အခန်း (၄၈၉)
Vol. 40 Ch. 489
ယွဲ့ဟန်ကျွင်းသည် ထိုသတင်းများကို ကြားလိုက်ရသည့်အချိန် မုန်းတီးမှုများနှင့် ပြည့်နှက်နေခဲ့သည်။ လီချန်ချင်း သေဆုံးသွားခဲ့ချိန်တွင် သူသည် ငြိမ်းချမ်းစွာ အနားယူနိုင်ခဲ့ပြီဟု ခံစားခဲ့ရသည်။ သူသည် လီချန်ချင်း၏ နောက်ဆုံးဝိညာဉ်နှင့် လီဟမ်ရှန်း၏ တည်နေရာကိုရှာဖွေရန် အလုပ်များနေခဲ့သည်။ လီချန်ချင်းက တစ်ကျော့ပြန် ရှင်သန်လာလိမ့်မည်ဟု သူဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ပေ။
ပန်းချီအင်မော်တယ် အဆင့်သို့ပင် ဝင်ရောက်နိုင်ခဲ့သည်။ ယွဲ့ဟန်ကျွင်းသည် လုံးဝ နားမလည်နိုင်တော့ပေ။
ထိုအချိန်တွင် ယွဲ့ဟန်ကျွင်းသည် လီချန်ချင်းနောက်ကွယ်ရှိ အင်အားစုအားလုံးကို မသုတ်သင်နိုင်ခဲ့သည့်အတွက် နောင်တရနေခဲ့သည်။ ရလဒ်အနေဖြင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ထျန်းဟိုင်မြို့တော်ရှိ မိသားစု ၁၉ စုမှ လူများပင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့ကြသည်။
ယွဲ့ဟန်ကျွင်းသည် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။ သူသည် ထျန်းဟိုင်မြို့တော်မှ ထွက်ခွာရန်လည်း နည်းလမ်းမရှိပေ။
‘လီချန်ချင်းကို ပြဿနာရှာဖို့ တစ်ယောက်ယောက်ကို ပို့လိုက်ရမလား?’
‘ဟိုရောက်ရင် ပို့လိုက်တဲ့သူက ပြန်မလာနိုင်တော့ဘူးလို့ ထင်တယ်။’
ယွဲ့မိသားစုမှ မှီခိုအားထားရသည့် သူ၏ဘိုးဘေးဖြစ်သူ ယွဲ့ကျီမင်းပင်လျှင် နောက်ဆုံးအကြိမ်၌ လီချန်ချင်းကြောင့် ဒဏ်ရာအပြင်းအထန်ရကာ သူ၏ကမ္ဘာ ပျက်ဆီးသွားပြီး လူသူဝေးရာအရပ်သို့ သွားရောက်ခဲ့လေပြီ။ သူသည် ယခုထိတိုင် မသက်သာသေးပေ။
လီချန်ချင်းသည် သူ၏နောက်တွင် ကျူးရွှမ်းမင်၊ ကွမ်ကျူး နှင့် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှ လူများရှိသည့်တိုင် ယခုအချိန်တွင် ဘာမှလုပ်ရန် မလိုအပ်တော့ဟု ပြော၍မရပေ။
မြေကမ္ဘာအင်မော်တယ် သုံးယောက်က သူ့ကို ကူညီပေးနေလေသည်။
‘ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ။’
ယွဲ့ဟန်ကျွင်းသည် တိတ်တဆိတ်ထွက်သွားပြီး မူလနယ်မြေပုလဲ၏ တည်နေရာကိုရှာဖွေရန် လူအများကို မေးလိုက်သည်။
လဝက်အကြာတွင် အထူးဧည့်သည်တစ်ဦး ချန်ထင်မြို့သို့ ရောက်လာခဲ့သည်။ သူသည် ယန်မိသားစုထံ တည့်တည့်သွားကာ လီချန်ချင်းနှင့် တွေ့ဆုံခဲ့သည်။
လီချန်ချင်းသည် ထိုလူရောက်လာသည်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသော်လည်း ထိုလူထံမှ ဤကမ္ဘာမြေနှင့် မသက်ဆိုင်သော အရှိန်အဝါကို သူခံစားလိုက်ရသည်။
ထိုသူသည် ပြောင်းလဲခြင်းအဆင့်သို့ ရောက်နေပြီဟု ဆိုရပေလိမ့်မည်။
“တဆိတ်လောက်! မင်းကို အနှောင့်အယှက်ပေးမိပြီ…”
ဧည့်သည်က ယဉ်ကျေးစွာ ပြောလိုက်သည်။
“ချီရှန်းတစ္ဆေအရှင်! လူကိုယ်တိုင်လာဖို့ ကျုပ်တကယ် မမျှော်လင့်ထားမိဘူး…. ထိုင်ပါဦး…”
လီချန်ချင်းက ပြုံးပြီး ပြောလိုက်သည်။
“ညီအစ်ကိုချန်ချင်း! မင်း ငါ့ကို သိတာလား…”
ချီရှန်းတစ္ဆေအရှင်က မေးခဲ့သည်။
လီချန်ချင်းသည် ချီရှန်းတစ္ဆေအရှင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီးနောက် ပြုံးကာ ပြောလာခဲ့သည်။
“ကျုပ် တစ်ချိန်က ကောင်းကင်နဲ့ မြေကြီးကိုတောင် စိန်ခေါ်ခဲ့ဖူးတာပဲ… ဒီလိုအရှိန်အဝါကိုတော့ ခံစားနိုင်ပါသေးတယ်…. ကမ္ဘာပေါ်မှာ ဒီလိုစွမ်းအားအကြီးဆုံးသူက ဒဏ္ဍာရီလာ ချီရှန်းတစ္ဆေအရှင်ပဲရှိတယ်လို့ ကျုပ်ထင်တယ်။”
“ချီရှန်းတစ္ဆေအရှင်က ချီရှန်းကနေသာ မထွက်လာဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သူမဆို အကောင်းဆုံးဖြစ်နိုင်တယ်… ချီရှန်းတစ္ဆေအရှင်က ချီရှန်းကနေ ထွက်လာပြီဆိုတာနဲ့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်လိမ့်မယ် ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းတောင် ရှိတယ်လေ…”
ထိုအရာကို ကြားသည့်အခါ ချီရှန်း တစ္ဆေအရှင်သည် ရှားရှားပါးပါး ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
“ဒါက ကမ္ဘာကြီးရဲ့ မြှောက်ပင့်မှုသက်သက်ပါပဲ…. အဲဒါကို ထည့်မတွက်ဘူး…”
“ကျုပ်တော့ မှန်တယ်လို့ထင်တယ်…. တစ္ဆေအရှင်သာ ချီရှန်းကထွက်လာရင် ခင်ဗျားက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်လိမ့်မယ်…. အနည်းဆုံးတော့ ဒီကမ္ဘာမှာ ဘယ်သူမှ ခင်ဗျားရဲ့အဆင့်ကို ရောက်နေပြီလို့ ကျုပ်မခံစားရဘူး…. ကောင်းကင်နဲ့မြေကြီးရဲ့ ဆန္ဒကတောင် ခင်ဗျားကို ငြင်းပယ်နေပြီလို့ ကျုပ်ထင်တယ်… ကျုပ်ရဲ့ ခန့်မှန်းချက်သာမှန်ရင် တစ္ဆေအရှင်! ခင်ဗျား ဒီလောကကို မကြာခင်မှာဘဲ စွန့်ခွာသွားတော့မှာပဲ….”
လီချန်ချင်းက လေးလေးနက်နက် ပြောလိုက်သည်။
“အမ်…..”
“ငါ့ရဲ့ သုံးခုသောကံကြွေးကို ဖြေရှင်းပြီးပြီ… ချီရှန်းအမိန့်ပြား သုံးခုကိုလည်း ပြန်ယူပြီးပြီ… ငါ တကယ် ထွက်သွားလို့ရနေပြီ…”
ချီရှန်းတစ္ဆေအရှင်က သူ့အရှေ့ရှိ လီချန်ချင်းကို လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်သည်။
“လီချန်ချင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီး ထျန်းဟိုင်မြို့တော်မှာလည်း ကြီးမားတဲ့ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ငါကြားတယ်… အဲ့ဒါကြောင့် ငါထွက်မသွားခင် မင်းကို လာကြည့်ချင်ခဲ့တာ…”
“မင်းကို ငါမြင်လိုက်ရတော့ စိတ်ပျက်မိသွားတယ်….”
လီချန်ချင်းသည် ရှက်ရွံ့ခြင်းမရှိသလို ဘာမှလည်း မငြင်းဆန်ခဲ့ပေ။ သူသည် သူ၏ ကျင့်ကြံခြင်း ကင်းမဲ့မှုအကြောင်းကို အခြားလူများကို လှည့်စားနိုင်သော်လည်း ချီရှန်းတစ္ဆေအရှင်ကဲ့သို့ ဆရာသခင်ကို လှည့်စားရန်မှာ အမှန်တကယ် မဖြစ်နိုင်ပေ။
“ညီအစ်ကိုချန်ချင်းက ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ်သာရှိမယ်ဆိုရင် သူက ငါ့အဆင့်ကို ပုံမှန်အတိုင်း ရောက်နိုင်တာပဲ…”
ချီရှန်းတစ္ဆေအရှင်သည် သက်ပြင်းချလိုက်သည်။ လီချန်ချင်းသည် ထိုနေ့က မဟာလွတ်မြောက်ခြင်းအဆင့်ကို ဖြတ်ကျော်ရန် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့လိမ့်မည်ဟုလည်း သူမှန်းဆခဲ့သည်။
“ဒီနေ့အတွက် တစ္ဆေအရှင် ရောက်လာခဲ့တာ တစ်ခုခုရှိလို့လား…”
လီချန်ချင်းက ထူးဆန်းစွာ မေးလိုက်သည်။ ချီရှန်းတစ္ဆေအရှင်ကဲ့သို့ တစ်စုံတစ်ယောက်သည် သူ့ကို တွေ့ချင်ရုံမျှဖြင့် ချန်ထင်မြို့သို့ အမှန်တကယ် ရောက်လာလိမ့်မည်ကို သူမယုံခဲ့ပေ။
ချီရှန်းတစ္ဆေအရှင်သည် မည်သူနှင့်မျှ ခင်မင်ရင်းနှီးမှု မရှိကြောင်းကို လီချန်ချင်းလည်း ကြားသိရသောကြောင့် ဖြစ်သည်။ သူသည် အဆုံးမဲ့ည ရှေးဟောင်းတိုင်းပြည်တွင် မွေးဖွားခဲ့သော်လည်း ရှေးဟောင်းတိုင်းပြည်မှ ထွက်ခွာလာပြီးနောက် သူသည် ထိုတိုင်းပြည်နှင့် အဆက်အဆံမရှိခဲ့ဘဲ အဆုံးမဲ့ည ရှေးဟောင်းတိုင်းပြည် ပျက်စီးသွားသည့်အခါ၌ပင် အရေးယူဆောင်ရွက်မှု မပြုခဲ့ပေ။
“အစတုန်းကတော့ ညီအစ်ကိုချန်ချင်း နဲ့ တွေ့ချင်ခဲ့တာက ငါ့စိတ်ထဲမှာ တစ်ခုခုရှိနေလို့… ပြီးတော့ သူကို ငါ့အတွက် ကူညီပေးခိုင်းစေချင်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်…”
ချီရှန်းတစ္ဆေအရှင်သည် ခေါင်းယမ်းလိုက်လေသည်။
“ဆက်ပြောပါ….”
လီချန်ချင်းက မေးလိုက်သည်။
“ဒါဆိုလည်း ကောင်းပြီ…”
ချီရှန်းတစ္ဆေအရှင်သည် ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က သမိုင်းတွင်ခဲ့တဲ့ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော် ပျောက်ကွယ်သွားခဲ့တာကို ညီအစ်ကိုချန်ချင်း ကြားဖူးလိမ့်မယ်လို့ ငါယုံကြည်တယ်…. အခု နှစ်ငါးဆယ်အကြာမှာ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်က စန်းယွမ်နယ်မြေမှာ ပြန်ပေါ်လာခဲ့တယ်…”
“အဲဒါကြောင့် သူတို့က ပြောကြတာကိုး…”
လီချန်ချင်းက လေးနက်စွာ ပြောလိုက်သည်။
“အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော် ဘယ်ရောက်သွားလဲ သိလား….”
“ကျုပ် မသိဘူး…”
“ဒဏ္ဍာရီနယ်မြေ…”
ချီရှန်းတစ္ဆေအရှင်၏ စကားသည် လီချန်ချင်းကို အလွန်တုန်လှုပ်စေခဲ့သည်။
‘ဒဏ္ဍာရီနယ်မြေကို ရောက်သွားတဲ့အတွက် အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်က ပျောက်ကွယ်သွားခဲ့တာလား။’
“အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော် ကိုယ်တိုင်ကိုက တကယ်တော့ အင်မော်တယ်လက်နက်တစ်ခုလေ… ဒဏ္ဍာရီနယ်မြေမှာ ကျင့်ကြံခြင်းက ငါတို့ စန်းယွမ်နယ်မြေနဲ့ မတူဘူး… ဂိုဏ်းအမျိုးမျိုးမှာ ကျင့်ကြံလို့ရတယ်…. ပန်းချီကားတွေကနေ ဉာဏ်အလင်းရစေတာလောက်တော့ မရိုးရှင်းဘူး…. အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်က အင်မော်တယ်လက်နက်တစ်ခု၊ တချို့ပန်းချီရတနာတွေနဲ့ ဆင်တူပေမယ့် သူ့ရဲ့အဆင့်က အင်မော်တယ်ရတနာတွေရဲ့ အတိုင်းအတာထက်ကို ကျော်လွန်နေတာ…”
“အဲ့ဒီအင်မော်တယ်လက်နက်ကို အင်မော်တယ်တစ်ယောက်က သန့်စင်ထားတာ… အဲဒီအင်မော်တယ်နဲ့ နောက်အင်မော်တယ် တစ်ယောက်ကြားက စစ်ပွဲတစ်ခုကြောင့် အဲ့ဒီအင်မော်တယ်လက်နက်က အနှစ်ငါးဆယ်ကြာလောက် ပျောက်ကွယ်သွားခဲ့တယ်…”
“သူတို့နှစ်ယောက်က ဆယ်စုနှစ်တွေကြာအောင် တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်ရဲ့ အင်မော်တယ်လက်နက်ကို ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်က အနိုင်ရခဲ့ပြီး အခြားအင်မော်တယ်ကိုလည်း စန်းယွမ်နယ်မြေမှာ နှိမ်နင်းခဲ့တယ်… ပြီးတော့ သူက အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်ရဲ့ စည်းတံဆိပ်ကို အသုံးပြုပြီး အဲ့ဒီအင်မော်တယ်ကို နှိမ်နင်းခဲ့တာ… အဲ့တာကြောင့်ပဲ သူ ထွက်မလာရဲတာပေါ့…”
လီချန်ချင်းသည် ထိုစကားကို ကြားလိုက်သောအခါ နက်ရှိုင်းစွာ တုန်လှုပ်သွားခဲ့သည်။
ဤရှုထောင့်မှကြည့်လျှင် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ပြန်လည်ရှင်သန်ထမြောက်လိုသော အင်မော်တယ်သည် အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်မှ ဖိနှိပ်ခံခဲ့ရသည့် အင်မော်တယ်ဖြစ်သည်။
“အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော် အောက်မှာ အဲဒါကို ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ရှစ်ခုရှိတယ်… အခု ထာဝရရှင်သန်ခြင်းဂိုဏ်းက အဲ့ဒီထဲက တော်တော်များများကို ဖွင့်ပေးလိုက်ပြီ… တကယ်လို့ ထာဝရရှင်သန်ခြင်းဂိုဏ်းကသာ စည်းတံဆိပ်တွေအားလုံး ဖွင့်နိုင်သွားရင် အင်မော်တယ်က အဲဒီကနေ ပြန်ရှင်သန်လာလိမ့်မယ်… အဲဒီအချိန်ကျရင် စန်းယွမ်နယ်မြေကို ဘယ်လိုဘေးဒုက္ခမျိုးတွေ သယ်လာလိမ့်မလဲဆိုတာ ငါ မသိဘူး…”
ချီရှန်းတစ္ဆေအရှင်က တည်ကြည်လေးနက်စွာ ပြောကြားခဲ့သည်။
“အင်မော်တယ်...”
လီချန်ချင်းသည် အေးစက်စက်လေကို ရှုရှိုက်လိုက်သည်။ အကယ်၍သာ ထိုအင်မော်တယ် ရှင်ပြန်ထမြောက်ခဲ့မည်ဆိုလျှင် စန်းယွမ်နယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိ၊သတ္တဝါများသည် သူ့အတွက် ပုရွက်ဆိတ်လေးများကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော။
သူတို့ ပြိုင်ချင်လျှင်တောင် ထိုသူနှင့် ယှဉ်ပြိုင်ဖို့ရာ မဖြစ်နိုင်ပေ။
“တစ္ဆေအရှင်! ခင်ဗျား အဲဒီအင်မော်တယ်နဲ့ မယှဉ်နိုင်ဘူးလား…”
လီချန်ချင်းက မေးသည်။ ချီရှန်းတစ္ဆေအရှင်သည် ခဏလောက် တွေးဆဆဖြင့် ပြောလိုက်သည်။
“သူသာ ငါ့ကို တိုက်ချင်ရင် ကြိုးစားကြည့်လို့ရတယ်….”