အခန်း (၄၉၇)
Vol. 40 Ch. 497
တောက်ဟန်မြို့ရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင်…..
မူချင်းကောသည် ကုန်သွယ်ရေးလုပ်ငန်းမှ ထွက်လာခဲ့သည်။ နောက်ကွယ်မှ အကြီးဆုံးရှယ်ယာရှင်ဖြစ်သူ လီချန်ချင်းသည် စာရင်းအင်းများစစ်ဆေးရန် သူ၏ ယုံကြည်ရသူ တစ်ဦးဦးကို ယေဘုယျအားဖြင့် စီစဉ်ပေးထားသည်။
ထို့ကြောင့် မူချင်းကောသည် လီချန်ချင်း၏ စာရင်းအင်း အချက်အလက်များကို ကူညီစစ်ဆေးရန် ခြောက်လတစ်ကြိမ် ရောက်လာပေလိမ့်မည်။
မူချင်းကော ဆင်းလာပြီးနောက်တွင် သူမသည် ရထားလုံးပေါ်သို့ တက်ခဲ့သော်လည်း ရထားလုံးအတွင်း၌ စောင့်နေသူတစ်ယောက် ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
“ရှင် ဘယ်သူလဲ?”
မူချင်းကောသည် သူမအရှေ့မှ သူမ မရင်းနှီးသည့်သူကို ကြည့်လိုက်သည်။
ထိုသူသည် အပြုံးမျက်နှာနှင့် အမျိုးသမီးတစ်ယောက်ပင်။ သူမက ပြောလာခဲ့သည်။
“စုန့်နတ်မိမယ်က သူမရဲ့ သမိုင်းဝင်နာမည်နဲ့ တကယ်ထိုက်တန်တယ်… သူမက တကယ့်ကို လှပတာပဲ…”
မူချင်းကောက ကြောက်မနေပေ။ တစ်ဘက်လူသည် သာမာန် မူလအဆင့်သာ ရှိသူဖြစ်သည်။ ထိုအဆင့်လောက်က မူချင်းကောကို ခြိမ်းခြောက်၍မရပေ။
“ရှင် ဘယ်သူလဲ?”
မူချင်းကောက ထပ်မေးလိုက်ပြန်သည်။
“ငါ့နာမည်က ယွဲ့ကုန်းရူ…”
အမျိုးသမီးက တည်ငြိမ်စွာ မိတ်ဆက်လာခဲ့သည်။
“ယွဲ့မိသားစုက လူလား…”
ထိုအမည်ကို ကြားသောအခါ မူချင်းကောက တစ်ဖက်လူသည် ထျန်းဟိုင်မြို့တော်မှ သေချာပေါက် ဖြစ်ရမည်ဟု သူမသိလိုက်ရသည်။
“ပထမဆုံး မင်းဒီအရာကို မှတ်မိလားဆိုတာ စုန့်နတ်မိမယ်ကို မေးကြည့်ချင်လို့ပါ….”
ယွဲ့ကုန်းရူက အဝတ်အိတ်ကို ထုတ်ယူလိုက်ပြီး မူချင်းကောလက်ထဲသို့ ပေးလိုက်သည်။
မူချင်းကောက ၎င်းကိုယူကာ စူးစမ်းချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်ရာ သူမ၏ သူငယ်အိမ်များကပင် ချက်ချင်း ကျုံ့သွားခဲ့ရသည်။
အတွင်းတွင် မှင်နက်အပ်တစ်စုကို တွေ့ရှိရသည်။
“ဆန်းကြယ်မှင်နက်အပ်!”
မူချင်းကောသည် သူ၏အရှေ့ရှိ ယွဲ့ကုန်းရူကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်ဖဝါးနှင့်အတူ ဝတ်ရုံလက်အတွင်းမှ ငွေအပ်တစ်ချောင်းက ပျံထွက်လာခဲ့ပြီး ယွဲ့ကုန်းရူ၏လည်ချောင်းကို ချိန်ရွယ်ထားလိုက်သည်။ လက်မဝက်လောက်သာ ရွှေ့လိုက်လျှင် ယွဲ့ကုန်းရူကို သေဆုံးသွားစေလိမ့်မည်။
သို့သော် ယွဲ့ကုန်းရူသည် လုံးဝဥဿုံ ကြောက်ရွံ့မနေဘဲ သူမသည် အပြုံးမျက်နှာဖြင့် မူချင်းကောအား စိုက်ကြည့်နေဆဲဖြစ်သည်။
“စုန့်နတ်မိမယ်! ဒီလောက်ကြီး စိတ်လှုပ်ရှားမနေပါနဲ့….”
ယွဲ့ကုန်းရူက ပြုံးပြီး ပြောလိုက်သည်။
“အဖေ့ကို ရှင်ဖမ်းထားတာလား…”
မူချင်းကောက အေးစက်စွာ ပြောလိုက်သည်။
“ငါ့အဖေ ဘယ်မှာလဲ….”
“မင်းအဖေ အဆင်ပြေနေပါတယ်…. ငါတို့ရဲ့ နယ်မြေအရှင်က သူ့ကို အမှတ်တမဲ့တွေ့ပြီး ထျန်းဟိုင်မြို့တော်ကို ပြန်ခေါ်လာခဲ့တာ… သူ့ကို အရသာရှိတဲ့ အစားအသောက်တွေလည်း ကျွေးမွေးထားတယ်… ဒါပေမယ့် အရမ်းထူးခြားတဲ့ အကြောင်းအရာတစ်ခု သိခဲ့ရတယ်…ကြည့်ရတာတော့ မူဟန်ရှန်းလောင်ရှစ်က ထာဝရရှင်သန်ခြင်းဂိုဏ်း အဖွဲ့ဝင်တစ်ယောက် ဖြစ်ပုံရတယ်….”
“ဒီသတင်းသာထွက်လာခဲ့ရင် မူလောင်ရှစ် ဘယ်လိုဖြစ်သွားမယ်ထင်လဲ…. လူသားမျိုးနွယ်စုကရော သူ့ကို လက်ခံနိုင်ပါ့မလား… တစ္ဆေမျိုးနွယ်စုကတောင် သူ့ကို လက်ခံနိုင်တော့မှာ မဟုတ်ဘူး... ဒါနဲ့ မူလောင်ရှစ်က ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် တစ်ယောက်ဖြစ်နေတော့ သူ့သမီးကိုရော လူတွေဘယ်လို ရှုမြင်ကြမလဲ....”
ယွဲ့ကုန်းရူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
ထိုစကားကြားသောအခါ ငွေပင်အပ်ကိုင်ထားသည့် မူချင်းကော၏လက်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
မူဟန်ရှန်းသည် မူချင်းကော ခွင့်မလွှတ်နိုင်သည့် အရာတစ်ခုကို လုပ်ခဲ့သော်လည်း သူမငယ်စဉ်ကတည်းက မူဟန်ရှန်းလက်ထဲတွင်သာ ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် အဖေနှင့်သမီးဆက်ဆံရေး မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။
ယခုအချိန်တွင် ဆေးဘုရင်တောင်ကြား၏ လျှို့ဝှက်ဆန်းကြယ်သော ပျောက်ဆုံးမှုနှင့်ပတ်သက်၍ လူအများက မတူညီသောအမြင်များရှိနေပြီး ကောက်ချက်မချနိုင်သေးပေ။ လူအချို့က ဆေးဘုရင်တောင်ကြားသည် ထာဝရရှင်သန်ခြင်းဂိုဏ်းကြောင့် အမှန်တကယ်ပင် ထိခိုက်နစ်နာခဲ့ရသည်ဟု ပြောလာကြသည်။ မူဟန်ရှန်းကသာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းကို လူအများသိပါက မူဟန်ရှန်းအတွက် အမှန်တကယ်ပင် ရှင်သန်နိုင်ရန် နည်းလမ်းမရှိတော့ပေ။
“ရှင် ဘာလိုချင်တာလဲ?”
မူချင်းကောသည် တစ်ဖက်လူက သူနှင့် စကားပြောစရာ ရှိကိုရှိရမည်ဟု သိလိုက်သည်။ သို့မဟုတ်လျှင် သူ့ကို ယခုကဲ့သို့ ခြိမ်းခြောက်မည်မဟုတ်ပေ။
“ဘာမှတော့ မဟုတ်ပါဘူး…”
“ကိစ္စသေးသေးလေးတစ်ခုပါပဲ….”
ထိုသို့ပြောပြီးနောက် ယွဲ့ကုန်းရူသည် ပုလင်းသေးသေးတစ်ဘူးကို ထုတ်ယူလိုက်ကာ မူချင်းကောအား ပေးလိုက်ပြီး ပြောလာခဲ့သည်။
“မင်းဒါတွေကို လီချန်ချင်းစားတဲ့ အစားအစာထဲမှာ နေ့တိုင်းနည်းနည်းစီ ထည့်ပေးနေသရွေ့တော့ မင်းအဖေရဲ့ဘေးကင်းမှုကို ငါတို့အာမခံပေးမှာပါ…. မင်းရဲ့တာဝန်ပြီးတာနဲ့ မင်းအဖေကိုလည်း ငါတို့ လွှတ်ပေးမယ်….”
“ဒီအကြောင်း စဉ်းတောင်မစဉ်းစားနဲ့…”
မူချင်းကောက ထိုကိစ္စကို မတွေးတောဘဲ ငြင်းဆိုလိုက်သည်။
“တကယ်လား?”
“ဒါဆိုရင်တော့ ခက်တာပဲရှင်၊ စုန့်နတ်မိမယ်က မလုပ်နိုင်တော့ဘူးဆိုရင်တော့ အဖေအိုကြီးကတော့ နှိပ်စက်တာတွေကို ခါးစည်းခံရတော့မှာပဲပေါ့လေ။ သူသေရင် အလောင်းတောင်ကျန်ပါ့မလားဆိုတာ ကျွန်မတောင် သိချင်သွားပြီနော်…”
ယွဲ့ကုန်းရူက အကူအညီမဲ့စွာ ပြောလိုက်သည်။
“ရှင်...”
“သေချာတွေးလိုက်ပါဦး….”
ထိုစကားကို ပြောပြီးနောက် ယွဲ့ကုန်းရူသည် ဆေးပုလင်းကို မူချင်းကောရှေ့တွင် ပစ်ပေးလိုက်ပြီး အပြုံးဖြင့် မတ်တပ်ထရပ်ကာ ရထားလုံးထဲမှ ထွက်ခွာသွားခဲ့သည်။
မူချင်းကောသည် ယခုအချိန်တွင် သူ၏ စိတ်နှလုံးသားအတွင်း၌ ရုန်းကန်နေရလေသည်။
သူမသည် ဆေးပုလင်းကို ကောက်ယူကာ ဖွင့်ကြည့်ပြီး အနံ့ခံလိုက်သော်လည်း တစ်စုံတရာ ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။
မူလက မူချင်းကောသည် ထိုအရာမှာ အဆိပ်တစ်မျိုးဖြစ်ပြီး စားလိုက်လျှင် လီချန်ချင်းကို သေစေနိုင်မည့်အရာဟု သူမ ထင်ခဲ့မိသည်။ သို့သော်လည်း သူမသည် အမှန်တကယ်ပင် အင်းဆက်တစ်ထောင် အဆိပ်ဆေးမှုန့် ပါ၀င်နေသည်ကို သူမ မမျှော်လင့်ခဲ့ပေ။
၎င်းကို စားလိုက်လျှင် အစပထမပိုင်းတွင် ဘာမှခံစားရမည် မဟုတ်သော်လည်း အချိန်အကြာကြီး စားသုံးလာခဲ့လျှင် ပုရွက်ဆိတ်များ ခန္ဓာကိုယ်အနှံ့ တွားသွားနေသကဲ့သို့ ခံစားရမည်ဖြစ်ပြီး နောက်ဆုံးမှာတော့ သည်းမခံနိုင်အောင်ပင် ဖြစ်လာနိုင်ပေသည်။ ထို့နောက် ခန္ဓာကိုယ်အနှံ့ အရေပြားများပင် ယားယံလာလိမ့်မည်။ သို့သော်လည်း ဤအဆိပ်သည် ခွန်အားအချို့ရှိသော သိုင်းပညာရှင်များအတွက်မူ လုံးဝ အသုံးမဝင်ပေ။
အခြေခံအားဖြင့် ကျင့်ကြံသူတစ်ဦးသည် မူလအဆင့်သို့သာ ရောက်ရှိနေပါက ဤအဆိပ်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်နစ်နာမည် မဟုတ်ပေ။
ထို့အပြင် ဤအဆိပ်မျိုးသည် လူများကို ရှင်သန်နေခြင်းကပင် သေခြင်းတရားထက် ပိုဆိုးစေပါက စန်းယွမ်နယ်မြေတွင် မီးတောင်တစ်ခုရှိသည်။ ထိုတောင်ခြေရင်းတွင် ဆေးဖက်ဝင် စိမ့်စမ်းတစ်ခုရှိသည်။ ထိုစိမ့်စမ်းတွင် စိမ်ထားသရွေ့ လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို တစ်နာရီအတွင်း အပြီးတိုင် ဖယ်ရှားပစ်နိုင်သည်။
‘လီချန်ချင်းအတွက် ဘာလို့ ဒီအဆိပ် ပေးခဲ့တာလဲ။’
မူချင်းကောက ၎င်းကို ရှင်းမပြနိုင်တော့ပေ။
သို့သော် မူဟန်ရှန်းက အခြားအဖွဲ့လက်ထဲတွင် ရှိနေသည်ဟုထင်ကာ မူချင်းကောသည် သူ၏လက်ထဲရှိ အင်းဆက်တစ်ထောင် အဆိပ်ဆေးမှုန့်ကိုကြည့်လိုက်ရင်း အလွန်အမင်း စိတ်ရှုပ်ထွေးနေခဲ့သည်။
မူချင်းကောသည် ယန်မိသားစုသို့ မပြန်မချင်း ထိုကိစ္စကို အနည်းငယ် မေ့လျော့နေခဲ့သည်။
လီချန်ချင်းက မူချင်းကောမှာ စိုးရိမ်ပူပန်နေသည်ကို တွေ့လိုက်ရပြီး အနည်းငယ် အံ့သြသွားခဲ့သော်လည်း သူသည် နောက်ထပ်မေးခွန်း ထပ်မမေးတော့ပေ။
သုံးရက်အကြာတွင် လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို စစ်မြေပြင်မှ ပြန်ခေါ်ရန် စာတစ်စောင်ပေးပို့ခဲ့ပြီး ရွှယ်ချမ်းပိုင်သည်လည်း လီချန်ချင်းကို ရှာဖွေရန် ချန်ထင်မြို့သို့ ရောက်လာခဲ့သည်။
လီချန်ချင်း နှင့် ရွှယ်ချမ်းပိုင် တို့သည် စစ်မြေပြင် အခြေအနေများကို မေးမြန်းခဲ့ကြသည်။
ထို့နောက် လီဟမ်ရှန်း၏ အခြေအနေကိုလည်း မေးမြန်းခဲ့လေသည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းက မကြာသေးခင်ကမှ လှုပ်ရှားမှုတချို့ လုပ်လာပြီး တိမ်ကန္တာရနယ်မြေမှာ ပေါ်လာတယ်လို့ ငါ ကြားတယ်…. ထာဝရရှင်သန်ခြင်းဂိုဏ်း ကြီးကြီးမားမား တိုက်ခိုက်လာမှာကို ရှောင်ပြီး မင်းကို ခဏလောက် အနားယူစေချင်လို့လေ.... အဲ့ဒါကြောင့် ငါမင်းကို ပြန်လာဖို့ခေါ်လိုက်တာ…
လီချန်ချင်းက ပြုံးပြုံးလေး ပြောလိုက်သည်။
“ကောင်းပါတယ်… စစ်ပွဲတွေက လူတွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်စေတာတော့ အမှန်ပဲ…”
ရွှယ်ချမ်းပိုင်သည်လည်း စိတ်ထိခိုက်ဖွယ်ကောင်းသော အခြေအနေကို ခံစားခဲ့ရသည်။ ဤကာလအတွင်း သူသည် သူ၏ ချင်းရွှယ်အာဏာဓားဖြင့် မရေမတွက်နိုင်သော လူများကို သတ်ပစ်ခဲ့သည်။
“ချန်ချင်းလောင်ရှစ်! ထမင်းစားချိန်ရောက်ပြီ…”
ထိုအချိန်တွင် မူချင်းကောသည်လည်း အစားအသောက်များနှင့်အတူ ဝင်လာခဲ့သည်။ ကြားရက်များတွင် အစားအသောက်များ ယူဆောင်လာရန် တာဝန်ရှိသူမှာ မူချင်းကော ဖြစ်သည်။
အသားဟင်း တစ်ပွဲ၊ ဟင်းရွက်စုံ တစ်ပွဲနှင့် တစ်ယောက်စာ ကြက်စွပ်ပြုတ် တစ်ပွဲ ပါဝင်လေသည်။
“ဒီနေ့ ကြက်စွပ်ပြုတ်က အရမ်းကောင်းတယ်… အနံ့က မွှေးနေတာပဲ…”
လီချန်ချင်းသည် သူ့အတွက်ယူဆောင်လာသော တစ်ပန်းကန်လုံးစာကို စားပစ်လိုက်သည်။
“မင်းရော သောက်မလား?”
လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို ကြည့်ကာ မေးလိုက်သည်။
“ငါ ထပ်မစားနိုင်တော့ဘူး! အရင်ဆုံး ဂိုဏ်းကိုပြန်တော့မယ်….”
ရွှယ်ချမ်းပိုင်က နှုတ်ဆက်ခဲ့လေသည်။
လီချန်ချင်းက သူ့ကိုထပ်နေရန် မကြိုးစားတော့ဘဲ သူကိုယ်တိုင် ကြက်စွပ်ပြုတ်ကိုသာ ဆက်သောက်နေလိုက်သည်။
လီချန်ချင်းက ကြက်စွပ်ပြုတ်ကို အားရပါးရသောက်နေသည်ကို မြင်လိုက်ရသောအခါ မူချင်းကောက အလွန်အမင်း အထိန်တလန့် ဖြစ်သွားခဲ့ရသည်။
“စိတ်မပူပါနဲ့….”
ထိုအချိန်တွင် လီချန်ချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါနားလည်ပါတယ်”
“ဟင်?”
မူချင်းကောက အံ့အားသင့်သွားခဲ့သည်။
“မဖြစ်နိုင်တာ ဘာမှမရှိဘူး…”
လီချန်ချင်းက မူချင်းကောအား ဆန်းကြယ်စွာပြုံးရင်း တချက်ကြည့်လိုက်သည်။ ထို့နောက် သူကိုယ်တိုင် နောက်ထပ် ပန်းကန်လုံးတစ်လုံးစာ ထပ်စားလိုက်သည်။
ယနေ့အတွက် ကြက်စွပ်ပြုတ်သည် အထူးသဖြင့် လီချန်ချင်းအတွက် အရသာတွေ့နေပုံရသည်။
သို့သော် မကြာလိုက်ပေ။
လီချန်ချင်းသည် တစ်စုံတရာ မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။
အခြေအနေမှာတော့ သိပ်မပြင်းထန်လှပေ။
လီချန်ချင်းသည် အပြင်ထွက်လာခဲ့ပြီး ရေအေးအေးဖြင့် ရေချိုးလိုက်သည်။
သူ လုပ်ဆောင်နေသမျှ အရာအားလုံးကိုလည်း စောင့်ကြည့်ခြင်း ခံနေရသည်။