← Chapters

အခန်း (၄၉၄)

Vol. 40 Ch. 494

အခန်း (၄၉၄)

Vol. 40 Ch. 494

လီဟမ်ရှန်းသည် ထိုနာမည်ကိုကြားသောအခါ ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သို့သော်လည်း လီလုအာထံတွင် အခြားတစ်ယောက်၏ အရှိန်အဝါကို သူ မခံစားရသောကြောင့် လီဟမ်ရှန်းက ၎င်းကို သိပ်ပြီး တွေးတောမနေတော့ပေ။

လီဟမ်ရှန်းသည် လင်းရှတောင်ကြားလမ်းသို့ ရဲရဲဝံ့ဝံ့ရောက်လာပြီး လူသားမျိုးနွယ်စုအတွက် တိုက်ပွဲဝင်ရန် စစ်မြေပြင်သို့သွားလိုသည့် ဤမိန်းကလေးအပေါ် ကောင်းမွန်သော စိတ်သဘောထားရှိသည်။ ထို့အပြင် သူမနှင့်လည်း အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု ရှိနေသည်ကို ခံစားနေရသည်။

ထို့ကြောင့်ပင် လီလုအာကို သူ၏အနောက်သို့ လိုက်ပါခွင့်ပေးလိုက်သည်။

လီလုအာ၏ စွမ်းရည်သည် အမှန်တကယ် ကောင်းမွန်လှပြီး သူမ၏ ဓားသိုင်းပညာသည်လည်း ထိပ်တန်းပင်။ သူမ၏ ကျင့်ကြံခြင်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း စစ်မြေပြင်တွင် မူလအဆင့် ကျင့်ကြံသူတို့ကို တိုက်ခိုက်နိုင်သည်။

ဤနှစ်ဝက်အတွင်း ကြီးကြီး၊ငယ်ငယ် တိုက်ပွဲပေါင်း တစ်ဒါဇင်ကျော်ရှိခဲ့ပြီး လီလုအာ၏ မှတ်တမ်းသည် အလွန်အမင်း အထင်ကြီးစရာကောင်းခဲ့သည်။ လီဟမ်ရှန်းသည် လီလုအာကို အဖွဲ့ခေါင်းဆောင်အဖြစ် တိုက်ရိုက်ခန့်အပ်ခဲ့သည်။

ညအချိန် ကျရောက်လာခဲ့လေပြီ။ ယနေ့ တိုက်ပွဲတွင် နောက်ထပ် အောင်မြင်မှုတစ်ခု ရယူခဲ့သည်။

ခြစ်ခြစ်တောက်ပူနေသော မီး‌တောက်သည် လေးလေးနက်နက် ဖြစ်နေသည့် ဤမြို့ငယ်လေး၏ လေထုကို ပိုမိုတောက်ပစေခဲ့သည်။

မြို့တံခါးနားမှ အသားကင်နံ့များက တဖြည်းဖြည်းချင်း သင်းပျံ့လာခဲ့သည်။

လူအတော်များများက အနားယူချိန်လေးများကို ဤနေရာလေးတွင် အပြည့်အဝ ခံစားပျော်ရွှင်နေကြသည်။

လီဟမ်ရှန်းသည် မြေပြင်ပေါ်တွင် ထိုင်နေကာ သူ၏လက်အောက်ရှိ တပည့်၊ငယ်သားများကလည်း ပတ်ဝန်းကျင်တွင် အတူထိုင်နေကြသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် လီဟမ်ရှန်း ကင်နေသည့် ကြက်သားအပေါ် မျက်စိရောက်နေကြပြီး သွားရည်တများများ ကျ‌နေကြသည်။

လီဟမ်ရှန်းလက်ထဲရှိ ကြက်သားသည် ဆီများရွှဲနစ်နေကာ တစက်စက်ကျလာပြီး ရနံ့များ မွှေးကြိုင်လာသည်အထိ ကင်ထားလေသည်။ သူသည် မကြာခဏ ပျားရည်အနည်းငယ်စီ သုတ်ခြင်းမှလည်း ရပ်တန့်၍မရပေ။

“ခေါင်းဆောင်! ကျွန်တော်တို့ စားလို့ရပြီလား….”

ခပ်ဝဝ တပည့်တစ်ယောက်က သူ၏သွားရည်များပင် မသုတ်နိုင်တော့ပေ။

“စိတ်မပူနဲ့! ခဏနေဆို စားလို့ရပြီ…”

လီဟမ်ရှန်းက ကြက်ကင်ကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ပြောလိုက်သည်။

“ခေါင်းဆောင်! ဆရာ့ရဲ့ ကြက်ကင် ကျွမ်းကျင်မှုကတော့ တကယ့်ကို အံ့မခန်းပဲ….”

အခြားလူငယ်တစ်ဦးကလည်း သူ့ကို မြှောက်ပင့်ပြောလိုက်သည်။ ထိုသူသည် တော်ဝင်မိသားစုမှ တပည့်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်လက စစ်မြေပြင်တွင် တစ္ဆေများ ခုတ်ပိုင်းခဲ့သောကြောင့် လက်တစ်ဖက် ဆုံးရှူံးခဲ့ရလေသည်။

လီဟမ်ရှန်းက ထိုစကားကိုကြားသော် အံ့အားသင့်သွားကာ ပြုံးပြီး ပြောလိုက်သည်။

“ဒါဆို မင်း အရမ်းအရမ်းအရသာရှိတဲ့ ကြက်ကင်ကို တစ်ခါမှ မစားဖူးတာဖြစ်မယ်…..”

“အရင်တုန်းကဆို ငါအခုလုပ်ထားတဲ့ ကြက်ကင်ထက် ပိုကောင်းကောင်း ကင်တတ်တဲ့ စီနီယာအစ်ကိုတစ်ယောက် ရှိခဲ့ဖူးတယ်…. သူ့ကြက်ကင်ကို ပထမဆုံး စားလိုက်ရတုန်းကဆို အရသာရှိလွန်းလို့ ငါတောင်တော်တော်လေး အံ့ဩသွားခဲ့ရသေးတယ်….”

လီဟမ်ရှန်း၏ မျက်လုံးများက သူပြောနေသည့် စကားအတိုင်း တွေးတောနေပုံရသည်။

“အဲ့ဒီအချိန်တုန်းက သူနဲ့ငါ စီနီယာအစ်မရဲ့ တောင်ပေါ်တက်ပြီး ကြက်သွားခိုးကြတာ… စီနီယာအစ်မ တွေ့သွားတော့ ငါလည်း ကြောက်လန့်ပြီး သိပ်မစားရဲဘူးပေါ့… ကြက်ကင်အများစုကတော့ သူ့ဗိုက်ထဲ ရောက်သွားရော…”

“ခေါင်းဆောင်! ဆရာပြောတာက အရသာရှိမယ့်ပုံပဲ… တော်တော်လေးကို အရသာရှိတာဖြစ်ရမယ်…”

ခပ်ဝဝ ကောင်လေးက သူ၏တံတွေးများကို သုတ်လိုက်သည်။

“အဲ့ဒါက ငါ့ဘဝမှာ စားဖူးသမျှထဲ အကောင်းဆုံးသော ကြက်ကင်ပဲ….”

လီဟမ်ရှန်းက ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“ခေါင်းဆောင်ရဲ့ စီနီယာအစ်ကိုက အခုဘယ်မှာလဲ….”

တစ်ယောက်ယောက်က မေးလာခဲ့သည်။

“သူ…....”

လီဟမ်ရှန်းသည် ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“သူ တိမ်ကန္တာရနယ်မြေမှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်က သေဆုံးသွားခဲ့ပြီ… ငါ့လက်ပေါ်မှာပဲ သူဆုံးသွားခဲ့တာ…..”

“ငါ့ကိုကယ်ဖို့အတွက် သူ့အသက်ကို သူပေးခဲ့တာ….”

လီဟမ်ရှန်း၏ စကားများသည် ထိုနေရာရှိ လူအများအပြားကို ငြိမ်သက်သွားစေခဲ့သည်။

“ခေါင်းဆောင်! ကျွန်မအမေ တစ်ခါပြောဖူးတာက လူတစ်ယောက်သေသွားရင်တောင် သူတကယ်သေပြီလို့ မဆိုလိုဘူးတဲ့…. အမေက ဘာကိုဆိုလိုမှန်း ကျွန်မလည်း နားမလည်ဘူး….”

နံဘေးနားရှိ လီလုအာက ခဏတာမျှ တွေးလိုက်ပြီး ပြောလာခဲ့သည်။

“မင်းအမေရဲ့ စကားက တော်တော်လေးနက်တာပဲ….”

လီဟမ်ရှန်းက ပြုံးလိုက်သည်။

ကြက်နှစ်ကောင်ကို ကင်လိုက်ကာ စားသောက်ပြီးနောက် လီဟမ်ရှန်းသည် မြို့ရိုးသို့သွားကာ လီလုအာကို ကင်းလှည့်စေခဲ့သည်။

“ငါ မင်းကို တစ်ခါမှ မမေးဖူးဘူး… အိမ်မှာ မင်းနဲ့ မင်းအမေတို့ပဲ ရှိတာလား… ”

လီဟမ်ရှန်းက လှမ်းမေးလိုက်သည်။

“ဟုတ်တယ်! ကျွန်မ ငယ်ငယ်လေးကတည်းက မေမေကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ…”

လီလုအာက အမှန်အတိုင်း ပြောလိုက်သည်။

“မင်းအဖေရော?”

လီဟမ်ရှန်းက စိတ်ဝင်တစား မေးလိုက်သည်။

“သေပြီ….. ကျွန်မအမေပြောတာတော့ အဖေ့ကို သူ့လက်နဲ့ ကိုယ်တိုင်သတ်ခဲ့တာတဲ့….”

(အဖေနဲ့သမီးက တယောက်နဲ့ တယောက်မသိကြဘူး)

ထိုသို့ကြားသော် လီဟမ်ရှန်းက လီလုအာကို အံ့သြတကြီးနှင့် ကြည့်လိုက်သည်။

လီဟမ်ရှန်း၏ အံ့အားသင့်နေသော အကြည့်ကို မြင်လိုက်ရသည့်အခါ လီလုအာသည် ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။

“ကျွန်မလည်း နားမလည်ဘူး…. ကျွန်မ အမေ့ကို မေးပေမယ့် တစ်ခုတလေတောင် ရှင်းမပြခဲ့ဘူး…”

“မင်းအရွယ်ရောက်ပြီး ကြီးပြင်းလာတဲ့အခါ ဒီကိစ္စတွေကို မင်းနားလည်လာပါလိမ့်မယ်….”

လီဟမ်ရှန်းက ပြုံးပြုံးလေး ပြောလိုက်သည်။

“ခေါင်းဆောင်ကရော ဘယ်ကလဲ… ခေါင်းဆောင်မှာ ကလေးရှိလား…”

“ငါ့မှာ သားလေးတစ်ယောက်ရှိတယ်….”

“ဒါဆို ခေါင်းဆောင်လို ဖခင်ကောင်းတစ်ယောက်ရှိလို့ သူအရမ်းကံကောင်းမှာပဲ….”

“ငါတို့မိသားစုက အဲဒီကလေးအတွက် တော်တော်လေးကို အကြွေးတင်နေသလို ခံစားနေရတာ… သူငယ်ငယ်လေးကတည်းက သူ့အမေနဲ့ငါက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှာ နေခဲ့ရတာ… သူ့ကို ငါတို့နဲ့အတူလိုက်နေဖို့ တောင်းဆိုချင်ပေမယ့် ကလေးက ကျင့်ကြံခြင်းကို စိတ်မဝင်စားဘူးလေ... အဲ့တာကြောင့် သူက မွေးရပ်မြေမှာပဲ ကျန်ခဲ့ပြီး သူ့အဖိုးလက်ထဲမှာ ကြီးပြင်းခဲ့တာ…. ဒီနှစ်တွေတလျှောက်လုံး ငါသူ့ကို အကြိမ်‌ရေနည်းနည်းပဲ တွေ့ခဲ့ဖူးတယ်…”

“အဲဒါလည်း အရမ်းပျော်စရာကောင်းမှာပဲ…. ကျွန်မမှာ အဖိုးမရှိဘူး… အဖေ့ကိုလည်း တစ်ခါမှ မတွေ့ခဲ့ဖူးဘူး… ကျွန်မငယ်ငယ်က မေမေနဲ့အတူ ပင်လယ်ကမ်းစပ်နားက ရွာလေးတစ်ရွာမှာနေခဲ့တာ… မေမေက ကျွန်မကို အရမ်းတင်းကြပ်တယ်… ကျွန်မကို ငယ်ငယ်လေးကတည်းက ဓားသိုင်း လေ့ကျင့်ပေးခဲ့တာ… သူကျွန်မကို ပြောခဲ့တာက အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းမရှိရင် အနာဂတ်မှာ အနိုင်ကျင့်ခံရမှာ သေချာတယ်တဲ့….”

“အရည်အချင်းရှိတော့ ကောင်းတာပေါ့… မင်းအမေပြောတာ မှန်တယ်…. ဒါဆို မင်းအမေက မင်းကို အတွေ့အကြုံရဖို့ အပြင်ထွက်ခွင့်ပေးခဲ့တာလား….”

လီဟမ်ရှန်းက စိတ်ဝင်တစား မေးလိုက်သည်။

“မဟုတ်ဘူး…. လွန်ခဲ့တဲ့သုံးနှစ်လောက်က တစ်နေ့မှာ မေမေက စာတစ်စောင်ရေးပြီး ထွက်သွားခဲ့တယ်… သူ ဘယ်သွားလိုက်မှန်း ကျွန်မမသိဘူး….”

လီလုအာက သူမခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“သူ့မှာ အရေးကြီးကိစ္စ တစ်ခုခုရှိလို့ ဖြစ်ပါလိမ့်မယ်…”

လီဟမ်ရှန်းသည် သူမအား ဤနည်းလမ်းဖြင့် နှစ်သိမ့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

သို့သော် ထိုစကားပြောပြီးနောက်တွင် လီဟမ်ရှန်းသည် လီလုအာ၏ အမူအရာမှာ အနည်းငယ်စိတ်ပျက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

လီဟမ်ရှန်းက ရှေ့တက်လာပြီး လီလုအာ၏ ပခုံးကိုပုတ်ကာ ပြုံးပြုံးလေး ပြောလိုက်သည်။

“တစ်နေ့ မင်းအမေက သူ့အလုပ်ပြီးတာနဲ့ မင်းကို ပြန်လာရှာပါလိမ့်မယ်….”

“အင်း! မေမေက ကျွန်မကို ငယ်ငယ်လေးကတည်းက အရမ်းတင်းကြပ်ခဲ့ပေမယ့် ကျွန်မသူ့ကို အရမ်းသဘောကျတယ်… အရမ်းလည်းလွမ်းတယ်… မေမေ အခုအချိန်မှာ လုံလုံခြုံခြုံ ရှိနေလိမ့်မယ်လို့ ကျွန်မမျှော်လင့်တယ်….”

လီလုအာသည် ခေါင်းမော့လိုက်ပြီး သူမ၏မျက်လုံးများတွင် မျက်ရည်များနှင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့! အဆင်ပြေသွားမှာပါ…. မင်းအမေနာမည် ဘယ်လိုခေါ်လဲ…ငါ့ကိုပြောလေ! သူ့ကို ကူရှာပေးဖို့ ချန်ချင်းကုန်သွယ်‌ရေးလုပ်ငန်းကို ငါမေးလိုက်မယ်…”

လီဟမ်ရှန်းက ရုတ်တရက် မေးလိုက်လေသည်။

“မေမေက….…”

လီလုအာ ပြောလိုက်တော့မည် ဖြစ်သော်လည်း ငယ်စဥ်ကတည်းက သူ၏အမေပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားလေသည်။ အပြင်လောကတွင်သာ တစ်ယောက်ယောက်က သူ၏နာမည်ကို မေးလာခဲ့လျှင် ဘယ်တော့မှ မပြောပြသင့်ပေ။ သို့မဟုတ်လျှင် ရန်သူများကို အလွယ်တကူ ဆွဲဆောင်နိုင်ပေလိမ့်မည်။

ဤစာကြောင်းကို ငယ်စဉ်ကတည်းကပင် လီလုအာ၏ အရိုးများထဲထိတိုင် ရိုက်သွင်းထားပြီးဖြစ်သည်။

“ကျွန်မလည်း မသိဘူး…. မေမေက မပြောပြဘူး… ကျွန်မ ငယ်ငယ်လေးကတည်းက တံငါရွာမှာရှိတဲ့လူတိုင်း မေမေ့ကို သခင်မလုအာလို့ပဲ ခေါ်ကြတာ… အဲ့တာကြောင့် မေမေ့နာမည်ကို သိပ်မသိဘူး…..”

လီလုအာက အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်သည်။

“ဟုတ်လား…..”

“သူမက ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်လိုက်တဲ့ လူလဲ….”

လီဟမ်ရှန်းက အံ့အားသင့်စွာ ပြောလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် လီဟမ်ရှန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ချိန်တွင် မည်းမှောင်နေသည့် ကောင်းကင်ပြင်မှ သိပ်သည်းလှသည့် တစ်စုံတစ်ခုက သူ့ဆီသို့ ဦးတည်ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။

လေချွန်သံကြောင့် လီဟမ်ရှန်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

သူ၏ စူးရှသောမျက်လုံးများက ၎င်းသည် အမှန်တကယ်ပင် မရေမတွက်နိုင်သော ကြီးမားလှသည့် ခိုများဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ထိုအရာသည် ပျံသန်းနိုင်သည့် စိတ်ဝိညာဉ်သားရဲ တစ်မျိုးဖြစ်ပြီး တစ်ကောင်ချင်းစီတိုင်းက ကြမ်းကြုတ်ရက်စက်မှု သိပ်မရှိပေ။ သို့သော် ထောင်ပေါင်းများစွာ စုရုံးမိသည့်အခါတွင်တော့ ကွဲပြားလှသည့် အကြောင်းအရာ ဖြစ်သွားပေလိမ့်မည်။

ညအချိန်တွင် တစ္ဆေများဘက်မှ တိုက်ခိုက်လာခြင်းသည် ယခုအခါက ပထမဆုံးအကြိမ် မဟုတ်‌တော့ပေ။ ထို့ကြောင့် လီဟမ်ရှန်းသည်လည်း ထိတ်လန့်မနေခဲ့ပေ။ သူ၏လက်ကို မြှောက်လိုက်ပြီးနောက် တောက်လောင်နေသည့် အတွင်းအားများ ပစ်လွှတ်လိုက်ကာ အဝေးရှိ ကြေးခေါင်းလောင်းကို တိုက်ရိုက် မြည်သွားစေခဲ့သည်။

ခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ လင်းရှတောင်ကြားလမ်း တစ်ခုလုံးက ရန်သူရောက်ရှိလာကြောင်းကို သိလိုက်ရသည်။

ခိုများဖြင့်ပြည့်နေသော ကောင်းကင်ကြီးကို မြင်လိုက်ရသောအခါ ဝင်ရောက်လာမည့် ရန်သူများကြားတွင် တစ္ဆေခြယ်လှယ်မျိုးနွယ်စုမှ ဆရာသခင်များ ရှိနေမည်ကို သိလိုက်ကြသည်။

စစ်ပွဲကြီး ရုတ်တရက် ဖြစ်ပွားလာခဲ့လေပြီ။

အမွှေးတိုင်တစ်တိုင်ခန့်နီးပါး ကြာပြီးနောက် လင်းရှတောင်ကြားလမ်းသည် တစ္ဆေများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရလေသည်။ လူသားမျိုးနွယ်စု၏ စွမ်းအားကြီးသော လူများသည်လည်း သရဲ၊တစ္ဆေများကို ပြန်လည်တိုက်ထုတ်ရန် လုပ်ဆောင်ခဲ့သည်။

သို့သော် ယခုအကြိမ်တွင် တစ္ဆေမျိုးနွယ်စုမှ ဆရာသခင်တစ်ယောက် ရောက်ရှိလာခဲ့သည်။

လင်းရှတောင်ကြားလမ်း၏ မြို့အရှင်သည် သံဓားဂိုဏ်း၏ ဆရာသခင်အဆင့် အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူသည် သုံးချီမပြည့်ခင်၌ပင် ပြိုင်ဘက်တပ်မှူးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ပြိုင်ဘက်တပ်မှူးသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သို့သော် တစ္ဆေမျိုးနွယ်စု၏ စိတ်ဓာတ်ကို လွန်လွန်ကဲကဲ တက်ကြွစေခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့သည် လူသားမျိုးနွယ်စု၏ အရှိန်အဟုန်ကို အမှန်တကယ် ဖိနှိပ်ထားနိုင်ခဲ့သည်။  

တစ္ဆေများအကြား တိုက်ခိုက်နေသော လီဟမ်ရှန်းသည် မြို့အရှင်က ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ကို မြင်လိုက်ရသောအခါ ထိုအဖွဲ့ရှိ ဆရာသခင်အဆင့်ရှိသူကို တိုက်ရိုက်ပင် တိုက်ခိုက်ပြီးရင်း တိုက်ခိုက်ခဲ့သည်။

ယင်နှင့်ယန်နယ်ပယ်ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံသည် အလွန်တရာ မြင့်မားလှသည့်အဆင့်အထိ ကျင့်ကြံထားခြင်းဖြစ်သည်။ ဤလှံသည် သူကိုယ်တိုင် ဘာမျှမလုပ်နိုင်သော်လည်း ပြိုင်ဘက်ကို ခြေနှစ်လှမ်းမျှ နောက်ဆုတ်သွားစေခဲ့သည်။

သို့သော် လီဟမ်ရှန်းသည် ထိုလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ ထိုသူက သူရင်းနှီးသော မျက်နှာတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

“စစ်သူကြီး တဲကောင်း!”

All Chapters