက အစွမ်းတိုးမြှင့်ထားတယ်ဆိုတာ ငါအာရုံခံမိတယ်… တကယ်လို့ ငါက ရှေးဘုရင်ဂြိုလ်ပေါ် အတင်းအကျပ် ချိုးဖောက်ဝင်မယ်ဆိုရင် ကြီးမားတဲ့ ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေလိမ့်မယ် ’
‘ တကယ်လို့ မီးအိမ်ကို အာရုံစိုက်မခံရဘဲ ပြန်ယူချင်တယ်ဆိုရင် ရှေးဘုရင်ဂြိုလ်ပေါ်ကို ဝင်ရောက်ဖို့ နည်းလမ်းကောင်းတစ်ခု ငါလိုအပ်တယ် ’
နတ်မိမယ်ကျစ်ရွှမ်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ရှေးဘုရင်ဂြိုလ်ပေါ်သို့ မည်သည့်အာရုံစိုက်မှုမှ မခံရဘဲ ဝင်ရောက်နိုင်မည့် နည်းလမ်းသည် မရှိသလောက် ရှားပါးသည်။ ထို့ပြင် အရေးကြီးဆုံးမှာ မီးအိမ်သည် အဘယ့်ကြောင့် ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာရသနည်း။
သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်းသည် ထိုအကြောင်းကို ရွှီချင်းအား မပြောပေ။ သူက ရွှီချင်းကို စိတ်အနှောင့်အယှက်မပေးချင်သောကြောင့် ဖြစ်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်က နတ်မိမယ်ကျစ်ရွှမ်းနောက်သို့လိုက်၍ ရှေးဘုရင်ဂြိုလ်ပေါ်သို့ ကျရောက်သွားသည်။ သူက နက်နဲစွာ တွေးတောလိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်း အာရုံခံမိသော နေရာသည် လွန်စွာ အစောင့်အကြပ်များသည်။ ထို့ပြင် ရလဒ်ကို မခန့်မှန်းနိုင်ပေ။
ထိုနေရာသည် အလွန်ထိခိုက်လွယ်ပြီး ချိပ်တံဆိပ်အလွှာများဖြင့် အထပ်ထပ် ဖုံးလွှမ်းခံထားရသည်။
သူက ထိုနေရာသို့ မသွားနိုင်ပေ။
အတိအကျဆိုရလျှင် လူသားတစ်မျိုးနွယ်လုံးမှာ ရှေးဘုရင်ဂြိုလ်၏ အတွင်းပိုင်းထဲသို့ ခြေချရန် အရည်အချင်းပြည့်မီသူသည် တစ်ယောက်တည်းသာ ရှိသည်။
ယင်းက လူသားဧကရာဇ်ဖြစ်သည်။
သူတစ်ယောက်တည်းသာ ချိပ်တံဆိပ်များကို ဖွင့်လှစ်နိုင်သည်။
စဉ်းစားချင့်ချိန်သော အကြည့်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နတ်မိမယ်ကျစ်ရွှမ်း မပြောခဲ့သော ကိစ္စကိုလည်း စဉ်းစားလိုက်သည်။
အတိတ်တွင် ထိုမီးအိမ်သည် အင်မော်တယ်တားမြစ်နယ်မြေထဲမှ ယူဆောင်သွားခြင်းခံခဲ့ရပြီး ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုကိစ္စသည် အတော်ထူးဆန်းသည်။ အခြားရှုထောင့်မှ ကြည့်လျှင် ထိုမီးအိမ်ကို ယူဆောင်နိုင်သူက အများကြီး ဖြစ်နိုင်ပေသည်။
သို့သော်လည်း မီးအိမ်ကို ရရှိပြီးနောက် လူတစ်ယောက်ကသာလျှင် ယင်းကို ရှေးဘုရင်ဂြိုလ်ပေါ်မှာ နေရာထားနိုင်သည်။ ထိုသူသည် လူသားဧကရာဇ်ဖြစ်သည်။
မီးအိမ်ကို ယူဆောင်သွားသူက လူသားဧကရာဇ်ဖြစ်ကြောင်း သူသေချာမပြောနိုင်ပေ။ သို့သော်လည်း သေချာစွာ သူပြောနိုင်သည်မှာ လူသားဧကရာဇ်က မီးအိမ်ကို ရှေးဘုရင်ဂြိုလ်ပေါ်မှာ နေရာထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လူသားဧကရာဇ်က သူ့အား မီးအိမ်ကို ပြန်ယူရန် ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ရှင်းလင်းပေသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းက ရုတ်တရက် ပြောသည်။
“ ရှေးဘုရင်ဂြိုလ်ပေါ်ကို ခြေချနိုင်တဲ့လူ နောက်တစ်ယောက်ရှိသေးတယ် ”
နတ်မိမယ်ကျစ်ရွှမ်းသည် ရှေးဘုရင်ဂြိုလ်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ တတိယမင်းသမီးပြောပုံအရဆိုရင် လူသားဧကရာဇ်အပြင် အိမ်ရှေ့စံမင်းသားက ဘိုးဘေးတွေကို ဂါရဝပြုဖို့ ရှေးဘုရင်ဂြိုလ်ဆီ ဝင်ရောက်နိုင်တယ်တဲ့ ”
“ ဒါပေမဲ့ လူသားမျိုးနွယ်က အိမ်ရှေ့စံမင်းသားကို အခုထိ မရွေးချယ်ရသေးဘူး ”
“ တကယ်လို့ ငါတို့ဆီမှာ အိမ်ရှေ့စံမင်းသားရှိပြီး အိမ်ရှေ့စံမင်းသားက ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ရှေးဘုရင်ဂြိုလ်ပေါ်ကို ခြေချဖို့ အခွင့်အရေးရနိုင်တယ် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောပြီးနောက် ရှေးဘုရင်ဂြိုလ်ထံမှ သူ၏ အကြည့်ကို ပြန်ရုပ်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်းသည် ပြုံးလိုက်သည်။ သူက နင်ယန်ရှိနေသော ဘိုးဘေးခန်းမဆောင်ဆီသို့ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ငါ့မှာလည်း အကြံတစ်ခုရှိတယ်… အဲ့ဒီအတွက် ပြင်ဆင်မှုတချို့ လိုအပ်တယ်… အဲ့ဒါသာ အလုပ်ဖြစ်ရင် ငါတို့တွေ ရှေးဘုရင်ဂြိုလ်ပေါ်ကို ဘာဆူပူအုံကြွမှုမှ မဖြစ်စေဘဲ ဝင်ရောက်နိုင်လိမ့်မယ် ”
“ မင်းရဲ့ နည်းလမ်းအရ အဲ့ဒီလူက နင်ယန်ဖြစ်နေရင် နည်းနည်းခက်ခဲလိမ့်မယ်လို့ ငါထင်တယ်… ဒါပေမဲ့ အဲ့ဒီကောင်လေးရဲ့ အရည်အချင်းက မဆိုးပါဘူး ”
ဤအခိုက်အတန့်မှာ နင်ယန်သည် သူ၏ တစ်နေ့တာ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူက ဘိုးဘေးခန်းမဆောင်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ တစ်ခဏအနားယူပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သူ့မယ်တော်၏ ပန်းချီကားရှေ့မှာ ဆက်လက် ကျင့်ကြံလိုက်သည်။
သူ့အတွက်တော့ ရှေးဘုရင်ဂြိုလ်ပေါ်မှ ဆင်ခြင်နားလည်မှုသည် ခါးသီးသော အတွေ့အကြုံတစ်ခု ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ အကိုတော်များနှင့် အမတော်သည် အခြေခံအားဖြင့် တစ်စုံတစ်ခု ရရှိခဲ့ကြသည်။ လူတိုင်းက ကောင်းကင်ဘုံအမတ်အမွေအနှစ်ကို မရရှိခဲ့ကြသော်လည်း သူတို့က ဉာဏ်အလင်းတချို့ကို ရရှိခဲ့ကြသည်။ သူတစ်ယောက်တည်းသာ ဘာမှမရရှိခဲ့ပေ။
အပြင်ပန်းတွင်တော့ သူက ထိုကိစ္စကို ဂရုမစိုက်ဟန် ရ၏။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ အနည်းငယ် ဆန္ဒမရှိပေ။
ထိုသို့ဖြင့် ခုနစ်ရက်ကုန်ဆုံးသွားသည်။
ခရမ်းမီးအိမ်ကို ပြန်ရယူရန်သည် အချိန်တိုအတွင်း ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ ရွှီချင်းသည် ထိုအကြောင်းကို ခေါင်းဆောင်အား ပြောပြခဲ့သည်။ မည်သို့ဖြစ်ပါစေ ခေါင်းဆောင်အပေါ် သူ၏ နားလည်မှုအရ တစ်ဖက်လူသည် ရှေးဘုရင်ဂြိုလ်ပေါ် အစောကြီးကတည်းက မျက်စိကျနေခြင်းဖြစ်သည်။
အမှန်ပင် ထိုသို့ဖြစ်သည်။ ခေါင်းဆောင်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး ပြင်းထန်သော စိတ်အားထက်သန်မှုကို ထုတ်ဖော်ပြခဲ့သည်။ သူက ရင်ဘက်ကို ပုတ်ပြလိုက်ပြီး ဤကိစ္စကြီးကို ဖြေရှင်းရန် သေချာပေါက် နည်းလမ်းတစ်ခုရှာမည်ဟု ရွှီချင်းအား အာမခံလိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်းသည် သူစဉ်းစားထားသော နည်းလမ်းအတိုင်း ပြင်ဆင်နေသည်။ နင်ယန်သည်တော့ လက်တလောမှာ အလေးအနက်ထား၍ အပြင်းအထန် ကျင့်ကြံနေသည်။ သူက နေ့တိုင်း ဘိုးဘေးခန်းမဆောင်ထဲမှာ တစ်နေ့လုံးနီးပါး ကျင့်ကြံလေ့ရှိသည်။
နန်းမြို့တော်တစ်ခုလုံးသည်တော့ ရှေးဘုရင်ဂြိုလ်ပေါ်မှ ဆင်ခြင်နားလည်မှု အဆုံးသတ်သွားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။ အပေါ်ယံတွင် အရာအားလုံးသည် ယခင်အတိုင်း ပုံမှန်ပြန်ဖြစ်လာဟန် ရသည်။
ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲသည်လည်း ချောမွေ့စွာ ဆက်လက် ဖြစ်ပွားနေသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဝင်ရောက်လာမှုသည် လူသားမျိုးနွယ်စိတ်ကူးထားသကဲ့သို့ ကြီးမားသော အတားအဆီးကို မဖြစ်ပေါ်စေခဲ့ပေ။ သူတို့က သူတို့၏ သဘောထားကိုသာ ထုတ်ဖော်ပြခဲ့ပြီး လူသားမျိုးနွယ်က မည်သို့တုံ့ပြန်မည်ကိုသာ စောင့်ကြည့်ချင်ကြသည်။
ထိုကိစ္စနှင့်ပတ်သက်သော အကြောင်းအရာအသေးစိတ်နှင့် ယင်းကို လူသားဧကရာဇ်က မည်သို့ဖြေရှင်းလိမ့်မည်ကို ရွှီချင်းက မသိပေ။
ဤအခိုက်အတန့်မှာ ရွှီချင်းက သူ၏ အလုပ်ကိစ္စများကို အောင်မြင်စွာ အဆုံးသတ်ပြီး ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် အင်ပါယာအကယ်ဒမီဆီသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်လေသည်။
သူက နန်းမြို့တော်ဆီသို့ ရောက်ရှိလာပြီးကတည်းက အင်ပါယာအကယ်ဒမီကို ဝင်ရောက်ရန် အရည်အချင်းပြည့်မီပြီးသား ဖြစ်သည်။ လူသားဧကရာဇ်ရွှမ်ကျန်း တည်ဆောက်ခဲ့သော အင်ပါယာအကယ်ဒမီထဲမှာ လူသားမျိုးနွယ်၏ အသိပညာနှင့် ဗဟုသုတများက မည်မျှနက်ရှိုင်းပြီး ကျယ်ပြန့်ကြောင်း သူမြင်ချင်သည်။
ရွှီချင်းသည် အသိပညာကို အမြဲတမ်း လေးစားသည်။
လူသားမျိုးနွယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် သူနားလည်ထားသော အသိပညာသည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ရှိသည်။ လူသားမျိုးနွယ်၏ မရေမတွက်နိုင်သော အတွေးများ စုဝေးနေသော အတွေးကျောင်းတော်များက မည်မျှအံ့ဖွယ်ကောင်းကြောင်း သူမြင်တွေ့ချင်သည်။ ထို့ပြင် အတွေးကျောင်းတော်များထံမှ ပညာဆည်းပူးပြီး သူ၏ အတွေးအမြင်ကို ချဲ့ထွင်ချင်သည်။
ထို့ကြောင့် ယနေ့နံနက်တွင် ရွှီချင်းသည် နန်းမြို့တော်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသော အင်ပါယာအကယ်ဒမီဆီသို့ ရောက်ရှိလာသည်။
အင်ပါယာအကယ်ဒမီ၏ ဧရိယာသည် အလွန်ကျယ်ပြောပြီး မြို့ငယ်တစ်မြို့နှင့် ဆင်တူသည်။ အကယ်ဒမီမှ အဆောက်အဦးများကို အဖြူရောင်မျှော်စင်များအဖြစ် ဆောက်လုပ်ထားကြသည်။ ယင်းက အသိုက်တစ်ခုနှင့် ဆင်တူပြီး အစီအစဉ်တကျရှိသော ခံစားမှုကို ပေးသည်။ အကယ်ဒမီထဲတွင် ရွေ့လျားနေကြသော ပုံရိပ်တချို့ကို အဝေးမှ လှမ်းမြင်နိုင်ပေသည်။
အင်ပါယာအကယ်ဒမီ၏ အရှေ့တွင် ရုပ်တုနှစ်ခုရှိသည်။ တစ်ရုပ်သည် အရွယ်အိုမင်းပြီး အရပ်ရှည်သည်။ တခြားတစ်ရုပ်သည် ငယ်ရွယ်ပြီး အရပ်ပုသည်။ အဖိုးအိုသည် အဖြူရောင်ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားပြီး လူငယ်သည် ပိတ်ပြောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
အဖိုးအိုသည် သန်စွမ်းပြီး ဉာဏ်အမြော်အမြင်ကြီးမားပုံပေါ်သည်။ သူက လူငယ်ထံသို့ လက်သီးဆုပ်ထားသည်။
လူငယ်သည် အားမာန်တတ်ကြွပြီး သူ၏ မျက်နှာပေါ်မှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။ သူက အဖိုးအိုကို တလေးတစား အရိုအသေပေးနေသည်။
သူတို့နှစ်ယောက်သည် ရိုသေလေးစားမှုကို အပြန်အလှန် ဖော်ပြနေကြသည်။
ဤသည်မှာ စီနီယာများအား ရိုသေလေးစားခြင်းနှင့် အသိပညာပေးအပ်ခြင်း၏ စည်းစနစ်ကျမှုကို အဓိကရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ကြောင့် လူငယ်က အရိုအသေပေးနေပြီး အကြီးအကဲက လက်သီးဆုပ်ထားခြင်း ဖြစ်သည်။ သူတို့ကြားတွင် စီနီယာနှင့် ဂျူနီယာကွဲပြားသည်မှလွဲ၍ မျိုးရိုး သို့မဟုတ် အဆင့်အတန်းက အတူတူသာဖြစ်ကြောင်း ဖော်ပြနေသည်။ တစ်နည်းဆိုရသော် ဤနေရာတွင် မျိုးရိုးခွဲခြားခြင်းနှင့် အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ လွတ်လပ်စွာ ပညာဆည်းပူးနိုင်သည်ဟု အဓိပ္ပာယ်ရ၏။
ထိုရုပ်တုနှစ်ခုကို အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးအဖြစ် ထားရှိရန် လူသားဧကရာဇ်ကိုယ်တိုင် ပို့ဆောင်ထားခြင်း ဖြစ်သည်။
ထိုရုပ်တုနှစ်ခုကြားတွင် အလင်းလှိုင်းတချို့ ထွက်ပေါ်နေပြီး ဂိတ်တံခါးတစ်ခု ဖြစ်ပေါ်နေသည်။
ဂိတ်တံခါးနောက်မှ အဖြူရောင်မျှော်စင်များက တိတ်ဆိတ်နေသော်လည်း အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးထဲတွင် တစ်ချိန်လုံး ဝင်ထွက်သွားလာနေသူများဖြင့် စည်ကားနေသည်။ ယင်းက လွန်စွာ သက်ဝင်လှုပ်ရှားသည်။ အင်ပါယာအကယ်ဒမီထဲသို့ ဝင်ထွက်နေသူများထဲတွင် တချို့သည် အထက်တန်းစားလူများဖြစ်ကြပြီး တချို့သည် သာမန်မိသားစုမှလူများ ဖြစ်ကြသည်။
သို့သော်လည်း သူတို့က အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးထဲသို့ ခြေချလိုက်သည့်အခိုက် သူတို့၏ အဆင့်အတန်းက တူညီသွားလိမ့်မည်။
သူတို့အားလုံးသည် ကျောင်းတော်သားများ ဖြစ်ကြသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ စည်းမျဉ်းများသည် စည်းမျဉ်းသာ ဖြစ်သည်။ သူတို့၏ သရုပ်ကို တမင်ထုတ်ဖော်ထားကြသော လူတချို့ရှိနေဆဲပင်။ သို့သော်လည်း အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် လူသားဧကရာဇ်ရွှမ်ကျန်း၏ တည်ရှိမှုကြောင့် အင်ပါယာအကယ်ဒမီ၏ ပတ်ဝန်းကျင်သည် ၎င်း၏ မူလရည်ရွယ်ချက်ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဆဲပင်။
ရွှီချင်းက ဂိတ်တံခါးထဲသို့ ခြေချလိုက်သည်နှင့် ထိုအပြောင်းအလဲကို ချက်ချင်း ခံစားမိသွားသည်။
အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးထဲတွင် အဖြူရောင်မျှော်စင်များသည် အပြင်ဘက်မှ သူမြင်ရသကဲ့သို့ အသိုက်တစ်ခုနှင့် မတူပေ။ မျှော်စင်တစ်ခုနှင့်တစ်ခုကြားမှာ အကွာအဝေးတစ်ခု ခြားထားပြီး ၎င်းတို့သည် အပြင်ဘက်မှ မြင်ရသည်ထက် ပိုပြီးကြီးမားကြသည်။ ယင်းက မြို့တစ်မြို့နှင့် ဆင်တူသည်။
အဆောက်အဦးများ၏ ဗိသုကာလက်ရာသည်တော့ အပြင်ဘက်မှ မြင်ရသည့်အတိုင်းပင်။ အမြင့်မတူညီသော အဖြူရောင်မျှော်စင်များသည် နေရာတိုင်းမှာ တည်ရှိနေကြသည်။
ဤသည်မှာ အပြင်ဘက်မှ မြင်ရသော အင်ပါယာအကယ်ဒမီက အစစ်အမှန်အင်ပါယာအကယ်ဒမီ၏ အသေးစားပုံစံတစ်ခု ဖြစ်သည့်အလားပင်။
ဤနေရာတွင် ကျောင်းတော်သားအများအပြား ရှိကြသည်။ သူတို့အားလုံးသည် အပြင်ဘက်မှ လူငယ်ရုပ်တု ဝတ်ဆင်ထားသည့်အတိုင်း ပိတ်ပြောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြပြီး အဖြူရောင်မျှော်စင်များကြားထဲမှာ လမ်းလျှောက်နေကြသည်။
မျက်နှာဖုံးတပ်ထားပြီး အသံကို ပြောင်းလဲထားသော လူတချို့ပင် ရှိကြသည်။ ထို့ကြောင့် တစ်ဖက်လူက ယောင်္ကျားလော မိန်းမလော ခွဲခြားရန်ပင် မလွယ်ကူလှပေ။
ဤသည်မှာ တစ်စုံတစ်ယောက်က အင်ပါယာအကယ်ဒမီသို့ ဝင်ရောက်သွားသည့်အခါ တွေ့ကြုံရလေ့ရှိသော အရာဖြစ်သည်။ သူတို့က ဤနေရာမှ စည်းမျဉ်းများဖြင့် သက်ရောက်ခံရလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် တူညီပြီး တစ်စုံတစ်ယောက်၏ ရောက်ရှိလာမှုသည် ပုံသေမရှိပေ။ ဤသည်မှာ သူတို့က တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့်အလား ကြုံရာကျပန်းနေရာမှာ ထွက်ပေါ်လာလိမ့်မည်။
သို့ဖြစ်၍ သီအိုရီအရဆိုလျှင် သူတို့၏ အစစ်အမှန်သရုပ်ကို ရှာမတွေ့နိုင်ပေ။
ရွှီချင်းထွက်ပေါ်လာသော နေရာသည် အင်ပါယာအကယ်ဒမီ၏ တောင်ဘက်ပိုင်းမှာ ဖြစ်သည်။ သူက အင်ပါယာအကယ်ဒမီထဲမှာ လမ်းလျှောက်နေစဉ် ဘေးပတ်ဝန်းကျင်မှ အဆုံးမရှိသော လူတန်းကြီးကို မြင်သွားသည်။ လူတချို့သည် သုံးယောက်တစ်အုပ်စု ငါးယောက်တစ်အုပ်စု အစရှိသဖြင့် စုဝေးရှိနေကြသည်။ သူတို့က လမ်းလျှောက်နေရင်း ဆွေးနွေးနေကြသည်။
လူတချို့သည် တစ်ယောက်တည်းရှိနေကြပြီး သူတို့၏ ခြေလှမ်းများသည် မြန်ဆန်သည်။
မြေကွက်လပ်များပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြသော လူတချို့လည်း ရှိကြသည်။ ဤသည်မှာ သူတို့က နက်နဲစွာ တွေးတောနေကြသည့်အလားပင်။
ဤနေရာတွင် လူမျိုးပေါင်းစုံ စုဝေးရှိနေကြသည်။
အင်ပါယာအကယ်ဒမီထဲ၌ တည်ရှိနေကြသော အဖြူရောင်မျှော်စင်များသည် အတွေးကျောင်းတော်များ ဖြစ်ကြသည်။ မျှော်စင်က ပိုပြီးမြင့်မားလေ ပိုပြီးအသိအမှတ်ပြုခံရလေ ဖြစ်သည်။ ထိုသို့အတွေးကျောင်းတော်များတွင် ကျောင်းတော်သားများစွာ ရှိကြသည်။
တချို့မျှော်စင်များတွင် ကျောင်းတော်သားများစွာက မရပ်မစဲ ဝင်ထွက်သွားလာနေကြသည်။ ယင်းတို့က လွန်စွာ သက်ဝင်လှုပ်ရှားသည်။
ကျောင်းတော်သားများ၏ တိုက်ရိုက် လျစ်လျူရှုခံထားရသော တချို့မျှော်စင်များလည်း ရှိသည်။
တချို့ကျောင်းတော်သားများဆိုလျှင် မျှော်စင်နားမှာ လှည့်ပတ်ရွေ့လျားနေကြပြီး သူတို့၏ အတွေးကျောင်းတော်ကို မိတ်ဆက်ပေးနေကြသည်။
“ ဟိုကျောင်းသား… ဒီကိုခဏလာပြီး ငါတို့ရဲ့ ဝိညာဉ်ထုဆစ်ကျောင်းတော်ကို ဝင်ကြည့်သွားပါလား… ဝိညာဉ်ထုဆစ်အတတ်ပညာက ဝိညာဉ်လွတ်မြောက်ခြင်းပေါ် အလေးအနက်ထားတယ်… ငါတို့ရဲ့ ရုပ်ခန္ဓာကိုယ်က အခွံသက်သက်ပဲ… ဝိညာဉ်ကို ကျင့်ကြံတာကမှ အထွတ်အထိပ်ကို ရောက်ရှိနိုင်မယ်… ဝိညာဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့အခါ သေမျိုးခန္ဓာကိုယ်ရဲ့ အချုပ်အနှောင်တွေကနေ ရုန်းထွက်နိုင်ပြီး ကောင်းကင်ဘုံတာအိုနဲ့ သဟဇာတဖြစ်နိုင်လိမ့်မယ် ”
“ အင်ပါယာအကယ်ဒမီတစ်ခုလုံးမှာ အတွေးကျောင်းတော်တွေ အများကြီးရှိတယ်ဆိုပေမဲ့ ကောင်းကင်လူသားကျောင်းတော်က နက်နဲသိမ်မွေ့ဆုံးပဲ… ကျင့်ကြံခြင်းမှာ သေမျိုး၊ မြေပြင်နဲ့ ကောင်းကင်ဆိုပြီး အဆင့်သုံးဆင့်ရှိတယ်… ငါတို့ကောင်းကင်လူသားကျောင်းတော်က သေမျိုးကနေ မြေပြင်အဆင့်၊ မြေပြင်အဆင့်ကနေ ကောင်းကင်အဆင့်ထိရောက်အောင် ညွှန်ကြားပေးနိုင်တယ်… ကောင်းကင်အဆင့်ကို ရောက်ရှိသွားတဲ့အခါ မင်းက အချုပ်အနှောင်အားလုံးကို ချိုးဖြတ်နိုင်သွားပြီး အရာအားလုံးကို နားလည်သဘောပေါက်သွားလိမ့်မယ် ”
“ တာအိုသုံးထောင်ရှိတယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ကြတယ်… တာအိုတွေကြားထဲမှာ အားနည်းတယ် သန်မာတယ်ဆိုတာ မရှိဘူး… အပင်တွေနဲ့ သစ်ပင်တွေက ပျော့ပျောင်းနူးညံ့တယ်ဆိုပေမဲ့ ကြယ်တွေကို ဆွတ်ခူးနိုင်တယ်… အားလုံးပဲ ငါတို့ရဲ့ စိမ်းစိုကျောင်းတော်ကနေ ကြိုဆိုလိုက်ပါတယ် ”
ရွှီချင်းက အရှေ့သို့ ဆက်လျှောက်သွားနေစဉ် တူညီသော အသံများက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။ သူ့ကို တားဆီးပြီး သူတို့၏ အတွေးကျောင်းတော်အကြောင်းကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသော ကျောင်းတော်သားတချို့ပင် ရှိကြသည်။
အတွေးကျောင်းတော်တစ်ခုနှင့်တစ်ခု ငြင်းခုန်ရန်ဖြစ်နေကြသော ဖြစ်ရပ်များကိုလည်း သူမြင်တွေ့သွားသည်။
ရွှီချင်းသည် ယင်းကို ကျင့်သားမရသေးပေ။ သူက ထိုသို့ကိစ္စမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူက တချို့အဖြူရောင်မျှော်စင်ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြည့်ခဲ့သည်။ သူက ကျောင်းတော်ကို ဝင်ရောက်ရန် မရွေးချယ်ခဲ့သော်လည်း အဖြူရောင်မျှော်စင်ထဲမှ အသိပညာနှင့် ဗဟုသုတအားလုံးကို လွတ်လပ်စွာ လေ့လာကြည့်ရှုနိုင်သည်။
ယင်းက စာကြည့်တိုက်တစ်ခုနှင့် ဆင်တူသည်။ ရွှီချင်းက မျှော်စင်ထဲသို့ ဝင်ရောက်ပြီး စာအုပ်များကို ဖတ်ရှုနိုင်သည့်အပြင် တခြားလူများဖြင့်လည်း ဆွေးနွေးနိုင်သည်။
ထို့ကြောင့် ရွှီချင်းသည် မျှော်စင်တစ်ခုပြီးတစ်ခုကို ဝင်ရောက်လေ့လာခဲ့သည်။
စိမ်းစိုကျောင်းတော်ထဲတွင် သူက အပင်များနှင့် ပတ်သက်သော ယခင်က သူမသိထားခဲ့သည် ဗဟုသုတများကို ရရှိခဲ့သလို အတွေးအမြင်အသစ်တချို့ကိုလည်း ရရှိသွားခဲ့သည်။
ဝိညာဉ်ထုဆစ်ကျောင်းတော်မှ ကျင့်ကြံခြင်းအတတ်ပညာသည် ရွှီချင်းကို လေးနက်စွာ တွေးတောမိစေသည်။
ထိန်းကျောင်းခြင်းကျောင်းတော်ဆိုသည့် ထူးခြားသော အတွေးကျောင်းတော်တစ်ခုလည်း ရှိသေးသည်။ ထိုကျောင်းတော်က သားရိုင်းကောင်များကို ထိန်းကျောင်းခြင်းမဟုတ်ပေ။ ယင်းအစား မျိုးနွယ်ခြားများ၏ ကမ္မကို ထိန်းကျောင်းရန် ရည်ရွယ်သည်။
ယင်းတို့အားလုံးက ရွှီချင်းကို ကြီးမားသော အကျိုးကျေးဇူးရရှိစေပြီး အင်ပါယာအကယ်ဒမီအပေါ် ပိုပြီးလေးစားလာစေသည်။
ဤအသိပညာက အချိန်ကာလ၏ တိုက်စားမှုဒဏ်ကို တောင့်ခံနိုင်မည်လော မသေချာသော်လည်း ဤပတ်ဝန်းကျင်တွင် လူသားမျိုးနွယ်၏ အတွေးများနှင့် အကြံဉာဏ်များက ရွှေခေတ်ကာလကို ပြန်ရောက်ရန် အစပျိုးနေကြောင်း ထင်ရှားသည်။
သူက အရှေ့သို့ ဆက်လက် လျှောက်သွားနေစဉ် အင်ပါယာအကယ်ဒမီထဲမှ အကြီးမားဆုံး အတွေးကျောင်းတော်ကို မြင်သွားသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်…
အင်ပါယာအကယ်ဒမီထဲမှ ကျောင်းသား(၃၀)ရာခိုင်နှုန်းသည် ထိုကျောင်းတော်ကို ဝင်ရောက်ကြသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဓိကမူဝါဒသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပြီး နတ်ဘုရားသက်ရှိများ၏ အသွေးအသားကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန် ဖြစ်သည်။ ထို့နောက် သူတို့က ယင်းတို့ဖြင့် တဖြည်းဖြည်း နေသားကျလာပြီး ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။
အဆုံးမှာတော့ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်ဘုရားသက်ရှိများ၏ အသွေးအသားများဖြင့် အစားထိုးပြီးသွားသည့်အခါ နတ်ဘုရားသက်ရှိများ၏ စွမ်းရည်များကို ပိုင်ဆိုင်လာနိုင်လိမ့်မည်။ ထိုအခါကျလျှင် ဒြပ်နှောများသည် သူတို့အတွက် အဆိပ်မဟုတ်တော့ဘဲ ဝိညာဉ်ချီကဲ့သို့ စွမ်းအင်တစ်မျိုး ဖြစ်လာလိမ့်မည်။
ထိုကျောင်းတော်၏ အဓိကရည်ရွယ်ချက်သည် နတ်ဘုရားများဖြင့် ပေါင်းစပ်ရန် ဖြစ်သည်။
တစ်စုံတစ်ယောက်က နတ်ဘုရား၏ အသွေးအသားများဖြင့် ပေါင်းစပ်ပြီးနောက် တဖြည်းဖြည်း နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။ ယင်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ လမ်းစဉ်ဖြစ်သည်။
ထိုကျောင်းတော်၏ ကျောင်းအုပ်သည် သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူက ကျောင်းတော်သားများနှင့် တမူကွဲပြားခြားနားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူက မျက်နှာဖုံးဝတ်ဆင်ထားပြီး အသွင်အပြင်ကို ဖုံးကွယ်ထားသော်လည်း သူ၏ ကျောင်းတော်သားအရှိန်အဝါသည် လွန်စွာ သိသာထင်ရှားသည်။
ရွှီချင်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဖြူရောင်မျှော်စင်ထံသို့ အာရုံစိုက်နေစဉ် ကျောင်းအုပ်ကြီးသည် အပြင်သို့ ထွက်လျှောက်လာသည်။ သူ၏ တည်ငြိမ်သော အကြည့်က လူအုပ်ကြားထဲသို့ ကျရောက်သွားသည်။
ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။
တစ်ဖက်လူ၏ အမူအကျင့်သည် သူ့အား ဖုန်းဟိုင်ဒေသငယ်မှ တစ်စုံတစ်ယောက်ကို အမှတ်ရသွားစေသည်။