← Chapters

အခန်း (၄၉၀)

Vol. 40 Ch. 490

အခန်း (၄၉၀)

Vol. 40 Ch. 490

“အဲလိုအဆင်ပြေပြီဆို နောက်ဘာဖြစ်လို့လဲ...”

လီချန်ချင်းက မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည်။ သို့သော် လီချန်ချင်း စကားပြော၍ မပြီးဆုံးမီ ချီရှန်းတစ္ဆေအရှင်သည် သူ၏လက်ကို ဝှေ့ယမ်းကာ လီချန်ချင်းကို စကားဆက်မပြောနိုင်ရန် ဟန့်တားလိုက်သည်။

“အဲဒီအင်မော်တယ်က စည်းတံဆိပ်ခတ်ခံထားရတုန်းပဲ... သူထွက်မလာနိုင်သလို ငါလည်းဝင်လို့မရဘူး... လောလောဆယ် သူ့ကိုတိုက်ဖို့ နည်းလမ်းမရှိဘူး...”

ချီရှန်းတစ္ဆေအရှင်က ဆက်ပြောလိုက်သည်။

“အဲ့ဒါအပြင်ကို ငါမကြာခင် စန်းယွမ်နယ်မြေကနေ ထွက်သွားတော့မယ်… ဒီကိစ္စက ငါနဲ့ ဘာမှတော့မဆိုင်ဘူး… အကြောင်းပြချက်မရှိဘဲ ငါ ဝင်ပါမှာ မဟုတ်ဘူး… ငါကိုယ်တိုင်ကလည်း ကံတရားရဲ့ အကျိုး၊အပြစ်တွေ ထပ်မယူချင်တော့ဘူး…”

“အဲ့ဒီအင်မော်တယ်ကိုသာ ငါတကယ်သတ်လိုက်ရင်

ငါ ကံတရားနှောင်ဖွဲ့မှုထဲ တစ်ဖန်ပါဝင်သွားနိုင်တယ်… အဲ့လိုဆို အခြေအနေတွေက ပိုဆိုးသွားလိမ့်မယ်… ဒီလို အရှုပ်အထွေးတွေကြားထဲသာ ပါဝင်လိုက်ရင် ငါဒီဘဝမှာ ဘာတိုးတက်မှုမှ ရနိုင်မှာမဟုတ်တော့ဘူး…”

ချီရှန်းတစ္ဆေအရှင်သည် သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

“တကယ်တော့ ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ပါဘူး… အဆုံးမှာတော့ ငါက စန်းယွမ်နယ်မြေက လာတာပဲလေ… စန်းယွမ်နယ်မြေအတွက်လည်း ခံစားချက်တစ်ချို့ရှိတာပေါ့… ငါပထမစဉ်းစားတာက မင်းသာလုပ်နိုင်ရင် အဲ့ဒီအင်မော်တယ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ နည်းလမ်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ ငါမင်းကိုပြပေးမယ်ပေါ့… ဒါပေမယ့် ကြည့်ရတာ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်…”

ထိုအရာကို ကြားသောအခါ လီချန်ချင်းသည်လည်း မျက်မှောင်တင်းတင်း ကြုတ်သွားခဲ့သည်။

သူသည် ထိုအင်မော်တယ်ကို သေချာပေါက်ကို အနိုင်မယူနိုင်ပေ။ ကြာပန်းမီးအိမ်ရတနာ၏ နောက်ဆုံးအခွင့်အရေးကို အသုံးပြုခဲ့လျှင်ပင် အလုပ်မဖြစ်ပေ။

သူသည် မဟာလွတ်မြောက်ခြင်းအဆင့်တွင် ရှိလုနီးနီး ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ချီရှန်းတစ္ဆေရှင်သည် မဟာလွတ်မြောက်ခြင်းအဆင့်ရှိသူနှင့် မြေကမ္ဘာအင်မော်တယ် အဆင့်ရှိသူများကိုပင် ကျော်လွန်နေပြီဖြစ်သည်။ သူသည် စန်းယွမ်နယ်မြေမှ ထွက်ခွာပြီး အဆင့်မြင့်လောကသို့ ရောက်သွားချိန်တွင် သူသည် စစ်မှန်သော အင်မော်တယ် ဖြစ်လာပေလိမ့်မည်။

ကမ္ဘာတစ်ဝှမ်းလုံးကို ရှာကြည့်လျှင်ပင် ထိုကဲ့သို့သော သန်မာသူသည် ချီရှန်းတစ္ဆေအရှင်ဖြစ်သူ ချူရှောင်း တစ်ဦးတည်းသာရှိသည်။

“စည်းတံဆိပ် မကျိုးပျက်သေးသရွေ့တော့ အဆင်ပြေသွားမှာပါ…”

လီချန်ချင်းသည် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

“ကျုပ်တို့ ထာဝရရှင်သန်ခြင်းဂိုဏ်းကို ရပ်တန့်ပြီး စည်းတံဆိပ်ဖြည်တာကနေ တားဆီးထားနိုင်သရွေ့တော့ အင်မော်တယ်က ထွက်မလာနိုင်လောက်ပါဘူး… ဒါဆို စန်းယွမ်နယ်မြေကလည်း လုံခြုံနေလိမ့်မယ်…”

လီချန်ချင်းက ပြောလိုက်သည်။

“အဲဒါ မင်းရဲ့ အရည်အချင်းပေါ် မူတည်တယ်….”

“ဒါဆို ငါ သွားတော့မယ်… ”

ချီရှန်းတစ္ဆေအရှင်သည် စကားပြီးသောအခါ သူ၏ပုံရိပ်သည် ရုတ်တရက် သက်တံ့ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လီချန်ချင်းရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။

ချူရှောင်း ထွက်သွားပြီးနောက် လီချန်ချင်းသည်လည်း ဆက်ထိုင်နေလိုက်ပြီး ထိုကိစ္စကို စဉ်းစားနေခဲ့သည်။ ဤသည်မှာ စန်းယွမ်နယ်မြေ တစ်ခုလုံးအတွက် ကပ်ဆိုးကြီးတစ်ခုဖြစ်သည်။

ထာဝရရှင်သန်ခြင်းဂိုဏ်းက မီးနှင့် ကစားနေခြင်းပင်။

ထိုအင်မော်တယ်သည် စည်းတံဆိပ်ခတ်ခံရခြင်းမှ ထွက်လာပြီးနောက် အဘယ်အရာပြုလုပ်မည်ကို မည်သူသိနိုင်မည်နည်း။

သူလုပ်ချင်သည့်အရာကို လုပ်နိုင်ပြီး မည်သူမှ တားဆီးလို့မရပေ။ ထိုအရာသည် ချိန်ကိုက်ဗုံးတစ်ခုလိုပင်။

သို့သော် ထာဝရရှင်သန်ခြင်းဂိုဏ်းက ထိုသူ့ကို သံသယမရှိ ယုံကြည်ခဲ့ကြသည်။ ထိုအင်မော်တယ်ကို စည်းတံဆိပ်အပြင်သို့ ထုတ်ပေးပြီး ထိုသူ့ထံမှ အကျိုးကျေးဇူးများ ရရှိရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။

လောကတွင် ထိုမျှလောက် ကောင်းသည့်အရာ မရှိတော့ပေ။

လီချန်ချင်းသည်လည်း ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လူများကို တွေ့ကြုံခဲ့ဖူးသည်။ သူတို့တစ်ဦးချင်းစီသည် ဖမ်းရခက်သည့် ငါးသလဲထိုးကဲ့သို့ပင် သူတို့၏ သဲလွန်စကို ရှာမတွေ့နိုင်ပေ။

သူတို့သည် နေရာတကာတိုင်း၌ ရှိနေကြသေးသည်။

ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် အများအပြားသည် စန်းယွမ်ခန်းမဆီမှ အမိခံရပြီး ကွမ်ကျူးမှ သတ်ဖြတ်ခဲ့သေးသည်။ သို့သော် စန်းယွမ်ခန်းမပင်လျှင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ တည်နေရာကို ရှာမတွေ့နိုင်ပေ။

လဝက်အကြာတွင်…..

ချီရှန်းတစ္ဆေအရှင် ချူရှောင်းသည် အထက်လောကသို့ စန်းယွမ်နယ်မြေ၏ အတားအဆီးကို ဖြိုခွဲကာ ထွက်ခွာသွားခဲ့သည်။

ချီရှန်းတစ္ဆေအရှင် ထွက်ခွာသွားခြင်းက စန်းယွမ်နယ်မြေရှိ ဆရာသခင်များအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ အထူးသဖြင့် မြေကမ္ဘာအင်မော်တယ်များသည် ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

ချီရှန်းတစ္ဆေအရှင်မှ ၎င်းတို့အား သက်သေပြခဲ့သည့် အရာတစ်ခုကြောင့်ပင်။ ဆိုလိုသည်မှာ အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်းသည် အမှန်တကယ်ပင်ဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခုအထိ မရေမတွက်နိုင်သော စစ်သည်များက သီးသန့်နေရာတွင် လေ့ကျင့်ရန် လှုံ့ဆော်ခံခဲ့ရသည်။

မြေကမ္ဘာအင်မော်တယ် ဆရာသခင်အချို့ပင် ဆိတ်ကွယ်ရာအရပ်သို့ ရောက်ရှိသွားကြသည်။

ချီရှန်းတစ္ဆေအရှင်ကိုကြည့်ပြီး သူတို့သည်လည်း ထိုလမ်းစဉ်ကို လျှောက်လှမ်းလိုကြခြင်း ဖြစ်သည်။

ချီရှန်းတစ္ဆေအရှင်သည် အကြောင်းတရားနှင့် အကျိုးတရား၏ လမ်းစဉ်ကို လျှောက်လှမ်းသည်။ သူ၏ ကိုယ်ပိုင်လမ်းစဥ်ကို လျှောက်လှမ်းမှသာလျှင် တက်လှမ်းနိုင်မည်ဖြစ်သည်။

ချီရှန်းတစ္ဆေရှင်သည် ချီရှန်းအမိန့်ပြားသုံးခုကို ပြီးမြောက်ပြီးနောက် သူသည် သဘာဝအလျောက် မြင့်မားသောအဆင့်သို့ တက်လှမ်းပြီး ဤလောကမှ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် လီချန်ချင်းသည် ကွမ်ကျူးနှင့် အခြား ယုံကြည်ရသည့်လူများကို ချန်ထင်မြို့သို့ခေါ်ပြီး ချီရှန်းတစ္ဆေအရှင် ပြောခဲ့သည့်စကားကို ပြောပြခဲ့သည်။

ထိုစကားကြားသော် လူတိုင်း အံ့သြသွားခဲ့ကြသည်။

ဤ စန်းယွမ်နယ်မြေတွင် ကောင်း၊မကောင်းမသိသော ဖိနှိပ်ခံထားရသည့် အင်မော်တယ်ရှိမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ထိုအင်မော်တယ်သည် အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံအောက်တွင် အမှန်တကယ် ဖိနှိပ်ခံခဲ့ရသည်။

အင်မော်တယ်တစ်ယောက် မွေးဖွားလာပါက ၎င်းတို့ကို စောင့်ကြိုနေသည့် ကံကြမ္မာသည် ပျက်စီးခြင်း ဖြစ်နိုင်ချေများသည်။

“ဒီလိုကိစ္စသာဆို ငါတို့ ဒီအင်မော်တယ်တွေကို ဘယ်တော့မှ မွေးဖွားလာခွင့် မပြုနိုင်ဘူး…”

ကွမ်ကျူးက ပထမဦးစွာ ပြောလိုက်သည်။

“ဒါပေမယ့် ထာဝရရှင်သန်ခြင်းဂိုဏ်းက အဲ့ဒီလူတွေကို ရှာတွေ့ဖို့မလွယ်ဘူး… သူတို့က စည်းတံဆိပ်ထဲကနေ အင်မော်တယ်ကို ဆွဲထုတ်ဖို့စောင့်နေတာ… အခုထိ စည်းတံဆိပ်ရှစ်ခုမှာ လေးခုက ဖြည်ထားပြီးသားလို့ ငါသတင်းရထားတယ်…”

လောရှောင်ချွမ်သည် သူကြားခဲ့ရသည့်သတင်းကို လေးနက်စွာ ပြောလိုက်သည်။

စည်းတံဆိပ် တစ်ဝက်ခန့်ပင် ဖြည်ပြီးနေပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရှိ ရှိနေသူတိုင်းသည် ဘေးကျပ်နံကျပ် အခြေအနေကို ခံစားနေရသည်။

“ဟမ့်! ဒီနေ့ကစပြီး ငါတို့ရဲ့တပည့်တွေကို အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်ကို စောင့်ကြည့်ဖို့ လွှတ်လိုက်မယ်... ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကသာ တစ်ယောက်ယောက်ကိုမိရင် သူတို့ကို တိုက်ရိုက် သတ်ပစ်‌ခိုင်းလိုက်တာပေါ့…”

ကွမ်ကျူးသည် ယခုအခိုက်အတန့်တွင် လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေလေသည်။

“အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်က တိမ်ကန္တာရနယ်မြေထဲမှာရှိတာ… ဒါပေမယ့် ငါတို့လူသားတွေကသာ တိမ်ကန္တာရနယ်မြေကို စောင့်ကြည့်ဖို့ လူလွှတ်ချင်တယ်ဆိုရင် လူသားမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်ကြားမှာ နောက်ထပ် စစ်ပွဲဖြစ်လာမှာကို ငါစိုးရိမ်တယ်…”

ကျူးရွှမ်းမင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“တစ္ဆေမျိုးနွယ်စုရဲ့ တစ္ဆေအရှင်နဲ့ တိုင်ပင်ရင်ရော ဘယ်လိုလဲ….”

“တစ္ဆေမျိုးနွယ်စုက ငါတို့ကို မယုံမှာစိုးရိမ်တယ်… သူတို့ရဲ့ ရပ်တည်ချက်ကို ငါတို့မသိဘူးလေ… ဒါက သူတို့ကို အလွယ်တကူ သတိပေးသလို ဖြစ်သွားလိမ့်မယ်…”

နောက်ဆုံးတွင် လီချန်ချင်း၏ အကြံပြုချက်အရ သူတို့သည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ နောက်လိုက်များကို ဖော်ထုတ်နိုင်ရန် ပထမဦးစွာ အတွင်းကျကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် လီချန်ချင်းက ကျန်ကိစ္စများကို သူကိုယ်တိုင် သေသေ‌ချာချာ စီမံပေလိမ့်မည်။

ကိုယ့်လူမျိုးစုအတွင်းမှ အင်မော်တယ် နောက်လိုက်များကို မည်သို့ရှာဖွေရမည်ကို စိတ်ပူစရာမရှိပေ။ သူတို့သည် သံသယရှိသော ကိစ္စများကို ရှာဖွေခြင်းဖြင့် အတည်ပြုနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် လီချန်ချင်းသည်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို အမိန့်ပေးခဲ့လေသည်။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှလည်း ကိုယ်တိုင်စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းတွင် လက်ရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် ယခင်အချိန်ကနှင့် အလွန်တရာ ကွာခြားသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် ဒေသကြီးသုံးခုလုံးတွင် နယ်ချဲ့ထားပြီး စန်းယွမ်နယ်မြေရှိ နံပါတ်တစ် ကုန်သွယ်ရေးလုပ်ငန်းကြီး ဖြစ်လာခဲ့သည်။

၎င်းတို့အထဲတွင် နတ်ဆိုးအနည်းငယ် ရှိလိမ့်မည်ဖြစ်ပြီး ထိုအခွင့်အရေးကို ရအောင် ယူရပေလိမ့်မည်။

ကျိုးကျွင်းထံမှ လီဟမ်ရှန်းရရှိခဲ့သည့် အမှန်ပြောခြင်းကို စစ်ဆေးနိုင်သည့် ပန်းချီကားသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အချိန်အတော်ကြာကြာအထိ ဒေသကြီးသုံးခုအတွင်း ရှင်းလင်းမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ အင်မော်တယ်အကြောင်းကို အခြားသူများအား ပြောပြထားခြင်းမရှိသော်လည်း အခြားဂိုဏ်းများကပါ ၎င်းတို့၏လူများက ထာဝရရှင်သန်ခြင်းဂိုဏ်း၏ နောက်လိုက်ဟုတ်၊မဟုတ် စစ်ဆေးရန် စိတ်ဝင်စားလာကြပြီး သံသယရှိသူများကို လီချန်ချင်းထံသို့ ခေါ်ဆောင်သွားကြသည်။

လီချန်ချင်းက လူအများကို ထိုသို့စီစဉ်ပေးထားလေသည်။ ထို့အပြင် လာရောက်စုံစမ်းသူများအနေဖြင့် သူတို့၏ရတနာများကို ကိုယ်တိုင်ပေးဆောင်ရန် လိုအပ်ပေသည်။

ထိုကဲ့သို့သော ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမှု လုပ်ငန်းစဉ်သည် အလွန်ကြီးမားလှသောကြောင့် ၎င်းကိုပြီးမြောက်ရန် အချိန်တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။

‘ဆိုရိုးစကားအရ မစစ်ဆေးမချင်း မသိဘူး။ စစ်ဆေးပြီးတာနဲ့ မင်း အံ့သြသွားလိမ့်မယ်။’

ထာဝရရှင်သန်ခြင်းဂိုဏ်း၏ စုစုပေါင်း အဖွဲ့ဝင် ၇၀၀ ကျော်ကို အင်အားစုများတွင် သူလျိုအဖြစ် တွေ့ရှိခဲ့ရသည်။ ထိုသူတို့အားလုံးကို ခြွင်းချက်မရှိ ဖမ်းဆီးခဲ့ပြီး ထာဝရရှင်သန်ခြင်းဂိုဏ်း၏ တည်နေရာကို ၎င်းတို့၏ပါးစပ်မှ ထုတ်ဖော်စေခဲ့သည်။

သို့သော် ထာဝရရှင်သန်ခြင်းဂိုဏ်းသည် လုံခြုံမှုအပြည့်အဝ စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရှာဖွေတွေ့ရှိရသူများက သေးငယ်သော ဇာတ်ကောင်များသာဖြစ်ကြပြီး အထက်ပိုင်း အင်အားကြီးသူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

နောက်ဆုံးတွင်လည်း သူတို့သည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ တည်နေရာကို ရှာမတွေ့နိုင်သေးပေ။

သို့သော် ဖမ်းဆီးရမိသည့် လူများ၏ ပါးစပ်မှ သူတို့တိုက်ခိုက်ချင်သည့် ပစ်မှတ်ကိုတော့ သိလာခဲ့ရသည်။

အရင်က ထာဝရရှင်သန်ခြင်းဂိုဏ်းသည် ယင်ချန်းလီကို ဖမ်းဆီးရန်ဆန္ဒရှိခဲ့သော်လည်း မြောက်ပိုင်းအေးခဲနိုင်ငံ၌ တိုက်ခိုက်ရန် ကျရှူံးခဲ့လေသည်။ ယခုအချိန် ယင်ချန်းလီသည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး ရွှယ်ချမ်းပိုင်၏ တပည့်ဖြစ်လာခဲ့သည်။

မူလကတည်းက ရွှယ်ချမ်းပိုင်သည် သူတို့၏ ပစ်မှတ်ဖြစ်ခဲ့သော်လည်း သူ့ကို ဖမ်းမမိနိုင်သောကြောင့် စွန့်လွှတ်လိုက်ကြသည်။

လီချန်ချင်း အနည်းငယ် အံ့သြသွားရသည်။ ‘သော့ပိုင်ရှင်က ရွေးချယ်ထားတဲ့ လူရှစ်ဦးထက် ပိုနေတာ ဖြစ်နိုင်ပါ့မလား။’

စစ်ဆေးမေးမြန်းပြီးနောက် သော့ကိုင်ထားသူ ရှစ်ဦးသာရှိကြောင်း သိရှိခဲ့ရသည်။ ရွှယ်ချမ်းပိုင်၏ ဓားသိုင်းပညာသည် သော့များထဲမှ တစ်ခုသာဖြစ်သည်။ သူကိုယ်တိုင် သို့မဟုတ် အခြားလူတစ်ယောက်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် သန်မာလှသည့် ဓားသိုင်းပညာရှင် သို့မဟုတ် အခြားအရာတစ်ခုခုလည်း ဖြစ်နိုင်ပေသည်။

၎င်းက လီချန်ချင်းကို အနည်းငယ် စိတ်ထိခိုက်စေခဲ့သည်။ အရာအားလုံးက တကယ့်ကို စိတ်အနှောင့်အယှက် ပေးနေသည်။ မူလက ရွှယ်ချမ်းပိုင် နှင့် ယင်ချန်းလီကို သူကာကွယ်ပေးထားသရွေ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက သူ့ကိုတားဆီးရန် နည်းလမ်းမရှိဟု သူထင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ ကိစ္စများက ထိုမျှလောက် မရိုးရှင်းပေ။

အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံအတွက် ကွမ်ကျူးနှင့် သူ၏လူများသည် အဆင့်မြင့်ဆရာသခင်များကို ထိုနေရာသို့ စေလွှတ်ခဲ့လေသည်။ သို့သော် တိမ်ကန္တာရနယ်မြေမှ လူများ၏ အာရုံကို မဆွဲဆောင်မိစေရန် ထိုနေရာတွင်သာ တိတ်တဆိတ် ပုန်းနေခဲ့ကြသည်။

ကြည့်ရသည်မှာ ထိုသူများက ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့် ပတ်သက်သည့် သတင်းများ မရထားပုံပေါ်သည်။

ထို့နောက်တွင်တော့ အခြေအနေများက အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပြီး အပြင်လောကတွင်လည်း မေ့ပျောက်လုနီးပါး ဖြစ်သွားသည်။ 

All Chapters