အခန်း (၄၉၅)
Vol. 40 Ch. 495
“စစ်သူကြီး တဲကောင်း!”
လီဟမ်ရှန်းက မျက်မှောင်တင်းတင်းကြုတ်ကာ ပြောလိုက်သည်။
“မင်းကို လီဟမ်ရှန်း လို့ခေါ်ရမလား…. ဒါမှမဟုတ် လီယွင်လို့ ခေါ်သင့်သလားပဲ….”
စစ်သူကြီးတဲကောင်းက လီဟမ်ရှန်းကိုကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်….”
လီဟမ်ရှန်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး စစ်သူကြီးတဲကောင်းကို ကြည့်လိုက်သည်။
ယခုအချိန်တွင် စစ်သူကြီးတဲကောင်းသည် အဆင့်မြင့် ဆရာသခင်အဆင့်ကို ကျော်လွန်ကာ မဟာသိုင်းဂိုဏ်းအဆင့်သို့ စတင်ခြေလှမ်းနေပြီ ဖြစ်သည်။
သူသည် မဟာသိုင်းဂိုဏ်းအဆင့်ကို ယခုမှ စတင်နေသော ဆရာသခင်ဖြစ်သော်လည်း သူ၏ခွန်အားသည် သာမန်ဆရာသခင်များထက် ကျော်လွန်နေပြီဖြစ်သည်။
“ဟမ်ရှန်း! မြန်မြန်သွား… ငါ ဒီမှာကာထားပေးမယ်….”
သံဓါးဂိုဏ်း၏ အကြီးအကဲသည် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း သူသည် ကြံ့ကြံ့ခံကာ လီဟမ်ရှန်းရှေ့တွင် ရပ်နေဆဲဖြစ်သည်။
“မြို့အရှင်! မင်း ဒဏ်ရာ အပြင်းအထန်ရနေပြီ…. ကျွန်တော် ဒါကို ဂရုစိုက်ပေးပါရစေ… စိတ်မပူပါနဲ့! သူက အခုမှ မဟာသိုင်းဂိုဏ်းအဆင့် ဝင်ထားကာစပဲ ရှိသေးတာ… သူ ကျွန်တော့်ကို သတ်လို့မရဘူး…”
လီဟမ်ရှန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ဒါပေမယ့်……”
စစ်သူကြီးတဲကောင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလာခဲ့သည်။
“လီယွင်! မင်းတကယ် စိတ်ကြီးဝင်နေတာပဲ… အထက်လူကြီးတွေက မင်းကို ဒီနေ့ လင်းရှတောင်ကြားလမ်းမှာ ဖမ်းကိုဖမ်းရမယ်ဆိုတဲ့ သေမိန့်ထုတ်ထားတယ်… အဲ့ဒါကြောင့်ပဲ သူတို့က ငါ့ကို ဒီကိုပို့လိုက်တာ… မင်းက အခုမှ မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်မှာပဲ ရှိသေးတာ…. မင်း ငါ့ကို ယှဉ်ပြိုင်နိုင်ဖို့ နှစ်တစ်ရာလောက် စောပါသေးတယ်ကွာ…”
စစ်သူကြီးတဲကောင်းသည် သူစကားပြောပြီးသည်နှင့် လီဟမ်ရှန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
လီဟမ်ရှန်းသည် စစ်သူကြီးတဲကောင်းနှင့် ရင်ဆိုင်ရသောအခါ သတိလက်လွှတ် မပြုမူဝံ့ပေ။
သူသည် ယင် နှင့် ယန် နယ်ပယ်လောက၏ စွမ်းအင်အလုံးစုံကို အပြည့်အဝ အသုံးပြုခဲ့ရပြီး နတ်ဘုရားခန္ဓာကိုယ်ကိုလည်း အကန့်အသတ် ရောက်သည်အထိ ထုတ်ဖော်ခဲ့ရသည်။
သို့သော် လီဟမ်ရှန်းသည် မူလအဆင့် ပြီးပြည့်စုံခြင်းအဆင့်သာ ရှိသေးသည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ သူသည် အလွန်ဆုံး ဆရာသခင်အဆင့်နှင့်သာ ယှဉ်ပြိုင်နိုင်သည်။ သူ၏လက်ထဲတွင် အင်မော်တယ်အရှင်သခင်လှံကို ကိုင်ဆောင်ထားသော်လည်း အားနည်းချက်များ ရှိနေသေးပြီး စစ်သူကြီးတဲကောင်းကို ထိပ်တိုက် မတိုက်နိုင်ပေ။
စစ်မြေပြင် အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး လီဟမ်ရှန်းသည်လည်း ကြီးကြီးမားမား ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
သို့သော် ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် လီဟမ်ရှန်းသည် နောက်ဆုံးတွင် သူ၏ဝှက်ဖဲကို ထုတ်ပြလာခဲ့သည်။
စာလိပ်ကို ဆွဲဖြည်လိုက်သောအခါ ကောင်းကင်နှင့်မြေကြီးသည် မှောင်မိုက်သွားပြီး စစ်သူကြီးတဲကောင်း၏ အမူအရာသည်ပင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား!”
‘စစ်သူကြီးတဲကောင်းက ဒီလိုအင်မော်တယ်ရတနာကို ဘယ်လိုတောင် မကြားဖူးရတာလဲ။’
သို့သော်လည်း လီဟမ်ရှန်း၏ လက်ဝယ်တွင် ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား ကဲ့သို့သော အင်မော်တယ်ရတနာ အမှန်တကယ်ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ပေ။
လီဟမ်ရှန်း၏ ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလား ထွက်လာသည်နှင့် တပြိုင်နက် သူသည် အင်မော်တယ်ရတနာကို သူ၏ မူလအဆင့် အတွင်းအား အားလုံးကို ထုတ်ယူပစ်လုနီးပါး တွန်းအားပေးခဲ့သည်။ ကြယ်တာရာကောင်းကင် အနက်ရောင်ခေါင်းတလားက စစ်သူကြီးတဲကောင်းကို ထိုနေရာ၌ပင် ဖိနှိပ်နှိမ်နင်းခဲ့လေသည်။
စစ်သူကြီးတဲကောင်းက သူသည် ဤနေရာ၌ပင် ရှုံးနိမ့်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တပ်မှူးက ရှုံးနိမ့်နေပြီဖြစ်၍ ကျန်အရာများသည် ငှက်မွှေးသာသာ ဖြစ်သည်။ လင်းရှတောင်ကြားလမ်းက ထပ်မံ အနိုင်ရရှိခဲ့လေသည်။
မူလက လီဟမ်ရှန်းသည် သူ၏ဝှက်ဖဲကို ထုတ်မပြချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အင်မော်တယ်ရတနာများ ရှိနေပြီး ဤကိစ္စများမှ လွတ်မြောက်ခဲ့မည်ဆိုလျှင် အခြားသူများက လိုချင်တပ်မက်လာမည်ကို သူစိုးရွံ့သောကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုအခါ ထုတ်ဖော်ပြသပြီး ဖြစ်သောကြောင့် ဘာမှလုပ်၍ မရတော့ပေ။
တိုက်ပွဲကာလတစ်ခု ကြာမြင့်ပြီးနောက် လူသားမဟာမိတ်အဖွဲ့သည် ခုခံကာကွယ်ရေး အခြေအနေများကို အားရကျေနပ်မှု မရှိတော့သဖြင့် ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး တိမ်ကန္တာရနယ်မြေကို စတင်တိုက်ခိုက်ခဲ့ကြသည်။
ထိုဆုံးဖြတ်ချက် ထွက်လာသည်နှင့် တပြိုင်နက် လူအတော်များများ၏ ကန့်ကွက်မှုကို ခံခဲ့ရလေသည်။
လူသားမဟာမိတ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်များ အကြားတွင်လည်း ကြီးမားသော သဘောထားကွဲလွဲမှုများ ရှိခဲ့လေသည်။
ရလဒ်အနေဖြင့် လူသားမဟာမိတ်အဖွဲ့ကို နှစ်ပိုင်းခွဲကာ တစ်ဖွဲ့က တိမ်ကန္တာရနယ်မြေကို စူးစမ်းလေ့လာရန် ဝင်ရောက်ခဲ့ပြီး ကျန်တစ်ဖွဲ့သည် ရန်သူကို ဆက်လက်ခုခံကာကွယ်ရန် ရပ်တည်နေခဲ့သည်။
ထိုကဲ့သို့သော သဘောထားကွဲလွဲမှုများ ရှိနေပါက လူသားမျိုးနွယ်စု၏ စွမ်းအားသည် နှစ်ပိုင်းကွဲသွားပေလိမ့်မည်။ ထိုသို့သောအရာများ ဖြစ်လာပါက အဆုံးတွင် ရှုံးနိမ့်ရန် လွယ်ကူသွားမည်ဖြစ်ကြောင်း လီချန်ချင်းက ခံစားခဲ့ရသည်။
ထို့ကြောင့်ပင် လီချန်ချင်းက လူသားမျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများထဲမှ တစ်စုံတစ်ဦးသည် ထာဝရရှင်သန်ခြင်းဂိုဏ်းသို့ ကူးပြောင်းသွားပြီဟု သံသယမ၀င်ဘဲ မနေနိုင်ပေ။
သို့သော်လည်း အထောက်အထားမရှိသလို လီချန်ချင်းအတွက် ယခုအချိန်တွင် ထုတ်ဖော်ပြသလိုက်ရန် မသင့်တော်ပေ။ သူသည် နှစ်အတော်ကြာမျှ လှုပ်ရှားမှု မပြုလုပ်တော့သည်မှာ ကြာပြီဖြစ်ပြီး လီချန်ချင်းက ပန်းချီအင်မော်တယ် ဟုတ်၊မဟုတ်ဆိုသည်ကို သံသယရှိသူများ များပြားလာခဲ့သည်။ တချို့လူများက လီချန်ချင်းကို အပြင်ထွက်လာရန် ဖိတ်ခေါ်ချင်သော်လည်း ထိုသူတို့အားလုံး ငြင်းပယ်ခံခဲ့ရသည်။ ထို့အပြင် ယွဲ့ဟန်ကျွင်းသည်လည်း လီချန်ချင်း၏ ကျင့်ကြံခြင်းသည် လျှပ်တစ်ပြက်မျှသာ ဖြစ်သည်ဟု သတင်းဖြန့်ခဲ့လေသည်။
ထို့ကြောင့် ယခုအချိန်တွင် သူပေါ်လာခဲ့လျှင် လူထု၏ ဝေဖန်မှုဒဏ်ကို ခံရနိုင်ခြေရှိသည်။
စစ်ပွဲအခြေအနေက ပို၍ပြင်းထန်လာပြီး ရွှယ်ချမ်းပိုင်နှင့် သူ၏လူများကလည်း စစ်မြေပြင်သို့ လိုက်သွားကြသည်။ တိမ်ကန္တာရနယ်မြေကို ဆန့်ကျင်တိုက်ခိုက်သည့် လှုပ်ရှားမှုအတွင်း မရေမတွက်နိုင်သော လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။
တစ်ချိန်က သူနှင့် ခင်မင်ရင်းနှီးခဲ့သည့် လူအများအပြားသည်လည်း တိမ်ကန္တာရနယ်မြေတွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြသည်။
နှစ်လခန့် ကြာမြင့်ပြီးနောက်……
လီဟမ်ရှန်းသည် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လင်းရှတောင်ကြားလမ်းမှ ချန်ထင်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“ဖေဖေ! ကျွန်တော် တိမ်ကန္တာရနယ်မြေကို သွားချင်တယ်….”
လီဟမ်ရှန်းက လီချန်ချင်းကို လေးနက်စွာ ပြောခဲ့သည်။
“မင်းလည်း စစ်ထောက်ခံသူ ဖြစ်လာပြီလား…”
လီချန်ချင်းက မျက်မှောင်ကြုတ်ပြီး လီဟမ်ရှန်းကို ကြည့်လိုက်သည်။
လီဟမ်ရှန်းသည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး ပြောလာခဲ့သည်။
“စစ်လိုလားတဲ့သူတွေရော ခံစစ်အုပ်စုတွေကိုပါ ကျွန်တော်ဂရုမစိုက်ဘူး…. ကျွန်တော် လက်စားချေဖို့သက်သက်ပဲ တိမ်ကန္တာရနယ်မြေကို သွားချင်တာ…”
ထိုသို့ပြောပြီးနောက် လီဟမ်ရှန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်ပြောလာခဲ့သည်။
“ဆရာသခင်က တိမ်ကန္တာရနယ်မြေအတွင်း တိုက်ပွဲမှာ ကျဆုံးသွားပြီ…”
“ရှမူဟိုင်?”
လီချန်ချင်းသည် ထိုသတင်းကို သိလိုက်ရသည့်အတွက် အနည်းငယ် အံ့သြသွားခဲ့ရသည်။
“ဟုတ်တယ်…”
လီဟမ်ရှန်းက လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။
“ကျွန်တော့် ဆရာသခင်တွက် ကျွန်တော်ကိုယ်တိုင် လက်စားချေရမယ်…”
“ဘာလို့လဲ?”
လီချန်ချင်းသည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး ခေတ္တခဏ ဘာပြောရမှန်းပင် မသိတော့ပေ။
သို့သော်လည်း ယခုအချိန်တွင် ဖိတ်ခေါ်မထားသည့် ဧည့်သည်တစ်ဦးသည် ချန်ထင်မြို့သို့ ရောက်ရှိလာခဲ့သည်။
ဧည့်သည်သည် ယန်မိသားစုမှတဆင့် ရောက်လာပြီးနောက် လီချန်းကျင်းကို မြင်သည့်အခါ ရိုသေစွာ ဦးညွှတ်ခဲ့သည်။
“ပန်းချီအင်မော်တယ်လီ…”
ရောက်ရှိလာခဲ့သူမှာ တကယ်တော့ လင်းချင်းကျီပင်။
“မင်း ဒီကို ဘာလာလုပ်တာလဲ?”
လီချန်ချင်းသည် လင်းချင်းကျီကို မြင်သောအခါ သတိထားလာခဲ့သည်။
“ကျွန်တော်က စန်းယွမ်နယ်မြေအရှင်ရဲ့ အမိန့်အရ လီဟမ်ရှန်းကိုရှာဖို့ ဒီကိုရောက်နေတာ…”
လင်းချင်းကျီသည် သူ၏ဘေးနားရှိ လီဟမ်ရှန်းကို ကြည့်လိုက်သည်။
“ယွဲ့ဟန်ကျွင်းက အခုထိ သူ့အကြံအစည်တွေ မစွန့်လွှတ်သေးဘူးလား…. ကြည့်ရတာ သူသေဖို့ မစောင့်နိုင်တော့ဘူးထင်တယ်…”
လီချန်ချင်းသည် ယခုအချိန်တွင် သတ်ဖြတ်တော့မည့်ပုံစံ ဖြစ်နေသည်။
“ပန်းချီအင်မော်တယ်လီက အထင်လွဲနေတာပါ… တကယ်တော့ နယ်မြေအရှင်က ဒီကမ္ဘာပေါ်ကလူတွေကို ဂရုစိုက်တယ်… အဲ့ဒါကြောင့်ပဲ လီဟမ်ရှန်းကို ရှာခိုင်းတာ…”
လင်းချင်းကျီက အလျင်အမြန် ရှင်းပြလိုက်လေသည်။
“တကယ်တော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဒီစစ်ပွဲရဲ့နောက်ကွယ်မှာ ရှိနေနိုင်တယ်ဆိုတာကို နယ်မြေအရှင်က သံသယရှိခဲ့ပါတယ်…. ထာဝရရှင်သန်ခြင်းဂိုဏ်းက အင်မော်တယ်ကို ပြန်လည်ရှင်သန် ထမြောက်စေချင်တာလည်း သူသိတယ်… အဲ့ဒီအင်မော်တယ်သာ တကယ် ပြန်ရှင်လာရင် အရာအားလုံးက ထိန်းချုပ်လို့မရတော့အောင်ကို ဖြစ်သွားလိမ့်မယ်… နေရာတိုင်းမှာ အလောင်းတွေ ပုံလာနိုင်တယ်… စန်းယွမ်နယ်မြေတစ်ခုလုံးလည်း ပျက်စီးသွားလိမ့်မယ်… အဲ့တာကြောင့်ပဲ နယ်မြေအရှင်က လီဟမ်ရှန်းကိုရှာဖို့ ကျွန်တော့်ကို ခိုင်းလိုက်တာ…”
“ယွဲ့ဟန်လောင်ရှစ်က မူလနယ်မြေပုလဲ ဘယ်မှာရှိလဲလို့ မေးချင်နေတာ ဟုတ်တယ်မလား… သူက စန်းယွမ်စည်းတံဆိပ်တုံး နဲ့ မူလနယ်မြေပုလဲကို အသုံးပြုပြီး သူ့ကိုယ်သူ အင်မော်တယ်ဖြစ်အောင်လုပ်… ပြီးရင်တော့ ဒီစစ်ပွဲကို သူအဆုံးသတ်နိုင်မယ်ပေါ့…. ဒါက သူဆိုလိုချင်တဲ့ အဓိပ္ပါယ်မလား…”
လီဟမ်ရှန်းက လှောင်ပြောင်ပြောဆိုလိုက်လေသည်။ လင်းချင်းကျီက ပြုံးပြလာခဲ့သော်လည်း ဘာမှပြန်မပြောပေ။
“အခုအချိန်မှာ ဒါက အကောင်းဆုံးရွေးချယ်မှုလို့ မင်းမထင်ဘူးလား… မဟုတ်ရင် နောက်ထပ် လူဘယ်နှစ်ယောက်လောက် သေလိမ့်မယ်ဆိုတာ ဘယ်သူသိမလဲ…”
လင်းချင်းကျီက လေးနက်စွာ ပြောလိုက်သည်။
“ယွဲ့ဟန်လောင်ရှစ်က အဖြူ၊ အနက် လျှို့ဝှက်နယ်မြေရဲ့ အဆုံးမှာရှိတဲ့ ကျောက်စာတိုင်ကို တစ်ခါမှမမြင်ဖူးဘူး ထင်တယ်… စန်းယွမ်စည်းတံဆိပ်တုံး နဲ့ မူလနယ်မြေပုလဲ ပေါင်းစပ်မှုက အင်မော်တယ် ဖြစ်လာစေနိုင်တယ်ဆိုတဲ့ အယူအဆက လူထုကြားထဲက ကောလဟာလတစ်ခု သက်သက်ပဲ… ဒါကို သူကတကယ်ကြီး ယုံနေတာလား….”
လီဟမ်ရှန်း လှောင်ပြောင်ကာ ရယ်မောလိုက်လေသည်။