← Chapters

အခန်း (၄၈၆)

Vol. 40 Ch. 486

အခန်း (၄၈၆)

Vol. 40 Ch. 486

သူ ဘယ်သူလဲ

နောက်ဆုံးစာအုပ်

ဇာတ်သိမ်း

အခုဒီနေရာကို ရောက်လာပြီ။ စွေ့ဟုန်ကတည်းကနေ သူဘယ်သူလဲအထိ အာပေးဖတ်ရှုပေးနေလို့ ကျွန်တော်က အလေးအနက်ကို ကျေးဇူးတင်ကြောင်းလေးကို အရင်ပြောလိုက်ပါတယ်…

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ

Zeus…

လီချန်ချင်း ပြန်ရောက်သည်နှင့် ပတ်သက်ပြီး ယန်မိသားစုက ပိုင်မိသားစု၏ ပိုင်ကျင့်ဖေးနှင့် ကျောက်မိသားစု၏ ကျောက်ရီချိုးကို အကြောင်းကြားခဲ့လေသည်။

လီချန်ချင်း ပြန်ရောက်လာမှုသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ကျောထောက်နောက်ခံ ပြန်လာခဲ့ပြီဟု ဆိုလိုသည်။

ဤတစ်နှစ်ကျော်အတွင်း ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် ရွှယ်ချမ်းပိုင်က ရှိနေသော်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် မည်သူမျှ ပြဿနာမတက်ဝံ့ကြပေ။ သို့သော်လည်း ရွှယ်ချမ်းပိုင်သည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကိုသာ ကာကွယ်နိုင်ခဲ့ပြီး စီးပွားရေးကို နားမလည်ခဲ့ပေ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် ရှေ့သို့ ဆက်လျှောက်လှမ်းရန် လမ်းစမရှိသေးပေ။

ယခု လီချန်ချင်း ပြန်ရောက်လာသောအခါ မိသားစုသုံးစုသည် ဝမ်းသာအားရ ငိုယိုကြပြီး ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် များမကြာမီ ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ထင်မြင်ကြသည်။

လီချန်ချင်းကို ကြိုဆိုရန် မိသားစုသုံးစု စုရုံးခဲ့ကြသည်။

မကြာမီ ရက်အနည်းငယ်အတွင်း ချန်ထင်မြို့ငယ်လေးသည် အသက်ဝင်လာခဲ့သည်။

မရေမတွက်နိုင်သော အင်အားကြီးသူများသည် လီချန်ချင်းဆီသို့ သွားရောက်လည်ပတ်ရန် ချန်ထင်မြို့သို့ ရောက်ရှိလာကြသည်။

ထျန်းဟိုင်မြို့တော်ရှိ လီချန်ချင်း၏တိုက်ပွဲသည် သမိုင်းတွင် မကြုံစဖူး ထူးကဲလှသည်။ သူသည် ယွဲ့ဟန်ကျွင်းကို ကိုးကြိမ်တိုင်တိုင် သတ်ခဲ့သည်။ ကြယ်တာရာ‌ကောင်းကင် အနက်ရောင်ခေါင်းတလားကဲ့သို့ ရတနာများကပင် သူ့ကို ထောင်ချောက်မဆင်နိုင်ပေ။ တစ်စုံတစ်ယောက်သည် ကမ္ဘာ့စွမ်းအားအကြီးဆုံး ဟု မော်ကွန်းထိုးထားသည့် ကျောက်ပြားကိုပင် လီချန်ချင်းထံသို့ ပေးပို့ခဲ့သည်။

လီချန်ချင်းသည် ထိုကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။

လီချန်ချင်းက ယခုအချိန်တွင် သာမာန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူ့ထံလာလည်သူများကို မရှောင်ရှားခဲ့ပေ။ ကြာပန်းမီးအိမ်ရတနာသာ မရှိခဲ့လျှင် မဟာလွတ်မြောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း သူ၏အိမ်တံခါးဝသို့ ရောက်လာကြသည့် ဤစွမ်းအားကြီးလှသော ယောက်ျားများကို ရင်ဆိုင်သောအခါ လီချန်ချင်းသည် အေးချမ်းပြီး စိတ်တည်ငြိမ်နေကာ ခွန်အားကြီးသည့် ယောက်ျားတစ်ယောက်၏ ခန့်ညားထည်ဝါလှသော ဂုဏ်သိက္ခာလည်း ရှိနေသေးသည်။

ထို့ကြောင့် အချို့သောလူများက လီချန်ချင်း၏ အရှိန်အဝါ ပြောင်းလဲသွားသည်ဟု ခံစားမိသော်လည်း လီချန်ချင်း၏ ကျင့်ကြံခြင်းတွင် တစ်စုံတရာ မှားယွင်းမှုရှိနေသည်ကို မည်သူမျှ သံသယမ၀င်ရဲကြပေ။

အမှန်တကယ်ပင် ထိုနေ့က ထျန်းဟိုင်မြို့တော်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို မရေမတွက်နိုင်သည့်လူများက သက်သေခံခဲ့ပေသည်။

‘ဘယ်သူက မေးခွန်းထုတ်ရဲမှာလဲ။’

‘သေဖို့လမ်းစကို ရှာနေတာနဲ့ တူမနေဘူးလား။’

လူတစ်ဦးသာ သေဆုံးမည်မဟုတ်ဘဲ ဂိုဏ်းတစ်ခုလုံးကိုပါ ထိုသူနှင့်အတူ သင်္ဂြိုဟ်ခံရရန် ဆွဲငင်နိုင်ချေရှိသည်။

ဤလူများသာမက စန်းယွမ်နယ်မြေအရှင်၏ နောက်တော်လိုက်သော ထျန်းဟိုင်မြို့တော်ရှိ မိသားစု 19 စုမှ အင်အားကြီးသူများကလည်း လီချန်ချင်းရှိရာ ချန်ထင်မြို့သို့ တိတ်တဆိတ် လာရောက်လည်ပတ်ခဲ့ကြသည်။

လီချန်ချင်းရှေ့တွင် သူတို့၏ တည်ရှိနေမှုကို ခံစားစေချင်ကြခြင်း ဖြစ်သည်။ လီချန်ချင်းကလည်း ဘာမှပြန်မပြောဘဲ ဧည့်သည်များကို အပြုံးဖြင့် နှုတ်ဆက်ခဲ့သည်။

ခန့်မှန်းခြေ လဝက်အကြာတွင် ရွှယ်ချမ်းပိုင် နှင့် လီဟမ်ရှန်းတို့သည် တိမ်ကန္တာရနယ်မြေမှ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေနှင့် ချန်ထင်မြို့သို့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့ကြသည်။

လီဟမ်ရှန်းသည် လမ်းတစ်လျှောက်တွင် သူ၏အဖေအကြောင်း ကြားသိလိုက်ရပြီး မေးရိုးများပင် ပြုတ်ကျလုမတတ် အံ့သြသွားခဲ့ရသည်။

ထျန်းဟိုင်မြို့တော်ကို ဖျက်ဆီးရန် တစ်ယောက်တည်း သွားခဲ့ခြင်းပင်။ မြေကမ္ဘာအင်မော်တယ် ယွဲ့ကျီမင်းကိုပင် တစ်ချက်လှုပ်ရှားရုံဖြင့် ချေမှုန်းခဲ့သည်။

စကားပြောရင်း၊ ရယ်မောရင်းဖြင့်ပင် ယွဲ့ဟန်ကျွင်း၏ ခန္ဓာကိုယ်အစစ်အမှန်ကို ကိုးကြိမ်တိုင်တိုင် သတ်ပစ်ခဲ့သည်။

‘ဒါက ဘယ်လို ခွန်အားအမျိုးအစားလဲ။’

လီဟမ်ရှန်းသည် သူ့တွင် ဤမျှလောက် သာလွန်ကောင်းမွန်လှသည့် ဖခင်တစ်ယောက်ရှိသည်ကို တစ်ခါမျှ စိတ်ကူးမယဉ်ဝံ့ပေ။

ယခင်အချိန်က သတ်ဖြတ်သူတစ်သောင်း တောင်ထိပ်တွင် ရှိစဥ်အခါက သူ၏အဖေသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ ထိပ်တန်းအဆင့်ရှိ ဆရာသခင်ဖြစ်သည်ဟု တခြားသူများ ပြောကြသည်ကို ကြားသိခဲ့ရသည်။ ထို့အပြင် ထိုလူက သူ့အဖေ၏ ညီအစ်ကိုကောင်းသည်လည်း မူလအဆင့်တွင်ရှိနေပြီး ဒေသအချို့တွင် အတိုင်းအတာတစ်ခုအထိ ကျော်ကြားလှသည်ဟု ဆိုပေသည်။ လီဟမ်ရှန်းသည် အလွန်အမင်း မနာလိုဖြစ်ခဲ့ရသည်။

ယခုပြန်ကြည့်လိုက်ချိန်တွင် သူ၏အဖေက ကမ္ဘာပေါ်တွင် အကောင်းဆုံးပင် ဖြစ်သည်။ ထိုအရာများအားလုံးက လက်တွေ့သိပ်မဆန်သလိုပင်။

သို့သော်လည်း လီဟမ်ရှန်းသည် ကြာပန်းမီးအိမ်ရတနာကြောင့်သာ လီချန်ချင်းက ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်မားမှုကို စွမ်းဆောင်နိုင်သည်ကို သိပေသည်။

သန်းခေါင်ယံအချိန် ကန်နံဘေးတွင်.....

ညစာစားပြီးနောက် လီချန်ချင်း နှင့် သားဖြစ်သူ လီဟမ်ရှန်းတို့သည် ရေကန်နံဘေးတွင် လမ်းလျှောက်ခဲ့ကြသည်။ သားအဖနှစ်ယောက်သား ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။

“ကျွန်တော်ထင်တာ ကျွန်တော်တို့… ဖေဖေနဲ့ ကျွန်တော် ဒီလိုလမ်းလျှောက်တာ တစ်ခါမှ မလုပ်ဖူးဘူးလို့လေ...”

လီဟမ်ရှန်းက ပြုံးရင်း ပြောလိုက်သည်။

“အမ်.....”

လီချန်ချင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ၏နံဘေးရှိ လီဟမ်ရှန်းကို ကြည့်လိုက်လေသည်။

“အခုတော့ ငါ အရမ်းစိတ်သက်သာရာ ရသွားပြီ.... မင်းပြန်လာဖို့၊ မင်းနဲ့အတူသောက်ဖို့၊ မင်းနဲ့အတူ လမ်းလျှောက်ထွက်ပြီး စကားစမြည်ပြောဖို့ မျှော်လင့်ဖူးပေမယ့် ငါက မင်းအဖေ မဟုတ်ဘူးဆိုတာနဲ့ ငါ့ရဲ့ ကိုယ်ပိုင်လက္ခဏာကို မင်းသိသွားမှာကို ငါကြောက်နေခဲ့တာ...”

“ငါတို့က သားအဖတွေ တကယ်ဖြစ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး... ဒီတိုင်း အခြေအနေက နည်းနည်းကွာခြားနေတာ...”

လီချန်ချင်းက တိတ်ဆိတ်စွာ ရယ်မောလိုက်သည်။ ဤမျှလောက် သွေးထွက်သံယို ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“ဖေဖေက ဘယ်လိုပုံစံမျိုးပဲဖြစ်နေပါစေ ကျွန်တော့်အဖေပဲ...”

လီဟမ်ရှန်းက လေးနက်စွာ ပြောလိုက်သည်။

“မင်း နောက်ထပ် ဘာအစီအစဉ်ရှိလဲ…. မင်း ဒီမှာနေမှာလား ဒါမှမဟုတ် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းကို ပြန်သွားမှာလား.....”

လီချန်ချင်းက လီဟမ်ရှန်းကို ကြည့်ပြီး မေးလိုက်သည်။

“ကျွန်တော် အခုထိ မစဉ်းစားရသေးဘူး... ဖေဖေရော! ဘယ်လိုထင်လဲ...”

လီဟမ်ရှန်းသည်လည်း လေးလေးနက်နက် တွေးတောနေမိသည်။

“ဆုံးဖြတ်ချက်က မင်းအပေါ်မူတည်တယ်... မင်းအခု ကြီးပြင်းလာခဲ့ပြီ... မင်းဘာပဲလုပ်လုပ် ငါ မင်းကို ထောက်ပံ့ပေးမယ်....”

လီချန်ချင်းက ပြုံးပြုံးလေး ပြောလိုက်သည်။

“ဖေဖေ! ဖေဖေ့ရဲ့ ကျင့်ကြံခြင်းက ပြန်ယူလို့ မရနိုင်တော့ဘူးလား....”

လီဟမ်ရှန်းက မေးလိုက်သည်။

“မင်းရဲ့စိတ်ဝိညာဉ်က ဝိညာဉ်တစ်ခုတည်းနဲ့သာဆို မပြည့်စုံဘူးလေ... ဒါကြောင့် သဘာဝအတိုင်း ပြန်ကောင်းလာဖို့ နည်းလမ်းမရှိဘူး...”

လီချန်ချင်းက သူ့ခေါင်းကိုခါလိုက်ပြီး ဆက်ပြောလိုက်သည်။

“ကမ္ဘာကြီးကို ခြိမ်းခြောက်ဖို့နဲ့ ယွဲ့ဟန်ကျွင်းကို ထိတ်လန့်သွားစေဖို့ ထျန်းဟိုင်မြို့တော်မှာ ဒီလိုမျိုးလုပ်ရပ်တွေ ငါလုပ်ခဲ့တယ်.... ဒါက သူ့ကိုရော ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကိုပါ မင်းနဲ့ပတ်သက်ပြီး ဥာဏ်နီဉာဏ်နက်တွေ လုံးဝမထားရှိအောင်လို့ တားဆီးလိုက်တာပဲ.... ဒါပေမယ့် ငါရဲ့ ကြာပန်းမီးအိမ်ရတနာကို နောက်ထပ်တစ်ကြိမ်ပဲ သုံးနိုင်တော့တာမို့ နောက်တစ်ခေါက်သာ မင်း အန္တရာယ်တွေကြုံလာရရင် ငါ မင်းကိုတကယ် ကာကွယ်နိုင်မှာမဟုတ်တော့ဘူး...”

“ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးကို အသုံးချပြီးပြီ... ယွဲ့ဟန်ကျွင်းသာ နှစ်ငါးဆယ်အတွင်း ထျန်းဟိုင်မြို့တော်က ထွက်လာတဲ့အခါ ငါတို့နှစ်ယောက်စလုံးရဲ့ အဆုံးသတ် ဖြစ်သွားလိမ့်မယ်။ နောင်အနှစ်ငါးဆယ်အတွင်း မင်းက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်နိုင်မှဖြစ်မယ်... မင်း ယွဲ့ဟန်ကျွင်းနဲ့ ယှဉ်ပြိုင်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ...”

လီချန်ချင်းက လီဟမ်ရှန်းကို ပြောလိုက်သည်။

“နှစ်ငါးဆယ်အတွင်း မြေကမ္ဘာအင်မော်တယ်ဖြစ်ဖို့?”

လီဟမ်ရှန်းသည် ထိုစကားကိုကြားသည့်အခါ ခါးသက်စွာပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ သမိုင်းတွင် အသက်အငယ်ဆုံး မြေကမ္ဘာအင်မော်တယ်သည်ပင် အသက်တစ်ရာကျော် ရှိနေခဲ့ပြီဖြစ်သည်။ သူသည် အနှစ်ငါးဆယ်အတွင်း မည်သို့များ မြေကမ္ဘာအင်မော်တယ် ဖြစ်လာနိုင်မည်နည်း။

ယနေ့အချိန်အခါတွင် အသက်အငယ်ဆုံး မြေကမ္ဘာအင်မော်တယ်သည် လီရွှမ်းရှီ ဖြစ်သင့်သည်။ သို့သော် သူမသည် အခြားနည်းလမ်းများကို အသုံးပြုပြီး သူမ၏ယခင်ဘဝက ကျင့်ကြံခြင်းကို အမှီပြုထားသောကြောင့် သူမကို ထည့်တွက်၍မရပေ။

“စိတ်မပူပါနဲ့ ဖေဖေ.... ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ့မယ်.... အနှစ်ငါးဆယ်အတွင်း မြေကမ္ဘာအင်မော်တယ် ဖြစ်မလာနိုင်ရင်တောင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတော့ ရှိလာမှာပါ...”

လီဟမ်ရှန်းက အခိုင်အမာ ပြောလိုက်သည်။

“မင်းမှာ ရည်မှန်းချက်ကြီး ရှိတာပဲ... မင်းအတွက် နတ်ဘုရားဖီးနစ်ငှက်အရိုးကို အစားထိုးဖို့ ငါကြိုးစားရကျိုးနပ်တယ်။....”

လီချန်ချင်းသည် လီဟမ်ရှန်း ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

“စကားမစပ် ဖေဖေ! ကျွန်တော်အရင်က ကြေးအင်မော်တယ်နန်းတော်ထဲကို မတော်တဆ ဝင်သွားမိပြီး အဲဒီနေရာမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရတယ်။ အဲဒါမှာ ဖေဖေမွေးထားတဲ့ ရွှေလင်းလန်သားရဲက ကျွန်တော့်ကိုကယ်ခဲ့တာ... ဒါပေမယ့် နောက်ပိုင်းတော့ ဘာဖြစ်သွားမှန်း ကျွန်တော်မသိဘူး...“

လီဟမ်ရှန်းက ထိုအကြောင်းကို ရုတ်တရက် ပြောပြလိုက်သည်။

“အဆင်ပြေပါတယ်... ဖေးရဲ့ တကယ့်ပုံစံက သက်ရှည်သစ်သားလေ... သူ မသေနိုင်ပါဘူး... မကြာခင် သူပြန်လာလိမ့်မယ်...”

လီချန်ချင်းက ပြောပြီးသည်နှင့် သူသည် သက်ပြင်းချလိုက်သည်။

“ဖုကွမ်းအတွက် အထိမ်းအမှတ် ကျောက်စာတိုင် တစ်ခုလုပ်ဖို့ မနက်ဖြန် ငါနဲ့အတူလိုက်ခဲ့... ဖုကွမ်းက ငါတို့ သားအဖ ဆက်ဆံရေးအတွက် သူ့အသက်ကို စတေးခဲ့တာ....”

“ကောင်းပါပြီ....”

လီဟမ်ရှန်း ခေါင်းညိတ်လိုက်သည်။

ဒုတိယနေ့တွင် လီချန်ချင်း၊ လီဟမ်ရှန်း နှင့် ကျန်းဖုကွမ်း၏သမီး ကျန်းစစ်ယောင်တို့သည် ချန်ထင်မြို့တွင် ကျန်းဖုကွမ်းအတွက် အထိမ်းအမှတ် ကျောက်စာတိုင်ကို တည်ဆောက်ခဲ့သည်။

ကျန်းစစ်ယောင်သည် နှလုံးကွဲကြေမတတ် အော်ငိုခဲ့သည်။

လီဟမ်ရှန်းနှင့် လီချန်ချင်းတို့သည် ကျန်းစစ်ယောင်ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မည်ဟု ကျန်းဖုကွမ်း၏ အုတ်ဂူရှေ့တွင်လည်း ကတိပေးခဲ့သည်။

လီချန်ချင်းသည် ကျန်းစစ်ယောင်ကို သူ၏မွေးစားသမီးအဖြစ် တိုက်ရိုက်မွေးစားခဲ့ပြီး သူမသည် လီဟမ်ရှန်း၏ မွေးစားညီမလေး ဖြစ်လာခဲ့ကာ ကျန်းဖုကွမ်းအတွက် အမွှေးနံ့သာ ထွန်းညှိပေးခဲ့ကြသည်။

ကျန်းစစ်ယောင်အတွက် လီချန်ချင်းသည် သူမ၏ ကျင့်ကြံခြင်း လေ့ကျင့်မှုကို ခွင့်ပြုပေးရန် ဆန္ဒမရှိပေ။ အကြောင်းမှာ ကျန်းဖုကွမ်း အသက်ရှင်စဉ်အတွင်း သူ၏အကြီးမားဆုံးဆန္ဒမှာ ကျန်းစစ်ယောင်ကို သာမန်ဘဝတွင်သာ နေထိုင်နိုင်ရန်ဆိုသည်ကို လီချန်ချင်းက ကောင်းစွာသိသောကြောင့်ပင် ဖြစ်သည်။

သာမန်လူတစ်ယောက်ဖြစ်စေရန် ထိုအငြင်းပွားစရာများမှ ဝေးဝေးနေခြင်းက အကောင်းဆုံးပင်။

ကျန်းဖုကွမ်းသည် ကျန်းစစ်ယောင်နှင့်အတူ သူ၏အသက်ကို စွန့်စားပြီး သွေးအရိပ်ဂိုဏ်းမှ လွတ်မြောက်ရန် တိုက်ခိုက်ခဲ့ရခြင်းမှာ ထိုရည်ရွယ်ချက်ကြောင့်ပင် ဖြစ်သည်။

လမ်းတွင် လီချန်ချင်းနှင့် တွေ့ဆုံမိပြီး ပေါက်စီရှစ်လုံးအတွက် လီချန်ချင်း၏ကြင်နာမှုကို လက်ခံခဲ့သည်။ ထိုအချိန်မှသာ သူသည် ကျေးဇူးပြန်ဆပ်ရန်နှင့် ကျန်းစစ်ယောင်နှင့်အတူ ဆက်လက်နေထိုင်သွားရန် စဉ်းစားခဲ့သည်။

All Chapters