ဆုံးဖြတ်ချက်
Vol. 87 Ch. 1291
မီးပဒေသာနဂါးမဟာအကြီးအကဲက ပြောလိုက်၏။
“‘ဟို့’ ဆိုတဲ့ ကမ္ဘာဦးခေတ်က သတ်ဖြတ်ခြင်းနတ်ဘုရားက သက်ရှိအားလုံးရဲ့အထက်မှာရပ်တည်ပြီး ကမ္ဘာဦးမျိုးနွယ်စု ၉စုက သူ့ရဲ့အစာဖြစ်ခဲ့တယ်”
သူ့ကို ကမ္ဘာဦးမျိုးနွယ် ၉စုသည် တဗူးဟု ရည်ညွှန်းခေါ်ဆိုခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။
“မှားစရာမရှိတော့ဘူး... ညဝိညာဥ်က ‘ဟို့’ပဲ ဖြစ်ရမယ်”
ထို့ကြောင့်ပင်လျှင် ညဝိညာဥ်သည် သားပေါက်တစ်ကောင်အဖြစ် ရှိခဲ့စဥ်က သူသည် မျောက်နှင့်အခြားသူများ ဖမ်းဆီးပေးလာခဲ့သည့် စိတ်ဝိညာဥ်တောကောင်များကို စားသောက်လိုစိတ်မရှိတာဖြစ်လေသည်။
ထိုအစား သူသည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်လာပြီး နဂါးဥတစ်လုံးကိုမြင်သောအခါ အငမ်းမရ စိတ်ဝင်စားမှုကို ပြသခဲ့၏။
မီးပဒေသာနဂါးမဟာအကြီးအကဲက ဆက်ပြော၏။
“တကယ်တော့... တဗူးသုံးမျိုးက အရေအတွက် အရမ်းကိုနည်းပါးတဲ့အတွက် သူတို့က ငါတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်မှာမဟုတ်သလို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အုပ်စိုးနိုင်မဲ့ စွမ်းရည်လည်း သူတို့မှာမရှိဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ကမ္ဘာဦးခေတ်တုန်းက ကမ္ဘာဦးမျိုးနွယ် ကိုးစုကသာလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခဲ့ကြခြင်းဖြစ်၏။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၉စု၏ အထက်မှာရပ်တည်သော မဟာတဗူးသုံးမျိုးရှိခဲ့ပြီး သူတို့ကိုသတ်ဖြတ်နိုင်သည့် စွမ်းအားကိုပင် ပိုင်ဆိုင်ခဲ့ကြ၏။
“ကမ္ဘာဦးခေတ်က တိုက်ပွဲက ဘယ်လိုဖြစ်ခဲ့တာလဲ”
ဆူဇီမိုက မေးလိုက်၏။
မီးပဒေသာနဂါးမဟာအကြီးအကဲက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိလာ၏။
“ကမ္ဘာဦးခေတ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ဂုဏ်ကျက်သရေအထွန်းတောက်ဆုံး ခေတ်တစ်ခေတ်ဖြစ်ခဲ့ပြီးတော့ အဲ့ဒီမဟာတဗူးသုံးမျိုးကလည်း တည်ရှိခဲ့တယ်”
“ဒါပေမယ့်လို့... နဂါးဖီးနစ်က နဂါးမျိုးနွယ်နဲ့ မျိုးဆက်သွေးဆက်စပ်မှုရှိတဲ့အတွက် သူက နဂါးမျိုးနွယ်အပေါ် ရင်းနှီးမှုရှိတယ်... ခွန်ဖန်းကလည်း ခွန်မျိုးနွယ်နဲ့ နီးစပ်မှုရှိတယ်... ဟို့ ကတော့ တစ်ယောက်တည်းအမြဲတမ်း အထီးကျန်ပြီးတော့ မျိုးနွယ်စုတိုင်းနဲ့ စိမ်းသက်နေခဲ့တယ်”
“ဟို့က ရက်စက်ကြမ်းကြုတ်ပြီးတော့ ကမ္ဘာဦးမျိုးနွယ် ကိုးစုကိုတောင် မငဲ့ကွက်ဘဲနဲ့ သတ်ဖြတ်ခဲ့တယ်... နောက်ဆုံးမှာတော့ ဟို့က နဂါးဖီးနစ်နဲ့ ခွန်ဖန်ရဲ့အမျက်ကိုသင့်ပြီး ကမ္ဘာဦးမျိုးနွယ် ၉စုနဲ့ တိုက်ခိုက်ဖို့ဖြစ်လာခဲ့တယ်”
“အဲ့ဒီတိုက်ပွဲက အရမ်းကိုကြောက်စရာကောင်းပြီးတော့... အလောင်းတွေက နေရာတိုင်းမှာ တောင်လိုပုံနေခဲ့တယ်... ကမ္ဘာဦးမျိုးနွယ် ၉စုနဲ့ မရေမတွက်နိုင်သော သက်ရှိတွေက သတ်ဖြတ်ခံခဲ့ရပြီးတော့ မျိုးနွယ်စု တစ်သောင်းနီးပါးကလည်း ရောပါငြိစွန်းခဲ့ကြတယ်... သူတို့ထဲ အတော်များများက အသက်မရှင်နိုင်ခဲ့ကြဘူး”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
ဟို့ကို တဗူးဟုခေါ်ရသည်မှာ တကယ်ပဲ အကြောင်းပြချက်ရှိလေသည်။
မျိုးနွယ်စုတစ်သောင်းကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားကိုပိုင်ဆိုင်ထားသည့် တည်ရှိမှုမျိုးကို မည်သူကမကြောက်ရွံ့ဘဲ နေပါ့မလဲ။
နဂါးဖီးနစ် ၊ ခွန်ဖန်နှင့် ကမ္ဘာဦးမျိုးနွယ် ၉စုပင်လျှင် ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့ရ၏။
အဲ့ဒီတိုက်ပွဲက ဘယ်လောက်တောင် ကြောက်စရာကောင်းခဲ့သလဲ သိသာလေသည်။
“အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မှားတယ်မှန်တယ်ဆိုတာ ပြောဖို့ခက်တယ်”
မီးပဒေသာနဂါးမဟာအကြီးအကဲက ရေရွတ်ပြောဆိုလိုက်၏။
“နောက်ပိုင်းမှာတော့ အဲ့ဒီတိုက်ပွဲကြောင့် တဗူးနှစ်မျိုးဖြစ်တဲ့ နဂါးဖီးနစ်နဲ့ ခွန်ဖန်ကလည်း ဒဏ်ရာအကြီးအကျယ်ရရှိသွားကြတယ်... သူတို့က အင်မော်တယ်ဖြစ်လာဖို့အတွက် ကပ်ဘေးကို မဖြတ်ကျော်နိုင်ခဲ့ဘဲနဲ့ သူတို့ရဲ့ ဘဝသက်တမ်းကုန်ခမ်းပြီးတော့ သေဆုံးခဲ့ရတယ်... နဂါးဖီးနစ်က သူမသေခင်မှာ နောင်တတွေနဲ့ ပြည့်နှက်နေခဲ့တယ်”
အပြာရောင်နဂါးမဟာအကြီးကဲက ခေါင်းညိတ်လိုက်၏။
“အဲ့ဒါကြောင့်လည်း... ဒီတစ်ခေါက် ဟို့ရဲ့မျိုးဆက်သွေးပေါ်လာတယ်လို့ ငါတို့ကြားတဲ့အခါ သူ့ကို အမဲလိုက်တဲ့နေရာမှာ ဝင်ပါဖို့ ငါတို့က တုံ့ဆိုင်းနေခဲ့ကြတာပဲ”
“ဒါပေမယ့်လို့.. ငါတို့မပါဘူးဆိုရင်တောင် ဟို့က မလွတ်မြောက်နိုင်ခဲ့ဘဲနဲ့ မျိုးနွယ်စု ၆စုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ”
ဆူဇီမိုက သာမန်ကာလျှံကာလေသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့က ဒီတစ်ခေါက် ဟို့ကိုကယ်လိုက်မယ်ဆိုရင် သူကြီးပြင်းလာတဲ့အခါ နဂါးမျိုးနွယ်က သူနဲ့ ရန်ငြိုးရန်စမရှိတော့ဘူးပေါ့”
“မဖြစ်နိုင်ဘူး”
အပြာရောင်နဂါးမဟာအကြီးကဲက ပြတ်သားစွာဖြင့်ပြောလိုက်၏။
အခြားသော နဂါးအကြီးအကဲများကလည်း သူတို့၏ ခေါင်းကိုခါယမ်းလိုက်ကြ၏။
မီးပဒေသာနဂါးမဟာအကြီးအကဲက ပြောလေသည်။
“ကမ္ဘာဦးမျိုးနွယ် ၉စုနဲ့ မျိုးနွယ်စုတစ်သောင်းက တဗူးသက်ရှိတွေအပေါ်မှာ မွေးရာပါကြောက်စိတ်ဝင်နေကြပြီ... တဗူးတွေက သူတို့ကြီးထွားမလာခင်... သူတို့ရဲ့ သရုပ်သဏ္ဌာန်နဲ့ မျိုးဆက်သွေးကို ဖော်ထုတ်ခံရမယ်ဆိုရင် သူတို့အတွက်ရလဒ်တစ်ခုပဲရှိတယ်... အဲ့ဒါက သေခြင်းတရားပဲ”
“ကမ္ဘာဦးမျိုးနွယ် ၉စု... ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ မျိုးနွယ်စုတစ်သောင်းနဲ့ လူသားကျင့်ကြံသူတွေက တဗူးတစ်ကောင်ကို တစ်ဖန်ထပ်ပြီး ကြီးထွားခွင့်ပေးမှာ မဟုတ်တော့ဘူး”
“နဂါးမျိုးနွယ်က ဒီတစ်ခေါက် ပါဝင်မတိုက်ခိုက်ပေးတာနဲ့တင် အခြားမျိုးနွယ်စုတွေရဲ့ အမြင်မကြည်မှုကိုရရှိနေပြီ... ငါတို့က အခုချိန်မှာ အဲ့ဒီတဗူးကို ဝင်ကယ်လိုက်မယ်ဆိုရင် တခြားမျိုးနွယ်တွေက သေချာပေါက် ဒေါသအမျက်ထွက်ပြီး ငါတို့ဘက်ကို လှည့်လာမှာပဲ... အဲ့ဒါက မျိုးနွယ်စုတစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရနိုင်တဲ့ ကပ်ဘေးတစ်ခုတောင်ဖြစ်လာနိုင်တယ်”
“အဲ့လိုပုံစံနဲ့ ဒီတဗူးကို ဝင်ကယ်ချင်တဲ့ ဘယ်သူမဆို သေရလိမ့်မယ်”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
တကယ်တော့... စောစောက သူပြောခဲ့သည့်စကားမှာ နဂါးမျိုးနွယ်၏ တုံ့ပြန်မှုအပေါ် အကဲစမ်းကြည့်ခြင်းဖြစ်၏။
အစကတော့... သူသည် ညဝိညာဥ်ကို နဂါးမျိုးနွယ်၏ အကူအညီဖြင့် ကယ်တင်နိုင်မလား စဥ်းစားနေခဲ့ခြင်းဖြစ်၏။
ယခု... နဂါးမျိုးနွယ်မှ အကြီးအကဲများ၏ တုံ့ပြန်မှုကိုကြည့်ရသည်မှာ အဲ့ဒါက မဖြစ်နိုင်တော့ပေ။
ထိုမျှသာမက သူသည် ညဝိညာဥ်ကို ကယ်တင်မည့်ရည်ရွယ်ချက်တစ်စုံတစ်ရာ ပြသလိုက်မည်ဆိုလျှင် နဂါးမျိုးနွယ်၏ အကြီးအကဲများလုံးသည် သူ့ကိုသေချာပေါက် တားဆီးမည်ဖြစ်ပြီး နဂါးအရိုးတောင်ကြားမှာပင် လောလောဆယ် သူ့ကို ဖမ်းဆီးချုပ်နှောင်ထားနိုင်လေသည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုက ဘာမှဆက်မပြောတော့ပေ။
အခြားသူများက ဘယ်လိုတွေးတွေး ညဝိညာဥ်က ဘာတဗူးပင်ဖြစ်ပါစေ... သူသည် အလယ်ပိုင်းတိုက်သို့ သွားရောက်ပြီး ညဝိညာဥ်ကိုကယ်တင်ဖို့အတွက် သူလုပ်နိုင်သမျှ အရာတိုင်းကို ပြုလုပ်ပေးရမည်ဖြစ်၏။
တစ်ချိန်တည်းမှာပင်.. သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်သည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ထံမှ သတင်းအချက်အလက်များကို လက်ခံရရှိလိုက်၏။
သူတို့၏ ခန္ဓာကိုယ်နှစ်ခုသည် အချိတ်အဆက်မိနေပြီး ချက်ချင်းနီးပါးပင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။
သိုင်းတာအိုအစစ်အမှန်ခန္ဓာသည် သိုင်းစိတ်ဝိညာဥ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး အဲ့ဒါက နိုးထဝိညာဥ်အဆင့်နှင့် တူညီလေသည်။ သူ၏ခွန်အားက လုံလောက်မှုမရှိသေးသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ သူ့ကိုသတိပေးစရာမလိုပေ။
ဤတစ်ခေါက်တွင်တော့... သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်နဲ့ အစိမ်းရောင်ကြာပန်းခန္ဓာက အတူတကွလှုပ်ရှားကြမည်ဖြစ်၏။
အလယ်ပိုင်းတိုက်သို့သွားမည့် ဤခရီးစဥ်သည် ဆူဇီမိုအတွက် မမျှော်မှန်းနိုင်သော အန္တရာယ်များနှင့် သေချာပေါက်ပြည့်နှက်နေပေလိမ့်မည်။ သူက ဤခရီးစဥ်တွင် သေဆုံးရဖို့ ဖြစ်နိုင်ချေလွန်စွာများသည်ဟုဆိုလျှင် ချဲ့ကားရာကျမည်မဟုတ်ပေ။
ထိပ်သီးဂိုဏ်းကြီးအချို့သည် အစကတည်းက သူနှင့် ရန်ငြိုးရန်စရှိထားခဲ့၏။ သူက တစ်လောကလုံး ပြစ်တင်ရှုံ့ချနေသည့်ကြားက ညဝိညာဥ်ကို ကယ်တင်ဖို့ကြိုးစားမည်ဆိုလျှင် အဲ့ဒါသည် တစ်လောကလုံးကို သူ၏ရန်သူဖြစ်လာစေခြင်းနှင့်တူလေသည်။
ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက လုံးဝတုံ့ဆိုင်းခြင်းမရှိပေ။ သူ့အတွက်တော့ ညဝိညာဥ်သည် ကမ္ဘာဦးတဗူးတစ်ကောင်မဟုတ်ပေ။ သူက သူ၏သွေးသောက်ညီကိုဖြစ်ပြီး သူ့နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့သော မိသားစုဝင်လည်းဖြစ်၏။
သူသည် ညဝိညာဥ်ဒုက္ခရောက်နေသည်ကို ဒီတိုင်းသေချာပေါက် ထိုင်ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်လောကလုံးက သူ၏ ရန်သူဖြစ်လာမည်ဆိုလျှင်တောင် သူက တွေဝေတုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။
မီးပဒေသာနဂါးမဟာအကြီးအကဲက ပြောလိုက်၏။
“ငါတို့... ဒီနေ့မင်းကိုခေါ်လိုက်တယ်ဆိုတာ.. အဲ့ဒီတဗူးကြောင့်မဟုတ်ဘူး အဲ့ဒါ ငါတို့က မင်းကို သတိပေးစရာရှိလို့ပဲ”
“ဘာပါလိမ့်”
ဆူဇီမိုက မေးလိုက်၏။
မျိုးရိုးငါးခု၏ မဟာအကြီးအကဲများသည် အကြည့်ချင်းဖလှယ်ပြီးနောက် မီးပဒေသာနဂါးမဟာအကြီးအကဲက ဆူဇီမိုဘက်သို့လှည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းကလည်း... တစ်နေ့မှာ နောက်ထပ်တဗူးတစ်မျိုးဖြစ်တဲ့ နဂါးဖီးနစ်ဖြစ်လာနိုင်တယ်လို့ ငါတို့က ထင်မြင်ယူဆထားကြတယ်”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။ သို့သော်လည်း သူက အလျင်အမြန်နားလည်သွားလေသည်။
သူသည် နဂါးတစ်ကောင်၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် နတ်ဖီးနစ်အရိုးလည်းရှိလေသည်။ ထိုမျိုးဆက်သွေးနှစ်ခုက ပေါင်းစည်းသွားမည်ဆိုလျှင် သူသည် တဗူးအသစ် နဂါးဖီးနစ်ဖြစ်လာဖို့ အခွင့်အရေးတစ်ခုရှိလေသည်။
“မင်းက ဘိုးဘေးနဂါးရဲ့ ဆေးကြောသန့်စင်မှုကို ခံယူတုန်းက မင်းရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားတွေကို နိုးထစေပြီး ဖြစ်စဥ်တွေအများကြီးကို ပေါ်ထွက်လာစေခဲ့တယ်... ဘိုးဘေးနဂါးကို စိုးရွံ့ထိတ်လန့်စေပြီး လက်သည်းငါးဖက် နတ်နဂါးကို အနိုင်ယူနိုင်တဲ့သူက နဂါးဖီးနစ်ပဲ ဖြစ်နိုင်လိမ့်မယ်”
မီးပဒေသာနဂါးမဟာအကြီးအကဲက ချက်ချင်းပင် သက်ပြင်းချလိုက်၏။
“တကယ်တော့... အဲ့လိုဖြစ်လာဖို့ အခွင့်အလမ်းတစ်ခုကို လိုအပ်နေသေးတယ်... အဲ့ဒါက ဘယ်ကနေရမလဲဆိုတာ ငါတို့လည်းမသိသေးဘူး”
“ဒီနေ့ဒီချိန်ထိတော့ မင်းက ပြီးပြည့်စုံတဲ့ နဂါးသွင်ပြင်ကိုတောင် မဆင့်ခေါ်နိုင်သေးဘူး”
အပြာရောင်နဂါးမဟာအကြီးကဲက ပြောလေသည်။
“မင်းက... နောင်တစ်ချိန်မှာ နဂါးဖီးနစ်တစ်ကောင်ဖြစ်လာမယ်ဆိုရင် မင်းက ဘိုးဘေးအဆင့်ကို မတက်လှမ်းခင်ထိ မင်းရဲ့ မျိုးဆက်သွေးနဲ့ သရုပ်သကန်ကို မပေါက်ကြားစေဖို့ သေချာဂရုစိုက်ရမယ်”
“မဟုတ်ရင်တော့... မင်းက အခု ဟို့လိုမျိုးပဲ တူညီတဲ့ပုံစံနဲ့ ကြုံတွေရလိမ့်မယ်... အဲ့ဒီအချိန်ကျရင် နဂါးမျိုးနွယ်ကတောင် မင်းကို ကာကွယ်ပေးချင်မှ ကာကွယ်ပေးနိုင်တော့မယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
နဂါးဖီးနစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲဖို့က ယခုအချိန်မှာ သူ့အတွက် အဝေးကြီးလိုသေးလေသည်။
သူက အဲ့ဒီအချိန်ထိ ရှိချင်မှ ရှိနေနိုင်တော့မည်။
ဤတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွင် အစစ်အမှန်နဂါးခန္ဓာနှင့် အစိမ်းရောင်ကြာပန်းခန္ဓာသည် ဓမ္မဝိသေသ ပြိုင်စံရှားများနှင့် ရင်ဆိုင်ရမည်မဟုတ်ဘဲ ဂိုဏ်းပေါင်းစုံ ၊ အဖွဲ့အစည်းပေါင်းစုံနှင့် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့်ပါ ရင်ဆိုင်ရမည်ဖြစ်၏။
သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုအနေဖြင့် ထိုနေရာမှာ သေဆုံးရဖို့က အများကြီးဖြစ်နိုင်ချေရှိလေသည်။
ဤတစ်ခေါက်တွင်တော့... တစ်ဘက်အဖွဲ့သည် ထောင်ချောက်တစ်ခုကို ခင်းကျင်းထားသည်မှာ သိသာလေသည်။ သူတို့သည် ညဝိညာဥ်ကိုသတ်ဖြတ်ချင်ရုံသာမက သူ့ကိုပါ သတ်ဖြတ်ချင်နေခြင်းဖြစ်၏။ သူတို့က ဘယ်လိုထောင်ချောက်တစ်ခုကို ခင်းကျင်းထားသလဲဆိုတာ ဆူဇီမိုက မသိဘဲနေလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုအတွက် တစ်ခုတည်းသော အားသာချက်မှာ သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ် ဖြစ်နိုင်လေသည်။
ရုတ်တရက် ဆူဇီမိုကပြောလိုက်၏။
“ကျုပ်က... ဒီတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တိုက်ပွဲကို ကိုယ်တိုင်သွားကြည့်ချင်တယ်”
“ဟမ်... ဘာအတွက်လဲ”
မီးပဒေသာနဂါးမဟာအကြီးအကဲက မျက်မှောင်ကြုတ်၍ ချက်ချင်းပင်ထိတ်လန့်သွား၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“အဲ့ဒီ မဟာတဗူးသုံးမျိုးက ဘယ်လိုပုံစံလည်းဆိုတာ ကျုပ်က မမြင်ဖူးသေးဘူး... ဒါက ရှားရှားပါးပါးအခွင့်အရေးတစ်ခုပဲ ကျုပ်က ဘယ်လိုလုပ် လက်လွှတ်နိုင်ပါ့မလဲ”
“အကြီးအကဲတို့... ဘာမှမပူပါနဲ့ ကျုပ်က ကျုပ်ရဲ့ သရုပ်မှန်ကိုဖုံးကွယ်ပြီးတော့ ဘေးကနေပဲစောင့်ကြည့်မှာပါ... ဘာအန္တရာယ်မှ မရှိလောက်ပါဘူး”