အာရုဏ်ဦးနေမင်း အခိုးခံရမှု
Vol. 76 Ch. 1177
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အကြည့်များစွာသည် ရွှီချင်းအပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာကြသည်။ မင်းသမီးအန်းဟိုင်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။
တော်ဝင်ခေါင်းလောင်းက ကိုးကြိမ်မြည်သွားခြင်းသည် ကြီးမားသော အရေးကိစ္စတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ ဤအခိုက်အတန့်မှာ ဧကရာဇ်၏ ကိုယ်ရံတော်အစောင့်အကြပ်များက ရွှီချင်းကို နန်းတော်သို့ ချက်ချင်း အခစားဝင်ရောက်ရန် လာဖိတ်ခေါ်ကြသည်။
ယင်းက ဖိတ်ကြားမှုနှင့် တူညီသော်လည်း ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်များ၏ တည်ကြည်လေးနက်ပုံအရ မည်သူမဆို သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ရှင်းလင်းစွာ အာရုံခံနိုင်လိမ့်မည်။
အရေးကြီးဆုံးမှာ အကယ်၍ ရွှီချင်းက ဤဝဲကတော့ထဲသို့ ဆွဲချခံရမည်ဆိုလျှင် အသေးဆုံး အမှားလေးကပင် အသက်အန္တရာယ်ရှိနိုင်သော ကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မည်။
ရွှီချင်း၏ နောက်ခံက အလွန်အံ့ဖွယ်ကောင်းပြီး သူက ဒေသကြီးတစ်ခုနှင့်တစ်ဝက်ကို အုပ်ချုပ်နိုင်လျှင်ပင် ယင်းက လူသားမျိုးနွယ်၏ အသက်သွေးကြောနှင့် ဆက်စပ်နေသော အရေးကိစ္စဖြစ်ပါက လူသားဧကရာဇ်၏ မျက်လုံးထဲတွင် မည်သည့်အရာက ပိုပြီးအရေးကြီးကြောင်း မေးခွန်းထုတ်နေစရာ မလိုပေ။
သို့ဖြစ်၍ မင်းသမီးအန်းဟိုင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ အစတွင် သူက တုံ့ဆိုင်းသွားသည်။ သို့သော်လည်း မကြာမီ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မတ်တတ်ရပ်လိုက်ပြီး အေးစက်သော အမူအရာဖြင့် ပြောသည်။
“ နင်တို့တွေ အတင့်ရဲလှချည်လား ”
မင်းသမီးအန်းဟိုင်က ထိုသို့ပြောလိုက်သော်လည်း ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်များသည် တုပ်တုပ်မလှုပ်ကြချေ။ သူတို့က ရွှီချင်းကိုသာ ဆက်လက် စိုက်ကြည့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်သည် အရှေ့သို့ ထွက်လျှောက်လာပြီး မင်းသမီးအန်းဟိုင်ကို အရိုအသေပေးလိုက်သည်။
“ မင်းသမီး… ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ပါ ”
“ အရှင်သခင်ရွှီကို နန်းတော်ဆီ အခုချက်ချင်း ဆင့်ခေါ်ရအောင် ဘာအရေးကိစ္စရှိလို့လဲ ”
မင်းသမီးအန်းဟိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုအစောင့်အကြပ်ကို ကြည့်လိုက်သည်။ သူက အကြောင်းအရင်းကို ရှာတွေ့ရန် ရွှီချင်းကို ကူညီပေးချင်သည်။ ဤသည်မှာ ရွှီချင်းအတွက် သူလုပ်ပေးနိုင်သောအရာ ဖြစ်သည်။
အကယ်၍ အကြောင်းအရင်းကို ကြိုသိထားမည်ဆိုလျှင် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ရွှီချင်းအတွက် ပိုပြီးလွယ်ကူစေလိမ့်မည်။
အစောင့်အကြပ်သည် တုံ့ဆိုင်းသွားပြီး ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် သူက မင်းသမီးအန်းဟိုင်၏ တင်းမာနေသော အမူအရာကို ကြည့်လိုက်သည်။ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး အသံပို့လွှတ်လိုက်သည်။
အပြင်လူများ မကြားနိုင်သော ထိုစကားသည် မင်းသမီးအန်းဟိုင်၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး သူ၏ အသက်ရှူသံကို မြန်ဆန်လာစေသည်။ တစ်ချိန်တည်းမှာ သူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ ထို့နောက် သူက ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး နှုတ်ဆိတ်သွားသည်။
ရွှီချင်းသည် ထိုအရာအားလုံးကို ကြည့်ရှုနေပြီး မည်သည့်အရာက မှားယွင်းနေကြောင်း စဉ်းစားလိုက်သည်။ သူက အကြောင်းအရင်းကို ရှာမတွေ့သော်လည်း သူ၏ အမူအရာက လုံးဝမပြောင်းလဲသွားချေ။ သူက တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ပြီး အရှေ့သို့ လျှောက်သွားကာ ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်များ၏ အလယ်သို့ ရောက်ရှိသွားသည်။
ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်များသည် ရွှီချင်း၏ အရှေ့နှင့် အနောက်တွင် လူစုခွဲလိုက်ကြသည်။ သူတို့က နန်းတော်၏ ဂိတ်တံခါးဆီသို့ ရွှီချင်းကို လမ်းပြခေါ်ဆောင်သွားရန်အတွက် ပြုလုပ်နေဟန် ထင်ရသော်လည်း အမှန်မှာ ယင်းက ဖမ်းဆီးချုပ်နှောင်ခြင်းတစ်မျိုး ဖြစ်သည်။
သူတို့က ခန်းမထဲမှ ထွက်သွားတော့မည့်အချိန် မင်းသမီးအန်းဟိုင်သည် အံကြိတ်လိုက်သည်။ သူက ရွှီချင်းထံသို့ အသံပို့လွှတ်လိုက်လေရာ သူ၏ နှုတ်ခမ်းက မသိမသာ လှုပ်ရှားသွားသည်။
“ စောစောက အစောင့်အကြပ်က သူအများကြီး မသိဘူးလို့ပြောတယ်… သူသိတာက ဖန်တီးခြင်းနန်းတော်က အခု ချိပ်ပိတ်ခံထားရပြီး သူခိုးရှိတယ်လို့ သံသယဝင်ခံနေရတယ်တဲ့ ”
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး မင်းသမီးအန်းဟိုင်ဆီသို့ လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူက ခန်းမထဲမှ ထွက်လျှောက်သွားပြီး နန်းတော်ဆီသို့ ဦးတည်သွားသည်။
မိုးသည် သည်းထန်စွာ ဆက်လက် ရွာသွန်းနေပြီး မိုးခြိမ်းသံသည် ကောင်းကင်ပေါ်တွင် ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ပုံမှန်အခြေအနေဆိုလျှင် ထိုသို့ရာသီဥတုအောက်မှာ လူအနည်းစုသာလျှင် အပြင်ထွက်ရန် ရွေးချယ်ကြလိမ့်မည်။ သို့သော်လည်း ယနေ့ညတွင် ကွဲပြားခြားနားသည်။
အစောင့်အကြပ်များစွာက မိုးရေထဲမှာ ရွေ့လျားနေကြောင်း ရွှီချင်း မြင်သွားသည်။ သူတို့၏ ဦးတည်ရာများသည် ကွဲပြားခြားနားကြသည်။ သို့ဖြစ်၍ သာမန်လူများသည် မည်သို့ဖြစ်ပျက်နေကြောင်း ပြောရန် အလွန်ခက်ခဲလိမ့်မည်။ သို့သော်လည်း ရွှီချင်းဆီမှာ အတွင်းရေးမှူးဌာနတွင် လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသောကြောင့် သူက သဲလွန်စတစ်ခုနှစ်ခုကို မြင်နိုင်ပေသည်။
“ သူတို့က အချုပ်ချဖို့ ဖြန့်ကြက်နေတဲ့ပုံပဲ ”
“ သူတို့က နန်းမြို့တော်တစ်ခုကို ချိပ်ပိတ်ချင်တာများလား ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက မင်းသမီးအန်းဟိုင်၏ အသံပို့လွှတ်မှုကို ပြန်စဉ်းစားလိုက်သည်။ သူခိုးကိစ္စနှင့်ပတ်သက်ပြီး ပထမဆုံး သူစဉ်းစားမိသည်မှာ သူ၏ စီနီယာအကိုကြီး ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ချန်းအားညိုပေါ် သူ၏ နားလည်မှုအရ တစ်ဖက်လူက ဖန်တီးခြင်းနန်းတော်ထဲမှ ပစ္စည်းကို ခိုးယူရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ယင်းက ယုတ္တိမရှိသော်လည်း အကယ်၍ ခေါင်းဆောင်သာ ခိုးယူခဲ့မည်ဆိုလျှင် သူ့ကို ပြန်လိုက်နိုင်မည့် မည်သည့်သဲလွန်စကိုမှ ချန်ထားခဲ့လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရွှီချင်း၏ စိတ်ထဲမှာ ထိုအတွေးပေါ်လာသည်နှင့်ချက်ချင်း ရှင်းထုတ်ပစ်လိုက်သည်။
“ ဖန်တီးခြင်းနန်းတော်ထဲက ဘယ်လိုပစ္စည်း အခိုးခံရလို့ လူသားဧကရာဇ်က ငါ့ကို နန်းတော်ဆီ ချက်ချင်း ဆင့်ခေါ်ရတာလဲ ”
ရွှီချင်းက လေးနက်စွာ စဉ်းစားတွေးတောလိုက်သည်။ သူက အာရုဏ်ဦးနေမင်းကို တွေးမိသွားသည်။ ယင်းက တခြားလူများ၏ အမြင်မှာ သူနှင့် ဖန်တီးခြင်းနန်းတော်ကြားမှ တစ်ခုတည်းသော ဆက်နွယ်မှုဖြစ်သည်။
မည်သို့ဖြစ်ပါစေ သူ့မှာလည်း အာရုဏ်ဦးနေမင်းတစ်ခု ရှိပေသည်။
သို့သော်လည်း သူက ထိုအကြောင်းကို ရုံးတော်ညီလာခံထဲမှာ ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စက သူ၏ အာရုဏ်ဦးနေမင်းနှင့် မသက်ဆိုင်သင့်ပေ။
“ ဒါဆိုရင် ဒီကိစ္စမှာ ငါ့ဘေးနားက လူတွေ ပါဝင်ပတ်သက်နေလို့များလား ”
မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။ ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ပိုမိုများပြားသော သဲလွန်စများကို ရှာမတွေ့ခင်အထိ တိကျသော အဖြေတစ်ခုကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။
ရွှီချင်းက စိတ်ထဲမှာ တွေးတောနေစဉ် နန်းတော်ဆီသို့ ခရီးစဉ်သည် မြန်ဆန်စွာ တိုတောင်းသွားသည်။ မကြာမီ လျှပ်စီးက ကောင်းကင်ပေါ်မှာ ပြိုးပြိုးပြက်ပြက် လင်းလက်သွားသောအခါ သူတို့အုပ်စုသည် သက်တံ့လမ်းကြောင်းဆီသို့ ရောက်ရှိသွားကြသည်။ အဝေးမှ နန်းတော်သည် လျှပ်စီး၏ ဝင်းလက်မှုအောက်မှာ ရုတ်တရက် ထင်ရှားလာသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်ထပ် ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်တစ်ဖွဲ့က လူတစ်ယောက်ကို စောင့်ကြပ်ပေးနေရင်း နန်းတော်ဆီသို့ ပို့ဆောင်ပေးနေသည်ကို သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။
စောင့်ကြပ်ခံနေရသူသည် နင်ယန်ဖြစ်သည်။
အဖြေသည် ရှင်းလင်းသည်။ နင်ယန်သည် ဖန်တီးခြင်းနန်းတော်ထဲမှ ပစ္စည်းခိုးခံရသည့် အမှုကိစ္စထဲမှာ ပါဝင်ပတ်သက်နေသည်။ ထို့ပြင် အခိုးခံလိုက်ရသည့် ပစ္စည်းသည် လွန်စွာ တန်ဖိုးကြီးမားရမည်။ ထိုပစ္စည်းက အာရုဏ်ဦးနေမင်းဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။
သို့သော်လည်း ထိုကိစ္စထဲတွင် ဟာကွက်များစွာ ရှိနေသည်။
ပထမအချက်မှာ နင်ယန်က ဤအတောအတွင်း ဘိုးဘေးခန်းမဆောင်ထဲမှာ အပြင်းအထန် ကျင့်ကြံနေကြောင်း ရွှီချင်း သိထားသည်။
ဒုတိယအချက်မှာ နင်ယန်၏ ကျင့်ကြံခြင်းအရ သူက ထိုသို့ကိစ္စကြီးကို လုပ်ဆောင်ပြီးနောက် မည်သို့ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။
နောက်ဆုံးအချက်မှာ အကယ်၍ အာရုဏ်ဦးနေမင်းသာ အမှန်တကယ် အခိုးခံရသည်ဆိုလျှင် ဤကိစ္စက ပိုပြီးအဓိပ္ပာယ်မဲ့သွားလိမ့်မည်။
အာရုဏ်ဦးနေမင်းသည် လူသားမျိုးနွယ်၏ အရေးကြီးသော ရတနာတစ်ခု မဟုတ်ပါလော။ မည်သို့ကြောင့် အလွယ်တကူ အခိုးခံရမည်နည်း။ ယင်းကို သေချာပေါက် လုံခြုံရေးအထပ်ထပ် ချထားရပေမည်။ ယင်းကို ဖန်တီးခြင်းနန်းတော်ထဲမှာ သိမ်းဆည်းထားရန် မလိုအပ်ပေ။
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက နန်းတော်ဆီသို့ လျှောက်သွားသည့်အခါ သူ၏ အကြည့်က မည်းမှောင်လာသည်။ မကြာမီ သူက အဓိကခန်းမ၏ အရှေ့မှ အင်မော်တယ်လက်ခံဧရိယာဆီသို့ ရောက်ရှိသွားသည်။
ဤဧရိယာတစ်ခုလုံး၏ ဘေးပတ်ဝန်းကျင်မှာ ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်အားကောင်းပြီး ဤနေရာမှ လေထုကို တင်းကြပ်သွားစေသည်။
မိုးခြိမ်းသံက ကောင်းကင်ယံတွင် ဆက်လက် ထစ်ချုန်းနေဆဲပင်။ ကောင်းကင်ပေါ်မှ ဖိနှိပ်မှုနှင့် လူသားများထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အတူကွ ပေါင်းစပ်သွားလေရာ ယင်းက မြေပြင်ပေါ်သို့ ကျဆင်းလာနေသော မိုးရေစက်များကို တုန်ယင်သွားစေသည်။
နင်ယန်သည်လည်း တုန်ယင်နေသည်။
ဤအခိုက်အတန့်မှာ သူက ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်နှစ်ယောက်၏ ဖိနှိပ်ခံထားရပြီး မြေပြင်ပေါ်မှာ ဒူးထောက်နေရသည်။ မိုးသည် သူ၏ ကိုယ်ပေါ်သို့ ကျဆင်းလာပြီး သူ့တစ်ကိုယ်လုံးကို ရွှဲစိုသွားစေသည်။
သူက ကြောက်ရွံ့နေပြီး သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။ မည်သို့ဖြစ်ပျက်နေကြောင်း သူဘာမှမသိပေ။ သူက ဘိုးဘေးခန်းမဆောင်ထဲမှာ ကျင့်ကြံနေစဉ် နန်းတော်၏ အစောင့်အကြပ်များသည် အခန်းထဲသို့ ချိုးဖောက်ဝင်လာကြပြီး သူ့ကို ဤနေရာဆီသို့ အတင်းအကျပ် ဆွဲခေါ်လာခဲ့ကြသည်။
ဤနေရာတွင် ဒူးထောက်နေရသူသည် သူတစ်ယောက်တည်း မဟုတ်ပေ။ တခြားလူများသည်လည်း သူ့နည်းတူ ဒူးထောက်နေကြရသည်။
သူတို့အားလုံးသည် ဖန်တီးခြင်းနန်းတော်မှ ကျင့်ကြံသူများဖြစ်ကြပြီး အနည်းဆုံး ဒါဇင်ခန့်ရှိကြသည်။
သူတို့ထဲမှ တစ်ယောက်သည် နဝမမင်းသားဖြစ်သည်။ သူသည်လည်း ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်နှစ်ယောက်၏ ဖိနှိပ်ခံထားရပြီး ဒူးထောက်နေရသည်။ ဤအခိုက်အတန့်မှာ သူက ခေါင်းငုံ့ထားပြီး သူ၏ မျက်နှာပေါ်မှာ ခါးသီးသော အမူအရာရှိသည်။
ရွှီချင်းက နန်းတော်၏ ဂိတ်တံခါးကို ဖြတ်ကျော်သွားပြီး အင်မော်တယ်လက်ခံဧရိယာဆီသို့ ရောက်ရှိသွားသည့်အခိုက် ဘေးပတ်ဝန်းကျင်မှာ စောင့်ကြပ်နေကြသော အစောင့်အကြပ်အားလုံး၏ အကြည့်က သူ့ဆီသို့ တစ်ပြိုင်နက် ကျရောက်လာသည်။ အစောင့်အကြပ်များသည် ရွှီချင်းကို ဒူးထောက်နေကြသော လူများဆီသို့ ခေါ်ဆောင်သွားသည်။
ရွှီချင်းကို မြင်တွေ့သွားသောအခါ မျှော်လင့်ချက်အလင်းရောင်သည် နင်ယန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက ထိတ်လန့်သွားပြီး သူ၏ စိုးရိမ်ကြောင့်ကြမှုက ပိုပြီးပြင်းထန်လာသည်။
ရွှီချင်းက နင်ယန်ကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူက မည်သည့်စကားမှ မပြောဘဲ ဘေးမှာ ရပ်လိုက်သည်။
ရွှီချင်း၏ အနောက်မှ ရွှေရောင်သံချပ်ကာဝတ် အစောင့်အကြပ်များသည် ရွှီချင်း၏ ပခုံးကို ဖိနှိပ်ရန် ဟန်ပြင်လိုက်ကြသည်။ ထိုအခါ ရွှီချင်းသည် အနောက်သို့ ခေါင်းလှည့်လိုက်ပြီး သူတို့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အကြည့်အောက်မှာ အစောင့်အကြပ်နှစ်ယောက်သည် နှုတ်ဆိတ်သွားကြသည်။ အဆုံးမှာတော့ သူတို့က ရွှီချင်းကို အရိုအသေပေးလိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။
သို့ဖြစ်၍ ဤလူအုပ်ထဲတွင် ရွှီချင်းတစ်ယောက်တည်းသာ မတ်တတ်ရပ်နိုင်သူ ဖြစ်သည်။ မိုးသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ မကျဆင်းလာပေ။ ယင်းက သူ၏ ဦးခေါင်းထက်မှာ ပျောက်ကွယ်သွားသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး မိုးခြိမ်းသံသည် ပိုပြီးကျယ်လောင်သထက် ကျယ်လောင်လာသည်။
ရံဖန်ရံခါ ပုံရိပ်များသည် အပြင်ဘက်မှ အလောတကြီး ရောက်ရှိလာကြပြီး သူတို့၏ အရှေ့မှ နန်းတော်အဆောက်အဦးဆီသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။ နန်းတော်က ထိန်ထိန်လင်းနေလေရာ အထဲတွင် ဆွေးနွေးမှုတစ်ခု ပြုလုပ်နေကြဟန် ရသည်။
နန်းမြို့တော်၏ စည်းချအစီအရင်သည် အရပ်မျက်နှာအသီးသီးမှာ အသက်ဝင်လာသည်။ ယင်းက နန်းမြို့တော်တစ်ခုကို လွှမ်းခြုံသွားပြီး အပြည့်အဝ ချိပ်ပိတ်ပစ်လိုက်သည်။ ယခုအချိန်မှစ၍ မည်သူမှ နန်းမြို့တော်ထဲသို့ မဝင်ရောက်နိုင်ကြသလို နန်းမြို့တော်ထဲမှ မထွက်နိုင်ကြတော့ချေ။
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး တွေးတောလိုက်ကာ သူ၏ ခန့်မှန်းမှုကို အတည်ပြုလိုက်သည်။
ကောင်းကင်ပေါ်တွင် အာရုဏ်တတ်ချိန်သို့ ကျရောက်တော့မည့်အချိန် အဖိုးအိုတစ်ယောက်သည် နန်းတော်၏ အဓိကခန်းမထဲမှ ထွက်လျှောက်လာသည်။ ထိုအဖိုးအိုသည် တရားဝန်ကြီးချုပ်ဖြစ်သည်။
သူက နန်းတော်၏ အရှေ့မှာ ရပ်လိုက်ပြီး အောက်ဘက်မှ အင်မော်တယ်လက်ခံဧရိယာသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ဒူးထောက်နေကြသော လူများထံသို့ ကျရောက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူ၏ အိုမင်းသော အသံက ပဲ့တင်ထပ်လာသည်။
“ ဒီည ဖန်တီးခြင်းနန်းတော်ထဲမှာ သူခိုးဝင်သွားခဲ့တယ်… သုတေသနပြုလုပ်ဖို့နဲ့ စည်းချအစီအရင်ကို အားဖြည့်ပေးဖို့အတွက် ဖန်တီးခြင်းနန်းတော်ရဲ့ အထူးစည်းချအစီအရင်ထဲမှာ သိမ်းဆည်းထားတဲ့ အာရုဏ်ဦးနေမင်းတစ်ခုက ပျောက်ဆုံးသွားခဲ့တယ် ”
“ မင်းတို့အားလုံးက ပဏာမစစ်ဆေးမှုရဲ့ သံသယရှိသူတွေပဲ ”
“ အထူးသဖြင့် မင်းသားဆယ့်နှစ်ပဲ ”
တရားဝန်ကြီးချုပ်၏ အသံက ပဲ့တင်ထပ်လာသည်။ သူ၏ နောက်ဆုံးစကားသည် အလွန်အမင်း တင်းမာနေသည်။ သူက ထိုသို့ပြောလိုက်သည့်အခိုက် ကောင်းကင်ယံတွင် ကျယ်လောင်သော မိုးထစ်ချုန်းသံ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
နင်ယန်၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ သူက မယုံကြည်နိုင်စွာ ခေါင်းမော့လိုက်သည်။
“ မဖြစ်နိုင်တာ… ဖန်တီးခြင်းနန်းတော်ကို တစ်ခါမှ ငါမရောက်ဖူးဘူး… ”
သူက စကားပြောတော့မည့်အချိန် အေးစက်စက် နှာခေါင်းရှုံ့သံသည် နန်းမြို့တော်ထဲမှ ပျံ့လွင့်လာသည်။
ထိုအသံသည် ကောင်းကင်ပေါ်မှ မိုးထစ်ချုန်းသံထက် သာလွန်သွားပြီး အင်မော်တယ်လက်ခံဧရိယာကို တုန်ခါသွားစေသည်။ ယင်းက ဤနေရာမှ ရှိနေကြသော လူတိုင်း၏ နှလုံးကို လှုပ်ခါသွားစေသည်။ ထိုအသံသည် လူသားဧကရာဇ်၏ အသံဖြစ်သည်။
“ တရားဝန်ကြီးချုပ်… ငါ့ရဲ့ ဒီသားမိုက်ကို သက်သေအထောက်အထား ပြလိုက်စမ်းပါ ”
ဤသည်ကို တရားဝန်ကြီးချုပ်ကြားသောအခါ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကျောက်စိမ်းပြားတစ်ခုသည် လေထဲမှာ မျောလွင့်သွားပြီး ထွန်းလင်းတောက်ပသွားကာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်းက လျှို့ဝှက်သော နေရာတစ်နေရာကို ဖော်ပြနေသည်။ မြင်ကွင်းသည် အနည်းငယ် ဝေဝါးနေပြီး ပုံပျက်တွန့်လိမ်နေသည်။ ထိုထဲမှ တစ်စုံတစ်ယောက်၏ နောက်ကျောကိုသာ ရှင်းလင်းစွာ မြင်နိုင်ပေသည်။
ထိုလူ၏ နောက်ကျောသည် နင်ယန်နှင့် အတော်လေး ဆင်တူသည်။ မြင်ကွင်းက အဆုံးသတ်သွားပြီး ပုံရိပ်က ပျောက်ကွယ်သွားတော့မည့်အချိန် ထိုလူက ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်လိုက်လေရာ သူ၏ အရှေ့ဘက်ခြမ်းက ထွက်ပေါ်လာသည်။
ထိုလူသည် နင်ယန်နှင့် တစ်ပုံစံတည်း တူညီသည်။
ထို့နောက် မြင်ကွင်းသည် ပျောက်ကွယ်သွားသည်။ တရားဝန်ကြီးချုပ်သည် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး မြင်ကွင်းထဲမှ လူ၏ အရှိန်အဝါကို အပြင်သို့ ထုတ်ဖော်လိုက်သည်။
ထိုအရှိန်အဝါသည် နင်ယန်၏ အရှိန်အဝါနှင့် တစ်ထပ်တည်းပင်။
“ ဒီမြင်ကွင်းကို ကောင်းကင်ဘုရင်တစ်ပါးက ဖန်တီးခြင်းနန်းတော်ထဲမှာ အချိန်နောက်ပြန်ဆုတ်တဲ့ မန္တန်တစ်ခုကို အသုံးပြုပြီး မှတ်တမ်းယူခဲ့တာဖြစ်တယ် ”
“ အရှိန်အဝါကိုတော့ နန်းမြို့တော်ရဲ့ စည်းချအစီအရင်ကနေတဆင့် ဖန်တီးခြင်းနန်းတော်ထဲကနေ ဆွဲထုတ်ယူခဲ့တာဖြစ်တယ် ”
“ ဧကရာဇ်က ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုပြီးပြီ ”
ထိုသို့ပြောပြီးနောက် တရားဝန်ကြီးချုပ်သည် ခေါင်းငုံ့ထားလိုက်သည်။ ထို့နောက် လူသားဧကရာဇ်၏ အေးတိအေးစက် အသံသည် နန်းတော်ထဲမှ ပျံ့လွင့်ထွက်လာသည်။
“ အသုံးမကျတဲ့ သားမိုက်… မင်းဘာပြောချင်သေးလဲ ”
နင်ယန်သည် ဆွံ့အသွားပြီး ဘာမှမစဉ်းစားနိုင်တော့ပေ။ မြင်ကွင်းထဲမှ မျက်နှာနှင့် အရှိန်အဝါကြောင့် လှံထိပ်ဖျားက သူ့ဆီသို့ ညွှန်ပြနေသည်။
ဤအခိုက်အတန့်မှာ အဝေးမှ မိုးကုပ်စက်ဝိုင်းတွင် နေထွက်လာသည်။ အမှောင်တိမ်တိုက်များက ကောင်းကင်ယံမှာ ပြည့်နှက်နေပြီး မိုးက သည်းထန်စွာ ဆက်လက် ရွာသွန်းနေသော်လည်း နေလုံးသည် ၎င်း၏ နေရောင်ခြည်ကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ သို့ဖြစ်၍ ၎င်း၏ အလင်းရောင်သည် လူသားကမ္ဘာပေါ်သို့ ကျဆင်းလာပြီး အင်မော်တယ်လက်ခံဧရိယာပေါ်မှာ ပြန့်ကျဲသွားသည်။
မြူခိုးသည် အင်မော်တယ်လက်ခံဧရိယာထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းလောင်းကြီးတစ်လုံးသည် မြူခိုးထဲမှာ ထွက်ပေါ်လာပြီး အင်မော်တယ်လက်ခံဧရိယာ၏ လေထဲသို့ မြှောက်တတ်သွားသည်။
ယင်းက အင်မော်တယ်အမှန်တရားခေါင်းလောင်း ဖြစ်သည်။
အင်မော်တယ်အမှန်တရားခေါင်းလောင်းအောက်တွင် နင်ယန်သည် တစ်စုံတစ်ခုပြောရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သက်သေအထောက်အထားသည် သူ့အရှေ့တွင် တောင်ကြီးတစ်တောင်ပမာ ထင်ရှားနေသည်။ သူ့ကိုယ်သူကာကွယ်ရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် သူက ခါးသီးစွာ ရယ်မောရုံသာ တတ်စွမ်းတော့သည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး နန်းတော်ဆီသို့ ကြည့်လိုက်သည်။ အစောနက မြင်ကွင်းကို သူသည်လည်း မြင်တွေ့ခဲ့သည်။ သို့သော်လည်း ထိုမြင်ကွင်းထဲမှာ မသင်္ကာဖွယ်ရာအချက်များ ပါရှိသည်။ လူသားဧကရာဇ်က ထိုအချက်များကို မမြင်ကြောင်း သူမယုံကြည်ပေ။ ထို့ကြောင့် သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး နင်ယန်၏ ဘေးမှာ ရပ်လိုက်သည်။ သူက နင်ယန်အတွက် စကားပြောပေးရန် ပြင်လိုက်သည်။
ထိုစဉ် နင်ယန်သည် ရွှီချင်း၏ အင်္ကျီစကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူ၏ အမူအရာက အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး သူ၏ မျက်လုံးထဲမှာ လူသားဧကရာဇ်အပေါ် စိတ်ပျက်မှုနှင့် စွပ်စွဲခံရမှုအပေါ် ခံပြင်းဒေါသဖြစ်မှုတို့ ရှိနေသည်။ သူက နန်းတော်ကို စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ခမည်းတော်… မင်း ငါ့ကို မနှစ်သက်ဘူးဆိုတာ ငါသိပါတယ် ”
“ မင်းရဲ့ နှလုံးသားထဲမှာ မင်းရဲ့ ဆယ့်နှစ်ယောက်မြောက်သားတော်က ဘာမှအသုံးမကျတဲ့ကောင်ပါ ”
“ ငါ့ရဲ့ ပင်ကိုယ်ပါရမီက မကောင်းပါဘူး… ဘယ်လိုစကားပြောရမလဲဆိုတာလည်း ငါမသိပါဘူး… ငါက နှစ်သက်ခံရတဲ့လူ မဟုတ်ဘူး… ဘယ်သူမှ ငါ့နားမှာ မရှိချင်ကြဘူး… ဒါပေမဲ့ အဲ့ဒါတွေကို ငါဂရုမစိုက်ပါဘူး ”
နင်ယန်၏ အသံသည် အက်ရှနေပြီး သူ၏ စိတ်ခံစားချက်များသည် ဤအခိုက်အတန့်မှာ လွန်စွာ မတည်မငြိမ်ဖြစ်နေသည်။ သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။
သူ့အတွက်တော့ ဤကဲ့သို့ မတ်တတ်ရပ်ခြင်းသည် မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။ ဤအပြုအမူ၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် ခမည်းတော်အပေါ် သူ၏ ပင်ကိုယ်ကြောက်စိတ်နှင့် လူသားဧကရာဇ်အပေါ် သူ၏ ရိုသေကြောက်ရွံ့မှုကို ဖိနှိပ်နိုင်သွားခြင်း မည်ပေသည်။
နင်ယန်သည် သူ၏ ရိုသေကျိုးနွံမှုကို ဖျက်ဆီးပစ်လိုက်ပြီး မိုးရေထဲ၌ အနှစ်နှစ်အလလ သူမျိုသိပ်ထားခဲ့သော မကျေနပ်မှုများကို အသံကျယ်ကြီးဖြင့် ဖောက်ခွဲပစ်လိုက်သည်။
“ ခမည်းတော်… မင်းက ကောင်းကင်ပေါ်က တိမ်တိုက်လို အစွမ်းကြီးမားပြီး ကြီးကျယ်မြင့်မြတ်ပါတယ်… ငါကတော့ မြေကြီးပေါ်က ရွှံ့လို ဘာမှတန်ဖိုးမရှိပါဘူး… ဒါပေမဲ့ အဲ့ဒါက ဘာဖြစ်လဲ… ဒီနေရာက ငါ့ရဲ့ အိမ်ဆိုပေမဲ့ ငါ့ရဲ့ အိမ်မဟုတ်ဘူး… ဒီနေရာထက်စာရင် ဖုန်းဟိုင်ဒေသငယ်ကို ငါပိုပြီး သဘောကျတယ်… ကူကွဲ့ဆိုတဲ့ မျိုးရိုးနာမည်ထက်စာရင် နင်ယန်ဆိုတဲ့ နာမည်ကို ငါပိုပြီး နှစ်သက်တယ် ”
“ တကယ်လို့ ဒီတစ်ကြိမ် မင်းသာ ငါ့ကို မဆင့်ခေါ်ခဲ့ရင် သေချာပေါက် ဒီနေရာကို ငါပြန်လာမှာမဟုတ်ဘူး ”
“ ဒီနေ့ ငါစွပ်စွဲခံရတယ်… ငါ… အဲ့ဒါကို လက်ခံဖို့ ငြင်းဆန်တယ် ”
“ ငါ နင်ယန်က အဲ့လိုရာဇဝတ်မှုကို မကျူးလွန်ခဲ့ဘူး ”
“ အင်မော်တယ်အမှန်တရားခေါင်းလောင်းက ငါ့စကားကို သက်သေပြုပေးပါစေ ”
နင်ယန်သည် အသံကုန် အော်ဟစ်လိုက်ပြီး မတ်တတ်ရပ်လိုက်ကာ အင်မော်တယ်အမှန်တရားခေါင်းလောင်းကို ကျယ်လောင်စွာ ထုရိုက်လိုက်သည်။
နက်ရှိုင်းသော ခံစားမှုကို သယ်ဆောင်ထားသော ခေါင်းလောင်းမြည်သံသည် အင်မော်တယ်လက်ခံဧရိယာထဲမှာ ပဲ့တင်ထပ်သွားသည်။
၎င်းက ခေါင်းလောင်းမြည်သံနှင့်အတူ နင်ယန်၏ စကားနှင့် သူ့နှလုံးသားကို သက်သေပြုပေးလိုက်သည်။