← Chapters

တာအိုရောင်းရင်းအားဂို… မင်းက အရမ်းကြောက်စရာကောင်းတာပဲ

Vol. 76 Ch. 1182

တာအိုရောင်းရင်းအားဂို… မင်းက အရမ်းကြောက်စရာကောင်းတာပဲ

Vol. 76 Ch. 1182

ခေါင်းဆောင်သည် စကားပြောနေရင်း ရွှီချင်း၏ အခြေအနေကို အာရုံခံရန် အမည်မသိ နည်းလမ်းတစ်ခုကို အသုံးပြုလိုက်သည်။ သို့ဖြစ်၍ ရွှီချင်းရှိနေသော လျှို့ဝှက်အခန်းတံခါးသည် တိတ်တဆိတ် ပွင့်သွားသည်။

ခေါင်းဆောင်သည် ဘဝမြင့်သော အမူအရာဖြင့် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

“ ဘယ်လိုလဲ ချင်းလေး… အချုပ်အနှောင်တွေနဲ့ စည်းချအစီအရင်တွေကို ကျော်ဖြတ်ပြီး လျှို့ဝှက်အခန်းတံခါးကို ဖွင့်တဲ့ ငါ့ရဲ့ နည်းလမ်းက မလန်းဘူးလား ”

“ ငါမင်းကို ပြောပြမယ်… ဒီနည်းလမ်းက နန်းမြို့တော်ကို ငါရောက်လာပြီးနောက် ငါနဲ့မိတ်ဆွေဖွဲ့ခဲ့တဲ့ ငါ့မိတ်ဆွေကောင်းတစ်ယောက်က ငါ့ကို သင်ပေးခဲ့တာ ”

ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူက ခေါင်းဆောင်ကို မကြည့်မီ လျှို့ဝှက်အခန်းတံခါးကို ဦးစွာကြည့်လိုက်သည်။ ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ဤလျှို့ဝှက်အခန်းထဲတွင် အချုပ်အနှောင်များအပြင် စည်းချအစီအရင်တချို့ကိုလည်း ထပ်ပေါင်းရေးဆွဲထားသည်။

သူ၏ အတားအဆီးကို ပြီးပြည့်စုံသည်ဟု မသတ်မှတ်နိုင်သော်လည်း ယင်းကို တိတ်တဆိတ် ဖွင့်လှစ်ရန် လွန်စွာ ခက်ခဲပေသည်။

သို့သော်လည်း ခေါင်းဆောင်က ယင်းကို အလွယ်တကူ ဖွင့်လှစ်နိုင်ခဲ့သည်။

“ ဘာအတတ်ပညာလဲ ”

ရွှီချင်းသည် မမေးမြန်းဘဲ မနေနိုင်ပေ။

ရွှီချင်း၏ မေးမြန်းမှုက ခေါင်းဆောင်အား ဂုဏ်ယူဝင့်ကြွားမှုကို ခံစားမိစေပြီး ပြောမပြနိုင်အောင် သက်တောင့်သက်သာရှိစေသည်။

“ နန်းမြို့တော်ကို ရောက်လာပြီးနောက် ငါက လျှောက်ပတ်သွားနေခဲ့တာ မဟုတ်ဘူး… ငါက သရုပ်အသစ်ကို ပြုလုပ်ခဲ့ပြီး မိတ်ဆွေအများကြီးကို ဖွဲ့ခဲ့တယ်… အထူးသဖြင့် ဒီတစ်ယောက်က အရမ်းလျှို့ဝှက်ဆန်းကြယ်တယ် ”

“ ဒါပေမဲ့ ငါ့အကျင့်ကို မင်းသိတယ်မလား… အဲ့လိုလူမျိုးကို ငါက ဘယ်လိုလုပ် မိတ်ဆွေဖွဲ့မှာလဲ… ဒါကြောင့် ငါသူ့ကို ငြင်းလိုက်တယ်… အဲ့ဒီမှာ သူက အရမ်းစိုးရိမ်သွားပြီး ငါနဲ့မိတ်ဆွေဖွဲ့ဖို့အတွက် ဒီပညာကို ငါ့ကို သင်ပေးခဲ့တယ် ”

“ အဲ့ဒီအကြောင်းကို မပြောကြရအောင်… အခု မင်းကျင့်ကြံတာ ပြီးသွားပြီမလား… ဒါဆို ငါ့နောက်ကို လိုက်ခဲ့ပါ ”

ခေါင်းဆောင်က ရွှီချင်း၏ လက်ကို ဖမ်းဆွဲလိုက်စဉ် သူ၏ မျက်နှာပေါ်မှာ မျှော်လင့်သော အမူအရာဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် အကူအညီမဲ့သွားသည်။ ဤလောကထဲတွင် သူမငြင်းနိုင်သော လူတချို့သာ ရှိသည်။ စီနီယာအကိုကြီးက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။

“ မင်းက အခု ဘာကိစ္စလုပ်မလို့လဲ ”

ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။

“ ပစ္စည်းခိုးဖို့အတွက် ငါနဲ့အတူ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းဆီ လိုက်ခဲ့ပေးပါ ”

ခေါင်းဆောင်သည် တိုးညင်းစွာ ပြောသည်။ သူက ရွှီချင်းကို ဆွဲခေါ်လိုက်ပြီး အပြင်သို့ ဦးဆောင်သွားသည်။

ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး သူက ငြင်းဆန်လိုက်သည်။ သူက မသေချင်သေးပေ။

ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။

“ အဲ့ဒါက ဂိုဏ်းခွဲတစ်ခုပါ… အဓိကဂိုဏ်းတော်ကြီး မဟုတ်ပါဘူး… အဆင်ပြေပါတယ်… သူတို့ထဲမှာ အသန်မာဆုံးက ဗလာနတ္ထိအဆင့်ပါ… ငါတို့က ဆူဆူညံညံလုပ်ပြီး အဓိကဂိုဏ်းရဲ့ အာရုံကို မဆွဲဆောင်မိသရွေ့ အဆင်ပြေပါတယ် ”

ရွှီချင်းသည် တစ်ခဏ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

ညကောင်းကင်အောက်တွင် လေတဟူးဟူး တိုက်ခတ်နေသည်။ ရွှီချင်းနှင့် ခေါင်းဆောင်၏ ပုံရိပ်များက ရေကန်ကို ဖြတ်သန်းသွားသည့်အခါ လှိုင်းဂယက်များသည် ရေကန်၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

“ ဒီည ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲရဲ့ တားမြစ်ဧရိယာဆီ သွားပြီး ပစ္စည်းခိုးမယ်လို့ ငါနဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မိတ်ဆွေက သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ် ”

ခေါင်းဆောင်သည် အရှိန်မြှင့်တင်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက မျက်နှာဖုံးတစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းကို ပေးလိုက်သည်။

“ အဲ့ဒီမျက်နှာဖုံးကို ဝတ်ထားလိုက်ပါ… နန်းမြို့တော်ဆီ ငါတို့မလာခင် အဖိုးကြီးရဲ့ ရတနာသိုက်ထဲကနေ အဲ့ဒါကို ငါခိုးလာခဲ့တာ… ငါတို့ရဲ့ အရှိန်အဝါကို ထိန်းချုပ်နိုင်သရွေ့ အဲ့ဒါက ငါတို့ရဲ့ သရုပ်ကို ဖုံးကွယ်ပေးလိမ့်မယ်… အချိန်တိုအတွင်း ငါတို့ရဲ့ တကယ့်အသွင်အပြင်ကို ဘယ်သူမှ မြင်နိုင်မှာမဟုတ်ဘူး ”

“ ဘာပဲဖြစ်ဖြစ် အဲ့ဒီမိတ်ဆွေရဲ့ နောက်ခံကို ငါသေချာမသိဘူး… သူက သူ့သရုပ်ကို ဖုံးကွယ်ဖို့အတွက် ငါ့ကို အသုံးချချင်နေတာ ဖြစ်နိုင်တယ်… သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနိုင်တယ်… ဒါပေမဲ့ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းရဲ့ တားမြစ်နေရာဆီ မဖြစ်မနေ ငါသွားရောက်ဖို့လိုတယ် ”

“ အဲ့ဒီမှာ ငါလိုချင်တဲ့ တစ်စုံတစ်ခုရှိတယ်… အဲ့ဒါက အနာဂတ်မှာ ငါလုပ်ဆောင်မယ့် ကိစ္စကြီးနဲ့ ဆက်စပ်နေတယ် ”

“ ဒါပေမဲ့ ငါသူ့အပေါ် စိတ်မချသေးဘူး… သူက ငါ့ရဲ့ သရုပ်ကို မသိထားဘူးဆိုတာတော့ ငါသေချာတယ်… ဒါကြောင့် မင်းကို ငါနဲ့အတူ ခေါ်ဆောင်လာတာ… မင်းက အပြင်ဘက်ကနေ ငါ့ကို စောင့်ကြည့်ပေးပါ… တကယ်လို့ သူ့မှာ ငါ့အပေါ် မကောင်းကြံချင်တဲ့ စိတ်ရှိတယ်ဆိုရင် ငါတို့ သူ့ကို သတ်ပစ်မယ် ”

“ ပြီးတော့ သူနဲ့ငါ အထဲဝင်သွားပြီးလို့ သူတစ်ယောက်တည်း အရင်ထွက်လာမယ်ဆိုရင် ငါ့အတွက် သူ့ကို တားဆီးပေးပါ… တကယ်လို့ သူသာ အရင်ထွက်သွားရင် သူငါ့ကို ရောင်းစားပစ်ခဲ့မှာ စိုးရိမ်ရတယ် ”

အေးစက်စက် အလင်းသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤသည်ကို ကြားသောအခါ ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။

ထိုမျက်နှာဖုံးကို ပြုလုပ်ထားသော ပစ္စည်းသည် အလွန်ထူးခြားသည်။ သူက မျက်နှာဖုံးဝတ်လိုက်သည့်အခါ သက်တောင့်သက်သာမရှိခြင်းကို မခံစားမိပေ။ ယင်းက သူ၏ မျက်နှာနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားသည်။

ရွှီချင်းသည် သူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးကို ထိလိုက်ပြီး အရှိန်တင်လိုက်သည်။ သူက ခေါင်းဆောင်ကို ကူညီပြီး ထိုသို့လုပ်ဆောင်ပေးသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။ သူက အနောက်မှ လိုက်ပါလာနေရင်း မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာကို စဉ်းစားလိုက်ပြီး သူ၏ စိတ်ထဲမှာ အရာများစွာကို ရက်လုပ်ရန် ကြိုးစားလိုက်သည်။

‘ သီအိုရီအရဆိုရင် ငါ့ရဲ့ လက်ရှိ နတ်ဘုရားအရင်းအမြစ် ဝိညာဉ်ချည်မျှင်တွေက ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ရက်လုပ်ဖို့အတွက် လုံလောက်တယ်… ’

‘ ဒါပေမဲ့ ဝိညာဉ်ချည်မျှင်တွေအပေါ် ငါ့ရဲ့ ထိန်းချုပ်မှုက အသေးစိတ်အဆင့်ကို မရောက်သေးဘူး… အဲ့ဒါကို ရက်လုပ်ဖို့အတွက် အချိန်တစ်ခုလိုအပ်လိမ့်မယ်… အဲ့ဒါကို လျှပ်တစ်ပြက်အတွင်း ထုတ်ဖော်ဖို့က ခက်ခဲတယ်… ငါနောက်ထပ် လေ့ကျင့်ပြီး ဝိညာဉ်ချည်မျှင်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တော့မှ အဲ့ဒါကို ချက်ချင်း ထုတ်ဖော်နိုင်လိမ့်မယ် ’

‘ ဒါပေမဲ့ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကတော့ အများကြီး ပိုလွယ်ကူလာတယ်… ငါ့မှာ ဝိညာဉ်ချည်မျှင်တွေ အလုံလောက်ရှိရင် အဲ့ဒါကို ချက်ချင်း ငါထုတ်ဖော်နိုင်တယ် ’

‘ ဒါ့အပြင် အဲ့ဒါရဲ့ အသွင်သဏ္ဍာန်က ပြောင်းလဲနိုင်တယ်… ’

‘ နောက်ပိုင်း နန်းမြို့တော်ထဲမှာ ငါလှုပ်ရှားတဲ့အခါကျရင် အဲ့ဒါက ငါ့ရဲ့ သရုပ်ကို ဖုံးကွယ်ဖို့ အရမ်းသင့်တော်တယ် ’

ရွှီချင်းက စဉ်းစားနေစဉ် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဆက်ပြီး ရက်လုပ်လိုက်သည်။ သူ၏ အရှိန်အဝါသည်လည်း ပြောင်းလဲသွားသည်။ ခေါင်းဆောင်သည် ယင်းကို ချက်ချင်း အာရုံခံမိသွားပြီး သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သို့သော်လည်း ယခု သူ၏ စိတ်ထဲမှာ ကိစ္စကြီးတစ်ခုရှိနေသောကြောင့် ထိုအကြောင်းကို ချက်ချင်း မမေးပေ။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ညအမှောင်ထုကို အခွင့်ကောင်းယူ၍ သူတို့၏ ခြေရာလက်ရာများကို ဖုံးကွယ်လိုက်ကြပြီး အရှေ့သို့ အရှိန်တင်လိုက်ကြသည်။ နှစ်နာရီကြာပြီးနောက် သူတို့သည် နန်းမြို့တော်၏ အနောက်မြောက်ပိုင်းသို့ ရောက်ရှိသွားကြသည်။

ဤနေရာသည် မြို့တော်နှင့် အလွန်ဝေးကွာသော တောင်တန်းဒေသတစ်ခုဖြစ်သည်။ ညအမှောင်ထုအောက်မှာ ဤနေရာသည် နှင်းပွင့်ချပ်များဖြင့် ပြည့်နှက်နေပြီး အမြင်အာရုံကို ဝေဝါးစေသည်။

သို့သော်လည်း ထိုတောင်တန်းများထဲတွင် ကြယ်အလင်းရောင်ကို စုပ်ယူနိုင်ဟန်ရသော တောင်ကုန်းတစ်ခုရှိသည်။ တောင်ကုန်း၏ ကိုယ်ထည်သည် ထွန်းလင်းတောက်ပပြီး အလွန်ထင်ရှားသည်။ တောင်ကုန်း၏ ဘေးပတ်ဝန်းကျင်မှ နှင်းပွင့်ချပ်များသည်လည်း သက်တံ့အလင်းရောင်ကို အလင်းပြန်နေကြသည်။

ထိုနေရာသည် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲတစ်ခု၏ ပိုင်နက်ဖြစ်သည်။ တောင်ကုန်းထဲတွင် နောက်ထပ် နယ်မြေတစ်ခုရှိပြီး ယင်းက ဝင်ပေါက်တစ်ခုသာ ဖြစ်သည်။

“ ငါတို့ရောက်ပြီ ”

ခေါင်းဆောင်သည် အဝေးမှ ထွန်းလင်းတောက်ပသော တောင်ကုန်းကို လှမ်းကြည့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည့်အခါ ထိုအနီးနားမှ ကြက်ဖ၏ ဦးခေါင်းနှင့်ဆင်တူသော တောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။ သူက ထိုနေရာမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်ကာ သူ့အနောက်မှ ရွှီချင်းကို လှည့်ကြည့်လိုက်သည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဆက်လက် ရက်လုပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် အစဉ်အမြဲ ပြောင်းလဲနေပြီး ယခင်ကနှင့် ခြားနားသွားသည်။

ရွှီချင်း၏ အရှိန်အဝါက ထပ်မံပြောင်းလဲသွားကြောင်း အာရုံခံမိသွားသည့်အခါ ခေါင်းဆောင်သည် နောက်ဆုံးမှာတော့ မမေးမြန်းဘဲ မနေနိုင်တော့ပေ။

“ ချင်းလေး… မင်းဘာဖြစ်နေတာလဲ… ငါက မင်းကို အရှိန်အဝါထိန်းချုပ်ဖို့ပဲ ပြောတာပါ… မင်းရဲ့ အရှိန်အဝါကို မပြောင်းလဲခိုင်းပါဘူး… မင်းဘယ်လိုလုပ် အဲ့လိုလုပ်နိုင်တာလဲ… အထူးသဖြင့် အခု မင်းက မျက်နှာဖုံးဝတ်ထားချိန်မှာ ငါနဲ့ မရင်းနှီးသလို ခံစားရတယ်… ”

“ မကြာသေးခင်က ကျင့်ကြံခြင်းအတတ်ပညာအသစ်တစ်ခုကို ငါသင်ယူခဲ့တယ် ”

ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။ သို့သော်လည်း သူက အများကြီး မရှင်းပြခဲ့ပေ။

ခေါင်းဆောင်သည် စူးစမ်းချင်လာပြီး ဆက်ပြီးမေးမြန်းရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ နူးညံ့သော လေခွင်းသံသည် အဝေးမှ ပျံ့လွင့်လာသည်။ ခေါင်းဆောင်နှင့် ရွှီချင်းသည် ကောင်းကင်ကို ကြည့်လိုက်ကြသည်။

သာမန်ရုပ်ရည်ဖြင့် ကြော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ယောက်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လျက် လေနှင့်နှင်းကို ဖြတ်ကျော်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ဦးစွာကျရောက်သွားသည်။ ထို့နောက် သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ချန်းတချင်း… သူက… ”

တစ်ဖက်လူ၏ စကားကို ကြားသောအခါ ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ချန်းတချင်းက ခေါင်းဆောင်၏ နာမည်အတုဖြစ်ကြောင်း သူသိသွားသည်။

“ သူက ငါ့ညီလေး အားဂိုပါ… သူက ငါတစ်ယောက်တည်းသွားမှာကို စိုးရိမ်နေတာလေ… အဲ့ဒါကြောင့် ငါ့ကို ကူညီပေးဖို့အတွက် သူက လိုက်လာတာပါ ”

ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

အမျိုးသမီးသည် ထိုကိစ္စအပေါ် မည်သည့်မှတ်ချက်မှ မပေးပေ။ သူက ရွှီချင်းကို တစ်ချက်ကြည့်ပြီးနောက် အကြည့်ပြန်ရုပ်လိုက်ကာ အဝေးမှ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းကို ကြည့်လိုက်သည်။

“ ဒါဆို ငါတို့ရဲ့ သဘောတူညီမှုအတိုင်း အခုပဲ ထွက်ခွာရအောင် ”

“ သွားကြစို့ ”

ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ရွှီချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပျံသန်းသွားသည်။

အမျိုးသမီးသည်လည်း အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ထွန်းလင်းတောက်ပသော တောင်ကုန်းဆီသို့ ခေါင်းဆောင်၏ ဘေးမှ လျှောက်သွားသည်။

ရွှီချင်းသည် တိတ်တဆိတ် စောင့်ကြည့်နေသည်။ မကြာမီ သူတို့နှစ်ယောက်က တောင်ကုန်းနားသို့ ရောက်ရှိသွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးလာပြီး တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားကြသည်။

ရွှီချင်းသည် ထိုမြင်ကွင်းကို မအံ့ဩပေ။

ခေါင်းဆောင်ဆီမှာ နည်းလမ်းများစွာရှိပြီး ထိုအမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်သည်ဟု ခေါင်းဆောင်က ပြောလာမှတော့ သူက သေချာပေါက် သာမန်လူမဖြစ်နိုင်ပေ။ ထို့ပြင် သူက ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းကို ပစ်မှတ်ထားဝံ့မှတော့ သူ့မှာ အတိုင်းအတာတစ်ခုထိ ယုံကြည်မှုရှိရမည်။

သို့သော်လည်း ခေါင်းဆောင်၏ သေလမ်းရှာတတ်သော ဝါသနာကို စဉ်းစားမိသွားသောအခါ ရွှီချင်းသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး ဤနေရာမှ ထွက်ခွာသွားကာ တခြားတောင်တစ်လုံးထံသို့ နေရာပြောင်းရွှေ့သွားသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အပြောင်းအလဲမှ ထွက်ပေါ်မလာချေ။ နှစ်နာရီကြာမြင့်ပြီးနောက် ထွန်းလင်းတောက်ပသော တောင်ကုန်း၏ အပြင်ဘက် လေဟာနယ်ထဲတွင် လှိုင်းအတွန့်များ ထွက်ပေါ်လာသည်။ မကြာမီ အမျိုးသမီးပုံရိပ်က ထိုနေရာမှာ ထွက်ပေါ်လာသည်။

သူက အပြင်သို့ ထွက်လာပြီးနောက် လုံးဝတုံ့ဆိုင်းမနေဘဲ ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အမျိုးသမီး၏ ခြေလှမ်းသည် တုံ့ခနဲ ရပ်တန့်သွားသည်။ သူ့အရှေ့မှ လေဟာနယ်သည် ပုံပျက်တွန့်လိမ်သွားပြီး ရွှီချင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။

“ တာအိုရောင်းရင်း… ထွက်သွားဖို့ မလောပါနဲ့ဦး… တချင်းထွက်လာမှ ငါတို့အတူတူ ထွက်သွားတာက ပိုပြီး ဘေးကင်းလုံခြုံပါလိမ့်မယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်လေရာ အေးစက်စက်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ထွက်သွားစမ်း ”

အမျိုးသမီးသည် စကားပြောပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ့အရှေ့မှ လေဟာနယ်သည် ချက်ချင်း အေးခဲသွားသည်။ ဤသည်မှာ လေဟာနယ်က ကြေးမုံတစ်ချပ်အသွင်သို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ ဘယ်ဘက်နှင့် ညာဘက်ကို လွှမ်းခြုံသွားသည့်အလားပင်။ တစ်ဆက်တည်းမှာ လေဟာနယ်ကြေးမုံသည် ချက်ချင်း အက်ကွဲသွားသည်။

သူက တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ဆက်လက် ပျံသန်းသွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက မျက်လုံးမှေးကျဉ်းသွားသည်။ သူ့အရှေ့မှ လေဟာနယ်သည် တွန့်လိမ်သွားပြီး ရွှီချင်း၏ ပုံရိပ်က တည်ငြိမ်သော အမူအရာဖြင့် ထပ်မံ ထွက်ပေါ်လာလေသည်။

“ ရပ်ပါ ”

အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အမူအရာက တည်ကြည်သွားသည်။ သူက ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ လေနှင့်နှင်းသည် ချက်ချင်း တုန်ယင်လာပြီး အသွင်ပြောင်းလဲသွားကြသည်။ ယင်းတို့က ရေခဲအပ်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး ရွှီချင်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာ သူက ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားလေရာ ကြွင်းကျန်ပုံရိပ်တစ်ခုက သူ၏ မူလနေရာမှာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေဆဲပင်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲစည်းလိုက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို အနက်ရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး အမျိုးသမီးဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။

သူတို့နှစ်ယောက်က နီးကပ်သွားသည်နှင့်ချက်ချင်း တိုက်ခိုက်မှုများကို ဖလှယ်လိုက်ကြသည်။ သူတို့၏ မန္တန်များသည် အပြန်အလှန် ယှက်ထွေသွားကြပြီး အသက်ရှူချိန်အနည်းငယ်ကြာ လှည့်ပတ်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူတို့က တိုက်ကွက်တစ်ရာကျော် ဖလှယ်ပြီးသွားကြပြီ ဖြစ်သည်။

သူတို့နှစ်ယောက်သည် ကျယ်လောင်သော အသံနှင့် ကြီးမားသော စွမ်းအင်လှိုင်းအတတ်အကျများကို မထုတ်လွှတ်မိစေရန် ကိုယ့်ကိုယ်ကို ချုပ်ထိန်းထားကြသည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် အမျိုးသမီးသည် စိတ်လောလာပြီး သူ၏ အမူအရာမှာ စိတ်မရှည်သော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ ချန်းတချင်းက အထဲဝင်သွားပြီးတဲ့နောက် ဘာသဲလွန်စမှ ရှာမရအောင် ပျောက်သွားတယ်… ငါ့ကို တားဆီးစရာ နင့်မှာ ဘာအကြောင်းမှမရှိဘူး… တကယ်လို့ ငါ့အရှေ့ကနေ နင်မဖယ်ဘူးဆိုရင်… ငါနင့်ကို သတ်ပစ်မယ် ”

“ သူထွက်လာမှပဲ မင်းထွက်သွားနိုင်မယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြန်ပြောသည်။

“ နင်က သေဖို့တောင်းဆိုနေတာပဲ ”

အမျိုးသမီး၏ မျက်လုံးထဲမှ အေးစက်မှုသည် ပိုပြီးသိပ်သည်းလာသည်။ သူက ညာလက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို ရုတ်တရက် ဖွဲ့စည်းလိုက်သည်။ အက်ကွဲကြောင်းတစ်ခုသည် သူ၏ နဖူးပေါ်မှာ ဒေါင်လိုက်ထွက်ပေါ်လာသည်။ ထို့နောက် သိမ်မွေ့နူးညံ့သော အငွေ့အသက်ကို ထုတ်လွှတ်နေသော အဖြူရောင်အပ်တစ်စင်းသည် သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။ ယင်းက ဟင်းဟင်းပြင်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

အဖြူရောင်အပ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ကျင့်ကြံသူများ၏ စွမ်းအား၊ နတ်ဘုရားများ၏ ဖိအားနှင့် ခြားနားသည်။ သို့သော်လည်း ယင်း၏ လွှမ်းမိုးဖိနှိပ်မှုသည် ပိုပြီးအံ့ဖွယ်ကောင်းသည်။

ဤသည်မှာ ထိုစွမ်းအင်၏ အနှစ်သာရက ဤလောကထဲမှ အထွတ်အမြတ်တည်ရှိမှုတစ်ခုထံမှ ဆင်းသက်လာဟန် ရ၏။

ပထမဆုံးအကြိမ် ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အန္တရာယ်အငွေ့အသက်ကို သူခံစားမိလာသည်။ ဤအခိုက်အတန့်မှာ သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်သုံးသိန်းတစ်သောင်းသည် ချက်ချင်း ပေါ်ထွက်လာကြပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ရက်စက်ကြမ်းကြုတ်သော ဧရာမပုံရိပ်တစ်ခုကို တိုက်ရိုက် ဖွဲ့စည်းသွားသည်။

ထိုပုံရိပ်သည် ပိုးဟပ်တစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှ နတ်ဘုရားအားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေပြီး ၎င်းက နတ်ဘုရားတစ်ပါးနှင့် နီးကပ်သော ခံစားမှုကို ပေးသည်။ ၎င်းသည် မူကွဲအင်မော်တယ်ကျောင်းတော်မှ မှတ်တမ်းတင်ထားသော နတ်ဘုရားသက်ရှိများထဲမှ ဘူမိကလေးငယ် ဖြစ်သည်။

ဘူမိကလေးငယ်ကဲ့သို့ နတ်ဘုရားသက်ရှိတစ်ကောင်၏ အမြင့်ဆုံး ကျင့်ကြံခြင်းသည် ဝိညာဉ်သိုက်အဆင့်မျှသာ ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ ဘူမိကလေးငယ်သည်တော့ ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းမှာ ရှိသည်။ ၎င်းကို ရွှီချင်းက ဝိညာဉ်ချည်မျှင်ရက်လုပ်ခြင်းအတတ်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

ဘူမိကလေးငယ် ထွက်ပေါ်လာပြီးနောက် ဝိညာဉ်ချည်မျှင်သုံးသိန်းကျော်က ထွက်ပေါ်လာပြီး ထူးဆန်းသော အဖြူရောင်အပ်ဆီသို့ ဦးတည်သွားကြသည်။

ဤသည်ကို ထိုအမျိုးသမီး မြင်သွားသောအခါ သူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူက အနောက်ဆုတ်သွားပြီး မြန်ဆန်စွာ အော်ပြောသည်။

“ ရပ်လိုက် ”

“ တာအိုရောင်းရင်းအားဂို… တကယ်လို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူး… ငါတို့ရဲ့ တိုက်ခိုက်မှုကနေ ထွက်ပေါ်လာမယ့် အားလှိုင်းတွေက ဘေးပတ်ဝန်းကျင်မှာ ငါခင်းကျင်းထားတဲ့ အကန့်အသတ်စည်းတွေကို ဖျက်ဆီးပစ်လိမ့်မယ်… အဲ့ဒါဆိုရင် ငါတို့ကို ရှာတွေ့သွားလိမ့်မယ်… တော်ပြီ ဆက်မတိုက်ခိုက်တော့ဘူး… နင်နဲ့အတူ သူ့ကို ငါစောင့်မယ် ”

သူက စကားပြောပြီးနောက် ကြောက်ရွံ့စွာ လက်ဝှေ့ယမ်းလိုက်ပြီး အဖြူရောင်အပ်ကို ပြန်ဆင့်ခေါ်လိုက်သည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ဘူမိကလေးငယ်က ပျောက်ကွယ်သွားပြီး သူ၏ ဝိညာဉ်ချည်မျှင်များက အသိစိတ်ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

အကယ်၍ တစ်ဖက်လူက တိုက်ခိုက်ရန် ဆန္ဒရှိသေးသည်ဆိုလျှင် သူက ၎င်းကို ချက်ချင်း ထပ်မံဖွဲ့စည်းနိုင်ပေသည်။

နှင်းမုန်တိုင်းက ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ သူတို့နှစ်ယောက်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည့်အခါ တောင်တန်းဒေသတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် အမျိုးသမီးသည် ရွှီချင်းကို ကြည့်လိုက်သည်။ ထိတ်လန့်မှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် မသေချာစွာ ပြောသည်။

“ တာအိုရောင်းရင်းအားဂို… နင် စောစောက အသုံးပြုသွားတာ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာမလား ”

“ ဝိညာဉ်ချည်မျှင်တစ်သိန်းကျော်… အရမ်းကြောက်စရာကောင်းတာပဲ… ”

“ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အတတ်ပညာကို တစ်ယောက်ယောက်က ဒီအဆင့်ထိရောက်အောင် တကယ်ပဲ ကျင့်ကြံနိုင်တယ်… နင်က… ဘယ်သူလဲ ”

All Chapters