အခန်း (၄၉၁)
Vol. 40 Ch. 491
မျက်စိတစ်မှိတ်အတွင်း ဆယ့်ငါးနှစ်ကြာခဲ့လေပြီ။
ဆယ့်ငါးနှစ်ကြာပြီးနောက် အရာအားလုံးသည် တူညီနေဟန်ရှိသော်လည်း များစွာပြောင်းလဲသွားပုံရသည်။
လီချန်ချင်းက ယခင်အတိုင်းပင် ဖြစ်သော်လည်း လီဟမ်ရှန်းသည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ တောင်ထွဋ်ဆရာသခင် ဖြစ်လာခဲ့သည်။
သတ္တမနှစ်တွင် သူသည် နဂါးသွေးအဆီအနှစ်နှင့် အခြားပစ္စည်းများကို စုဆောင်းပြီး ခုနစ်ရောင်ခြယ်နတ်ဆေးလုံးကို ကူညီပြီး သန့်စင်ပေးရန် မူချင်းကောကို တောင်းဆိုခဲ့သည်။
ခုနစ်ရောင်ခြယ်နတ်ဆေးလုံး အစွမ်းဖြင့် လီဟမ်ရှန်းသည် နတ် ဘုရားကိုယ်ခန္ဓာဖြင့် မဟာပြီးပြည့်စုံခြင်းအဆင့်သို့ လုံးလုံးလျားလျား ဝင်ရောက်လာခဲ့သည်။
နေလအစစ်အမှန်မီးတောက်သည် လီဟမ်ရှန်းကို မည်သို့သော ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်တော့ပေ။
နတ်ဆိုးခန္ဓာကိုယ်ကို ပြီးပြည့်စုံစေပြီးနောက် လီဟမ်ရှန်း၏ နတ်ဆိုးခန္ဓာကိုယ်သည် ပို၍ပင် အင်အားကြီးမားလှသည့် ယင်နှင့်ယန်နယ်ပယ် စွမ်းရည်များ ပေါက်ကွဲထွက်လာခဲ့သည်။
ယင်နှင့်ယန်နယ်ပယ် ဖွင့်လှစ်ခြင်းသည် သူ၏ကိုယ်ပိုင်ကမ္ဘာကို ဖွင့်လှစ်ထားသော မြေကမ္ဘာအင်မော်တယ် ကဲ့သို့ပင် အင်အားကြီးမားလှပသည်။ ထိုအရာသည် အစစ်အမှန်လောကနှင့် မတူညီသော်လည်း ယင်နှင့်ယန်နယ်ပယ် တည်ရှိမှုက လီဟမ်ရှန်း၏ အခြေခံကို ပို၍ခိုင်မာစေသည်။
သူသည် မူလအဆင့် ပြီးပြည့်စုံသောအဆင့်တွင်သာ ရှိသော်လည်း အဆင့်မြင့်ဆရာသခင်အဆင့်ရှိတွင် ဆရာသခင်များစွာကို သတ်ပစ်ခဲ့သည်။
တိုက်ပွဲတစ်ခုတွင် ကျော်ကြားလာခြင်းပင် ဖြစ်သည်။ ထို့နောက် စန်းယွမ်နယ်မြေရှိ တက်သစ်စကြယ်ပွင့်များထဲမှ အားအကောင်းဆုံး တစ်ဦးအဖြစ်လည်း လူသိများလာခဲ့သည်။
အနယ်နယ်၊အရပ်ရပ်တွင် ပါရမီရှင်များစွာရှိပြီး လီဟမ်ရှန်းကို ယှဉ်နိုင်သည့် ပါရမီရှင်များလည်း ရှိပေသည်။
ဥပမာအားဖြင့် တောင်ဘက်လွင်ပြင်ဒေသရှိ ဆုမိသားစုမှ ဆုရှန်းချီပင်။
ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှ ရွှယ်ချမ်းပိုင်၏ တိုက်ရိုက်တပည့် ယင်ချန်းလီလည်း ရှိပေသည်။
သူတို့သည် မျိုးဆက်သစ် လူငယ်များကြားတွင် ဆရာသခင်ဖြစ်နေပြီ ဖြစ်သည်။
ယင်ချန်းလီသည် မူလအဆင့် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသောအခါ ဓားနိယာမ၏ တည်ရှိမှုကို သူနားလည်ခဲ့သည်။ သူသည် ငယ်ရွယ်သော ဆရာသခင်များစွာကို သုတ်သင်ရှင်းလင်းပြီး သူ၏ဓားကြောင့်ပင် ကျော်ကြားလာခဲ့သည်။
ဓားချီတွင် သဘာဝတရား၏ စစ်မှန်လှသော အခြေခံအချက်များပါရှိပြီး ဓားတစ်ချောင်းချင်းစီတိုင်းသည် သဘာဝကျကျပင်ဖြစ်သည်။
သာမာန် ဆရာသခင်တစ်ဦးပင်လျှင် သူ၏ ဓားသုံးချောင်းကို ကြံ့ကြံ့မခံနိုင်ပေ။
လုရှီရန်သည်လည်း အလားတူပင် ဖြစ်သည်။ သူမသည် လီဟမ်ရှန်းကို လက်ထပ်ခဲ့သော်လည်း သူမ၏ကိုယ်ပိုင် ကျင့်ကြံခြင်းတွင် နောက်ကျကျန်ခဲ့ခြင်း မရှိပေ။
နှစ်များစွာ ကြာလာသည်နှင့်အမျှ လီချန်ချင်းသည် ရှားရှားပါးပါး ယန်မိသားစုမှ အပြင်သို့ထွက်ခဲလှပါသည်။
သူသည် အမြဲတမ်း ယန်မိသားစု၏ အိမ်အနောက်ဘက်တွင် နေပူဆာလှုံရင်း၊ ချက်ပြုတ်ရင်းနှင့် နေ့စဥ်နေ့တိုင်း ရှုခင်းကြည့်ရင်းဖြင့် သက်သောင့်သက်သာဘဝတွင် နေထိုင်နေလေသည်။
သူ့ကိုကြည့်လျှင် ဘာမှမလုပ်စရာမရှိဟု ထင်မြင်ရသော်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း တစ်ခုလုံးတွင် ကြီးကြီးမားမား ပြဿနာများ ကြုံတွေ့ရသည့်အခါ ဖြေရှင်းပေးရန်အတွက် လီချန်ချင်းကို မှီခိုနေရဆဲဖြစ်လေသည်။
ယန်မိသားစု၊ ကျောက်မိသားစု နှင့် ပိုင်မိသားစုတို့သည် ကြာမြင့်စွာသာ အချိန်ကတည်းက ပြောင်းလဲသွားခဲ့ကြသည်။
ယနေ့အချိန်အခါတွင် ၎င်းတို့သည် အမှန်တကယ်ပင် စွမ်းအားကိုထိန်းချုပ်ပြီး မူလအဆင့် ပြီးပြည့်စုံသောအဆင့်ထဲသို့ ဝင်ရောက်ထားကြသူများ ဖြစ်သည်။
သို့သော်လည်း သူတို့၏ အရည်အချင်းများအရ တိုးတက်မှုများ ဆက်လက်အောင်မြင်ရန် ခက်ခဲလွန်းလှသည်။
ထိုနေ့တွင် ချန်ထင်မြို့၌ မီးရှူးမီးပန်းများနှင့် စည်ကားခဲ့လေသည်။
စွမ်းအားကြီးသူ အများအပြားသည်လည်း အောင်ပွဲခံရန် ချန်ထင်မြို့သို့ ရောက်ရှိလာခဲ့ကြပြီး လီဟမ်ရှန်းသည်လည်း ပြန်ရောက်လာခဲ့လေသည်။
“ဖေဖေ! ပြန်လာပြီလား…”
ယန်အိမ်တံခါးဝရှိ လူငယ်လေးတစ်ယောက်သည် လီဟမ်ရှန်း ပြန်ရောက်လာသည်ကို မြင်သည့်အခါ မစောင့်နိုင်တော့ဘဲ အလျှင်အမြန် ပြေးသွားလိုက်လေသည်။
ထိုသူ၏အနောက်တွင် လုရှီရန်ကို တွေ့လိုက်ရသည့်အခါ လူငယ်လေးက ချစ်စဖွယ်အသံလေးဖြင့် ခေါ်လိုက်သည်။
“မေမေ!”
လုရှီရန်သည် ယခင်ကထက်ပင် ပို၍ နှစ်လိုဖွယ်ကောင်းလာခဲ့သည်။
“အဘိုး ဘယ်မှာလဲ….”
လီဟမ်ရှန်းသည် သူ့အရှေ့ရှိ ဆယ်ကျော်သက်လေးဆီသို့ လှမ်းလာပြီး ပြုံးပြုံးလေးဖြင့် မေးလိုက်သည်။
“အဘိုးက ဖေဖေတို့ပြန်လာရင် သူတို့ကို လိုက်ရှာမယ်လို့ပြောတယ်…. ဒီနေ့ သားအဒေါ်ရဲ့ မင်္ဂလာပွဲသာမဟုတ်ရင် ဖေဖေပြန်လာဖို့ စိတ်ကူးရှိမှာမဟုတ်ဘူး… ဖေဖေ့မှာ သားတစ်ယောက် ရှိသေးတယ်ဆိုတာရော မှတ်မိသေးရဲ့လား…”
ထိုအခါ လူငယ်လေးက မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။
“ကောင်လေး! ဖေဖေက ဂိုဏ်းမှာ နည်းနည်း အလုပ်ရှုပ်နေလို့ပါကွာ….”
လီဟမ်ရှန်းက ခပ်မဲ့မဲ့ပြုံးကာ ပြောလိုက်သည်။
သူတို့အရှေ့ရှိ လူငယ်လေးသည် သူတို့၏သားလေးပင်။ အိမ်ထောင်သက် တတိယနှစ်တွင် လုရှီရန်သည် လီဟမ်ရှန်းအတွက် သားလေးတစ်ယောက် မွေးဖွားပေးခဲ့သည်။
လီချန်ချင်းက သူ့ကို လီရှု ဟု အမည်ပေးခဲ့သည်။
လီရှုသည် လီချန်ချင်းလက်ထဲတွင် ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်ဟု ဆိုနိုင်သည်။ လီရှုသည် လီချန်ချင်း၏ မြေးဖြစ်သော်လည်း လီချန်ချင်းသည် သူ့ကို လုံးဝ အလိုမလိုက်ခဲ့ပေ။ လီရှုအား ဒုတိယမျိုးဆက် ချမ်းသာသောကလေးအဖြစ် ကြီးပြင်းခွင့်မပြုဘဲ သူ့အတွက် သင့်လျော်သည့် နည်းလမ်းများကို သင်ကြားပေးခဲ့သည်။
သို့သော် လီရှုသည် ကျင့်ကြံခြင်းကို လုံးဝစိတ်မဝင်စားဘဲ စီးပွားရေးလုပ်ရန်သာ စိတ်ဝင်စားခဲ့သည်။
၎င်းက ဖခင်တစ်ယောက်အနေဖြင့် လီဟမ်ရှန်းကို အနည်းငယ် စိတ်မကောင်းဖြစ်စေခဲ့သည်။ မူလက သူ့ကို ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းကို ခေါ်သွားချင်သော်လည်း လီရှု က ငြင်းဆိုခဲ့လေသည်။
သူ့တွင် ရွေးချယ်စရာမရှိပေ။ လက်လျှော့ပြီး ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ကူညီပေးရုံသာရှိသည်။
‘အနာဂတ်မှာ သာမန် စီးပွားရေးသမားတစ်ယောက် ဖြစ်တာပဲ ကောင်းပါတယ်။’
ယနေ့သည် လီရှု၏ အဒေါ်ဖြစ်သူ မင်္ဂလာပွဲပင်။ ကျန်းစစ်ယောင်မှလွဲ၍ အခြားတစ်ယောက် မဟုတ်ပေ။
ကျန်းစစ်ယောင်သည် လီချန်ချင်း၏ မွေးစားသမီး ဖြစ်လေသည်။ နှစ်များစွာအတွင်း ကျန်းစစ်ယောင်သည် လီချန်ချင်းနှင့်အတူ ပျော်ရွှင်စွာဖြင့် သာမာန်ဘဝကို ဖြတ်သန်းခဲ့လေသည်။ လီရှု မွေးဖွားပြီးနောက်တွင်လည်း ကျန်းစစ်ယောင်သည် သူ့ကို အလွန်တရာ ချစ်မြတ်နိုးပြီး သူမ၏တူလေးကဲ့သို့ပင် ပြုစုစောင့်ရှောက်ခဲ့သည်။
နောက်ပိုင်းတွင် ကျန်းစစ်ယောင်နှင့် ယန်ယွီရှစ်တို့သည် အမှန်တကယ်ပင် ချစ်မိသွားကြလေသည်။ ယခုတော့ သူတို့နှစ်ယောက်က အတူတူရှိနိုင်ပေတော့မည်။
ယန်ယွီရှစ်သည် ယခုအခါ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မူလအဆင့်သို့ရောက်ရန် သိပ်မကြာတော့ပေ။ လီချန်ချင်းက ယန်ယွီရှစ် ကြီးပြင်းလာသည်ကို ကောင်းကောင်းသိသည့်အတွက် ကျန်းစစ်ယောင်နှင့် ယန်ယွီရှစ်ကို လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။
လီဟမ်ရှန်းနှင့် သူ၏သူငယ်ချင်းများက မင်္ဂလာပွဲသို့ တက်ရောက်ရန် ပြန်လာခဲ့ကြလေသည်။
မင်္ဂလာပွဲ ကျင်းပနေစဉ်အတွင်း ယန်ပါးထောင်သည်လည်း ဤနေရာတွင် ထိုင်နေပြီး သူ့ကိုကြည့်ရသည်မှာ အလွန် ပျော်ရွှင်နေပုံရလေသည်။
ဤတစ်ဖက်နေရာတွင် ထိုင်နေသူမှာ လီချန်ချင်းဖြစ်သော်လည်း လီချန်ချင်းနံဘေးရှိ စားပွဲပေါ်တွင် ကျန်းဖုကွမ်း၏ ကမ္ပည်းကျောက်စာတိုင် တင်ထားလေသည်။
ထိုနေ့က မင်္ဂလာပွဲအပြီးတွင် လီချန်ချင်းသည် ကျန်းဖုကွမ်း၏ သင်္ချိုင်းဂူသို့ ရောက်ရှိလာပြီး ကျန်းဖုကွမ်းနှင့် အချိန်အတော်ကြာကြာ စကားပြောခဲ့လေသည်။
“အစ်ကို ဖုကွမ်း! စစ်ယောင်က ကောင်းကောင်းကြီးပြင်းလာပြီး အခုဆို အိမ်ထောင်တောင်ပြုသွားခဲ့ပြီ… မင်း ဒီနေ့ တွေ့လိုက်တယ်မလား…. မင်း စိတ်ချလက်ချ အနားယူတော့နော်…”
လီချန်ချင်းသည် သူ့အရှေ့ရှိ အုတ်ဂူကိုကြည့်ရင်း ပြုံးပြုံးလေး ပြောလိုက်သည်။
လီချန်ချင်းသည် ကျန်းဖုကွမ်း၏ အုတ်ဂူရှေ့တွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့သည်။
နောက်တစ်နေ့မနက်တွင်…..
လီချန်ချင်းသည် လီချန်ချင်းဆီသို့ လာရောက်၍ ရိုသေစွာ ဂါရဝပြုခဲ့သည်။
“ဒီနေ့ပြန်မှာလား….”
လီချန်ချင်းက မျက်နှာသစ်နေရင်း ခြံဝန်းထဲတွင်ထိုင်နေသည့် လီဟမ်ရှန်းကို မေးလိုက်သည်။
“အင်း! ကျွန်တော် ဒီနေ့နေ့လည် ပြန်သွားရမယ်…. ဖေဖေ! လီရှု ရှိလာပြီးတဲ့နောက် ဖေဖေက ကျွန်တော့်ကို တကယ်ဂရုမစိုက်တော့ဘူးပဲ…. ကျွန်တော်က ဖေဖေ့ရဲ့ သားပါနော်….”
လီဟမ်ရှန်းက ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
“မင်း ဒီလောက်ကြီးနေပြီ ဘာတွေလာမေးနေတာလဲ… မင်းကိုယ်မင်း ငယ်သေးတယ်လို့ ထင်နေသေးတယ်.... မင်းအဖေဆိုတဲ့ ငါက မင်းအတွက်ကို နေရာတကာ လိုက်စိတ်ပူနေရတယ်….”
လီချန်ချင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ဟုတ်ပါပြီ… ဟုတ်ပါပြီ…”
လီဟမ်ရှန်းသည် ခါးခါးသီးသီး ပြုံးလိုက်လေသည်။
‘သူ့အဖေ စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်လိုမျိုးပါလား။’
“ဖေဖေ! ကျွန်တော် အလေးအနက် ပြောစရာရှိတယ်… ထာဝရရှင်သန်ခြင်းဂိုဏ်းက မကြာသေးခင်ကမှ လှုပ်ရှားမှုတချို့ လုပ်လာခဲ့တယ်….”
လီဟမ်ရှန်းက မျက်မှောင်တင်းတင်းကြုတ်ပြီး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လီချန်ချင်းက အံ့ဩမနေပေ။ သူက မျက်နှာသုတ်ပုဝါကို ဘေးဖယ်လိုက်ကာ လီဟမ်ရှန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“တောင်ဘက်လွင်ပြင်ဒေသက ဟွမ်မိသားစုအကြောင်းကို မင်းပြောနေတာလား…”
“ဟေး! ဖေဖေလည်း ဒါကိုသိနေတာလား…”
လီဟမ်ရှန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
“မင်း ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းကနေ ရလာတဲ့သတင်းက ငါတို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဟိုးအရင်ကတည်းက သိနေခဲ့တာ… ဒီသတင်းအရဆို အဲ့တာက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ နည်းလမ်းနဲ့ ဆင်တူနေတယ်… နှစ်ပေါင်းများစွာ ပုန်းအောင်းနေပြီးတဲ့ နောက်မှာတော့ မြေခွေးအမြီး ထုတ်ပြလာတာပဲ….”
လီချန်ချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။