နှစ်တစ်ထောင်ကြာအောင် ငါတို့စောင့်ဆိုင်းနေတဲ့လူ
Vol. 76 Ch. 1180
မိုးသည် နန်းမြို့တော်ထဲတွင် သုံးရက်ကြာအောင် ရွာသွန်းခဲ့သည်။
လေးရက်မြောက်နေ့တွင် စတင်နှင်းကျလာသည်။
ထိုသို့ဖြင့် ဆောင်းဦးရာသီ ရောက်ရှိလာသည်။ နှင်းကျလာပြီးနောက် အေးစက်မှုသည် အရပ်မျက်နှာအဘက်ဘက်သို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ နန်းမြို့တော်တစ်ခုလုံးသည် ငွေရောင် ရေခဲပန်းပွင့်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
နှင်းပွင့်ချပ်များကို ကြည့်လျက် အေးစက်စက် လေပြေကို ခံစားနေရင်း ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်၊ နန်းဟွမ်ကုန်းမြေနှင့် ငယ်စဉ်တုန်းက အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်သည်။
သူ၏ ကျင့်ကြံခြင်းကြောင့် သူက အအေးဒဏ်နှင့် အပူဒဏ်ကို အများကြီး မခံစားမိပေ။ ယခု သူက သာမန်လူများထက် သာလွန်သော ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အနည်းငယ် ချမ်းအေးသည်ဟု သူခံစားမိနေဆဲပင်။
ထိုချမ်းအေးမှုသည် မှတ်ဉာဏ်ထဲမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သူ၏ ဝိညာဉ်ထဲမှာ စွဲမြဲနေသော သူ၏ ငယ်ဘဝအကြောင်းများသည် သူ့နောက်သို့ တစ်ဘဝလုံး လိုက်ပါနေသည်။
ဤအခိုက်အတန့်မှာ အင်ပါယာအကယ်ဒမီဆီသို့ သွားသည့်လမ်းတွင် ရွှီချင်းသည် သူ၏ ကော်လံကို တင်းကျပ်အောင် ပြုလုပ်လိုက်သည်။ လေနှင့် နှင်းကြားထဲမှာ သူက အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးဆီသို့ ခြေချလိုက်သည်။
အာရုဏ်ဦးနေမင်း အခိုးခံရမှုကိစ္စကို မည်သူမှ မပြောကြတော့ချေ။ ပျောက်ဆုံးသွားခဲ့သော အာရုဏ်ဦးနေမင်းကိုလည်း ရှာမတွေ့ပေ။ ဤကိစ္စသည် နန်းမြို့တော်ထဲမှ အင်အားစုအသီးသီး၏ နှလုံးသားထဲမှာ ဆက်လက် ကျန်ရှိနေဆဲပင်။ သို့သော်လည်း ယင်းကို မည်သူမှ ဂရုမစိုက်ကြချေ။
အကြောင်းအရင်းကို ရွှီချင်းက သုံးသပ်ခဲ့သည်။
“ လူသားဧကရာဇ်က ဒီမှာ ရှိနေလို့ပဲ ”
လူသားမျိုးနွယ်အတွက်တော့ လူသားဧကရာဇ်သည် မိုးပြိုလာလျှင်ပင် ထမ်းပိုးထားနိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ထို့ကြောင့် လူတိုင်းသည် အာရုဏ်ဦးနေမင်း ပျောက်ဆုံးမှုအပေါ် ဂရုမစိုက်ကြချေ။
လူသားဧကရာဇ်နှင့်ပတ်သက်ပြီး ရွှီချင်း၏ စိတ်ခံစားချက်များသည် ရောထွေးနေသည်။ အတိတ်တွင် နန်းမြို့တော်သို့ သူရောက်မလာခင် လူသားဧကရာဇ်သည် ရာထူးတစ်ခုထက် မပိုပေ။ ယင်းက သူ့အတွက်တော့ မရင်းနှီးသော စာရွက်ဗြောင်ဖြစ်သည်။
သူက နန်းမြို့တော်သို့ ရောက်ရှိလာပြီး လူသားဧကရာဇ်၏ လုပ်ဆောင်မှုများကို မြင်တွေ့လိုက်ရသောအခါ ထိုစာရွက်ပေါ်တွင် အရောင်ရှိလာသည်။ သို့သော်လည်း အရောင်က အလွန်များပြားသောကြောင့် သူ့အား စိတ်ရှုပ်ထွေးစေသည်။
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
သူ့မှာ နားမလည်နိုင်သော အရာများကို နှလုံးသားထဲမှာ မြှုပ်နှံထားပြီး တစ်ခုချင်းစီ မှတ်သားလေ့ရှိသော အကျင့်တစ်ခု ရှိသည်။ အချိန်ကာလ၏ ဖြတ်သန်းမှုနှင့်အတူ ထွက်ပေါ်လာမည့် အမှားများနှင့် သဲလွန်စများကို သူက စောင့်ဆိုင်းပြီး ယင်းတို့ကို ပြန်လည်သုံးသပ်လိမ့်မည်။
ထိုနည်းဖြင့် သူ့မှာ သဲလွန်စအလုံအလောက် ရှိလာသည့်အခါ အဖြေအားလုံးက သူ့စိတ်ထဲမှာ ထွက်ပေါ်လာလိမ့်မည်။
ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက ကျင့်ကြံရန် ဖြစ်သည်။
“ မူကွဲအင်မော်တယ်ကျောင်းတော်ကို တစ်ခေါက်သွားကြည့်ရအောင် ”
သူက အင်ပါယာအကယ်ဒမီ၏ ဂိတ်တံခါးကို ဖြတ်ကျော်သွားသည့်အခိုက် အေးစက်မှုသည် သီးခြားဖယ်ထုတ်ခံလိုက်ရသည်။ လေနှင့် နှင်းသည်လည်း ထိုအတိုင်းပင်။ အပြင်ဘက်တွင် ရာသီဥတုက ပြောင်းလဲသွားသော်လည်း သီးခြားလေဟာနယ်ထဲမှာ တည်ရှိသော အင်ပါယာအကယ်ဒမီသည်တော့ ယခင်ကနှင့် ဘာမှမခြားနားသွားပေ။
အင်ပါယာအကယ်ဒမီထဲတွင် လူအုပ်ကြီးရှိနေပြီး သွားလာလှုပ်ရှားနေသူများဖြင့် စည်ကားနေသည်။
ဤနေရာကို တစ်လကြာရောက်ခဲ့ဖူးသော ရွှီချင်းသည်တော့ ထိုသို့ပတ်ဝန်းကျင်မျိုးကို နေသားကျနေပြီ ဖြစ်သည်။ သူက လူအုပ်ကြားထဲသို့ လျှောက်သွားသည့်အခါ ပင်လယ်ထဲသို့ ကျဆင်းသွားသော ရေတစ်စက်နှယ် ပျောက်ကွယ်သွားသည်။ သူက မူကွဲအင်မော်တယ်ကျောင်းတော်တည်ရှိသော အရှေ့ဘက်ပိုင်းသို့ လျှောက်သွားသည်။
“ မင်းသမီးအန်းဟိုင်ရဲ့ ပွဲအခမ်းအနားမှာတုန်းက လီထူဂိုဏ်းက မူနန်းပြခဲ့တဲ့ မှတ်တမ်းထဲမှာတော့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ နည်းလမ်းအရ ချန်းတောက်ဇီရဲ့ အသွင်ပြောင်းလဲသွားတဲ့ပုံစံက ငါ့ရဲ့ နတ်ဘုရားအသွင်သဏ္ဍာန်နဲ့ အရမ်းဆင်တူတယ် ”
“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဝိညာဉ်ရက်လုပ်ခြင်းအတတ်က ငါ့ရဲ့ နတ်ဘုရားအသွင်သဏ္ဍာန်နဲ့ ဆင်တူနေတာများလား ”
ထိုအချက်ကြောင့် ရွှီချင်းက စိတ်လှုပ်ရှားသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် တိုက်ဆိုင်မှုများစွာ၏ စုပေါင်းမှုမှ ဖြစ်ပေါ်လာသော ရလဒ်တစ်ခုဖြစ်သည်။ သူက မည်သူ့ထံမှာမှ ယင်းကို မမြင်ခဲ့ဖူးပေ။ အဖိုးကိုးသည်ပင် ယင်းကို မရင်းနှီးပေ။
ထို့ကြောင့် ရွှီချင်းသည် နတ်ဘုရားအသွင်သဏ္ဍာန်အား ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး စူးစမ်းလေ့လာချင်သည်။
အကယ်၍ သူက ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ထုတ်ဖော်ရန် နီလာနတ်သမီး၏ အသွေးအသားကို အကြိမ်တိုင်း အသုံးပြုနေရမည်ဆိုလျှင် ထိုသို့ကုန်ဆုံးမှုကို ရွှီချင်းက တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် ယင်းက ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်သာ ရှိသေး၏။
“ ပထမနတ်ဘုရားအသွင်သဏ္ဍာန်မှာ ငါက ပြီးပြည်စုံတဲ့ ဝိညာဉ်သိုက်အဆင့်စွမ်းအား ဒါမှမဟုတ် ဗလာနတ္ထိပထမအဆင့်ရဲ့ စွမ်းအားကိုတောင် ထုတ်လွှတ်နိုင်တယ်… ဒီလို အစွမ်းတိုးမြှင့်မှုက အရမ်းကြီးမားတယ် ”
“ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်မှာဆိုရင် အဲ့ဒါက ဗလာနတ္ထိဒုတိယအဆင့်နဲ့ အရမ်းနီးကပ်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်… အဲ့ဒီမှာ ကွာခြားမှုတစ်ခုရှိပေမဲ့ အခြေခံအားဖြင့်ဆိုရင်တော့ အတူတူလောက်ပဲ ”
“ တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကတော့… ”
ရွှီချင်းသည် အဖိုးကိုး၏ အရှေ့မှာ သူထုတ်ဖော်ခဲ့သော တတိယနတ်ဘုရားအသွင်သဏ္ဍာန်နှင့် အတိတ်မှာ သူတွေ့ဆုံခဲ့ဖူးသော ပညာရှင်ကျင့်ကြံသူများကို စဉ်းစားလိုက်သည်။ သူ၏ စိတ်ထဲမှာ အကြမ်းဖျဉ်း ခန့်မှန်းထားပေသည်။
“ တိုက်ပွဲစွမ်းအားက ဗလာနတ္ထိတတိယအဆင့်နဲ့ နှိုင်းယှဉ်နိုင်လောက်တယ် ”
“ ဒါကြောင့် လက်ရှိ ငါ့ရဲ့ ကျင့်ကြံခြင်းမှာ အဓိကလုပ်ရမယ့်အရာက နတ်ဘုရားအသွင်သဏ္ဍာန်သုံးမျိုးကို အပြည့်အဝ ကျွမ်းကျင်လာအောင် ကျင့်ကြံဖို့ပဲ ”
“ ပြီးတော့ ပဉ္စမလျှို့ဝှက်ရတနာသိုက်လည်း ရှိသေးတယ် ”
ရွှီချင်းက တွေးတောစဉ်းစားနေစဉ် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တစ်နာရီကြာပြီးနောက် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဘေးပတ်ဝန်းကျင်မှ သက်ဝင်လှုပ်ရှားနေသော မျှော်စင်များနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် တိတ်ဆိတ်သည်။ တံခါးရှေ့တွင် ငှက်ကလေးများသာရှိပြီး ဤကျောင်းတော်ကို မည်သူမှ ဂရုမစိုက်ကြချေ။ ဤသည်မှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ ဂုဏ်သတင်းက အချိန်ကာလ၏ တိုက်စားမှုနှင့်အတူ သမိုင်းကြောင်းထဲမှာ နစ်မြုပ်သွားဟန် ရ၏။
ယနေ့မှာ တပည့်သုံးယောက်စလုံး မရှိကြချေ။ တစ်ယောက်တည်းသာ ရှိသည်။ သူက ပျင်းရိစွာ ထိုင်နေစဉ် ကျောင်းအုပ်ကြီးက သူ့ကို ဘေးမှ ဆူပူကြိမ်းမောင်းနေသည်။
“ အပြင်ကို ကြည့်စမ်း… ကျောင်းတော်သားတွေ အများကြီးပဲ… မင်းဘာလို့ အပြင်ထွက်ပြီး လူမစုဆောင်းတာလဲ ”
“ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အလုပ်လုပ်ဖို့ လူမလုံလောက်ဘဲ ဖြစ်နေမယ်… ဒီမှာက စာအုပ်တွေအများကြီးပဲ… နေ့တိုင်း ငါတစ်ယောက်တည်း စာအုပ်စီနေရမှာလား ”
“ ငါတို့ မူကွဲအင်မော်တယ်ကျောင်းတော်က အတိတ်တုန်းကလို နာမည်မကျော်ကြားတော့ဘူးဆိုပေမဲ့ ငါတို့မှာ ရွှေရောင်တောက်ပခဲ့တဲ့ နေ့ရက်တွေ ရှိခဲ့ဖူးတယ်… နေ့တိုင်း ဒီဘာမဟုတ်တဲ့ သတင်းတွေကို လိုက်ရှာဖွေနေလို့ မင်းတို့အတွက် ဘာအကျိုးရှိမှာလဲ ”
ဆူပူကြိမ်းမောင်းခံနေရသော တပည့်သည် စိတ်မရှည်သော အမူအရာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
“ တော်ပါတော့ဗျာ… ခင်ဗျား ကျုပ်ကို ဆက်ပြီး နားငြီးအောင် လုပ်နေမယ်ဆိုရင် မနက်ဖြန် ကျုပ်မလာတော့ဘူး… ကျုပ်တို့ရဲ့ သတင်းလွှာတွေက ကျုပ်တို့ဘာသာ အပိုဝင်ငွေရှာဖို့အတွက်ပဲ… ခင်ဗျားက ကျုပ်တို့ကို ကူညီမပေးချင်ဘူး… အဲ့ဒီတော့ ကျုပ်တို့က အတင်းအဖျင်းသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုပဲ တင်ပြနိုင်တယ်… ဒါမှမဟုတ် ငွေကြေးကောက်ခံတဲ့စနစ်ကို ပြုလုပ်ရင်ရော မကောင်းဘူးလား… ရှေးဟောင်းစာအုပ်ကို ဖတ်ချင်တဲ့ ငတုံးတွေရှိရင် ငါတို့ သူတို့ဆီကနေ အခကြေးငွေတောင်းခံမယ်… ခင်ဗျားဘယ်လိုသဘောရလဲ ”
“ မင်း ”
ကျောင်းအုပ်ကြီးက ထိုတပည့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူက ရိုင်းစိုင်းသော အသုံးအနှုန်းဖြင့် ဆဲဆိုချင်သည်။ သို့သော်လည်း တစ်ဖက်လူက မနက်ဖြန် တကယ်မလာတော့မည်ကို သူစိုးရိမ်သောကြောင့် နှုတ်ဆိတ်သွားသည်။
သူက မည်သို့ပြန်တုံ့ပြန်ရမည်ကို စဉ်းစားလိုက်သည့်အခါ သူ၏ ရင်ဘက်သည် ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ သို့သော်လည်း ရွှီချင်း၏ ရောက်ရှိလာမှုက သူ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ထို့ကြောင့် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်နောက်ပစ်လျက် ရွှီချင်းကို ကြည့်လိုက်သည်။
ထိုတပည့်သည်လည်း ခေါင်းမော့လိုက်သည်။ သူက ရွှီချင်းကို မြင်သွားသောအခါ ပျင်းရိစွာ ပြောသည်။
“ ဒီနေရာက မူကွဲအင်မော်တယ်ကျောင်းတော်ပဲ… ကျောက်စိမ်းပြားတစ်ခုကို ကြည့်မယ်ဆိုရင် မင်းက ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးရမယ် ”
တူညီသော ကျောင်းတော်သားဝတ်စုံကြောင့် ရွှီချင်းက ဤနေရာကို ယခင်က တစ်ခါရောက်လာဖူးကြောင်း သူမမှတ်မိပေ။ အမှန်မှာ အင်ပါယာအကယ်ဒမီထဲတွင် တစ်စုံတစ်ယောက်နှင့် ကြိမ်ဖန်များစွာ ပြောဆိုဆက်ဆံဖူးခြင်းမရှိလျှင် တစ်ယောက်နှင့်တစ်ယောက် မှတ်မိရန် အလွန်ခက်ခဲပေသည်။
ရွှီချင်း၏ အကြည့်က ထိုတပည့်ထံသို့ ဖြတ်သန်းသွားပြီး သူက စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျောင်းအုပ်ကြီး၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားလေရာ အံ့အားသင့်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘာလို့ မင်းဒီကို ထပ်ရောက်လာတာလဲ ”
ကျောင်းအုပ်ကြီး၏ ဘေးမှ တပည့်က ယင်းကို ကြားသောအခါ ရွှီချင်းကို ဂရုတစိုက် ကြည့်လိုက်သည်။
ရွှီချင်းသည်လည်း အနည်းငယ် အံ့ဩသွားပြီး ကျောင်းအုပ်ကြီးထံသို့ လက်သီးဆုပ်လိုက်သည်။
“ ကျောင်းအုပ်… မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို ပိုပြီးတော့ ကျွန်တော်နားလည်ချင်ပါတယ် ”
“ မဆိုးဘူး ”
ကျောင်းအုပ်ကြီးသည် မျက်လုံးဝင်းလက်သွားသည်။ သူက လက်နှစ်ဖက်ကို မပွတ်သပ်ဘဲ မနေနိုင်ပေ။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးသွားပြီး ရွှီချင်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ သူ့ကို အဖြူရောင်မျှော်စင်ထဲသို့ ဆွဲခေါ်သွားသည်။ ဤသည်မှာ သူက ရွှီချင်း ထွက်ပြေးသွားမည်ကို စိုးရိမ်နေဟန် ရသည်။
ရွှီချင်းသည် ယင်းကို ကျင့်သားမရှိပေ။ တပည့်သည်တော့ သက်ပြင်းချလိုက်ပြီး ရွှီချင်းကို လျစ်လျူရှုလိုက်သည်။
“ မင်းက အမြော်အမြင်ရှိတဲ့လူပဲ… မင်းဒီကို ပထမဆုံး ရောက်လာကတည်းက အဲ့ဒါကို ငါအာရုံခံမိတယ် ”
ကျောင်းအုပ်ကြီးသည် စိတ်ခံစားချက်ဖြင့် ပြောသည်။
“ မင်းက ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ကို ရွေးချယ်ခဲ့တာကြောင့် အဲ့ဒါကို ကံကြမ္မာလို့ ခေါ်နိုင်တယ်… ကံတရားရဲ့ လှည်းဘီးကို ဘယ်သူကများ ရှောင်လွှဲနိုင်မှာလဲ… တကယ်လို့ ငါ့အထင်သာ မမှားဘူးဆိုရင် မင်းက အင်ပါယာအကယ်ဒမီကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့လူ မဟုတ်လား ”
ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးသည် သူ၏ ဘက်ဘက် လက်ငါးချောင်းကို မြှောက်လိုက်ပြီး တိတ်တဆိတ် တွက်ချက်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်လေရာ အံ့အားသင့်မှုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။
ရွှီချင်းသည် နှုတ်ဆိတ်နေသည်။ ခေါင်းဆောင်သည် ထိုသို့လှည့်ကွက်မျိုးကို မကြာခဏ အသုံးပြုဖူးသည်။ ထို့ကြောင့် သူက ယင်းကို ကျင့်သားရနေပြီ ဖြစ်သည်။
ရွှီချင်းက အရင်စမမေးသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီးသည် ချောင်းဟန့်လိုက်ပြီး သူ့ဘာသာ ပြောသည်။
“ အတိတ်မှာ ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဂုဏ်သတင်းက နေလိုလလို ထွန်းတောက်ခဲ့ချိန်မှာ ဘိုးဘေးက ကောင်းကင်နဲ့ မြေပြင်ကို တွက်ချက်အာရုံခံပြီး ငါတို့ကျောင်းတော်ရဲ့ အနာဂတ်ကို မြင်တွေ့ခဲ့တယ်… သူက အဲ့ဒီနေ့မှာပဲ အနာဂတ်ဟောပြောချက်တစ်ခုကို ချန်ထားခဲ့တယ်… တစ်နေ့မှာ ကျောင်းတော်သားတစ်ယောက်က ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ကို ဝင်ရောက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်ကို အထွတ်အထိပ်အခြေအနေဆီ ပြန်ရောက်အောင် ဖန်တီးပေးနိုင်လိမ့်မယ်တဲ့ ”
“ အရင်တစ်ခေါက်က ငါမင်းကို မြင်ခဲ့တုန်းက အဲ့ဒီခံစားချက်ကို ငါရခဲ့တယ်… ဒါပေမဲ့ ငါသိပ်မသေချာခဲ့ဘူး… အခု ငါမင်းကို ပြန်မြင်လိုက်တဲ့အခါမှာ ဘိုးဘေးရဲ့ အနာဂတ်ဟောပြောချက်ကို ငါပြန်စဉ်းစားမိသွားတယ် ”
“ မင်းက ငါတို့မူကွဲအင်မော်တယ်ကျောင်းတော် နှစ်တစ်ထောင်ကြာအောင် စောင့်ဆိုင်းနေခဲ့တဲ့ ကံစပ်တဲ့လူဖြစ်နိုင်တယ် ”
သူ၏ ဘေးမှ တပည့်သည် သရော်လှောင်ပြောင်သော အမူအရာဖြင့် နှုတ်ခမ်းတွန့်ကွေးလိုက်သည်။ ထိုသို့စကားကို ယခင်က သူကြားခဲ့ဖူးသည်။ အတိတ်တွင် ကျောင်းအုပ်ကြီးသည် သူ့ကိုလည်း ထိုသို့ပြောခဲ့ဖူးသည်။ ယနေ့ ရောက်မလာကြသော တခြားတပည့်နှစ်ယောက်ကိုလည်း ထိုအတိုင်းပင် သူပြောခဲ့သည်။
‘ အနည်းဆုံးတော့ စကားတစ်လုံး နှစ်လုံးတော့ ပြောင်းပြောပါဦးလား ’
သို့သော်လည်း နောက်ထပ်တစ်ယောက် အလှည့်စားခံရတော့မည်ဟု သူတွေးမိသောအခါ ယင်းက ကောင်းမွန်သော ကိစ္စဖြစ်သည်။ ထို့ကြောင့် သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး အံ့ဩထိတ်လန့်သွားသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
“ အို ဘုရားရေ ”
ရွှီချင်းသည် ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ မူကွဲအင်မော်တယ်ကျောင်းတော်က သူ့အတွက် မသင့်တော်ဘူးဟူသော ခံစားချက်မျိုး ရုတ်တရက် သူခံစားမိသွားသည်။
သူ၏ တပည့်က ပူးပေါင်းပါဝင်လာသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီးသည် စိတ်ကျေနပ်သွားသည်။ ထို့ကြောင့် သူက ကျောက်စိမ်းတုံကင်တစ်ခုကို အမြန်ထုတ်လိုက်ပြီး ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ ကောင်လေး… မင်းရဲ့ နတ်ဘုရားစိတ်အာရုံကို အဲ့ဒီထဲ ပေါင်းစပ်လိုက်ပါ… မင်းက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ တပည့်ရင်းတစ်ယောက်ဖြစ်လာမယ်… ပြီးသွားရင် ဒီနေရာမှာ အရာအားလုံးကို မင်းအတွက် ဖွင့်လှစ်ပေးမယ်… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အနာဂတ်က မင်းရဲ့ လက်ထဲမှာပဲ ”
“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းက ထူးခြားတယ်… အတိတ်မှာ လူသားဧကရာဇ်က ငါတို့ဘိုးဘေးတွေကို အမွေအနှစ် လက်ဆင့်ကမ်းပေးခြင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့် ပေးအပ်ခဲ့တယ်… ဒါကြောင့် ဘိုးဘေးတွေက တပည့်ရင်းတွေကိုပဲ အမွေအနှစ်လက်ဆင့်ကမ်းပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ် ”
“ လာ… ငါတို့နဲ့ အတူပူးပေါင်းပါ… အခုကစပြီး မင်းရဲ့ ဘဝက အသစ်ပြန်စလိမ့်မယ် ”
ကျောင်းအုပ်ကြီး၏ အသံသည် ပြင်းပြသော စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး ရွှီချင်းကို ဆက်လက် သွေးဆောင်သည်။
ရွှီချင်းသည် သူ၏ လက်ထဲမှ ကျောက်စိမ်းတုံကင်ကို ကြည့်လိုက်သည်။ ယနေ့ သူက ဤနေရာသို့ ရောက်ရှိလာမှတော့ တစ်နည်းအားဖြင့် သူက စိတ်ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် တံဆိပ်ရိုက်နှိပ်လိုက်သည်။
ကျောက်စိမ်းတုံကင်က အရောင်တောက်ပလာသည့်အခါ ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ တပည့်ရင်းတစ်ယောက် ဖြစ်လာသည်။
“ ဟား ဟား… မူကွဲအင်မော်တယ်ကျောင်းတော်ကနေ ကြိုဆိုပါတယ် ”
ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားသွားပြီး သူ၏ ဘေးမှ တပည့်သည် ဝမ်းသာပျော်ရွှင်သွားသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ တခြားကျောင်းတော်သားတစ်ယောက်ကို သူတို့၏ ကျောင်းတော်သို့ ဝင်ရောက်ရန် လှည့်စားနိုင်ခဲ့သည့်အတွက် သူတို့၏ မျက်နှာပေါ်မှာ ဘဝင်မြင့်သော အမူအရာ ထွက်ပေါ်လာသည်။
ပထမတစ်ယောက်သည် ကျောင်းတော်ပိုသန်မာလာသည့်အတွက် စိတ်လှုပ်ရှားနေခြင်းဖြစ်ပြီး ဒုတိယတစ်ယောက်သည် အနာဂတ်တွင် သူတို့ကျောင်းတော်မှာ အလုပ်သမားတစ်ယောက် ထပ်တိုးလာမည်အတွက် ဝမ်းသာပျော်ရွှင်နေခြင်း ဖြစ်သည်။
ရွှီချင်းသည် ယင်းကို အများကြီး ဂရုမစိုက်ပေ။ သူက လက်သီးဆုပ်လိုက်ပြီး ပြောသည်။
“ ကျောင်းအုပ်ကြီး… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်ပညာကို ငါ့ကို ပြပေးနိုင်မလား ”
“ ရတာပေါ့ ”
ကျောင်းအုပ်ကြီးသည် ရယ်မောလိုက်သည်။ ထို့နောက် သူက ထောင့်တွင် တောင်ကုန်းငယ်တစ်ခုပမာ စုပုံနေသော ကျောက်စိမ်းပြားအပုံထဲမှ ကျောက်စိမ်းပြားဆယ်ခုကို ဖမ်းဆုပ်လိုက်ပြီး ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာအားလုံးက ဒီထဲမှာ ရှိတယ်… မင်း အချိန်ယူပြီး လေ့လာကြည့်ပါ… အလျင်လိုစရာမလိုဘူး ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ယင်းတို့ကို အာရုံစိုက်၍ ဖတ်ရှုလိုက်သည်။ တဖြည်းဖြည်း မျက်နှာဖုံးအောက်မှ သူ၏ မျက်နှာပေါ်တွင် လေးနက်စွာ တွေးတောသော အမူအရာ ထွက်ပေါ်လာသည်။
ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများသည် အလွန်ပေါကြွယ်ဝသည်။ ထိုထဲမှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။
အခြေခံအားဖြင့် ဤကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာကို ကျင့်ကြံရန် လိုအပ်ချက်များ ရှိသည်။
၎င်းက အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို လိုအပ်သည်။
အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသူသာလျှင် ဝိညာဉ်ချည်မျှင်များကို အလုံအလောက် ဖွဲ့စည်းနိုင်ပြီး ပြီးပြည့်စုံသော နတ်ဘုရားသက်ရှိတစ်ကောင်ကို ရက်လုပ်နိုင်လိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်မှာ ဝိညာဉ်စွမ်းအား အလုံအလောက်မရှိလျှင် ရက်လုပ်ခြင်းလုပ်ငန်းစဉ်အတွင်းမှာ သူတို့၏ ဝိညာဉ်က လွင့်ပြယ်သွားရန် အလွန်လွယ်ကူသည်။
ထို့ပြင် သူတို့က နတ်ဘုရားသက်ရှိများ၏ ပုံရိပ်ကို အာရုံဖော်ရန် လိုအပ်ပြီး ယင်းကို ပြီးပြည့်စုံအောင် ဝိညာဉ်ချည်မျှင်များအား စုတ်တံတစ်ခုအဖြစ် အသုံးပြုရလိမ့်မည်။
ထိုသို့လုပ်ဆောင်မှုတွင် လူတစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားသော်လည်း ကျင့်ကြံခြင်း၏ တိုးတတ်မှုနှုန်းသည် အလွန်နှေးကွေးသည်။
ရွှီချင်းက ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများကို လေ့လာနေစဉ် ကျောင်းအုပ်ကြီးက သူ့ကို မူကွဲအင်မော်တယ်ကျောင်းအကြောင်း ဆက်လက် မိတ်ဆက်ပေးသည်။
“ ငါ့ကျောင်းတော်ရဲ့ အဓိကအနှစ်သာရက နတ်ဘုရားသက်ရှိတွေကို အာရုံဖော်ဖို့ပဲ… အဲ့ဒါတွေအားလုံးကို ငါမင်းကို ပေးပြီးသွားပြီ… အဲ့ဒီထဲမှာ နောက်ပိုင်းမျိုးဆက်တွေ ရွေးချယ်ထားခဲ့တဲ့ ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံး နတ်ဘုရားသက်ရှိတွေ ပါဝင်ကြတယ်… ပြီးတော့ အဲ့ဒီထဲမှာ လိုအပ်တဲ့ ဝိညာဉ်ချည်မျှင်ပမာဏကိုလည်း ဖော်ပြထားတယ်… အဲ့ဒါက ငါ့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အနှစ်သာရတွေပဲ ”
“ ဒါပေမဲ့ ဝါးနိုင်တာထက် ပိုမစားရဘူးဆိုတာ မင်းမှတ်ထားရမယ်… ဥပမာ ဝိညာဉ်ချည်မျှင်က အလုံအလောက်မရှိဘူးဆိုရင် မင်းက နတ်ဘုရားသက်ရှိကို အတင်းအဓမ္မ အာရုံဖော်နိုင်မှာ မဟုတ်ဘူး ”
ကျောင်းအုပ်ကြီးက သူ့ကို သတိပေးနေစဉ် ရွှီချင်းသည် ထိုကျောက်စိမ်းပြားထဲမှ နတ်ဘုရားသက်ရှိများ၏ ပုံရိပ်များကို လေ့လာကြည့်လိုက်သည်။ အထဲတွင် နတ်ဘုရားသက်ရှိဒါဇင်ကျော် ရှိကြသည်။ ၎င်းတို့က တကယ်အသက်ရှိနေသည့်အလား အောက်မေ့ရသည်။
၎င်းတို့ထဲတွင် အမြင့်ဆုံး လိုအပ်ချက်သည် ဝိညာဉ်ချည်မျှင်တစ်သန်းဖြစ်သည်။ အနိမ့်ဆုံး လိုအပ်ချက်သည်တော့ ဝိညာဉ်ချည်မျှင်ငါးသောင်းဖြစ်သည်။
သူက ထိုထဲမှ တစ်ခုကို ကျင့်ကြံရန် ကြိုးစားကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အသိစိတ်သည် မူးဝေလာပြီး သူ၏ မျက်လုံးသည် ရီဝေလာသည်။
ထိုမြင်ကွင်းကို သတိထားမိသောအခါ ကျောင်းအုပ်ကြီးသည် ခေါင်းခါလိုက်သည်။ သူက တစ်ဖက်လူအား ကျောင်းတော်သို့ဝင်ရန် လှည့်စားခဲ့မိသည်ကို ပြန်စဉ်းစားမိသွားသောအခါ အပြစ်ရှိစိတ်ကို ခံစားမိသွားပြီး ရွှီချင်းကို သတိပေးလိုက်သည်။
“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာကို ကျင့်ကြံမယ်ဆိုရင် အရင်ဆုံး မင်းရဲ့ စိတ်ကို တည်ငြိမ်အောင်ထားပြီး အာရုံစူးစိုက်ထားရမယ်… တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်နဲ့ စည်းချအစီအရင်ကပဲ မင်းရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်စေနိုင်တယ်… မင်းက အခုလို သန့်စင်မယ်ဆိုရင် ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး ”
“ ယေဘုယျအားဖြင့်ပြောရရင် တကယ်လို့ မင်းက တစ်လကျင့်ကြံပြီးနောက် ဝိညာဉ်ချည်မျှင်တစ်ခုကို သန့်စင်နိုင်မယ်ဆိုရင် မင်းရဲ့ ပါရမီက မဆိုးဘူးလို့ ပြောနိုင်တယ်… တကယ်လို့ မင်းက ချည်မျှင်သုံးခုကို သန့်စင်နိုင်မယ်ဆိုရင်တော့ ကောင်းကင်အရွေးချယ်ခံပဲ… တကယ်လို့ ချည်မျှင်ဆယ်ခုထက်ကျော်မယ်ဆိုရင်တော့ ဘိုးဘေးတစ်ယောက်ရဲ့ ပါရမီနဲ့ နှိုင်းယှဉ်နိုင်ပြီ ”
ကျောင်းအုပ်ကြီး၏ စကားကို ကြားပြီးနောက် ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး သူ၏ အသိစိတ်ပင်လယ်ကို ကြည့်လိုက်သည်။ သူ၏ အသိစိတ်ပင်လယ်ထဲတွင် ဝိညာဉ်ချည်မျှင်တစ်သောင်းကျော် ပျံ့နှံ့နေကြသည်။