← Chapters

မူကွဲအင်မော်တယ်ရဲ့ ဇစ်မြစ်

Vol. 76 Ch. 1181

မူကွဲအင်မော်တယ်ရဲ့ ဇစ်မြစ်

Vol. 76 Ch. 1181

မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် ကျင့်ကြံခြင်းနှင့်ပတ်သက်သော အကြောင်းအရာအသေးစိတ်ကို မရပ်မနား ရှင်းပြသည်။ သူ့ကြည့်ရသည်မှာ အလွန်စိတ်အားထက်သန်နေပုံပေါ်သည်။

ထိုအကြောင်းများကို သူ၏ စိတ်ထဲမှာသာ နှစ်ပေါင်းအတော်ကြာအောင် သိမ်းဆည်းထားခဲ့ရဟန် ရ၏။ ယခု ရွှီချင်း၏ ရောက်ရှိလာမှုက ထိုအကြောင်းများကို ဖွင့်ထုတ်ရန် သူ့အား အခွင့်အရေးတစ်ရပ် ပေးလိုက်သည်။

“ အတိတ်မှာ ဘိုးဘေးလီရွှမ်ဖုန်းက နှစ်တစ်ထောင်အတွင်း တစ်ယောက်သာပေါ်ထွန်းခဲ့တဲ့ ကောင်းကင်အရွေးချယ်ခံပဲ… သူက တစ်လတည်းနဲ့ ဝိညာဉ်ချည်မျှင်(၁၃)ခုကို ဆင်ခြင်နားလည်ခဲ့ပြီး ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဒဏ္ဍာရီတစ်ခုဖြစ်လာတယ် ”

ကျောင်းအုပ်ကြီးသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူ၏ ဘေးမှ တပည့်သည် မငြင်းပေ။ သူက နူးညံ့စွာ သက်ပြင်းချလိုက်လေသည်။

ရှင်းလင်းစွာပင် သူတို့က ဤကျောင်းတော်သို့ ဝင်ရောက်ရန် အလှည့်စားခံခဲ့ရသည့်တိုင် ဤလမ်းကို ဆက်လျှောက်ရန် ရွေးချယ်ခဲ့သူများအနေဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်အပေါ် အတိုင်းအတာတစ်ခုထိ အသိအမှတ်ပြုကြသည်။

“ ဘိုးဘေးချန်းတောက်ဇီလည်း ရှိသေးတယ်… သူက ပိုပြီးတော့ အံ့ဖွယ်ကောင်းတယ်… သူက နှစ်တစ်ထောင်အတွင်းမှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ… သူက တစ်လတည်းနဲ့ ဝိညာဉ်ချည်မျှင်(၁၉)ခုကို ဆင်ခြင်နားလည်ခဲ့တယ် ”

ကျောင်းအုပ်ကြီးသည် ရွှီချင်းကို ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။

“ ဒါကြောင့် မင်းအလုပ်ကြိုးစားပြီး ကောင်းကောင်းကျင့်ကြံပါ… မင်းက တစ်လအတွင်း ဝိညာဉ်ချည်မျှင်ဆယ်ခုကျော်ကို ဖွဲ့စည်းနိုင်တာနဲ့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အနာဂတ်ခေါင်းဆောင်က မင်းအတွက်ပဲ ”

ကျောင်းအုပ်ကြီးသည် စကားပြောပြီးနောက် ရွှီချင်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။ သူက နောက်ထပ်ကျောက်စိမ်းပြားတချို့ကို ထုတ်လိုက်ပြီး ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူက အဖြူရောင်မျှော်စင်ထဲမှ ကျောက်စိမ်းပြားများကို ဆက်လက် စီရီပေးရန် ဆန္ဒမရှိစွာ ထွက်ခွာသွားသည်။

ရွှီချင်းသည် နေရာမှာရပ်နေစဉ် အလွန်တုံ့ဆိုင်းနေသည်။ သူ၏ အသိစိတ်ပင်လယ်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ အထဲတွင် ဝိညာဉ်ချည်မျှင်တစ်သောင်းက အမှန်တကယ် ပျံ့နှံ့နေကြောင်း သူရှာတွေ့သွားသည်။ ထို့နောက် သူက ကျောင်းအုပ်ကြီး၏ စကားကို ပြန်စဉ်းစားလိုက်လေရာ တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိသွားသည်။

“ ဘာဖြစ်တာလဲ… သူ့ရဲ့ စကားကို နားထောင်ပြီးနောက် မင်းရဲ့ သွေးတွေ ဆူပွက်လာပြီလား ”

ရွှီချင်းက တွေးတောနေစဉ် တပည့်သည် အရှေ့သို့ လျှောက်လာပြီး ရွှီချင်း၏ ဘေးမှာ ရပ်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ ဒီမယ် ငါမင်းကို ပြောပြမယ်… သူပြောတဲ့ ပေါက်ကရစကားတွေကို သွားမယုံနဲ့… ငါနဲ့ တခြားစီနီယာအကိုနှစ်ယောက် ရောက်လာတဲ့အချိန်မှာ သူက အဲ့ဒီအတိုင်းပဲ ပြောခဲ့တယ်… စကားလုံးတစ်လုံးတောင် မပြောင်းလဲသွားဘူး ”

“ အရင်တစ်ခေါက်က ငါမင်းကို နားချခဲ့တယ်… ဒါပေမဲ့ မင်းက နားမထောင်ခဲ့ဘူး… အခု မင်းက တပည့်ရင်းတစ်ယောက်ဖြစ်လာပြီဆိုမှတော့ မူကွဲအင်မော်တယ်ကျောင်းတော်နဲ့ လုံးဝ ချည်နှောင်ခံလိုက်ရပြီ ”

စာနာသနားသော အကြည့်က ထိုတပည့်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ မင်းက ဒီကို ရောက်နေပြီဆိုမှတော့ နောင်တမရနဲ့တော့… အနာဂတ်မှာ မင်း ငါတို့နောက်ကို လိုက်နိုင်တယ်… မင်းပါဝင်လာမယ်ဆိုရင် ငါတို့ရဲ့ သတင်းရှာဖွေရေးလုပ်ငန်းက ပိုပြီးတော့ တွင်ကျယ်လာလိမ့်မယ် ”

ရွှီချင်းသည် ထိုတပည့်ကို ကြည့်လိုက်သည်။ တစ်ဖက်လူပြောသော သတင်းရှာဖွေရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အနည်းငယ် သူခန့်မှန်းမိသည်။ ထို့ကြောင့် သူက ထိုအကြောင်းကို မေးမြန်းလိုက်သည်။

“ အင်ပါယာအကယ်ဒမီထဲမှာ ကျောင်းတော်တွေအများကြီးရှိပြီး ကျောင်းတော်တစ်ခုစီမှာ နေ့တိုင်း ကိစ္စအများကြီး ဖြစ်ပွားလေ့ရှိတယ်… အဲ့ဒါတွေအားလုံးကို နားလည်ဖို့ဆိုရင် အချိန်အများကြီး ပေးရလိမ့်မယ်… ဒါကြောင့် ကျောင်းတော်တွေရဲ့ သတင်းသမားတွေက ကျယ်ပြောတဲ့ သတင်းအချက်အလက်တွေကို လိုက်လံစုဆောင်းကြတယ် ”

“ အဲ့ဒီထဲမှာ ကျောင်းတော်အသီးသီးရဲ့ သတင်းအချက်လက်တွေနဲ့ နာမည်ကျော်ကြားတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ ပါဝင်တယ်… ဒါပေမဲ့ တခြားကျောင်းတော်တွေနဲ့ နှိုင်းယှဉ်ရင် ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်က ရှေးကျပြီး ပထဝီအနေအထားက ကောင်းမွန်တယ်… ဒါကြောင့် နာမည်မကြီးပေမဲ့ အရောင်းအဝယ်က မဆိုးဘူး ”

“ ငါတို့က အလေအလွင့်သတင်းတွေနဲ့ အတင်းအဖျင်းတွေကို အာရုံစိုက်တယ်… အဲ့ဒါက အတော်လေး နာမည်ကျော်ကြားတယ် ”

သတင်းသမားများအကြောင်းကို ပြောသည့်အခါ မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်၏ လေသံထဲမှာ ဂုဏ်ယူမှုဖြင့် ပြည့်နှက်နေသည်။

“ အဲ့ဒါက ငါတို့ညီအကိုတွေ တည်ထောင်ထားတဲ့ လုပ်ငန်းအသေးလေးပါ… လာ လာ ငါမင်းကို မိတ်ဆက်ပေးမယ် ”

သူက စကားပြောပြီးနောက် ရွှီချင်းကို အဝေးသို့ ဆွဲခေါ်သွားသည်။ ထိုနေရာတွင် ဗလာကျောက်စိမ်းပြား အများအပြားရှိကြောင်း ရွှီချင်းမြင်သွားသည်။ ထိုတပည့်၏ မိတ်ဆက်ပေးမှုအရ ထိုဗလာကျောက်စိမ်းပြားများသည် သတင်းလွှာများဖြစ်ကြောင်း သူနားလည်သွားသည်။

သူတို့၏ အလုပ်သည် အပျော်အပျက်သတင်းများကို ထိုကျောက်စိမ်းပြားများထဲသို့ ထည့်သွင်းပြီး ရောင်းချရန် ဖြစ်သည်။

သတင်းအချက်အလက်များ၏ ဇစ်မြစ်သည်တော့ တစ်နေရာရာမှ သူတို့စုဆောင်းလာခဲ့သော ကျောက်စိမ်းပြားတချို့ထဲမှာ မှတ်တမ်းတင်ထားသည်။

ရွှီချင်းသည် ကျောက်စိမ်းပြားတစ်ခုကို ကောက်ယူလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို အထဲသို့ ပို့လွှတ်လိုက်သည်။

“ မနေ့ညက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကနေ အော်သံတစ်သံကို ကြားလိုက်ရတယ်… ဘယ်သူက လူတွေအိပ်ချိန်မှာ ပြဿနာရှာတာလဲ… အဖြေကို သိချင်ရင် မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ သတင်းလွှာကို ဝယ်ဖတ်လိုက်ပါ ”

“ စိမ်းစိုကျောင်းတော်ရဲ့ ကျောင်းသားခေါင်းဆောင်က လက်စသတ်တော့ သူကို ”

“ အသင်္ချေအတတ်ပညာကျောင်းတော်က ချန်းယွင်ရဲ့ အစစ်အမှန် သရုပ်က ဘာလဲ… ငါ့ရဲ့ စုံစမ်းမှုက နှစ်အတော်ကြာမြင့်ခဲ့တယ်… နောက်ဆုံးမှာတော့ အဲ့ဒီအဖြေကို ငါရှာတွေ့သွားပြီ ”

“ သန့်စင်ရေလှိုင်းဒေသကြီးက ရွှီချင်းက အင်ပါယာအကယ်ဒမီကို ဝင်ရောက်လာခဲ့တယ်… သူက ဘယ်ကျောင်းတော်ကို ဝင်ရောက်သွားလဲ မင်းသိချင်လား… ငါတို့ သတင်းသမားတွေက မကြာခင် အဲ့ဒါကို ခြေရာခံပြီး သတင်းထုတ်ပြန်မယ် ”

ရွှီချင်းသည် ကျောက်စိမ်းပြားကို ပြန်ချလိုက်သည်။

“ ဘယ်လိုလဲ… ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ သတင်းလွှာက မိုက်တယ်မလား ”

ထိုတပည့်က ရယ်မောလိုက်သည်။

“ မဆိုးပါဘူး ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြန်ပြောသည်။ သူက ဤအလုပ်ကို သဘောမကျခြင်း မရှိပေ။ ရောမရောက်သည့်အခါ ရောမကဲ့သို့ နေထိုင်ရမည်ဖြစ်ကြောင်း သူသိသည်။ သူက ဤမူကွဲအင်မော်တယ်ကျောင်းတော်ကို ဝင်ရောက်ပြီးပြီဆိုမှတော့ သူ့အရှေ့မှ စီနီယာအကိုကို သတင်းလွှာရိုက်နှိပ်ပေးရန် ကူညီပေးရလိမ့်မည်။

ထိုအတောအတွင်း ကျောင်းအုပ်ကြီးသည် မကြာခဏ ရောက်လာသည်။ အသစ်ဝင်လာသော ကျောင်းတော်သားက ထိုသို့ဖြစ်လာသည်ကို သူမြင်သွားသောအခါ သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီလာသည်။ ထို့နောက် ရွှီချင်းသည် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ ထွက်သွားသည်။

သူက အင်ပါယာအကယ်ဒမီမှ ပြန်ထွက်လာသည့်အခိုက် နှင်းပွင့်ချပ်များက ဆက်လက် ကျဆင်းနေဆဲပင်။ ရွှီချင်းသည် စံအိမ်သို့ ပြန်ရောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာအကြောင်းကို စဉ်းစားလိုက်သည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်က တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး ဝိညာဉ်ချည်မျှင်ဖွဲ့စည်းဖို့အတွက် အဲ့ဒါကို အထူးစည်းချအစီအရင်တစ်ခုနဲ့ ပေါင်းစပ်ရတာပဲ ”

“ အဲ့ဒါက ဝိညာဉ်ပေါ်မှာ အများကြီး မူတည်တယ်… တကယ်လို့ ငါက အများကြီး ဆွဲထုတ်မယ်ဆိုရင် ငါ့ရဲ့ ဝိညာဉ်က ပြိုကွဲပျက်စီးသွားလိမ့်မယ်… တစ်ချိန်တည်းမှာ အသက်အန္တရာယ်ရှိလာလိမ့်မယ်… ”

“ ဒီအကြောင်းအရင်းကြောင့် ဒီကျင့်ကြံခြင်းအတတ်ရဲ့ တိုးတတ်မှုအမြန်နှုန်းက အတော်လေး နှေးကွေးနေရတာပဲ… ပြီးတော့ ကျင့်ကြံနေရင်း ငါ့ဝိညာဉ်ကိုလည်း အားဖြည့်ပေးရလိမ့်မယ် ”

“ ပြီးတော့ ဝိညာဉ်ချည်မျှင်အရေအတွက်က… ”

ရွှီချင်းသည် နတ်ဘုရားသက်ရှိများ၏ ပုံရိပ်များအား မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားကို ထုတ်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ သူ၏ အမြင်မှာတော့ ထိုကျောက်စိမ်းပြားထဲမှ နတ်ဘုရားသက်ရှိများသည် အလွန်သာမန်ဆန်သည်။ မည်သို့ဖြစ်ပါစေ သူက နတ်ဘုရားများကိုပင် မြင်ဖူးသည်မဟုတ်ပါလော။

ဤအတတ်ပညာကို စတင်ကျင့်ကြံသည့်အချိန်မှာ ဝိညာဉ်ချည်မျှင်တစ်သောင်းကျော်ကို ဖွဲ့စည်းနိုင်ခဲ့သည့် အကြောင်းအရင်းကိုတော့ နေ့လယ်က သတင်းလွှာကို သူဖြန့်ဝေနေစဉ် အဖြေရှာတွေ့သွားခဲ့သည်။

“ ငါ့မှာ နတ်ဘုရားအရင်းအမြစ်တွေ ရှိတယ် ”

“ ဘာပဲဖြစ်ဖြစ် မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဒီကျင့်ကြံခြင်းအတတ်ပညာက နတ်ဘုရားအရင်းအမြစ်ကို တုပဖန်တီးရတဲ့ နည်းလမ်းတစ်ခုပဲ… ဝိညာဉ်ချည်မျှင်တွေနဲ့ နတ်ဘုရားသက်ရှိတစ်ကောင်ရဲ့ ပုံရိပ်ကို ရက်လုပ်တာက တုပဖန်တီးမှုတစ်ခုပဲ ”

“ ဒီအတတ်ပညာက ဝိညာဉ်ကို နတ်ဘုရားအရင်းအမြစ်ရဲ့ ဝိသေသလက္ခဏာတွေ ပိုင်ဆိုင်လာစေပြီး အသွင်သဏ္ဍာန်ပြောင်းလဲအောင် ခွင့်ပြုပေးနိုင်တယ်… အဲ့ဒါက စစ်ချပ်ဝတ်တစ်ခုနဲ့ သဘောတရားဆင်တူတယ်… နောက်ဆုံးမှာတော့ အတွေးတစ်ချက်နဲ့ အဲ့ဒါက အရာအားလုံးကို သူ့ဘာသာ ပြောင်းလဲပစ်နိုင်တယ် ”

“ ဒါကြောင့် ဒီအတတ်ပညာရဲ့ အခြေခံသဘောတရားဟာ နွေဦးအင်မော်တယ်က အင်မော်တယ်ခန္ဓာကိုယ်ကို ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အချက်ကနေ ဆင်းသက်လာတာပဲ ”

“ တကယ်လို့ တစ်စုံတစ်ယောက်က ဒီကျင့်ကြံခြင်းအတတ်ပညာကို အဆုံးစွန်အထိ ကျင့်ကြံပြီး အဲ့ဒါကို တစ်ဆင့်ပြီးတစ်ဆင့် တုပဖန်တီးမယ်ဆိုရင် သီအိုရီအရ နတ်ဘုရားတစ်ပါးရဲ့ ပုံရိပ်ကို ရက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူး… ”

“ ငါကျတော့ ငါ့မှာ နတ်ဘုရားအရင်းအမြစ်ရှိတယ်… ဒါကြောင့် ငါက အဲ့ဒါကို တုပဖန်တီးဖို့ မလိုအပ်ဘူး… အတွေးတစ်ချက်နဲ့ ငါက ဝိညာဉ်ချည်မျှင်အများကြီးကို ဖန်တီးနိုင်တယ်… ချည်မျှင်တစ်ခုစီက နတ်ဘုရားအရင်းအမြစ်ကနေ အသွင်ပြောင်းလဲသွားတာပဲ ”

ရွှီချင်းသည် တိတ်ဆိတ်သွားပြီး ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤကျင့်ကြံခြင်းအတတ်ပညာကို သင်ယူပြီးနောက် ယခင်က သူ၏ ဆုံးဖြတ်ချက်က မမှားယွင်းကြောင်း ရွှီချင်း နားလည်သွားသည်။

သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာနှင့် အတိုင်းအတာတစ်ခုထိ တူညီသည်။

သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်မှ ဖြစ်ပေါ်လာသော ခန္ဓာကိုယ်တွင် ကျင့်ကြံသူတစ်ယောက်၏ အနှစ်သာရ ပါရှိသည်။ အသေအချာ စစ်ဆေးကြည့်မည်ဆိုလျှင် ၎င်းထဲမှာ ဝိညာဉ်ချည်မျှင်များ၏ သဲလွန်စတချို့ရှိကြောင်း အာရုံခံနိုင်လိမ့်မည်။

အခြားတစ်ဖက်တွင်တော့ နတ်ဘုရားအသွင်သဏ္ဍာန်သည် နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက ပေါင်းစည်းခြင်းတစ်မျိုး ဖြစ်ဟန်ရသော်လည်း အမှန်မှာ ၎င်းက ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားနေခြင်း ဖြစ်သည်။

ထိုနှစ်ခုကြားမှ ခြားနားမှုကို အလွယ်တကူ အာရုံခံနိုင်ပေသည်။

လူသားမျိုးနွယ်ထဲတွင် မန္တန်များစွာနှင့် ကျင့်ကြံခြင်းအတတ်ပညာမျိုးစုံ ရှိသည်။ ထို့ပြင် နတ်ဘုရားများ၏ တည်ရှိမှုနှင့် နတ်ဘုရားသက်ရှိများအပေါ် သူတို့၏ သုတေသနပြုလုပ်ချက်များအရ ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်နှင့် ဆင်တူသော အခြေအနေကို ဖန်တီးရန် သူတို့မှာ နည်းလမ်းများစွာ ရှိကြသည်။

သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက် စစ်ဆေးလေ့လာမည်ဆိုလျှင် အနှစ်သာရက လုံးဝကွဲပြားခြားနားမည်ဖြစ်ကြောင်း ရှာတွေ့သွားလိမ့်မည်။

ဤမူကွဲအင်မော်တယ်ကျောင်းတော်မှာသာလျှင် သူနှင့်တူညီသော အမြင်ရှိသည်။

“ ဒါဆိုရင် တကယ်လို့ ငါက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ နည်းလမ်းအတိုင်း ကျင့်ကြံမယ်ဆိုရင် နတ်ဘုရားအသွင်သဏ္ဍာန်ကို ပိုပြီးကျွမ်းကျင်လာလိမ့်မယ် ”

စူးရှတောက်ပသော အလင်းရောင်သည် ရွှိချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အရင်က ငါထုတ်ဖော်ခဲ့တဲ့ နတ်ဘုရားအသွင်သဏ္ဍာန်က နတ်ဘုရားရတနာသိုက်ကနေ အသွင်ပြောင်းလဲခဲ့တာပဲ ”

“ ဒါပေမဲ့ တကယ်လို့ ငါက နတ်ဘုရားရတနာသိုက်သုံးခုထဲက နတ်ဘုရားအရင်းအမြစ်တွေကို ဖြိုခွဲပြီး အဲ့ဒါတွေကို ဝိညာဉ်ချည်မျှင်တွေအဖြစ် သန့်စင်လိုက်မယ်… ပြီးသွားရင် ဝိညာဉ်ရက်လုပ်ခြင်းအတတ်ပညာနဲ့ ငါ့ရဲ့ နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုကို အသိစိတ်ပင်လယ်ထဲမှာ ရက်လုပ်လိုက်မယ်ဆိုရင်… ”

“ သီအိုရီအရဆိုရင် အဲ့ဒါက နတ်ဘုရားအသွင်သဏ္ဍာန်ကို ထပ်ဆင့်လွှမ်းခြုံပြီး အသုံးပြုဖို့အတွက် စွမ်းအင်မလုံလောက်တဲ့ ပြဿနာကြီးကို ဖြေရှင်းပေးနိုင်လိမ့်မယ်… ဥပမာ တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို အသုံးပြုနိုင်လိမ့်မယ်… ဘာဖြစ်လို့လဲဆိုတော့ ငါက နတ်ဘုရားရတနာသိုက်တစ်ခုကို အသုံးပြုပြီး အဲ့ဒါကို စွမ်းအင်ထောက်ပံ့ပေးနေတာ မဟုတ်ဘဲ နတ်ဘုရားရတနာသိုက်သုံးခုစလုံးက နတ်ဘုရားအရင်းအမြစ်တွေကို အသုံးပြုပြီး အဲ့ဒါကို ရက်လုပ်ထားတာ ဖြစ်လို့ပဲ ”

“ တစ်ချိန်တည်းမှာ နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုက ငါ့ရဲ့ အကန့်အသတ်မဟုတ်တော့ဘူး… ငါက စတုတ္ထနတ်ဘုရားအသွင်သဏ္ဍာန်ကိုတောင် ထုတ်ဖော်နိုင်လိမ့်မယ်… ငါ့မှာသာ ဝိညာဉ်ချည်မျှင် အလုံအလောက်ရှိမယ်ဆိုရင် အတွေးတစ်ချက်နဲ့ နတ်ဘုရားအသွင်သဏ္ဍာန် တစ်ထောင်ကျော်ကိုတောင် ဖန်တီးနိုင်လိမ့်မယ် ”

ရွှီချင်းသည် ဆွဲဆောင်ခံလိုက်ရသည်။ သူက မျက်လုံးမှိတ်လိုက်ပြီးနောက် ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်ကာ မူကွဲအင်မော်တယ်ကျောင်းတော်၏ အတတ်ပညာအတိုင်း ဝိညာဉ်ချည်မျှင်များကို သန့်စင်လိုက်သည်။

ချက်ချင်းပင် ပထမနတ်ဘုရားရတနာသိုက်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ နတ်ဘုရားအရင်းအမြစ်၏ ချည်မျှင်များသည် ပျံသန်းထွက်လာကြပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ စုဝေးသွားကြသည်။ သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်အရေအတွက်သည် ရုတ်တရက် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

မကြာမီ ဝိညာဉ်ချည်မျှင်၏ အရေအတွက်သည် တစ်သိန်းဖြစ်သွားသည်။

“ ဆက်သန့်စင်မယ် ”

ဒုတိယနတ်ဘုရားရတနာသိုက်သည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာသည်။ နတ်ဘုရားအရင်းအမြစ်၏ ချည်မျှင်များသည် သူ၏ သန့်စင်မှုအောက်မှာ မြန်ဆန်စွာ တိုးပွားလာကြသည်။

တစ်သိန်းသုံးသောင်း… တစ်သိန်းရှစ်သောင်း… နှစ်သိန်းငါးသောင်း…

အဆုံးမှာတော့ ဝိညာဉ်ချည်မျှင် သုံးသိန်းတစ်သောင်းက သူ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။

ထိုမျှများပြားသော နတ်ဘုရားအရင်းအမြစ် ဝိညာဉ်ချည်မျှင်များကို ထိန်းချုပ်ရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း ယုံကြည်သည်။ အဘယ့်ကြောင့်ဆိုသော် သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ ရက်လုပ်ခြင်းအတတ်ကို မကျွမ်းကျင်သေးသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ သူက ဝိညာဉ်ချည်မျှင်သန့်စင်ခြင်းကို ယာယီရပ်တန့်လိုက်သည်။ ယင်းအစား သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားသော ပုံရိပ်များကို တစ်ခုပြီးတစ်ခု ကြိုးစားကြည့်လိုက်သည်။

သူက သိပ်မကျွမ်းကျင်သေးသော်လည်း ရွှီချင်းဆီမှာ အလွန်များပြားသော နတ်ဘုရားအရင်းအမြစ် ဝိညာဉ်ချည်မျှင်များ ရှိသည်။ မကြာမီ နတ်ဘုရားအားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာပုံရိပ်များသည် ရွှီချင်း၏ အနောက်မှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

အကယ်၍ မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်တစ်ယောက်သာ ဤနေရာမှာ ရှိနေပြီး ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူက သေချာပေါက် ဆွံ့အသွားလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သီအိုရီအရသာ ဖြစ်ပေါ်နိုင်သော နတ်ဘုရားသက်ရှိများက ရွှီချင်း၏ လက်ထဲမှာ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာနေသောကြောင့် ဖြစ်သည်။

ထို့ပြင် ၎င်းတို့တစ်ကောင်စီသည် တကယ်အသက်ရှိနေသည့်အလား အောက်မေ့ရပြီး နတ်ဘုရားသက်ရှိ၏ အတိုင်းအတာထက် ကျော်လွန်သော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။

သို့သော်လည်း ရွှီချင်သည် စိတ်မကျေနပ်နိုင်သေးပေ။ သူ့အတွက်တော့ ယင်းက ရက်လုပ်ခြင်းအတတ်ကို ပိုပြီးကျွမ်းကျင်လာစေမည့် နည်းလမ်းတစ်ခုထက် မပိုပေ။ သူက ဝိညာဉ်ချည်မျှင်များကို ထိန်းချုပ်လိုက်ပြီး နတ်ဘုရားသက်ရှိများ၏ ပုံသဏ္ဍာန်ကို ဆက်လက် ဖွဲ့စည်းလိုက်သည်။ အဆုံးမှာတော့ ထိုနတ်ဘုရားသက်ရှိအားလုံးသည် သူ၏ အတွေးတစ်ချက်ကြောင့် ပြိုကွဲသွားသည်။ ၎င်းတို့က ဝိညာဉ်ချည်မျှင်သုံးသိန်းတစ်သောင်းသို့ ပြန်ပြောင်းလဲသွားကြပြီး သူ၏ အသိစိတ်ပင်လယ်ထဲမှာ ပြန်လည်စုဝေးသွားကြသည်။

ထို့နောက် ပထမနတ်ဘုရားအသွင်သဏ္ဍာန်သည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ယင်းကို ကိုးကားလိုက်ပြီး စတင်ရက်လုပ်လိုက်သည်။

သူ၏ လုံလောက်သော နားလည်သဘောပေါက်မှုနှင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ ဝိညာဉ်ချည်မျှင်ရက်လုပ်ခြင်းအတတ်ကို အတိုင်းအတာတစ်ခုထိ ကျွမ်းကျင်တတ်မြောက်ထားမှုကြောင့် သူ၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန်သည် ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းက လျှို့ဝှက်အခန်းထဲမှာ မတ်တတ်ရပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

ထိုဖိအားသည် ယခင်က ရွှီချင်းထုတ်လွှတ်ခဲ့သော ပထမနတ်ဘုရားအသွင်သဏ္ဍာန်၏ ဖိအားနှင့် အတော်လေး ကွဲပြားခြားနားသည်။

ထိုထဲမှာ နတ်ဘုရား၏ စိတ်ဆန္ဒပါဝင်ရုံသာမက မူကွဲအင်မော်တယ်ကျောင်းတော်၏ ဝိသေသလက္ခဏာများလည်း ပါရှိသည်။ အရေးကြီးဆုံးမှာ ရွှီချင်းသည် ယင်းကို သူ၏ အတွေးတစ်ချက်ဖြင့် လောင်ကျွမ်းပစ်နိုင်ကြောင်း ရှာတွေ့သွားသည်။

ယင်းက ကျင့်ကြံခြင်းလမ်းစဉ်၏ အတားအဆီးများကို ချိုးဖြတ်ပစ်နိုင်သော ဧရာမစွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်သွားအောင် တွန်းအားပေးနိုင်သည်။

ထိုနားလည်သဘောပေါက်မှုက ရွှီချင်း၏ အသက်ရှူသံကို မြန်ဆန်သွားစေသည်။ သူ၏ မျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ကျင့်ကြံခြင်းအတတ်ပညာက တကယ်ပဲ အံ့ဖွယ်ကောင်းတယ် ”

“ အဲ့ဒါက ဝိညာဉ်ချည်မျှင်တွေကို သန့်စင်ပြီး နတ်ဘုရားသက်ရှိတွေရဲ့ ပုံရိပ်ကို ရက်လုပ်ဖို့အတွက်ပဲလို့ ထင်ရတယ်… ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒါတွေက အပေါ်ယံပဲ… တကယ်ကြောက်စရာကောင်းတဲ့ အချက်က… ”

“ အဲ့ဒါက နတ်ဘုရားအရင်းအမြစ်ကို ကျင့်ကြံခြင်းအဆင့်တတ်ဖို့ စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်တယ် ”

“ မင်းက ကျင့်ကြံခြင်းအကန့်အသတ်ကို ရောက်ရှိသွားတဲ့အခါ နတ်ဘုရားပုံရိပ်ကို လောင်ကျွမ်းပစ်ပြီး အဲ့ဒါကို အတင်းအဓမ္မ အဆင့်ချိုးဖြတ်စေဖို့ ကြီးမားတဲ့ လောင်စာစွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်တယ်… ဒီနည်းလမ်းနဲ့ဆိုရင် မင်းက လမ်းစဉ်ဖြတ်တောက်ခံထားရတဲ့ အင်မော်တယ်လမ်းစဉ်ကို ရှေ့ဆက်ကျင့်ကြံနိုင်လိမ့်မယ်… မင်းက အင်မော်တယ်ဖြစ်လာဖို့ နတ်ဘုရားအရင်းအမြစ်ကို ငှားယူနိုင်ပြီး မူကွဲအင်မော်တယ်တစ်ပါးဖြစ်လာလိမ့်မယ် ”

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်မှာ သူတံခါးပိတ်ကျင့်ကြံနေသော လျှို့ဝှက်အခန်း၏ အပြင်ဘက်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းဆောင်၏ အသံက ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး… မင်းအထဲမှာရှိလား… ဒီနေ့ လရောင်က မှေးမှိန်ပြီး လေက အကြမ်းပတမ်း တိုက်ခတ်နေတယ်… နှင်းပွင့်တွေကလည်း မရပ်မစဲကျဆင်းနေပြီး အရိုးခိုက်ခိုက်တုန်စေတဲ့ အအေးဓာတ်ကို ဖန်တီးနေတယ်… အခုလိုအချိန်က ငါ့အတွက် ကိစ္စသေးလေးတစ်ခု လုပ်ဆောင်ဖို့ အကောင်းဆုံးပဲ… ဒါပေမဲ့ ငါ့ကို စောင့်ကြည့်ပေးပြီး ကူညီပေးမယ့် လူတစ်ယောက်ကို ငါလိုအပ်တယ်… အဲ့ဒီအတွက် မင်းကူညီပေးနိုင်မလား ”

All Chapters