← Chapters

အခန်း (၄၈၇)

Vol. 40 Ch. 487

အခန်း (၄၈၇)

Vol. 40 Ch. 487

ရက်အနည်းငယ်အကြာတွင် ဖေး သည် အမှန်တကယ်ပင် ပြန်ရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းသည်လည်း ယန်မိသားစုမှ ထွက်ခွာပြီး ၎င်း၏ကျင့်ကြံခြင်းကို ဆက်လက်လေ့ကျင့်နိုင်ရန် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ အနှစ်ငါးဆယ်အတွင်း မြေကမ္ဘာအင်မော်တယ်အဆင့်သို့ မဝင်ရောက်နိုင်လျှင်လည်း လီဟမ်ရှန်းသည် သူ၏အကောင်းဆုံးကို ကြိုးစားချင်ခဲ့သည်။ အနှစ်ငါးဆယ်ကြာပြီးနောက် ထိုပြဿနာကို ဖြေရှင်းရန် သူ၏အဖေကို အားကိုးပြီး ထိုင်စောင့်နေ၍ မရတော့ပေ။  

လီချန်ချင်းသည် လီဟမ်ရှန်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ သူ၏ထောက်ခံမှုကိုသာ ဖော်ပြခဲ့သည်။

မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် ပန်းချီရတနာအချို့ကိုလည်း လီဟမ်ရှန်းအား ပေးခဲ့သည်။

လီချန်ချင်းသည် ထိုပန်းချီကားအားလုံးကို ဟိုးယခင်အချိန်က ထွင်းထုခဲ့ခြင်းဖြစ်သည်။ ယခုအချိန်၌ လီချန်ချင်းတွင် စိတ်ဝိညာဉ်တစ်ခုသာ ကျန်ရှိတော့သည်။ သူသည် ဆက်လက်ထွင်းထုခြင်း မပြုနိုင်တော့ပေ။

ထွင်းထုထားသည့် အရာများသည် မည်သည့်လုပ်ဆောင်ချက်မျှ မပါရှိဘဲ သာမန်အရာများသာဖြစ်သည်။ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် စိတ်ဝိဉာဉ်ကျင့်ကြံခြင်း မရှိတော့ပေ။

လီချန်ချင်းသည် ထျန်းဟိုင်မြို့တော်၌ သောင်းကျန်းပြီးနောက် ထာဝရရှင်သန်ခြင်းဂိုဏ်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို တစ်ဖန်ရပ်တန့်ခဲ့ပြီး နောက်တစ်ကြိမ် ပြဿနာမရှာတော့ပေ။

လီချန်ချင်းသည် ကုဟန်ရှီ၏ခန္ဓာကိုယ်ကို ခိုးယူရန် ချီရှန်းတစ္ဆေအရှင်ကို တောင်းဆိုခဲ့လေသည်။ ထိုလှုပ်ရှားမှုသည် အလွန်လှပသောကြောင့် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကို ထိခိုက်စေခဲ့သည်။

လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အကြံအစည်များကို နှောင့်ယှက်ခဲ့ပြန်သည်။

သို့သော် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် မုန်းတီးမှုကိုသာ ခံစားနိုင်ပြီး သူဘာမှမတတ်နိုင်ခဲ့ပေ။ လီချန်ချင်းသည် ယခုအခါတွင် ကမ္ဘာ့ထိပ်တန်းအဖြစ် လူအများ အသိအမှတ်ပြုခံခဲ့ရသည်။

သူတို့ ထာဝရရှင်သန်ခြင်းဂိုဏ်း၏နောက်ခံဖြင့် ၎င်းတို့သည် လီချန်ချင်းနှင့် ရိုးရှင်းစွာ မယှဉ်နိုင်ပေ။ သူသည် ဒေါသကိုသာ မျိုသိပ်ထားရလေသည်။

တစ်လခွဲကြာပြီးနောက် လူတစ်ဦးသည် ချန်ထင်မြို့သို့ရောက်ရှိလာပြီး ထိုသူမှာ မူချင်းကောဖြစ်သည်။

မူချင်းကောသည် လီချန်ချင်း၏ပုံရိပ်ကို မြင်သောအခါ သူမသည် အတော်ကြာကြာ အံ့သြသွားခဲ့သည်။ ထို့နောက် လီချန်ချင်းက လီရွှမ်းရှီအကြောင်း မေးခဲ့သည်။ မူချင်းကောသည် လီရွှမ်းရှီမှ သမီးလေးတစ်ဦး မွေးဖွားခဲ့သော်လည်း ထိုသမီးလေး မွေးဖွားပြီးနောက်နေ့တွင် လီရွှမ်းရှီသည် သူမ၏သမီးကို အဝေးသို့ ခေါ်ဆောင်သွားခဲ့ကြောင်းကို လီချန်ချင်းအား ပြောပြလိုက်သည်။

သူမ ဘယ်ဆီဘယ်ဝယ်သွားမှန်း မသိသောကြောင့် မူချင်းကောသည် ပြန်လာရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

လီချန်ချင်းသည် သူ့တွင် မြေးမလေးတစ်ယောက်ရှိသည်ကို ကြားသိရသောအခါ အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် သူ၏မြေးမလေး ဘယ်ရောက်နေမှန်း မသိခဲ့သဖြင့် လီချန်ချင်းကို အလွန်တရာ စိတ်ထိခိုက်စေခဲ့သည်။

ထိုသို့မဟုတ်လျှင် သူ့အနားတွင် သူ၏သားလေး မရှိသည့်အခါ သူ၏မြေးမလေးနှင့် နေ့တိုင်း ဆော့ကစားရခြင်းက ကောင်းလိမ့်မည် မဟုတ်ပါလား။

ကူကယ်ရာမဲ့စွာ လီချန်ချင်းသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကိုသာ ဆက်လက် အာရုံစိုက်နိုင်ခဲ့သည်။

သို့သော် တစ်ချိန်တည်းတွင်ပင် လီချန်ချင်းက ပိုင်ကျင့်ဖေးကို သူ့ကိုကူညီပြီး စန်းယွမ်ခန်းမမှ အချက်အလက်များကို အသုံးပြု၍ လီရွှမ်းရှီ၏ တည်နေရာကိုရှာဖွေရန် တောင်းဆိုခဲ့သည်။

သို့သော် လီရွှမ်းရှီသည် မြေကမ္ဘာအင်မော်တယ် ဖြစ်သောကြောင့် သူမ၏ခြေရာကို ရှာဖွေရန် အမှန်တကယ်ပင် ခက်ခဲလှသည်။ အချိန် အတော်ကြာကြာထိပင် ရလဒ်မရှိခဲ့ပေ။

မူချင်းကောသည်လည်း ဆေးဘုရင်တောင်ကြားသို့ ပြန်သွားပြီးနောက် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ အကြံအစည်များသည် ကျဆုံးသွားခဲ့ပြီး ဆေးဘုရင်တောင်ကြားကို စွန့်ခွာသွားကာ မူဟန်ရှန်းပင် ပျောက်ကွယ်သွားသည်ကို သူမတွေ့လိုက်ရသည်။

ထို့ကြောင့် မူချင်းကောသည် အလွန်အမင်း ဝမ်းနည်း၊ကြေကွဲခဲ့ရသော်လည်း သူမသည် စိတ်တည်ငြိမ်စွာဖြင့် လီချန်ချင်းနောက်သို့ လိုက်ပါခဲ့သည်။

နွေဦးကုန်၍ ဆောင်းဦးပေါက်လာခဲ့လေပြီ။ သာယာအေးချမ်းသော နေ့ရက်များ ဖြတ်သန်းသွားပုံရသည်။

ယွဲ့ဟန်ကျွင်းသည် အလွန်တိတ်ဆိတ်နေပြီး ထိုအချိန်မှစ၍ သူ့ထံမှ မည်သည့်သတင်းမှ ထွက်မလာတော့ပေ။

လီချန်ချင်းသည်လည်း အေးချမ်းသောဘဝဖြင့် နေထိုင်ခဲ့သည်။

သူသည် အသီးအရွက်များ စိုက်ပျိုးပြီး ပန်းပင်များကို ပြုစုသည်။ နေ့စဥ်နေ့တိုင်းလည်း ချက်ပြုတ်တတ်သေးသည်။ ထို့နောက် ကျန်းစစ်ယောင်၏ အိမ်စာများကို လမ်းညွှန်ပေးသည်။ သူ၏ဘဝက တော်တော်လေး သာယာနေပေသည်။

ယခုနှစ် ဆောင်းဦးပေါက်ခါစ၌ပင် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းတွင် လေ့ကျင့်နေသည့် လီဟမ်ရှန်းသည် ရုတ်တရက် ပြန်ရောက်လာခဲ့သည်။

သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် လီချန်ချင်းသည် လျှပ်စီးလက်သွားခဲ့သလိုပင် ခံစားလိုက်ရသည်။

“ဖေဖေ! ကျွန်တော် လက်ထပ်တော့မယ်....”

လီဟမ်ရှန်း၏ စိတ်လှုပ်ရှားမှုသည် ရှက်ရွံ့မှု အရိပ်အမြွက်နှင့် ရောထွေးနေသည်။

“ဟား?”

လီချန်ချင်းက သူ၏သား ပြန်မလာသည်မှာ နှစ်ဝက်‌ပင် ရှိနေပြီဆိုသော်လည်း သူပြန်ရောက်လာခဲ့ပြီးနောက် လက်ထပ်တော့မည်ဟု ပြောလာမည်ကို မမျှော်လင့်ထားခဲ့ပေ။

“ဘယ်သူနဲ့လဲ?”

လီချန်ချင်းက အံ့အားသင့်စွာ မေးလိုက်သည်။

“ကွမ်လန်နန်းတော်က လု လို့ခေါ်တဲ့ ကလေးမလေး မဟုတ်လား....”

လီဟမ်ရှန်းက မငြင်းဆိုခဲ့ဘဲ ပြောလိုက်သည်။

“ဟုတ်ကဲ့! ရှီရန်နဲ့ ကျွန်တော် စာတွေ အပြန်အလှန်ရေးခဲ့ပါတယ်... သူမ မူလအဆင့်ကို ဝင်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ လက်ထပ်ကြဖို့ အရင်စာတွေမှာလည်း သဘောတူခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကျွန်တော့်ဆီကို စာရေးခဲ့ပြီး သူမ မူလအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီဆိုတာ ပြောခဲ့တယ်...”

“ဟား.... ဟား.... အဆင်ပြေသားပဲ... ငါလည်း အဲဒီမိန်းကလေးကို မဆိုးဘူးလို့ထင်တယ်... မင်းသူ့ကို သဘောကျတယ်ဆိုရင်လည်း လက်ထပ်ပေါ့ကွာ....”

လီချန်ချင်းက ပြုံးပြီး ပြောလိုက်သည်။

“ဟီး...ဟီး... ကျွန်‌တော် သူမကို လက်ထပ်ချင်ပါတယ်... ဒါပေမယ့် ရှီရန်က မူလအဆင့်ကို ဖြတ်ပြီး သူ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်က မဟာပြီးပြည့်စုံတဲ့အဆင့်ကို ချဉ်းကပ်လာတဲ့အတွက် အခု ကွမ်လန်နန်းတော်က ရှီရန်ကို သူတော်စင်မအဖြစ် သတ်မှတ်လိုက်တယ်.... ကွမ်လန်နန်းတော်က သူတော်စင်မကို ကျွန်တော်တို့နဲ့ လက်ထပ်ဖို့ ခွင့်ပြု၊မပြုဆိုတာ ကျွန်တော်မသိဘူး...”

လီဟမ်ရှန်းက ရှက်ရွံ့စွာ ပြောလိုက်သည်။

လီဟမ်ရှန်းသည် မူလအဆင့်သို့ ဝင်ရောက်ပြီးနောက် ယခု ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းတွင် အပြင်စည်း ဂိုဏ်းအကြီးအကဲအဖြစ် အချိန်ပိုင်း အလုပ်လုပ်နေလေသည်။

သို့သော် တစ်ယောက်က ကွမ်လန်နန်းတော်၏ သူတော်စင်မဖြစ်ပြီး နောက်တစ်ယောက်သည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ အပြင်စည်း ဂိုဏ်းအကြီးအကဲပင်။ သူတို့နှစ်ယောက်၏ အဆင့်အတန်းများက အမှန်တကယ်ပင် မကိုက်ညီလှပေ။

လီချန်ချင်းသည် ထိုကဲ့သို့သောကမ္ဘာကြီးတွင် ရှေ့သွား၊နောက်လိုက်ညီရန် လိုအပ်ချက်သည် အလွန်အရေးကြီးကြောင်းကိုလည်း နားလည်ခဲ့သည်။

“ငါ့သား လက်ထပ်ချင်တဲ့ ကောင်မလေးက နတ်သမီးဖြစ်နေရင်တောင် သူမနဲ့ လက်ထပ်ခွင့်ရဖို့ ငါမင်းကို ကူညီပေးမယ်... ကွမ်ကျူးနဲ့ ငါ နည်းနည်းခင်တယ်... အဲဒါကြောင့် သူငါ့ကို မျက်နှာသာပေးနေတုန်းပဲမို့ ငါသူ့ဆီ စာတစ်စောင် ရေးလိုက်မယ်....”

ထိုသို့ပြောပြီးနောက် လီချန်ချင်းသည် စာနှစ်စောင် ရေးသားခဲ့သည်။

စာတစ်စောင်ကို ကွမ်လန်နန်းတော်သို့ ပေးပို့ခဲ့ပြီး နောက်တစ်စောင်ကို လီဟမ်ရှန်းမှတဆင့် လောရှောင်ချွမ်ထံသို့ ပေးပို့ခဲ့သည်။

လီဟမ်ရှန်းသည် လောရှောင်ချွမ်အတွက် အဘယ်ကြောင့် နောက်ထပ်စာတစ်စောင် ရှိသည်ကို မသိသော်လည်း သူသည် နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ သူပြောသည့်အတိုင်းသာ လုပ်ဆောင်ခဲ့သည်။

လောရှောင်ချွမ်သည် လီချန်ချင်း၏စာကို လက်ခံရရှိသည်မှာ ရှားပါးလှသည်။

‘လီချန်ချင်းက သူ့ကို ရုတ်တရက် စာရေးခဲ့တာလား။’

ထို့ကြောင့် သူက စာကိုဖွင့်ဖတ်လိုက်သည်။ စာတွင်ပါရှိသည့် အကြောင်းအရာမှာ အလွန်ရိုးရှင်းလှပေသည်။

အစ်ကို ရှောင်ချွမ်! မင်းကိုမတွေ့ရတာ လအနည်းငယ်ကြာသွားတော့ အရမ်းသတိရတာပဲ။ အခုတလော ငါအိမ်မှာပျင်းနေတာနဲ့ ဧကရာဇ်စုတ်တံကို ဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားနေမိတယ်။ ငါ စမ်းကြည့်ချင်ပေမယ့် စွမ်းအားကြီးလွန်းတာကြောင့် လူတွေကို အလွယ်တကူ ထိခိုက်စေနိုင်တယ်လေ။ ဒါပေမယ့် အစ်ကိုရှောင်ချွမ်က မြေကမ္ဘာအင်မော်တယ်ဆိုတော့ ပြဿနာမရှိဘူးမလား။ ငါ့မှာလုပ်စရာလည်းမရှိတော့ မင်းဆီကနေ တချို့လှုပ်ရှားမှုလေးတွေ ပြန်သင်ယူဖို့ ငါဘာလို့ ချန်ထင်မြို့ကနေ ရှေးဟောင်းတောင်တန်းဂိုဏ်းကို မလာရမှာလဲ။

စာထဲတွင် ရေးထားသည့်အရာကို မြင်‌သောအခါ လောရှောင်ချွမ်၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။

လီချန်ချင်းဟူသည့်ငနဲသားသည် လက်ဗလာတစ်ချက်လှုပ်ရုံ‌နှင့် သူသည် ယွဲ့ကျီမင်း၏ကမ္ဘာကို ဖျက်ဆီးပြီး သွေးမအန်မချင်း ယွဲ့ကျီမင်းကို တိုက်ခိုက်ခဲ့လေသည်။

‘အခု သူ့လက်ထဲမှာ ဧကရာဇ်စုတ်တံ ရှိနေတော့ သူ့စွမ်းအားတွေကို ပြသချင်နေတာလား။ ခြိမ်းခြောက်တာ၊ ဒါက သွယ်ဝိုက်ပြီး ခြိမ်းခြောက်နေတာပဲ’

လောရှောင်ချွမ်သည် ထိုစာကို မြင်လိုက်သည်နှင့် သူ့ကိုယ်သူ သင်္ဂြိုဟ်ရမည့်နေရာကိုပင် တွေးနေမိသည်။

အောက်ပါအကြောင်းအရာကို မြင်လိုက်သောအခါ လောရှောင်ချွမ်သည် ပို၍ပင် စကားမပြောနိုင်တော့ပေ။

ကွမ်လန်နန်းတော်မှာ သူတော်စင်မိန်းကလေး တစ်ယောက်အတွက် ရာထူးရှိတယ်လို့ ကြားတယ်။ အဲဒါဘာလဲဆိုတာ ငါမသိပေမယ့် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှာ သူတော်စင်ယောက်ျားလေး တစ်ယောက်အတွက် ရာထူးရှိတယ်လို့ ဘာကြောင့် မကြားဖူးတာလဲ။

သူတို့အားလုံးက အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေမှာ အတူရှိနေပြီးတော့ နှိုင်းယှဉ်လို့တောင် မရနိုင်ဘူးလို့ ထင်ပါတယ်။ သူတော်စင်ယောက်ျားလေး တစ်ယောက်အတွက် ရာထူးတစ်ခုရှာဖို့ အကြံပြုချင်ပါတယ်။

အိုး! ငါ့မှာ မရင့်ကျက်တဲ့ အကြံပြုချက်တစ်ခုလည်း ရှိတယ်။

ရိုးရှင်းတဲ့ အကြံပြုချက်တစ်ခုပါပဲ။ ငါ့စိတ်ထဲမှာ အတွေးတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ ကျေးဇူးပြု၍ အဲ့အကြောင်း သိပ်တွေးတောမနေပါနဲ့။

ဆိုလိုတာက ဥပမာအားဖြင့် ဖြစ်နိုင်ချေ နည်းနည်းပဲရှိတယ်ဆိုရင်တောင် ငါတို့ရဲ့ ဟမ်ရှန်းလေးက နတ်ဘုရားသားတော်ရာထူးအတွက် ပိုပြီး သင့်လျော်လိမ့်မယ်လို့ ထင်တယ်။

၎င်းကိုဖတ်ပြီးနောက် လောရှောင်ချွမ်သည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

အရှက်ကင်းမဲ့လှသည့် လီချန်ချင်းကို ကျိန်ဆဲနေစဉ်၌ပင် သူသည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် လီဟမ်ရှန်းအတွက် နတ်ဘုရားသားတော်ရာထူးကို အတည်ပြုခဲ့သည်။

ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ နတ်ဘုရားသားတော်....

လီဟမ်ရှန်းကိုယ်တိုင်ပင် ဤခေါင်းစဉ်ဖြင့် စိတ်ရှုပ်ထွေးနေခဲ့သည်။

‘ဒါက သူကိုယ်တိုင်အတွက် အထူးရာထူး။’

တစ်ချိန်တည်းမှာပင် လောရှောင်ချွမ်သည်လည်း လီချန်ချင်းထံသို့ ပြင်းထန်စွာ စာတစ်စောင် ပေးပို့ခဲ့သည်။

စကားနှစ်လုံးတည်းပင်...

လာမလည်နဲ့ ငါအားမနေဘူး!!!!!

All Chapters