လူသားမျိုးနွယ်၏ အိမ်ရှေ့စံအမွှေးတိုင်
Vol. 76 Ch. 1179
အာရုဏ်ဦးနေမင်း အခိုးခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးခြင်းသည် ဆယ့်နှစ်နာရီကြာမြင့်သွားပြီ ဖြစ်သည်။
ကောင်းကင်သည် မှောင်ရိပ်သန်းနေပြီး နေဝင်ဆည်းဆာ၏ နီညိုရောင်အလင်းသည် ပျောက်ကွယ်သွားသည်။ အနက်ရောင် တိမ်မည်းများသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး နေ့နှင့်ညအကူးအပြောင်းကြားမှာ ချောက်ချားဖွယ်ကောင်းသော ညတစ်ညကို ဖြစ်ပေါ်စေသည်။ ယနေ့တွင် ညအချိန်သည် စောစီးစွာ ကျရောက်လာသည်။
မိုးသည် ဆက်လက် ရွာသွန်းနေသည်။ မိုးခြိမ်းသံသည် ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ဤနေရာမှ ဖိနှိပ်သော လေထုနှင့် နန်းမြို့တော်ထဲမှာ ကင်းလှည့်နေကြသော အစောင့်အကြပ်များကြောင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် နေရာတိုင်းမှာ ထွက်ပေါ်နေသည်။
ယနေ့ညသည် လူတိုင်းအတွက် အိပ်မပျော်သော ညတစ်ညဖြစ်ဟန် ရသည်။
အထက်ရွှမ်နန်းတော်ငါးခု၏ စုံစမ်းစစ်ဆေးမှုသည် အလွန်ကျယ်ပြောသော ကွန်ရက်ကို ထွက်ပေါ်လာစေသည်။ မင်းသားများသာမက မင်းသားများနှင့် ရင်းနှီးသိကျွမ်းသော ကျင့်ကြံသူများသည်ပင် ဤဂယက်ထဲမှာ ပါဝင်ပတ်သက်နေကြောင်း ရှာတွေ့ခဲ့သည်။
ဆယ့်နှစ်နာရီအတွင်းမှာ ထိုလူများထဲမှ ထက်ဝက်ကျော်ကို ဖမ်းဆီးခဲ့ကြသည်။
တချို့သည် ကျင့်ကြံခြင်းအင်အားစုများမှ ဖြစ်ကြပြီး တချို့သည် ဂိုဏ်းတော်များမှ ဖြစ်ကြသည်။ မည်သည့်အင်အားစုမဆို လူသားဧကရာဇ်၏ ဒေါသဖြင့် ရင်ဆိုင်ရသောအခါ ခေါင်းငုံ့ရပေသည်။
အကယ်၍ သူတို့က ခုခံမည်ဆိုလျှင် သနားကြင်နာမှုကင်းမဲ့စွာ အသတ်ခံရလိမ့်မည်။
မိုးရွာသွန်းလာသည့်အခါ သွေးသည် ဆေးကြောခံလိုက်ရသည်။ သွေးနံ့သည်သာ မလွင့်ပြယ်ဘဲ နန်းမြို့တော်ထဲမှာ ဆက်လက် ရစ်ဝဲနေလေသည်။
မိုးက သည်းထန်စွာ ရွာသွန်းနေစဉ် ရွှီချင်းသည် ဓားကိုင်ဝတ်စုံကို ဝတ်ဆင်လျက် တော်ဝင်နန်းတော်ထဲမှ အကျဉ်းထောင်ဆီသို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများကဲ့သို့ပင် အတွေးများသည် သူ၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာနေသည်။
အာရုဏ်ဦးနေမင်း အခိုးခံရသည့်ကိစ္စအပေါ် ဓားကိုင်နန်းတော်၏ စုံစမ်းစစ်ဆေးခြင်းတွင် သူကိုယ်တိုင် ပါဝင်ခဲ့သည်။ သို့ဖြစ်၍ သူက သဲလွန်စများနှင့် မင်းသားများ၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကိုလည်း ရှာတွေ့ခဲ့သည်။
“ ဒါက ဒီလိုမဖြစ်သင့်ဘူး ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ မိုးကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ညအမှောင်အောက်မှာ မိုးကို ဖောက်ထွင်းသွားပြီး နန်းတော်ဆီသို့ ရောက်ရှိသွားသည်။
ကောင်းကင်အကျဉ်းထောင်သို့ ဝင်ရောက်ရန် ဂိတ်တံခါးသည် သက်တံ့လမ်းကြောင်းပေါ်မှာ မရှိပေ။ ယင်းအစား ဘေးဘက်မှ ဂိတ်တံခါးတစ်ခုဖြစ်သည်။
“ မင်းသားတွေက သာမန်လူတွေမှ မဟုတ်တာ… တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာမဟုတ်ရင် သူတို့ရဲ့ ကိစ္စတွေကို အလွယ်တကူ ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ”
“ အဲ့ဒီလူက ပရောဟိတ်ဆရာလား ”
“ ပြီးတော့ လူသားဧကရာဇ်ရဲ့ စုံစမ်းစစ်ဆေးမှုက နည်းနည်း ရုတ်တရက် ဆန်လွန်းတယ် ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် သူမြင်တွေ့ခဲ့သော ကိစ္စများတွင် အပိုင်းအစတချို့က ပျောက်ဆုံးနေကြောင်း အမြဲတမ်း သူခံစားမိခဲ့သည်။ ဤသည်မှာ ပဟေဠိထဲတွင် အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသကဲ့သို့ပင်။
“ စစ်တုရင်ကစားနေတာက လူနှစ်ယောက်တည်း မဟုတ်တာလည်း ဖြစ်နိုင်တယ်… ”
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ လျှပ်စီးသည် ညကောင်းကင်ယံတွင် ဝင်းလက်သွားသည်။ ယင်းက နန်းတော်ကို ထွန်းလင်းသွားစေပြီး ရွှီချင်း၏ မျက်နှာပေါ်မှာ နက်နဲစွာ တွေးတောသော အမူအရာ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းက မျက်လုံးမှိတ်လိုက်သည်။ သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ၏ အမူအရာသည် ပုံမှန်ပြန်ဖြစ်သွားပြီး နန်းတော်၏ ဘေးဘက်မှ ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။
ဓားကိုင်နန်းတော်၏ တံဆိပ်တော်ကြောင့် သူက စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားပြီး အထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်အကြပ်သုံးယောက်၏ လမ်းပြပေးမှုအောက်မှာ သူက နန်းတော်၏ မြေအောက်ထဲသို့ ဝင်ရောက်သွားသည်။
လမ်းတစ်လျှောက်တွင် သူက ဘေးပတ်ဝန်းကျင်မှ အေးစက်မှုနှင့် အံ့ဖွယ်ကောင်းသော အရှိန်အဝါများကို အာရုံခံမိခဲ့သည်။ ထို့ပြင် အုတ်တံတိုင်းများနှင့် အုတ်ကြွပ်ပြားများတွင် ကန့်သတ်ချက်မှော်သင်္ကေတများကို ရေးထွင်းထားကြောင်း သူမြင်တွေ့သွားသည်။ ဤအကျဉ်းထောင်သည် နန်းမြို့တော်ထဲမှာ လုံခြုံရေးအတင်းကျပ်ဆုံး အကျဉ်းထောင်ဖြစ်ရမည်ဟု ရွှီချင်းက တွေးတောလိုက်သည်။
သူ့မှာ ဓားကိုင်နန်းတော်၏ တံဆိပ်တော်ရှိသော်လည်း အကျဉ်းထောင်၏ စစ်ဆေးမှုအထပ်ထပ်ကို ကျော်ဖြတ်ရဆဲပင်။ ရွှီချင်းထံမှာ မည့်သည့်အမှားအယွင်းမှမရှိကြောင်း သူတို့အတည်ပြုပြီးသွားမှသာ သူ့ကို နင်းယန်အား အကျဉ်းချထားသော အချုပ်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။
နန်းတော်ထဲမှ ကောင်းကင်အကျဉ်းထောင်ထဲတွင် စုစုပေါင်း အထပ်ကိုးထပ်ရှိသည်။ အထပ်က ပိုပြီး နိမ့်ကျသွားလေ ထိုတော်ဝင်မိသားစုဝင်၏ အဆင့်အတန်းက ပိုပြီးမြင့်မားလေဖြစ်ပြီး ပိုပြီးလျှို့ဝှက်ဆန်းကြယ်လေ ဖြစ်သည်။
အထူးသဖြင့် ဆဌမအထပ်ပြီးနောက် နောက်အထပ်များတွင် အပြင်လူများ ဝင်ရောက်ခြင်းကို တားမြစ်ပိတ်ပင်ထားသည်။
နင်ယန်သည် တတိယအထပ်မှာ အကျဉ်းချခံထားရသည်။
အချုပ်ခန်းတစ်ခုလုံးကို ကန့်သတ်စည်းများဖြင့် လွှမ်းခြုံထားသည်။ နင်ယန်ကိုယ်တိုင်လည်း ချိပ်တံဆိပ်စည်းများဖြင့် ဖုံးလွှမ်းခံထားရသည်။ ထို့ကြောင့် ယခု သူက သေမျိုးတစ်ယောက်နှင့် မခြားပေ။ အကယ်၍ သူ့မှာ အတောင်ပံရှိမည်ဆိုလျှင်ပင် ဤအချုပ်ခန်းမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။ သူက မြေပြင်ပေါ်မှာ လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်နေသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာ ရှိသည်။
သူက ရွှီချင်း၏ ရောက်ရှိလာမှုကို အာရုံခံမိသွားသောအခါ ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး အချုပ်ခန်းအပြင်ဘက်မှ ရွှီချင်းကို ကြည့်လိုက်သည်။
“ ဆရာ… ”
နင်ယန်ကို ကြည့်နေရင်း ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
“ ဒီအချုပ်ခန်းက မဆိုးဘူး… အဲ့ဒါက ငါထင်ထားသလောက် မညစ်ပတ်သလို မရှုပ်ပွဘူးပဲ ”
နင်ယန်က ခါးသီးစွာ ပြုံးလိုက်သည်။
“ ဒါ့အပြင် ဒီနေရာက အရမ်းတိတ်ဆိတ်တယ်… ဒီနေရာမှာ မင်းရဲ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်လိမ့်မယ် ”
နင်ယန်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။
“ စိတ်တည်ငြိမ်သွားပြီဆိုရင် ဒီအတောအတွင်း မင်းလစ်ဟင်းသွားခဲ့တဲ့ ကိစ္စတချို့ကို ပြန်စဉ်းစားကြည့်ပါ ”
ရွှီချင်းသည် မည်သည့်စကားမှ ထပ်မပြောဘဲ နင်ယန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ နင်ယန်သည် မသိစိတ်မှ အနည်းငယ် စိုးရိမ်လာသည်။ သူက ရွှီချင်း၏ အကြည့်ဖြင့် တွေ့ဆုံသွားသည့်အခါ အနည်းငယ် ရှောင်ဖယ်သွားသည်။
ဆယ့်ငါးမိနစ်ဟူသော အချိန်သည် ထိုအတိုင်း ကုန်ဆုံးသွားသည်။
နင်ယန်သည် ခေါင်းငုံ့လိုက်သည်။ ရွှီချင်းသည်တော့ မျက်လုံးမှိတ်သွားသည်။
အချုပ်ခန်း၏ အတွင်းနှင့်အပြင်သည် တိတ်ဆိတ်သွားသည်။
နောက်ထပ်ဆယ့်ငါးမိနစ် ကုန်ဆုံးသွားပြီးနောက် ရွှီချင်းက မတ်တတ်ရပ်လိုက်သည်။
“ မင်းမှာ ဘာမှပြောစရာမရှိဘူးဆိုရင် ငါထွက်သွားတော့မယ် ”
ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။ သူ၏ အနောက်မှ အချုပ်ခန်းထဲတွင် နင်ယန်သည် ရွှီချင်း၏ နောက်ကျောကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးသားထဲမှ တုံ့ဆိုင်းမှုနှင့် ဝိရောဓိဖြစ်မှုသည် အတူတကွ ရောထွေးသွားသည်။ ရွှီချင်းက ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် နင်ယန်သည် အံတင်းတင်းကြိတ်လိုက်သည်။
“ ဆရာ ”
ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။
“ တစ်ယောက်ယောက်က ငါ့အသွင်ဟန်ဆောင်တာက ဖြစ်နိုင်ခြေရှိပေမဲ့ ငါ့အကိုတော် မင်းသားဆယ့်တစ် လုပ်ဆောင်ခဲ့တာက ပိုပြီးဖြစ်နိုင်ခြေ ရှိတယ် ”
ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး နင်ယန်ကို ကြည့်လိုက်သည်။
“ မင်းသားဆယ့်တစ်ရဲ့ အုတ်ဂူကို စစ်ဆေးကြည့်ပြီးသွားပြီ… သူက သေဆုံးသွားပြီ ”
နင်ယန်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။ သူက အချုပ်ခန်း၏ မြေပြင်ကို ထိလိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူ၏ အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။
“ ဆရာ… ငါ့အကိုတော်နဲ့ ငါက အမွှာညီအကိုတွေပါ… ငါတို့ငယ်ငယ်တုန်းက တူတူပုန်းတမ်းကစားနည်းကို မကြာခဏ ကစားခဲ့ကြတယ် ”
ရွှီချင်းက အာရုံစိုက်၍ နားထောင်လိုက်သည်။
“ ဒါပေမဲ့ အမြဲတမ်း ငါပုန်းတဲ့အခါတိုင်း သူက ငါ့ကို ရှာတွေ့ခဲ့တယ်… ဘယ်နေရာမှာ ငါပုန်းပါစေ သူက ငါ့ကို အမြဲရှာတွေ့ခဲ့တယ် ”
“ ဘာဖြစ်လို့ သူအဲ့လိုလုပ်နိုင်တာလဲဆိုတာ ငါမသိဘူး… အဲ့ဒီအချိန်တုန်းက သူ့ကို အဲ့ဒီအကြောင်း ငါမေးခဲ့တယ်… သူက ငါအရွယ်ရောက်လာတဲ့အခါ အဖြေကို သိလိမ့်မယ်လို့ ပြောတယ်… ဒါပေမဲ့ သူက ငါ့ထက် ဆယ့်ငါးမိနစ်စောပြီးပဲ မွေးဖွားခဲ့တယ်ဆိုတာ ထင်ရှားပါတယ် ”
“ ဒီနေ့ အကျဉ်းထောင်ထဲကို ငါရောက်မလာခင်အထိ အဲ့ဒါကို နားမလည်ခဲ့ဘူး… ”
နင်ယန်သည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ အဖြေကို ငါရှာတွေ့သွားပြီ… အတိတ်တုန်းက ဘယ်နေရာမှာပဲ ငါပုန်းပါစေ သူရှာနိုင်တာက ငါတို့နှစ်ယောက်ကြားက ထူးခြားတဲ့ ဆက်သွယ်မှုတစ်ခုကြောင့်ပဲ ”
နင်ယန်သည် မြေပြင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။
“ ငါ့အကိုတော်ရဲ့ အရှိန်အဝါက ဒီအောက်ထဲမှာ ရှိတယ် ”
ထိုစကား ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ နှလုံးသည် လှုပ်ခတ်သွားသည်။
“ အဲ့ဒီအရှိန်အဝါက ပုံမှန်မဟုတ်ဘူး… အဲ့ဒါကို ဘယ်လိုဖော်ပြရမလဲဆိုတာ ငါမသိဘူး… အဲ့ဒါက ခံစားလို့ပဲ ရတယ်… အဲ့ဒါက ရင်းနှီးတယ်လို့ ခံစားရပေမဲ့ တစ်ချိန်တည်းမှာ မရင်းနှီးဘူးလို့ ခံစားရတယ်… အဲ့ဒါက ထူးဆန်းတယ် ”
“ သူ့ကို ခေါ်ဖို့ ငါကြိုးစားကြည့်ခဲ့တယ်… ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိဘူး ”
နင်ယန်သည် ခါးသီးမှုနှင့် စိတ်ခံစားချက်ပေါင်းစုံကို တစ်ချိန်တည်းမှာ ခံစားမိသွားသည်။ ယနေ့သည် သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။
အထူးသဖြင့် သူ့အကိုတော်၏ အရှိန်အဝါကို အကျဉ်းထောင်ထဲမှာ သူအာရုံခံမိသွားပြီးနောက် ဖြစ်သည်။ ယင်းက သူ၏ အတွေးများကို ကပြောင်းကပြန် ဖြစ်စေခဲ့သည်။ သူ၏ မယ်တော်နှင့် အကိုတော်က အတူတကွ သေဆုံးသွားခဲ့ကြောင်း ရှင်းလင်းစွာ သူမှတ်မိနေဆဲပင်။
သို့သော်လည်း ယခု ဤကောင်းကင်အကျဉ်းထောင်ထဲမှာ သူ့အကိုတော်၏ အရှိန်အဝါကို အမှန်တကယ် သူအာရုံခံမိခဲ့သည်။
ထိုသို့ဖြစ်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို သူမသိသော်လည်း သူက ယခင်ကဲ့သို့ ကလေးမဟုတ်တော့ပေ။ ထို့ကြောင့် ဤကိစ္စမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ပါဝင်နေရမည်ဖြစ်ကြောင်း သူနားလည်ထားသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အချုပ်ခန်း၏ မြေပြင်ကို ကြည့်လိုက်သည်။
ဤနေရာသည် တတိယအထပ်ဖြစ်ပြီး သူ့အောက်မှာ နောက်ထပ် အထပ်ခြောက်ထပ် ရှိသေးသည်။
ယင်းက တော်ဝင်နန်းတော်၏ ကောင်းကင်အကျဉ်းထောင်ဖြစ်သည်။ ဤနေရာမှ ရာဇဝတ်သားများကို လူသားဧကရာဇ်၏ အမိန့်တော်ဖြင့်သာ ချုပ်နှောင်ထားကြခြင်း ဖြစ်သည်။
‘ သေသွားတဲ့လူက အသက်ရှင်နေသေးတယ်လို့ သံသယရှိတယ်… ဒါပေမဲ့ ဧကရာဇ်ရဲ့ အမိန့်တော်နဲ့သာ ချုပ်နှောင်နိုင်တဲ့ ကောင်းကင်အကျဉ်းထောင်ထဲမှာ သူ့ရဲ့ အရှိန်အဝါက ထွက်ပေါ်လာတယ်… ဒါ့အပြင် သူက အာရုဏ်ဦးနေမင်းကို ခိုးယူသွားခဲ့တယ်လို့ သံသယဝင်ခံနေရတယ်… ’
‘ သူ့ရဲ့ ရည်ရွယ်ချက်ကို မသိရဘူး ’
‘ သူ့ရဲ့ သေခြင်း ရှင်ခြင်းကလည်း မသေချာတဲ့ ကိစ္စပဲ ’
ရွှီချင်းသည် သူ၏ နဖူးကို ပွတ်သပ်လိုက်သည်။ သူက နင်ယန်၏ မယ်တော်၏ ပုံတူပန်းချီကားကို ရုတ်တရက် စဉ်းစားမိသွားသည်။ ကြည့်ရသည်မှာ ဤကိစ္စအားလုံးသည် အတိတ်တွင် နင်ယန်၏ မယ်တော်သေဆုံးမှုကိစ္စနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေဟန် ရ၏။
လူသားဧကရာဇ်သည်တော့ သူ့မှာ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိရမည်။
ပရောဟိတ်ဆရာသည်လည်း ထိုအတိုင်းပင်။
အချိန်အတန်ကြာပြီးနောက် ရွှီချင်းသည် ကောင်းကင်အကျဉ်းထောင်ထဲမှ ထွက်သွားပြီး ဓားကိုင်နန်းတော်ဆီသို့ ပြန်သွားသည်။
သူက ထိုအကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ပေ။
သို့ဖြစ်၍ နင်ယန်ကို စုံစမ်းစစ်ဆေးခြင်းတွင် မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။ တစ်နည်းအားဖြင့် ဤကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူတို့၏ စုံစမ်းစစ်ဆေးမှုသည် လက်ရှိ ရလဒ်ဖြင့်သာ အဆုံးသတ်သွားသည်။ ညဉ့်နက်အချိန်သို့ ရောက်ရှိသွားပြီး ဆယ့်ခြောက်နာရီကုန်ဆုံးသွားသည့်အခါ ဓားကိုင်နန်းတော်သည် သူတို့၏ စုံစမ်းစစ်ဆေးထားသော အချက်အလက်အားလုံးကို တင်ပြလိုက်သည်။
တခြားနန်းတော်လေးခုသည်လည်း သူတို့၏ သက်ဆိုင်ရာရလဒ်များကို တင်ပြလိုက်ကြသည်။
ဦးတည်ရာကွဲပြားသော ရလဒ်များသည် လူသားဧကရာဇ်၏ ရှေ့တော်မှောက်သို့ ရောက်ရှိသွားကြသည်။ ကောင်းကင်ယံတွင် မိုးခြိမ်းသံက ထစ်ချုန်းသွားနေစဉ် လူသားဧကရာဇ်က ထိုတင်ပြမှုများကို လှန်လှောစစ်ဆေးကြည့်လိုက်သည်။ ဤသည်မှာ သူ၏ ဒေါသက ပေါက်ကွဲထွက်လာတော့မည့်ဟန် ရ၏။
သို့သော်လည်း အဆုံးမှာတော့ သူ၏ ဒေါသက ပေါက်ကွဲထွက်မလာခဲ့ပေ။ ယင်းအစား သူက မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာ စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် လူသားဧကရာဇ်သည် အနည်းငယ် အရွယ်အိုမင်းသွားပုံပေါ်သည်။
သို့သော်လည်း သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ဖော်မပြနိုင်သော လွှမ်းမိုးဖိနှိပ်မှုသည် လူသားဧကရာဇ်ဆီမှာ ပြန်လည်ထွက်ပေါ်လာသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူက ထိတ်လန့်ဖွယ်ကောင်းသော အင်ပါယာအမိန့်တော်တစ်ခုကို လူသားမျိုးနွယ်ဆီသို့ ကြေညာလိုက်သည်။
နန်းတော်အပြင်ဘက်တွင် အိမ်ရှေ့စံမင်းသားရာထူးအတွက် အမွှေးတိုင်ဆယ့်နှစ်ခုကို စိုက်ထူခဲ့ကြသည်။ အမွှေးတိုင်တစ်ခုစီသည် ပေပေါင်း(၉၉၀)ရှည်လျားပြီး တစ်တိုင်နှင့်တစ်တိုင်သည် ပေ(၉၀) ကွာဝေးကြသည်။ ၎င်းတို့အားလုံးသည် အနီရောင်ဖြစ်သည်။
တိုင်းတစ်ပါးခြားဖြင့် လက်ဆက်သွားခဲ့သော မင်းသမီးအန်းယန်နှင့် မင်းသမီးအန်းပေမှလွဲ၍ ကျန်တော်ဝင်မင်းသား ဆယ့်တစ်ပါးနှင့် မင်းသမီးတစ်ပါးသည် သူတို့၏ ဝိညာဉ်သွေးကို အမွှေးတိုင်တစ်ခုစီ၏ အတွင်းသို့ ပေါင်းစပ်လိုက်ကြပြီး တံဆိပ်ရိုက်နှိပ်လိုက်ကြသည်။
“ မင်းတို့က ထီးနန်းအတွက် အဲ့လောက်တိုက်ခိုက်ချင်နေမှတော့ လျှို့ဝှက်ပြီး အမှောင်ထဲကနေ ပြဿနာရှာနေမယ့်အစား ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ကြစမ်းပါ ”
“ ဒီနေ့ကစပြီး အမွှေးတိုင်ဆယ့်နှစ်ခုစလုံးကို တစ်ပြိုင်နက် ထွန်းညှိစေမယ်… တော်ဝင်သားတော်တွေနဲ့ တော်ဝင်သမီးတော်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး အကျိုးဆောင်နိုင်တဲ့လူတွေရဲ့ အမွှေးတိုင်က ပိုပြီးနှေးကွေးစွာ လောင်ကျွမ်းလိမ့်မယ်… တခြားလူတွေရဲ့ အမွှေးတိုင်ကတော့ ပိုပြီးမြန်ဆန်စွာ လောင်ကျွမ်းလိမ့်မယ်… တစ်နှစ်ကြာပြီးတဲ့နောက် အမွှေးတိုင် အနှေးဆုံး လောင်ကျွမ်းတဲ့လူက… အိမ်ရှေ့စံမင်းသား ဖြစ်လာမယ် ”
ထိုအမိန့်တော်ကို ထုတ်ပြန်လိုက်သည့်အခါ နန်းမြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ နန်းမြို့တော်ထဲမှ အင်အားစုအားလုံးသည် လူသားဧကရာဇ်၏ အိမ်ရှေ့စံမင်းသားရွေးချယ်ပုံနှင့်ပတ်သက်ပြီး အံ့ဩသွားကြသည်။ ဧကရာဇ်၏ နည်းလမ်းသည် အမှောင်ထဲမှ လျှို့ဝှက်ကြံစည်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်မှသာလျှင် အိမ်ရှေ့စံမင်းသားရာထူးကို ရရှိနိုင်လိမ့်မည်။
ယခု အရာအားလုံးက စင်မြင့်ပေါ်သို့ ဆွဲတင်ခံလိုက်ရပြီး အိမ်ရှေ့စံမင်းသားဖြစ်လိုသော မည်သူမဆို သူတို့၏ အမွှေးတိုင်ကို အနှေးဆုံး လောင်ကျွမ်းရန် ကြိုးစားကြရလိမ့်မည်။ သို့မှသာလျှင် သူတို့က ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မည်။
အမွှေးတိုင်က အမြဲတမ်း လောင်ကျွမ်းနေမည်ဖြစ်သောကြောင့် သူတို့က မည်သည့်အကျိုးဆောင်မှုမှ မပြုလုပ်လျှင် အိမ်ရှေ့စံမင်းသားရာထူးကို အိမ်မက်မက်နိုင်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို အာရုဏ်ဦးနေမင်း အခိုးခံရမှုကိစ္စအပေါ် အာရုံစိုက်နေကြသော တော်ဝင်မိသားစုဝင်များသည် မျက်လုံးဝင်းလက်သွားကြသည်။
လူသားဧကရာဇ်၏ အမိန့်တော်ထုတ်ပြန်မှုနှင့်အတူ အာရုဏ်နေမင်း အခိုးခံရမှုကိစ္စသည် မဖြေရှင်းနိုင်သော အမှုကိစ္စဖြစ်လာသည်။ မည်သူမှ ထိုအကြောင်းကို နောက်ထပ် မပြောကြတော့ပေ။
နင်ယန်နှင့် နဝမမင်းသားသည်လည်း ကောင်းကင်အကျဉ်းထောင်ထဲမှ ပြန်လွတ်မြောက်လာကြသည်။ နန်းတော်၏ ဂိတ်တံခါးသည် ပိတ်သွားပြီး ရုံးတော်ညီလာခံကို ခုနစ်ရက်ကြာအောင် ရပ်နားခဲ့သည်။
နင်ယန်သည် စံအိမ်သို့ ပြန်ရောက်လာပြီးနောက် သူ၏ အမူအကျင့်က ပြောင်းလဲသွားသည်။ သူက သူ့ကိုယ်သူ ဘိုးဘေးခန်းမဆောင်ထဲမှာ အကျယ်ချုပ်ချလိုက်သည်။
နင်ယန်က ယခုအချိန်မှာ တစ်ယောက်တည်းရှိနေရန် လိုအပ်ကြောင်း ရွှီချင်း နားလည်သည်။ ထို့နောက် သူက ဘိုးဘေးခန်းမဆောင်ကို ကြည့်နေလျက် ယနေ့ ဖြစ်ပျက်သွားခဲ့သော ကိစ္စအားလုံးကို ပြန်စဉ်းစားလိုက်သည်။ ထို့နောက် သူက အဖြေရသွားသည်။
“ ဒီတစ်ကြိမ် အကွက်ရွှေ့လိုက်တဲ့သူက တစ်လှည့်နိုင်သွားပြီ ”
နန်းတော်၏ ဂိတ်တံခါးက ပိတ်သွားပြီး နန်းမြို့တော်ထဲမှ ချိပ်ပိတ်မှုကို ပြန်လည်ဖြေလျှော့လိုက်သည့်အခါ လူတိုင်းက အိမ်ရှေ့စံမင်းသားရွေးချယ်မှုကို သိရှိသွားကြပြီး ထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းမှာ နန်းတော်၏ ကောင်းကင်မျှော်ကြည့်နန်းဆောင်ထဲတွင် ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာသည်။
လူသားဧကရာဇ်သည် ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေပြီး လက်နောက်ပစ်ထားသည်။ သူ၏ အကြည့်က အဝေးမှ ရှေးဘုရင်ဂြိုလ်ပေါ်သို့ ကျရောက်နေသည်။
သူ၏ အနောက်မှ ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး ပရောဟိတ်ဆရာ၏ ပုံရိပ်က လေထဲမှာ ထွက်ပေါ်လာသည်။ သူက လူသားဧကရာဇ်ထံသို့ လက်သီးဆုပ်လိုက်ပြီး ပြုံးလိုက်သည်။
“ ဂုဏ်ပြုပါတယ် အရှင်မင်းကြီး… နောက်ဆုံးမှာတော့ အရှင်မင်းကြီးက နောက်ဆုံးကြိုးကို ချိုးဖြတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့ပါပြီ ”
လူသားဧကရာဇ်၏ အကြည့်သည် လေးနက်သည်။ သူက အနောက်သို့ မလှည့်ဘဲ တည်ငြိမ်စွာ ပြောသည်။
“ မင်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားဖြစ်ရင်တောင် အပြည့်အဝ နာလန်မထူနိုင်သေးဘူး… ပြီးတော့ မင်းက အခု ငါတို့လူသားမျိုးနွယ်ရဲ့ ပိုင်နက်အတွင်းမှာ ရှိနေတယ်… မင်းကို သတ်ပစ်ဖို့ ငါ့အတွက် ခက်ခဲမယ်လို့ ထင်လား ”
ပရောဟိတ်ဆရာ၏ အမူအရာက သိမ်မွေ့နူးညံ့နေဆဲပင်။ သူက နူးညံ့စွာ ပြောသည်။
“ ငါက အရှင်မင်းကြီးရဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးဖို့အတွက် ကူညီပေးနေရုံပါ… ငါက ဒီကိစ္စကို တွန်းအားပေးရုံပဲဆိုတာ အရှင်မင်းကြီး သိပြီးသားပါ… နောက်ကွယ်မှာ တခြားတစ်ယောက်ရှိပါတယ် ”
“ အဲ့ဒီလူက ဘယ်သူလဲဆိုတာ အရှင်မင်းကြီးလည်း သိပါတယ် ”
လူသားဧကရာဇ်သည် အမူအရာကင်းမဲ့စွာ ရှိနေသည်။
“ အရှင်မင်းကြီး… ဒီကိစ္စကို အာရုံစိုက်နေကြတဲ့ နတ်ဘုရားတချို့ ရှိပါတယ်… ဒါကြောင့် အရှင်မင်းကြီးက စိတ်ဆုံးဖြတ်ပြီးပြီဆိုရင် မြန်မြန်ဆောင်ရွက်သင့်ပါတယ်… ဘာပဲပြောပြော ဒီအပေးအယူက… မခန့်မှန်းနိုင်တဲ့အရာပါ ”
ပရောဟိတ်ဆရာသည် ပြုံးလိုက်သည်။ စကားဆုံးအောင်ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး လေနှင့်အတူ ထွက်ခွာသွားသည်။
ကောင်းကင်မျှော်ကြည့်နန်းဆောင်သည် လုံးဝတိတ်ဆိတ်သွားသည်။ လေပြင်းတိုက်ခတ်သံကိုသာ ကြားရနိုင်တော့သည်။
လေတဟူးဟူး တိုက်ခတ်နေသည့်ကြားတွင် လူသားဧကရာဇ်၏ အကြည့်သည် ကောင်းကင်ကို ဖောက်ထွင်းသွားပြီး ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲမှာရှိသော ကုန်းမြေပေါ်သို့ ကျရောက်သွားလေသည်။