ဆရာက ဒီဘဝမှာ မင်းကို ကြင်နာမှုပေးပြီး နောက်တစ်ဆင့်တတ်နိုင်အောင် လက်တွဲခေါ်ပေးလိမ့်မယ်
Vol. 76 Ch. 1175
ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ လမ်းစဉ်ဖြစ်သည်။
စူးရှသော အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤကျောက်စိမ်းပြားထဲတွင် အကြောင်းအရာအများကြီး မပါဝင်သော်လည်း စကားလုံးတစ်လုံးစီတိုင်းသည် ကျောက်စိမ်းပမာ တန်ဖိုးကြီးမားသည်။ ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ နည်းလမ်းက မည်မျှကျစ်လျစ်ကြောင်း ဖော်ပြနေသည်။
နည်းလမ်းအသေးစိတ်ကို ကျောက်စိမ်းပြားထဲမှာ မဖော်ပြထားသော်လည်း ရွှီချင်းက ထိုစကားများမှတဆင့် တစ်ခုနှစ်ခုကို ကောက်ချက်ချနိုင်သည်။
‘ အဲ့ဒီနည်းလမ်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်နဲ့ တူညီတယ်… ဒါပေမဲ့ တစ်ခုက နတ်ဘုရားအစွမ်းကို သိုလှောင်ပြီး အခြားတစ်ခုက နတ်ဘုရားအစွမ်းနဲ့ ပေါင်းစပ်တယ်… ပထမနည်းလမ်းအတိုင်းဆိုရင် လူသားခန္ဓာကိုယ်က အကောင်းတိုင်း ဆက်ရှိနေပြီး အသိစိတ်ပင်လယ်ထဲမှာ နတ်ဘုရားအစွမ်းက ရုပ်ဝတ္ထုဖြစ်ပေါ်လာလိမ့်မယ်… အဲ့ဒါက အဆင့်ချိုးဖြတ်ဖို့အတွက် နတ်ဘုရားအစွမ်းကို သိုလှောင်ပြီး မူကွဲအင်မော်တယ်ဖြစ်လာအောင် ကျင့်ကြံတာပဲ ’
‘ ဒုတိယနည်းလမ်းက လူသားခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး နတ်ဘုရားသက်ရှိတွေရဲ့ အသွေးအသားတွေနဲ့ တဖြည်းဖြည်း အစားထိုးတာပဲ… နောက်ဆုံးမှာ သန့်စင်တဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး လူသားနတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မယ် ’
‘ အတွေးကို ကျင့်ကြံတယ်… ဒီနည်လမ်းက တကယ် အံ့ဖွယ်ကောင်းတာပဲ… ဒါကြောင့် မူကွဲအင်မော်တယ်ကျောင်းတော်က တစ်ချိန်က အင်ပါယာအကယ်ဒမီမှာ နံပါတ်တစ်ကျောင်းတော်ဖြစ်ခဲ့ဖူးတယ်လို့ ချန်းယွင်က ပြောတာကို ’
ရွှီချင်းသည် တစ်ခဏစဉ်းစားပြီးနောက် ဟာလာဟင်းလင်းဖြစ်နေသော ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနည်းလမ်းတွင် ကြီးမားသော ချို့ယွင်းချက်များ ရှိရမည်ဖြစ်ကြောင်း သူနားလည်သည်။ ထိုချို့ယွင်းချက်များကြောင်း မူကွဲအင်မော်တယ်ကျောင်းတော်က ဤအခြေအနေထိ ဆုတ်ယုတ်သွားရခြင်း ဖြစ်သည်။
‘ ဒီကျင့်ကြံခြင်းအတတ်ပညာအတွက် လိုအပ်ချက်က အရမ်းမြင့်မားတယ် ’
‘ ဒါ့အပြင် ဝိညာဉ်ကို ချည်မျှင်တွေအဖြစ် သန့်စင်ပြီး နတ်ဘုရားတစ်ပါး ဒါမှမဟုတ် နတ်ဘုရားသက်ရှိတစ်ကောင်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ရက်လုပ်တာက အရမ်းအန္တရာယ်များတယ်… ပြီးတော့ အဲ့ဒါရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကလည်း အရမ်းနှေးကွေးလိမ့်မယ် ’
‘ ဒါကြောင့် ဒီနည်းလမ်းက ယုတ္တိမရှိဘူးလို့ ချန်းယွင်က ပြောတာကို ’
“ ဒီနည်းလမ်းကို ဘယ်သူမှ မအောင်မြင်ဖူးဘူးလား မသိဘူး ”
ရွှီချင်းသည် အခြေအနေကို သုံးသပ်ပြီးနောက် ကျောက်စိမ်းပြားအပုံထဲမှာ လှန်လှောရှာဖွေနေသော ကျောင်းအုပ်ကြီးကို ကြည့်လိုက်သည်။ သူက ထိုမေးခွန်းကို မေးမြန်းလိုက်သည်။
“ အရင်က ဘယ်သူမှ မအောင်မြင်ဖူးဘူးလို့ ဘယ်ကောင်က ပြောတာလဲ ”
ကျောင်းအုပ်ကြီး၏ အသံထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။
“ လွန်ခဲ့တဲ့ နှစ်ရှစ်ထောင်တုန်းက မူကွဲအင်မော်တယ်ကျောင်းတော်က လီရွှမ်ဖုန်းက သူ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဘူမိကလေးငယ်ကို အောင်အောင်မြင်မြင် ရက်လုပ်ခဲ့ပြီး အပြင်လောကမှာ ချပြခဲ့တယ်… သူ့ရဲ့ တိုက်ပွဲစွမ်းအားက အံ့မခန်း မြင့်တတ်သွားခဲ့တယ် ”
ကျောင်းအုပ်ကြီး၏ လေသံထဲမှာ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း တံခါးနားမှာ ထိုင်နေကြသော ငပျင်းတပည့်သုံးယောက်ထဲမှ တစ်ယောက်က သာမန်ကာလျှံကာ ပြောလိုက်သည်။
“ ဟုတ်ပါတယ်… ဘိုးဘေးလီရွှမ်ဖုန်းက ဝိညာဉ်သိုက်အဆင့်မှာ နတ်ဘုရားသက်ရှိတစ်ကောင်ကို ရက်လုပ်ဖို့ နှစ်တစ်ထောင်ပြည့်အောင် ကျင့်ကြံခဲ့ရတယ်… သူအောင်မြင်သွားတဲ့အချိန်မှာ သူ့ရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ… တကယ်ပဲ အံ့ဖွယ်ကောင်းလှပါတယ် ”
ကျောင်းအုပ်ကြီးသည် ထိုတပည့်ကို စူးစိုက်ကြည့်လိုက်သည်။
“ အဲ့ဒါက နည်းနည်း နှေးကွေးတယ်ဆိုပေမဲ့ အောင်မြင်သွားပြီးတဲ့နောက်မှာ ဘိုးဘေးလီရွှမ်ဖုန်းရဲ့ တိုက်ပွဲစွမ်းအားက သူ့ရဲ့ အသိစိတ်ပင်လယ်ထဲက နတ်ဘုရားအစွမ်းသိုလှောင်ခြင်းအတတ်ရဲ့ အကူအညီနဲ့အတူ အရမ်းသန်မာလာခဲ့တယ် ”
“ ဟုတ်ပါတယ်… ဟုတ်ပါတယ်… အဲ့ဒီနောက် သူက နှစ်ငါးရာပဲ ကျင့်ကြံရသေးတဲ့ ဝိညာဉ်သိုက်အဆင့် မျိုးနွယ်ခြားတစ်ဦးရဲ့ လက်ထဲမှာ သေတဲ့အထိ အရိုက်ခံခဲ့ရတယ် ”
တပည့်သုံးယောက်ထဲမှ နောက်တစ်ယောက်က သက်ပြင်းချလိုက်သည်။
ကျောင်းအုပ်ကြီး၏ မျက်လုံးသည် ပိုပြူးကျယ်လာပြီး ခံပြင်းဒေါသဖြစ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ငါးထောင်တုန်းက ငါတို့ကျောင်းတော်ရဲ့ ဘိုးဘေးချန်းတောက်ဇီလည်းပဲ အောင်မြင်သွားခဲ့တယ်… အတွေးတစ်ချက်နဲ့အတူ သူ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ သိုလှောင်ထားတဲ့ နတ်ဘုရားသက်ရှိက သူ့ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တယ်… သူ့ရဲ့ တိုက်ပွဲအစွမ်းက ကောင်းကင်နဲ့ မြေပြင်ကို လှုပ်ခါသွားစေခဲ့တယ် ”
“ ဟုတ်ပါတယ်… ဟုတ်ပါတယ်… အဲ့ဒါပြီးတဲ့နောက် ဘိုးဘေးချန်းတောက်ဇီက ပြန်ရောက်မလာတော့ဘူး… စမ်းသပ်မှု အကြွင်းအကျန်တွေက ဒီမျှော်စင်အောက်မှာ အခုထိတိုင် ရှိနေတုန်းပဲ… ဆရာ… နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က အဲ့ဒါကို ဝယ်ချင်နေပါတယ်… ဘာဖြစ်လို့ ငါတို့တွေ အဲ့ဒါကို မရောင်းတာလဲ ”
တပည့်သုံးယောက်ထဲမှ အလယ်က တစ်ယောက်သည် သက်ပြင်းချလိုက်ပြီး သွေးဆောင်ရန် ကြိုးစားလိုက်သည်။
“ နတ်ဘုရားပေါင်းစပ်ခြင်းအကြောင်း ငါ့ကို လာမပြောနဲ့… အဲ့ဒါက ဘာအယူအဆမို့လို့လဲ… သောက်ရူးအတွေးအခေါ်တွေ… မျောက်တစ်ကောင်က လူ့အင်္ကျီဝတ်လိုက်တာနဲ့ လူသားတစ်ယောက်ဖြစ်နိုင်မှာလား ”
ကျောင်းအုပ်ကြီးသည် သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။ သူ၏ စကားထဲမှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အပေါ် ပြင်းထန်သော စက်ဆုပ်ရွံရှာမှုက အထင်အရှား ထွက်ပေါ်နေသည်။
တပည့်သုံးယောက်သည် ကိုယ်စီသက်ပြင်းချလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ရွှီချင်းကို ကြည့်လိုက်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
“ ကျောင်းသား… ဒီကနေ အမြန်ထွက်သွားဖို့ ငါမင်းကို အကြံပေးလိုက်မယ်… ငါတို့သုံးယောက်က ဒီကနေ မလွတ်မြောက်နိုင်တော့ဘူး… အတိတ်မှာ ငါတို့က အရမ်းတုံးအခဲ့ပြီး ဆုတ်ယုတ်နေတဲ့ ဒီနေရာမှာ ရတနာတွေရှိမယ်လို့ စဉ်းစားခဲ့မိတယ်… ငါတို့က ဘာမှအားစိုက်မထုတ်ဘဲ အကျိုးအမြတ်တွေ ရိတ်သိမ်းနိုင်ဖို့ ကြိုးစားခဲ့ကြတယ်… ဒါပေမဲ့ တပည့်ရင်းတွေပဲ မူကွဲအင်မော်တယ်အတတ်ပညာကို သင်ယူနိုင်တယ်ဆိုပြီး ဒီအဖိုးကြီးလှည့်စားတာကို ငါတို့ခံခဲ့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး… ဒါကြောင့် ငါတို့က ဘာမှနားမလည်ဘဲ တစ်ဘဝစာ စာချုပ်ကို ချုပ်ဆိုခဲ့ကြတယ် ”
“ ငါတို့မထွက်သွားနိုင်တော့ဘူး… ငါတို့ ဒီမှာပဲ နေနိုင်တော့တယ် ”
“ မင်းကို ကြည့်ရတာ နန်းမြို့တော်က မဟုတ်ဘူး ထင်တယ်… ဒီတော့ ဒီနေရာရဲ့ အကြောင်းကို အသေးစိတ် မင်းဘာမှနားလည်ဦးမှာ မဟုတ်ဘူး… ဒါကြောင့် မင်းဆုံးဖြတ်ချက်ချတဲ့အခါ အရမ်းအလျင်မလိုဖို့ ငါအကြံပေးချင်တယ် ”
ယင်းကို ကျောင်းအုပ်ကြီးကြားသောအခါ မျက်နှာဖုံးအောက်မှ သူ၏ မျက်နှာက ပြောင်းလဲသွားသလား မသိရသော်လည်း သူက နှာခေါင်းရှုံ့လိုက်သည်။ သူက ပြန်ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျောက်စိမ်းပြားအပုံထဲမှာ ဆက်လက် ရှာဖွေလိုက်သည်။
အဖြူရောင်မျှော်စင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ သူက တပည့်သုံးယောက်နှင့် ကျောင်းအုပ်ကြီးကို ကြည့်ပြီးနောက် မထွက်သွားခင် ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
သူက အဝေးသို့ လျှောက်သွားပြီးနောက် ခေါင်းလှည့်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်ကို ကြည့်လိုက်သည်။
၎င်းက အရှေ့ဘက်ပိုင်းတွင် တည်ရှိလေရာ အင်ပါယာအကယ်ဒမီ၏ ပရဝုဏ်အတွင်းမှာ ထူးခြားသော အဓိပ္ပာယ်ရှိသည်။ အကယ်ဒမီ၏ အရှေ့ဘက်ပိုင်းသည် လူစည်ကားသိုက်မြိုက်သော ဧရိယာဖြစ်သည်။ သို့ဖြစ်၍ အတိတ်တွင် ထိုမျှော်စင်က ဝင်ထွက်သွားလာသော ကျောင်းသားများဖြင့် မည်မျှသက်ဝင်လှုပ်ရှားခဲ့မည်ဖြစ်ကြောင်း သူစိတ်ကူးကြည့်နိုင်ပေသည်။
သို့သော်လည်း ယခုတော့ ဟာလာဟင်းလင်းဖြစ်နေသည်။ အတိတ်မှ ဂုဏ်သတင်းသည် အတိတ်မှာသာ ကျန်နေခဲ့သည်။ ယခု လူအနည်းစုသာလျှင် ထိုအကြောင်းကို အမှတ်ရကြတော့သည်။
သူတို့၏ စိတ်သဘောထားမှတဆင့် ထိုကျောင်းတော်သားသုံးယောက်က အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။ သူတို့သည် ကျောင်းတော်သို့ ဝင်ရောက်ရန် အမှန်တကယ် လှည့်စားခံခဲ့ရပြီး ထိုအတွက် ခံပြင်းနေကြခြင်း ဖြစ်သည်။ ကျောင်းအုပ်ကြီးသည် ထိုအတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟု ခံစားမိပုံပေါ်သည်။ ထို့ကြောင့် သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးဟူသော သူ၏ နောက်ဆုံးဂုဏ်သိက္ခာကို ထိန်းသိမ်းရန် နှာခေါင်းရှုံ့ခဲ့ခြင်းသာ ဖြစ်သည်။
“ စောစောက သူတို့ပြောသွားတဲ့ အောင်မြင်ခဲ့တဲ့ ဘိုးဘေးနှစ်ယောက်က သူတို့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ နတ်ဘုရားပုံရိပ်တစ်ခုကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာ ငါသိချင်မိသား… အဲ့ဒါက အပြင်ဘက်မှာ ဘယ်လိုသက်ရောက်မှုရှိမလဲ မသိဘူး ”
ရွှီချင်းသည် တွေးတောနေရင်း လူအုပ်ကြားထဲသို့ လျှောက်သွားကာ ပျောက်ကွယ်သွားသည်။
အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး နောက်ထပ်လဝက် ကုန်ဆုံးသွားပြန်သည်။
ရွှီချင်းသည် အခြေခံအားဖြင့် အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်အားလုံးဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး သူ၏ အသိပညာဗဟုသုတကို တစ်နေ့ထက်တစ်နေ့ တိုးပွားလာအောင် လေ့လာဆည်းပူးခဲ့သည်။ သို့သော်လည်း ထိုအရာအားလုံးသည် အခြေခံသဘောတရားများသာ ဖြစ်ကြသည်။ အချိန်နှင့် စွမ်းအင်မလုံလောက်မှုကြောင့် ကျောင်းတော်အားလုံး၏ အနှစ်သာရများကို ရရှိရန် သူ့အတွက် မဖြစ်နိုင်ပေ။
အဆုံးမှာတော့ သူက မည်သည့်ကျောင်းတော်ကိုမှ ဝင်ရောက်ရန် မရွေးချယ်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ ဆုံးဖြတ်ချက်ကို အဓိက လွှမ်းမိုးနေသော အရာသည် နွေဦးအင်မော်တယ်ဖြစ်သည်။
ထိုစကားလုံးနှစ်လုံးထဲမှာ ထူးဆန်းသော စွမ်းအင်တစ်ခု ပါဝင်နေဟန် ရသည်။ ယင်းက သူ့အား နွေဦးအင်မော်တယ်အကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်အောင် ပြုလုပ်နေသည်။
ထိုကိစ္စ၏ ဇစ်မြစ်သည် သံချောင်းကို သန့်စင်ပြီးနောက် သူ့ဆရာပြောကြားခဲ့သော စကားများမှ အရင်းခံလာခြင်းဖြစ်သည်။
‘ ဒီဟာကို ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ နွေဦးအင်မော်တယ်ရဲ့ နည်းလမ်းအတိုင်း သန့်စင်ခဲ့တယ်… ဒါကြောင့် အဲ့ဒါကို အင်မော်တယ်လက်နက်လို့ ငါခေါ်မယ် ’
ဤအခိုက်အတန့်မှာ ဖိုးလမင်းသည် ညကောင်းကင်ယံမှာ ခပ်ဖျော့ဖျော့ ထွန်းလင်းနေသည်။ ရွှီချင်းသည် နင်ယန်၏ စံအိမ်ထဲမှာ တင်ပျဉ်ခွေထိုင်နေပြီး ကောင်းကင်ယံမှာ ထွန်းလင်းတောက်ပနေသော လကို စိုက်ကြည့်နေသည်။ ဤမတိုင်ခင်အထိ ဆရာဖြင့် သူတွေ့ဆုံခဲ့သော မြင်ကွင်းများက သူ၏ စိတ်ထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
“ အဲ့ဒီတုန်းက ဆရာပြောတဲ့ နွေဦးအင်မော်တယ်ကို ငါနားမလည်ခဲ့ဘူး… အဲ့ဒါက ဓမ္မရတနာတွေကို သန့်စင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်မယ်လို့ ငါထင်ခဲ့တယ် ”
“ ဒါပေမဲ့ နန်းမြို့တော်ကို ရောက်လာပြီးနောက် တတိယမင်းသမီးရဲ့ ရှင်းပြမှုက ငါ့ကို သံသယတချို့ ဖြစ်စေခဲ့တယ်… အဲ့ဒါက ပြီးခဲ့တဲ့လတုန်းက အင်ပါယာအကယ်ဒမီကို ငါမရောက်သွားခင်အထိ ကြာမြင့်ခဲ့တယ်… အထူးသဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်ကို ငါရောက်သွားတဲ့အချိန်မှာပဲ… ”
လရောင်ခြည်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ အလင်းအလွှာတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားဟန် ရသည်။ ယင်းက သူ၏ တစ်ကိုယ်လုံးကို လရောင်ခြည်ဖြင့် ထွန်းလင်းသွားစေသည်။ သို့သော်လည်း ထိုအလင်းရောင်က သူ၏ ဆယ်ပေအကွာအဝေးသို့ ပျံ့နှံ့သွားသည့်အခါ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။
“ ဆရာက ဘာလို့ နွေဦးအင်မော်တယ်ရဲ့ အတတ်ပညာကို သိနေတာလဲ… ပြီးတော့ အဲ့ဒါကို တတ်ကျွမ်းနေတယ် ”
“ ဆရာရဲ့ စကားက ငါ့ခေါင်းထဲကို အတွေးတစ်ခု စိုက်ပျိုးချင်တဲ့ပုံပဲ… နန်းမြို့တော်က အခြေအနေကို ငါနားလည်သွားတာနဲ့ အဲ့ဒါက မျိုးစေတစ်ခုလိုမျိုး အညှောင့်ထွက်လာလိမ့်မယ် ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ သံချောင်းကို ထုတ်ယူလိုက်သည်။ သူက သံချောင်းကို သူ့အရှေ့မှာ ချထားလိုက်ပြီး သေချာဂရုတစိုက် လေ့လာကြည့်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး တစ်နာရီကြာမြင့်သွားသည်။ ထိုစဉ် ခြေလှမ်းသံများသည် စံအိမ်အပြင်ဘက်မှ ပျံ့လွင့်လာသည်။
ခေါင်းဆောင်ပြန်ရောက်လာခြင်း ဖြစ်သည်။
သူက ယနေ့ စိတ်ပျော်ရွှင်နေကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူ၏ ကိုယ်ပေါ်မှ သေရည်နံ့ပင် ထွက်ပေါ်နေသည်။ ဤအခိုက်အတန့်မှာ သူက လရောင်အောက်မှာ ယိုင်တိယိုင်တိုင် လမ်းလျှောက်နေပြီး ခြံဝန်းကို ဖြတ်ကျော်သွားသည်။ သူက ရွှီချင်းကို မြင်သွားသောအခါ ပြုံးလိုက်သည်။
“ ချင်းလေး… အင်ပါယာအကယ်ဒမီမှာ မင်းလေ့လာတာ အခြေအနေ ဘယ်လိုလဲ… ဒီရက်ပိုင်း ငါမင်းကို သိပ်မမြင်မိဘူး ”
“ ငါမင်းကို ပြောပြမယ်… လက်တလော နေရာကောင်းတစ်ခုကို ငါရှာတွေ့ထားတယ်… မင်း သေမျိုးလောကမျှော်စင်ကို သိတယ်မလား ”
သေရည်နံ့တထောင်းထောင်း ထွက်နေသော ခေါင်းဆောင်သည် စကားပြောနေရင်း ရွှီချင်း၏ ဘေးသို့ လျှောက်သွားပြီး သူ့ကို ပခုံးပုတ်ပေးလိုက်သည်။
“ သေမျိုးလောကမျှော်စင်က တကယ်မဆိုးဘူး ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ အရင်က အဲ့ဒီကို ငါတစ်ခါရောက်ဖူးတယ်… အဲ့ဒီကနေ ငါထွက်လာတော့ လုပ်ကြံခံခဲ့ရတယ်… အဲ့ဒီအကြောင်း ငါမင်းကို ပြောခဲ့တယ်လေ ”
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရယ်မောလိုက်သည်။
“ ဟုတ်တယ်… မင်းလုပ်ကြံခံရတဲ့ ကိစ္စကို ငါစုံစမ်းပေးနေတာ ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် သေရည်တစ်အိုးကို ထုတ်လိုက်ပြီး ရွှီချင်းထံသို့ ကမ်းပေးလိုက်သည်။
စီနီယာအကိုကြီး၏ ပျော်ရွှင်မှုကို မနှောင့်ယှက်ရန်အတွက် ရွှီချင်းသည် သူ့ကို ရွှံ့မြေခွေးအကြောင်း မပြောပြတော့ပေ။
သူက သေရည်အိုးကို ယူဆောင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သေရည်သောက်ပြီးသည်နှင့်ချက်ချင်း သူက မူးဝေခြင်းကို ချက်ချင်း ခံစားမိသွားသည်။
ယင်းက သေမျိုးလောကမျှော်စင်၏ ယမကာအင်မော်တယ်ဖြစ်သည်။
“ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား ”
ခေါင်းဆောင်သည် သေရည်အိုးကို ပြန်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို စူးစမ်းလိုစွာ ကြည့်လိုက်ပြီး မေးသည်။
ရွှီချင်းသည် တစ်ခဏကြာ တွေးတောပြီးနောက် နူးညံ့စွာ ပြောသည်။
“ စီနီယာအကိုကြီး… ဆရာရဲ့ နောက်ခံက ဘာလဲ ”
ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း သေရည်အိုးကိုင်ထားသော ခေါင်းဆောင်၏ လက်က ရပ်တန့်သွားသည်။ သူက သေရည်အိုးကို အောက်ချပြီးနောက် ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်သည်။
သူတို့၏ မျက်လုံးချင်း တွေ့ဆုံသွားသည်။ ရွှီချင်း၏ အမူအရာက တကယ်လေးနက်နေကြောင်း မြင်သွားသောအခါ ခေါင်းဆောင်က ပြုံးလိုက်သည်။
“ အဖိုးကြီးရဲ့ နောက်ခံက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်… သူလက်ခံထားတဲ့ တပည့်တွေကိုပဲ ကြည့်ပါလား ”
“ ငါဆိုရင် ဝမ်ကူးကုန်းမြေရဲ့ နံပါတ်တစ် ကောင်းကင်အရွေးချယ်ခံဖြစ်တယ် ”
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သဘောတူကြောင်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ခေါင်းဆောင်သည် စိတ်ကျေနပ်သွားပြီး ဆက်လက် ပြောသည်။
“ မင်းက ဝမ်ကူးကုန်းမြေရဲ့ နံပါတ်နှစ်ကောင်းကင်အရွေးချယ်ခံဖြစ်တယ် ”
“ ဒုတိယညီမကတော့ ဟီး ဟီး သူ့ရဲ့ လက်ထပ်ပွဲကံကြမ္မာက ထူးခြားတယ်… မင်းလည်း ခန့်မှန်းမိတယ်မလား… အရင်က ငါလည်းပဲ သံသယတချို့ ရှိခဲ့တယ်… ဒီတစ်ကြိမ် ဖုန်းဟိုင်ဒေသငယ်ကို ငါပြန်ရောက်တဲ့အခါမှ အဲ့ဒါကို သေချာအောင် အတည်ပြုနိုင်ခဲ့တယ် ”
“ ပြီးတော့ ဟိုလူပျော့လူညံ့ ငါတို့ရဲ့ တတိယညီလေး ရှိသေးတယ်… ငါမင်းကို ပြောပြမယ်… အခု သူက ဘာမှမထင်မရှားဖြစ်နေပေမယ့် ငါ့ကို ယုံကြည်စမ်းပါ… သူက အရမ်းဉာဏ်များပြီး လျှို့ဝှက်ချက်တချို့ကို ဖုံးကွယ်ထားတယ်… သူက တစ္ဆေအင်ပါယာနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေမယ်လို့ ငါသံသယရှိတယ် ”
“ တစ္ဆေအင်ပါယာကတော့ သူ့ရဲ့ ဇစ်မြစ်နဲ့ မျိုးနွယ်ကို ဘယ်သူမှ မသိကြဘူး… ဒါပေမဲ့ သူ့ရဲ့ လက်နက်မှာ နတ်ဘုရားနယ်မြေရဲ့ အမှတ်အသားရှိတယ်… သူက နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို အရင်က သတ်ဖြတ်ခဲ့ဖူးတယ် ”
“ ငါ့ကို ပြောစမ်းပါ… ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က နောက်ခံမရှိဘူးဆိုတာ ဖြစ်နိုင်မှာလား… ဒါကြောင့် သူက အဲ့ဒီကနေ ရောက်လာတာလို့ ငါခန့်မှန်းထားတယ်… ”
ခေါင်းဆောင်သည် စကားပြောနေရင်း သူ၏ လက်ကို မြှောက်လိုက်ပြီး ကောင်းကင်ကို ညွှန်ပြလိုက်သည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ပေါ်တွင် နတ်ဘုရားမျက်နှာပျက်ကြီးအပြင် အလွန်ဝေးကွာလှသော ကြယ်တာရာကောင်းကင်ထဲမှာ တခြားအရာများ ရှိသေးသည်။
“ သူတော်စင်ကုန်းမြေ ”
ခေါင်းဆောင်သည် လေချဉ်တတ်လိုက်ပြီး ပြုံးလိုက်သည်။
“ အဲ့ဒါက ငါ့ရဲ့ ခန့်မှန်းမှုပဲ… ပြီးတော့ ဆရာနဲ့ပတ်သက်ပြီး ငါမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် ”
“ ငါ့ရဲ့ အတိတ်ဘဝတစ်ခုမှာ အဖိုးကြီးနဲ့ အရမ်းဆင်တူတဲ့ လူတစ်ယောက်ကို မြင်တွေ့ခဲ့တယ်… သူတို့က ရုပ်ချည်းပဲ ဆင်တူတာမဟုတ်ဘဲ ဖော်မပြနိုင်တဲ့ ခံစားမှုကို ပေးတယ်… ”
ဤသည်ကို ကြားသောအခါ ရွှီချင်း၏ အကြည့်က အေးခဲသွားသည်။
“ ပြီးတော့ ဒီဘဝမှာ သူ့ရဲ့ တပည့်ဖြစ်လာတုန်းက သူ့ကို တစ်ခါထက်ပိုပြီး ငါမြင်ဖူးတယ်လို့ ခံစားမိတယ်… ဒါပေမဲ့ ငါ့ရဲ့ မှတ်ဉာဏ်အများစုက ပျောက်ဆုံးနေတယ် ”
ခေါင်းဆောင်သည် ခေါင်းခါလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ ခါးကြောဆန့်လိုက်သည်။
“ ချင်းလေး… အများကြီး တွေးမနေပါနဲ့… ပျော်ပျော်နေတတ်ဖို့ မင်း ငါ့ဆီကနေ သင်ယူသင့်တယ်… မင်းက နေ့တိုင်း ပျော်ရွှင်နေမယ်ဆိုရင် အဆင့်မြင့်ဆုံး ဘဝနေထိုင်နည်းကို တတ်မြောက်သွားပြီလို့ မှတ်လိုက်ပါ ”
ခေါင်းဆောင်သည် ထိုသို့ပြောပြီးနောက် သူ၏ အခန်းဆီသို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။ သူက ခြေခုနစ်လှမ်းရှစ်လှမ်း လှမ်းပြီးနောက် လရောင်အောက်မှာ ရွှီချင်းကို ကျောပေးလျက် ရပ်တန့်လိုက်လေသည်။
“ ချင်းလေး… မင်း ချီယွဲ့ထုံဂိုဏ်းမှာ ဆရာရဲ့ တပည့်ဖြစ်လာတုန်းက ငါမင်းကို ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား ”
“ ရှေးဘုရင်ရွှမ်ယုံကို တစ်ကြိမ် ဦးချရတယ်… ကောင်းကင်နဲ့ မြေပြင်ကို သုံးကြိမ်ဦးချရပြီး ဆရာ့ကို ကိုးကြိမ်ဦးချရတယ်ဆိုတာလေ… ”
“ ရှေးဘုရင်ရွှမ်ယုံက ကြီးမားတဲ့ တာဝန်တစ်ခုကို စတင်ထမ်းဆောင်ခဲ့တာကြောင့် ငါတို့က သူ့ကို တစ်ကြိမ် ဦးချပေးရမယ် ”
“ ကောင်းကင်နဲ့ မြေပြင်က သမိုင်းကြောင်းကို ထိန်းသိမ်းပေးထားတယ်… ဒါကြောင့် ငါတို့က အဲ့ဒါကို သုံးကြိမ် ဦးချပေးရမယ် ”
“ ဒါပေမဲ့ အစွမ်းကြီးမားပြီး ကြီးကျယ်မြင့်မြတ်တဲ့ ရှေးဘုရင်က မင်းကို ကြင်နာမှု မပေးဘူး… ကောင်းကင်နဲ့ မြေပြင်က ဒုက္ခပင်လယ်ထဲ ကျရောက်နေကြတဲ့ သက်ရှိအားလုံးထဲမှာ မင်းတစ်ယောက်တည်းကို သနားညှာတာမှု မပေးဘူး… ဆရာကသာ မင်းကို ကောင်းကင်အောက်နဲ့ မြေပြင်ပေါ်မှာ ဂရုစိုက်ပေးနိုင်တယ်… ဒီဘဝမှာ သူက မင်းကို ကြင်နာမှုပေးပြီး နောက်တစ်ဆင့်တတ်နိုင်အောင် ကူညီပေးလိမ့်မယ်… သူနဲ့အတူတူ မဟာတာအိုဆီ လျှောက်လှမ်းနိုင်အောင် မင်းကို လက်တွဲခေါ်ပေးလိမ့်မယ်… ဒါကြောင့် မင်းက ဆရာကို ကိုးကြိမ် ဦးချပေးရမယ် ”
လရောင်အောက်တွင် ခေါင်းဆောင်၏ အသံသည် စံအိမ်အတွင်းမှာ အချိန်ကာလ၏ နက်နဲမှုနှင့်အတူ ဤဘဝတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ ဒီဘဝမှာ ငါတို့ချည်းပဲ ခရီးအတူတူထွက်ကြမှာ မဟုတ်ဘူး… ဆရာလည်းပဲ ငါတို့နဲ့အတူ ခရီးထွက်လိမ့်မယ် ”