← Chapters

အခန်း (၄၉၂)

Vol. 40 Ch. 492

အခန်း (၄၉၂)

Vol. 40 Ch. 492

လီချန်ချင်းသည် တောင်ဘက်လွင်ပြင်ဒေသရှိ ဟွမ်မိသားစုမှ အဖွဲ့ဝင်များအားလုံး ညတွင်းချင်း သေဆုံးသွားကြောင်းကို ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထံမှ သတင်း ရရှိထားပြီးဖြစ်သည်။ သေဆုံးရသည့်အကြောင်းရင်းမှာ ဆေးဘုရင်တောင်ကြားတွင် လီချန်ချင်း မြင်ခဲ့သည့်အတိုင်းပင်။ မည်သူမှ ဒဏ်ရာမရရှိကြဘဲ သေဆုံးသွားကြသည်။ အမှန်တကယ်မှာ သူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုသွားခဲ့ခြင်းပင် ဖြစ်လေသည်။

လီရွှမ်းရှီ နှင့် ကျန်းထျန်းယွမ်တို့ ယခင်က ယှဉ်ပြိုင်ကြသည့်အခါ ထာဝရရှင်သန်ခြင်းဂိုဏ်းသည် ထိုအခွင့်အရေးကို အကြိမ်များစွာ အသုံးချခဲ့သည်။

ကျောက်ပိုင်မင်သည်လည်း ဤအဖြစ်အပျက်တွင် သေဆုံးသွားခဲ့သည်။

အကယ်၍ ကျန်းဖုကွမ်းသာ ရှိမနေခဲ့ပါက ယင်ချန်းလီသည်လည်း ထိုနေရာတွင် သေဆုံးသွားပေလိမ့်မည်။

လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ငြိမ်သက်နေမည်ဟု တစ်ကြိမ်တခါမှ မတွေးဖူးခဲ့ပေ။ ထို့ကြောင့် ထာဝရရှင်သန်ခြင်းဂိုဏ်းအနေဖြင့် ဆယ့်ငါးနှစ်ကြာ တိတ်ဆိတ်နေမည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

လီချန်ချင်းသည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်တာ ကာလအတွင်း ထာဝရရှင်သန်ခြင်းဂိုဏ်းမှ မည်သည့်အရာ လုပ်နေခဲ့မှန်းကို သူမသိပေ။ သို့သော်လည်း ၎င်းတို့သည် ကောင်းမွန်သည့်အရာများ လုပ်ဆောင်နေခြင်း မဟုတ်သည်မှာ သေချာလှသည်။

ယခုအချိန်တွင် သူတို့က ပြန်လည်လှုပ်ရှားလာကြပြီး အရှုပ်အထွေးများ ဖြစ်ပေါ်လာမည်ကို သူစိုးရိမ်နေမိသည်။

လွန်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်သည် ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုနေရာသို့ပင် မည်သူမျှ မသွားရဲပေ။

ထိုအရာက လီချန်ချင်းကို ပို၍ပင် စိတ်မသက်မသာ ‌ဖြစ်စေခဲ့ပြီး ထာဝရရှင်သန်ခြင်းဂိုဏ်းက ကြီးစွာသော လှုပ်ရှားမှုတစ်ခုကို စီစဉ်နေသည်ဟု သူခံစားခဲ့ရသည်။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲသတိထားနေတာ... အဲ့တာကြောင့်ပဲ သူတို့မှာရှိတဲ့ ချို့ယွင်းချက်တွေကို ရှာတွေ့ဖို့ ခဲယဉ်းလွန်းနေတာ… ဒါပေမယ့် သူတို့ ပထမခြေလှမ်းစပြီးရင်တော့ နောက်ထပ် အစီအစဉ်တွေ သေချာပေါက် ရှိလာလိမ့်မယ်…. ငါတို့ သေသေချာချာ စောင့်ကြည့်ဖို့ပဲလိုတယ်...”

လီချန်ချင်းက လီဟမ်ရှန်းကို ပြောလိုက်သည်။

“ဖေဖေ! ဒီတစ်ခါ ထာဝရရှင်သန်ခြင်းဂိုဏ်း ထွက်ပေါ်လာတာက အပေးအယူ ကြီးကြီးမားမား တစ်ခုရှိနိုင်တယ်…. အဲ့တာကြောင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကနေ ဒါကိုအနီးကပ် စောင့်ကြည့်ခွင့်ပေးလိုက်တာ ပိုကောင်းမယ်…”

“စိတ်မပူပါနဲ့! ဘာတွေဖြစ်နေလဲ ငါသိပါတယ်….”

လီချန်ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

နေ့လည်စာစားပြီးနောက် လီဟမ်ရှန်းနှင့် လုရှီရန်တို့သည် လီရှု နှင့် ခဏအကြာ စကားစမြည် ပြောဆိုပြီးနောက် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းသို့ အတူတူပြန်သွားခဲ့ကြသည်။

လီရှုသည် သူ၏မိဘများကို တစ်ခါတရံ လွမ်းဆွတ်မိသော်လည်း သူသည် သူတို့ကို အလွန်အမင်း တွယ်တာမနေပေ။

နှိုင်းယှဉ်ကြည့်ရလျှင် လီရှု နှင့် လီချန်ချင်းအကြားရှိ ဆက်ဆံရေးက ပို၍ကောင်းမွန်ပေသည်။

သူသည် ကျန်းစစ်ယောင်နှင့်လည်း အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။ နောက်ဆုံးတော့ သူတို့သည် အတူတူကြီးပြင်းလာကြခြင်း ဖြစ်ပေသည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှယ်ချမ်းပိုင်သည် လီချန်ချင်းဆီသို့ ထပ်မံရောက်ရှိလာခဲ့သည်။

ရွှယ်ချမ်းပိုင်သည် ဘယ်သောအခါမှ အသက်မကြီးလာသကဲ့သို့ ယခင်အတိုင်း တူညီနေဆဲပင်။ လွန်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း၌ ရွှယ်ချမ်းပိုင်၏ စွမ်းအားသည်လည်း အလွန်အမင်း တိုးတက်လာခဲ့သည်။

ယခုအခါ သူသည် ဤကမ္ဘာပေါ်ရှိ အသန်မာဆုံးလူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး

အင်မော်တယ်ထက် တစ်ဆင့်သာနိမ့်သည်။

မြေအင်မော်တယ်များ မထွက်လာသေးသရွေ့ ရွှယ်ချမ်းပိုင်ကို လွှမ်းမိုးနိုင်မည့်သူ မရှိပေ။

ထို့အပြင် လွန်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း ရွှယ်ချမ်းပိုင်သည် နောက်ဆုံး၌ သူ၏ ချစ်လှစွာသောမိန်းကလေးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ သူသည် မင်းသမီးချင်းယန်ကို လွန်ခဲ့သော နှစ်အနည်းငယ်က လက်ထပ်ခဲ့သည်။ သို့သော် သူတို့စုံတွဲသည် အတူတူရှိချိန်မှာ နည်းပါးလွန်းလှသည်။ ချင်းယန်သည် ချင်းယန်မင်းဆက်၏ထီးနန်းကို အမွေဆက်ခံခဲ့ပြီး သူမ ဧကရီဖြစ်လာချိန်တွင်တော့ ရွှယ်ချမ်းပိုင်က ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းတွင် ရှိနေခဲ့ရသည်။

“မင်း ငါ့ဆီလာဖို့ အချိန်တွေ အများကြီးရှိနေသလား… ဒီအချိန် ချင်းယန်ဆီကို မသွားဘူးလား…”

ရွှယ်ချမ်းပိုင် ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ လီချန်ချင်းက သူ့ကို နောက်ပြောင်လိုက်လေသည်။

“မင်း အခုချိန်ထိ ရွှတ်နောက်နောက် လုပ်နေသေးတယ်… ငါ မင်းနဲ့ အလေးအနက် ဆွေးနွေးစရာရှိတယ်… ဂိုဏ်းချုပ်က ငါ့ကို လာခိုင်းတာ…”

ရွှယ်ချမ်းပိုင်က စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။

“ဘာလဲ?”

“ဒါက ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ပတ်သက်နေတုန်းပဲ…. ဂိုဏ်းချုပ်က ကံကြမ္မာဖတ်လိုက်တာ မကြာခင် တိမ်ကန္တာရနယ်မြေမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်လာနိုင်တယ်လို့ မြင်တယ်… ဂိုဏ်းချုပ် ဆိုလိုတာက တကယ်သာ ကြီးကြီးမားမား တစ်ခုခုဖြစ်သွားရင် မင်း လှုပ်ရှားနိုင်မယ်လို့ သူမျှော်လင့်တာ…. မင်း လုပ်နိုင်ဖို့ အဆင်မပြေဘူးဆိုတာ ငါသိပါတယ်… ဒါပေမယ့် ငါဒီသတင်း ပေးချင်လို့လာတာ….”

ရွှယ်ချမ်းပိုင်က လေးလေးနက်နက် ပြောလိုက်သည်။

“တိမ်ကန္တာရနယ်မြေ?”

လီချန်ချင်းက ခဏတာ တွေးတောပြီးနောက် မျက်မှောင်တင်းတင်း ကြုတ်လိုက်လေသည်။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက တောင်ဘက်လွင်ပြင်ဒေသမှာ ပထမဆုံး ပြဿနာရှာတယ်… အခု ထပ်ပြီး တိမ်ကန္တာရနယ်မြေမှာတဲ့လား…. သူတို့ ဘာဖြစ်ချင်နေတာလဲ….”

“သူတို့က ငါတို့အငြင်းပွားအောင်လို့ ရန်စနေတာ ဖြစ်နိုင်တယ်… ”

ရွှယ်ချမ်းပိုင်က မှန်းဆလိုက်သည်။

“မင်း ဘာဆက်လုပ်မှာလဲ….မင်းသာ ဘာမှမလုပ်ဘူးဆို ဒီကိစ္စလည်း ဘာမှဖြစ်လာမှမဟုတ်ဘူး…. မင်း တိုက်ခိုက်လို့မရဘူးဆိုတာ လူတွေသိသွားရင် လူတော်တော်များများက မင်းကိုမကောင်းကြံလိမ့်မယ်…. အထူးသဖြင့် ယွဲ့ဟန်ကျွင်းပေါ့… သူသာ သိလို့ကတော့ မင်းကို သေချာပေါက် ပြန်တုံ့ပြန်လိမ့်မယ်….”

ရွှယ်ချမ်းပိုင်က စိုးရိမ်မှုတစ်ချို့ဖြင့် ပြောလိုက်သည်။

“ဒါဆိုလည်း လုပ်ကြတာ‌ပေါ့ကွာ…”

“သူတို့လိုချင်တာကို ခန့်မှန်းပါစေ… ငါ ဘာမှမလုပ်နိုင်ဘူးလို့ ယွဲ့ဟန်ကျွင်း တွေးနေရင် ပိုတောင်ကောင်းသေးတယ်.... သူနဲ့ ဖြေရှင်းဖို့ လူကိုယ်တိုင်လာပါစေ… အဲ့ဒီအချိန်ကျမှ ငါသူ့ကိုသတ်မှာ….“

လီချန်ချင်းက ပြုံးပြုံးလေး ပြောလိုက်သည်။

“ယွဲ့ဟန်ကျွင်းရဲ့ သတိထားတတ်တဲ့ စရိုက်အရဆို သူထွက်လာဖို့ မဆွဲဆောင်နိုင်မှာကိုတောင် ငါကြောက်တယ်….”

ရွှယ်ချမ်းပိုင်က ခေါင်းယမ်းလိုက်လေသည်။

“သူ့ကို လာခွင့်ပြုလိုက်စမ်းပါ….”

လီချန်ချင်းသည် ထိုအရာကို ဂရုမစိုက်သလို လူအများ၏ အတွေးကိုလည်း ဂရုမစိုက်ချေ။

“တစ်ယောက်ယောက်ကသာ တကယ့်ကို မျက်ကန်းတစ္ဆေလိုမျိုး ငါ့ကို ပြဿနာရှာချင်နေရင် ငါ့မှာ မင်းရှိနေတာပဲလေ….”

လီချန်ချင်းက သမ်းဝေလိုက်လေသည်။

ထိုသို့ကြားသော် ရွှယ်ချမ်းပိုင်သည် ဆွံ့အသွားခဲ့ပြီး ဆက်ပြောလိုက်လေသည်။

“ငါ မင်းတို့ လီမိသားစုကို တကယ် အကြွေးဆပ်နေရတာပါလား…..”

“ငါ တစ်ရေးတစ်မော အိပ်တော့မယ်…. မင်းကို မမြင်ချင်‌တော့ဘူး…”

လီချန်ချင်းသည် သမ်းဝေလိုက်ပြီး တရေးတမောအိပ်ရန် အိမ်အတွင်းသို့ ဝင်သွားလေသည်။

ရွှယ်ချမ်းပိုင်သည်လည်း ကူကယ်ရာမဲ့စွာ ထွက်သွားလေသည်။

All Chapters