စောင့်နေရတာ ကြာလှပြီ
Vol. 87 Ch. 1293
ကောင်းကင်နှင့်မြေကြီး တောင်ကြားတွင် ကြည့်လိုက်သည့်နေရာတိုင်း ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။ သူတို့ထဲမှအချို့သည် ငေးငိုင်နေသော အမူအရာရှိပြီး အခြားသူများကတော့ ဒဏ္ဍာရီလာ တဗူးသက်ရှိသည် ဘာနဲ့တူမလဲ ဆိုတာကို စူးစမ်းချင်နေကြ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား လှည့်ပတ်ကြည့်ရှုနေ၏။
ကံမကောင်းစွာနှင့်ပင် ဆူဇီမိုက ယခုချိန်ထိပင် ပေါ်ထွက်မလာသေးပေ။
“ကောင်းကင်နဲ့မြေကြီး တောင်ကြားမှာ ကျင့်ကြံသူတွေအများကြီးရှိနေတာဆိုတော့... အထီးကျန်သိုင်းသခင်က အထဲမှာပုန်းလျှိုးနေမယ်ဆိုရင် သူ့ကိုရှာဖိုခက်မှာပဲ”
အင်မော်တယ်ဓားက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
“အထီးကျန်သိုင်းသခင်က အရမ်းကိုသတိကြီးတာပဲ... သူက အဲ့ဒီတောကောင်ကိုမမြင်ရသေးသရွေ့ ထွက်လာမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ... အဲ့ဒါက ဘာမှစိုးရိမ်စရာမရှိပါဘူး... အဲ့ဒီတောကောင်ကို ထုတ်လာပြီးတော့ ကျင့်ကြံသူတွေကို တစ်ချက်ကြည့်ခိုင်းလိုက်ရတာပေါ့”
သူက သူ့နောက်ဘက်တွင်ရှိသော နတ်ဘုရားဟန်လင်းကိုကြည့်ပြီး မသိမသာခေါင်းညိတ်ပြလိုက်၏။
(တကယ့်နတ်ဘုရား မဟုတ်ဘဲ.. နတ်ဘုရားမျိုးနွယ်ဝင် ဖြစ်သောကြောင့် နတ်ဘုရားဟန်လင်းဟု ခေါ်ခြင်းသာ။)
နတ်ဘုရားဟန်လင်းသည် ညင်သာစွာ ပြုံး၍ သူ၏ခါးမှ အိတ်တစ်လုံးကို ဆွဲထုတ်လိုက်၏။ သူက ၎င်းကိုဖွင့်ထုတ်လိုက်သောအခါ အနက်ရောင်အရိပ်တစ်ခုကို ပျံသန်းထွက်ပေါ်လာစေ၏။
ချွင်... ချွမ်...
လေးလံသော ချိန်းကြိုးသံများနှင့်အတူ တွဲဖက်၍ အနက်ရောင်အရိပ်တစ်ခုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးစိုက်ကျလာ၏။
လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲ အသံများကထွက်ပေါ်လာခဲ့၏။
မရေမတွက်နိုင်သော အကြည့်များသည် ထိုပုံရိပ်ပေါ်သို့ ဆင်းသက်လာကြလေသည်။
အဲ့ဒါက သွေးချီအမြောက်အမြားကုန်ခမ်းထားပုံရသော အနက်ရောင်ဝတ် လူငယ်တစ်ယောက်ဖြစ်၏။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်ကိုလည်း တုပ်နှောင်ထား၏။ တကယ်ဆို... သူ၏ လည်ပင်းမှာပင် သွေးများဖြင့် စွန်းထင်းနေသော ဧရာမသံကွင်းတစ်ကွင်းရှိနေ၏။
ထိုသို့ဆိုလျှင်တောင် အနက်ရောင်ဝတ်လူငယ်၏ မျက်လုံးထဲမှာ နာကျင်သည့် အရိပ်လက္ခဏာမရှိဘဲ သူတို့က အေးစက်ခက်ထန်နေ၏။
“အဲ့ဒါက ဘာလဲ”
“ကမ္ဘာဦးတဗူးက အဲ့လိုပုံစံမျိုးလား”
“သူ့ကိုကြည့်ရတာ.. ငါတို့နဲ့လည်း မကွာခြားပါလား”
များစွာသော ကျင့်ကြံသူများက စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။
“ညဝိညာဥ်...”
ယန်ဆေးဂိုဏ်းရှိရာဘက်မှာ အံအားတသင့် အော်ဟစ်သံက ထွက်ပေါ်လာ၏။
အမျိုးသမီးကျင့်ကြံသူ တစ်ယောက်သည် စိတ်တိုဒေါသထွက်သွားပြီး ရှေ့သို့ ပြေးတက်သွားချင်၏။
သို့သော်လည်း သူမကို ယန်ဆေးဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကိုင်ဆွဲထားပြီး သူမက လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
“အဲ့ဒါက နတ်မိမယ်ယန်ဆေးမလား... ဘာတွေများဖြစ်နေတာပါလိမ့်”
“နတ်မိမယ်ယန်ဆေးက အဲ့ဒီအနက်ရောင်ဝတ်လူကို သိနေတာလား”
“ညဝိညာဥ်... သူ့ပုံစံက ရင်းနှီးနေသလိုထင်ရတာ အံ့ဩစရာမရှိတော့ဘူး... သူက တာအိုအရှင်အထီးကျန်သိုင်းသခင်နဲ့ အရမ်းကိုရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ် မဟုတ်ဘူးလား”
ကျင့်ကြံသူအချို့က တိတ်တဆိတ်ဆွေးနွေးလိုက်ကြ၏။
နတ်မိမယ်ယန်ဆေးက ဆူရှောင်းနင်ဖြစ်၏။
“ရှောင်းနင်... အရမ်းကာရောမလုပ်နဲ့ စိတ်ကိုလျှော့ထား”
ယန်ဆေးဂိုဏ်း အကြီးအကဲသည် တည်တံ့သော အမူအရာတစ်ခုရှိနေ၏။ သူမသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီး အတွေ့အကြုံနှင့် ဗဟုသုတကြွယ်ဝလေသည်။
ဤတစ်ခေါက်တွင် ထူးခြားသော လှုပ်ရှားမှုတစ်ခုအတွက် ထိုထိပ်သီးဂိုဏ်းကြီးများသည် ကြီးမားသည့် အင်အားတစ်ခုကို စုဖွဲ့လာပြီး ရန်လိုစိတ်ရှိနေကြကြောင်း သူမပြောနိုင်၏။
ဤအခိုက်အတန့်မှာ ရှေ့သို့ထွက်ရပ်သော မည်သူမဆို အသတ်ခံရဖို့ အခွင့်များလေသည်။
“ကျွန်မ ဘယ်လိုစိတ်လျှော့နိုင်ပါ့မလဲ... အဲ့ဒါက ညဝိညာဥ်လေ”
ရှောင်းနင်သည် ညဝိညာဥ်၏အခြေအနေကို မြင်ရသောအခါ ချက်ချင်းပင်မျက်ရည်များစီးကျလာ၏။
ညဝိညာဥ်က သူ၏ခေါင်းကို အနည်းငယ်မော့ပြီး နာကျင်သွားသည့်ပုံဖြင့် မသိမသာမျက်မှောင်ကြုတ်လိုက်၏။
ထိုကဲ့သို့သော လှုပ်ရှားမှုအနည်းငယ်က သူ၏လည်ပင်းမှသွေးများကို စီးကျလာစေ၏။
သူသည် ရှောင်းနင်နှင့်အကြည့်ချင်းဆုံပြီး သူ၏ခွန်အားကို ဖျစ်ညှစ်ထုတ်ကာ ခေါင်းခါပြလိုက်၏။
ထိုအပြုအမူသည် သူ၏ဒဏ်ရာများကို ထိုးဆွမိသွားပြီး ဆူးချွန်များက သူ၏လည်ပင်းထဲသို့ တစ်ဖန်စိုက်ဝင်ကာ သွေးများကိုစီးကျလာစေ၏။
ညဝိညာဥ်သည် ရှောင်းနင်ကို ရှေ့သို့ထွက်မလာဖို့ သတိပေးနေခြင်းဖြစ်၏။
ယခုအချိန်တွင် သူက မျိုးနွယ်စု ၆စု၏လက်ထဲမှာ ဘယ်လိုမှရှင်သန်နိုင်တော့မည်မဟုတ်ကြောင်း ကောင်းကောင်းသိထားပြီဖြစ်၏။
ဤအခိုက်အတန့်တွင် သူ့ဘက်ကနေ ရှေ့သို့ထွက်ရပ်လာသော မည်သူမဆို သူနှင့်အတူသေရလိမ့်မည်ဖြစ်၏။
“ညဝိညာဥ်... မလှုပ်ပါနဲ့”
ရှောင်းနင်က အော်ငိုလိုက်၏။
ထိုအခိုက်အတန့်တွင် သူမက ဘာလုပ်လို့ ဘာကိုင်ရမည်မသိတော့ပေ။
သူမက ရှေ့သို့ပြေးတက်ချင်သော်လည်း ဂိုဏ်းမှ အကြီးအကဲ၏ ထိန်းချုပ်ခြင်းကိုခံလိုက်ရကာ လုံးဝလှုပ်ရှားနိုင်ခြင်းမရှိပေ။ သူမသည် နေရာမှာပင် ရပ်တန့်၍ ညဝိညာဥ်၏ ဆိုးဝါးသောအခြေအနေကို ရင်ဘတ်ထဲမှ စူးအောင့်စွာဖြင့် ကြည့်နေရ၏။
ဤနှစ်များအတွင်း ညဝိညာဥ်သည် သူမဘယ်နေရာရောက်ရောက် သူမ ဘာလုပ်လုပ် သူမအနားကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပေ။ သူမက မြောက်ပိုင်းဒေသမှာ လှည့်လည်ဆေးကုပေးနေစဥ်ကပင် သူက လုံးဝငြိုငြင်ခြင်းမရှိဘဲ သူမဘေးမှာ တစ်ချိန်လုံးရှိနေခဲ့၏။
ညဝိညာဥ်ကြောင့်သာမဟုတ်လျှင် သူမက ထိုနှစ်များအတွင်း ကြိမ်ဖန်များစွာ သေနေလောက်လေပြီ။
ဒါ့အပြင် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံပြီးနောက် သူတို့နှစ်ယောက်ကြား ခံစားချက်သည် သာမန်မိတ်ဆွေအဆင့်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ထုတ်ဖော်မပြသရသေးတာပဲရှိ၏။
ရှောင်းနင်၏ ရင်ထဲတွင် ညဝိညာဥ်သည် ဆူဇီမိုပြီးလျှင် ဒုတိယမိသားစုဝင်ဖြစ်နေခဲ့လေပြီ။
သူမသည် ကိစ္စများစွာကို တွေ့ကြုံဖြတ်ကျော်ပြီး ဤနှစ်များအတွင်း ပိုမိုသန်မာလာသော်လည်း သူမသည် ဤကဲ့သို့သောအခြေအနေမှာ စွမ်းအားမဲ့နေပြီး သူမ၏စိတ်ထဲမှာ ရှုပ်ထွေးဗြောင်းဆန်နေ၏။
“ငါသိပြီ...”
အဆုံးစွန်မီးက တစ်ချက်စိုက်ကြည့်ပြီးနောက် ရုတ်တရက်ပြောလိုက်၏။
“အဲ့ဒီကမ္ဘာဦးတဗူးက ဒီတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ သူတို့ရဲ့ တစ်ခုတည်းသော ပစ်မှတ်မဟုတ်လောက်ဘူး... သူတို့က ဇီမိုကိုပါ လိုချင်နေကြတာပဲ”
စင်ကြယ်အပျိုစင်ဂိုဏ်းတွင်...
နတ်ဆိုးမကျိသည် သူမ၏ မျက်နှာဖုံးအောက်ကနေ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“အဲ့ဒါက ဇီမို့ကြောင့်များလား”
သူမက ညဝိညာဥ်နှင့် ဆူဇီမို့ကြားက ပတ်သက်ဆက်နွယ်မှုကို ကောင်းကောင်းသိထားပြီး ဤတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်သည် ကြီးမားသည့်ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း နားလည်လိုက်၏။
ထိုစဥ်မှာပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သူ့လိုမျိုး သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကမ္ဘာဦးတဗူး ဖြစ်နိုင်မှာလဲလို့... ခင်ဗျားတို့က တွေဝေရှုပ်ထွေးနေကြမယ်ဆိုတာ ကျုပ်သိပါတယ်”
ကျင့်ကြံသူများစွာ၏ စိတ်ထဲမှာ ထိုကဲ့သို့သော မေးခွန်းတကယ်ပင်ရှိနေ၏။
“အဲ့ဒါဘာလို့လည်းဆိုတော့... ဒီတောကောင်ရဲ့ အစစ်အမှန်ပုံစံကို ဘယ်သူကမှမတွေ့မြင်ဖူးသေးလို့ပဲ”
ထိုသို့ပြောပြီးနောက် ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏လက်ချောင်းများကို ညင်သာစွာ တောက်ထုတ်ပြီး မီးခိုးစီးကြောင်းတစ်ခုကို ညဝိညာဥ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေ၏။
ဂါး....
ညဝိညာဥ်၏ လည်ချောင်းအနက်ပိုင်းထဲမှ မာန်ဖီဟိန်းဟောက်သံက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် စတင်တုန်ခါ၍ ပြန့်ကားလာ၏။ တစ်ခဏအတွင်းမှာပင် ပေတစ်ရာကျော်မြင့်မား၍ ပေနှစ်ရာနီးပါးရှည်လျားသော ဧရာမသားရဲတောကောင်တစ်ကောင်က သူတို့ရှေ့မှာပေါ်ထွက်လာ၏။
ချွင်.... ချွမ်...
ညဝိညာဥ်သည် လှုပ်ရှားရုန်းကန်ပြီး ဆိုးယုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ မာန်ဖီဟိန်းဟောက်လိုက်၍ ကောင်းကင်ဘုံ နတ်ဘုရားသော့မှ ပြင်းထန်သောအသံများထွက်ပေါ်လာ၏။
“အို... “
များစွာသော ကျင့်ကြံသူများက ပင့်သက်ကိုရှိုက်လိုက်ကြ၏။
လူတိုင်းသည် နောက်သို့ခြေလှမ်းဝက်အလိုလိုဆုတ်လိုက်ကြ၏။
ညဝိညာဥ်ထံမှ ဖြာထွက်နေသော အော်ရာက အရမ်းကိုကြောက်စရာကောင်းလွန်း၏။ လူသားမျိုးနွယ်မှ ကျင့်ကြံသူများသည် ကမ္ဘာဦးမျိုးနွယ် ၉စု နှင့် ရင်ဆိုင်ရသည့်အခါ ထိန်းချုပ်၍မရနိုင်သော အကြောက်တရားကို ခံစားရပေလိမ့်မည်။ သို့သော်လည်း ညဝိညာဥ်နှင့် ရင်ဆိုင်ရလျှင် ကမ္ဘာဦးမျိုးနွယ် ၉ စုပင်လျှင် ကြောက်ရွံ့မှုကို ခံစားရပေလိမ့်မည်။
အဲ့ဒါသည် သူတို့မျိုးဆက်သွေး၏ အနက်ပိုင်းထဲမှ လာသော ထိန်းချုပ်မရနိုင်သည့် အကြောက်တရားတစ််ခုဖြစ်၏။
လက်ရှိ ကျင့်ကြံသူများအားလုံးသည် အကြောက်တရားဖြင့် ခေါင်းနပန်းကြီး၍ ကြက်သီးမွေးညင်းများ ထလာကြ၏။
အဆုံးစွန်မီးနှင့် အခြားသူများကဲ့သို့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွားကြ၏။
ညဝိညာဥ်သည် အမျိုးအမည်မသိရသော ရွှေချိန်းကြိုးများ၏ ချုပ်နှောင်ခြင်းခံထားရသည်ဆိုလျှင်တောင် သူ၏လက်သည်းများနှင့် တလက်လက်တောက်ပနေသော အမြီးရိုးက သူတို့ကို တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားချက်တစ်ခုပေးနေ၏။
အဲ့ဒါသည် သတ်ဖြတ်ဖို့အတွက် မွေးဖွားလာသော သက်ရှိတစ်မျိုးဖြစ်၏။
“တောကောင်...”
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏လက်ကိုဆန့်ထုတ်ပြီး ကျာပွတ်ရှည်တစ်လက်ကိုဆွဲထုတ်ကာ ညဝိညာဥ်ကို ပြင်းထန်စွာရိုက်ချ၍ အော်ငေါက်လိုက်၏။
“အချိုးပြေပြေနေစမ်း”
ညဝိညာဥ်၏ ခန္ဓာကိုယ်သည် နောက်တစ်ဖန်တုန်ခါသွားပြီး အကြောဆွဲလုနီးပါးဖြစ်သွား၏။
ကောင်းကင်ဘုံနတ်ဘုရားသော့၏ ချုပ်နှောင်ခြင်းခံရပြီးနောက် သူက ဆက်လက်၍ တိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ နောက်တွင်ရှိသော နတ်ဘုရားဟန်လင်းသည် ရှေ့သို့ထွက်ရပ်လာပြီး သူ၏လက်ချောင်းများကို ညင်သာစွာ တောက်ထုတ်လိုက်၏။ သူ့ထံမှ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ဘုံနတ်ဘုရာသော့ဆီသို့ ဝင်ရောက်သွားလေသည်။
ဝှစ်...
ကောင်းကင်ဘုံနတ်ဘုရားသော့သည် ဝင်းလက်တောက်ပလာပြီး သံကွင်းများက အဆက်မပြတ်ကျုံ့ဝင်လာ၏။
ဖောက်.. ဖောက်...ဖောက်...
ညဝိညာဥ်၏လည်ပင်းနှင့် ခြေလက်များမှ သွေးများက တဖန်ပန်းထွက်လာ၏။
ကောင်းကင်ဘုံနတ်ဘုရားသော့၏ ဖိနှိမ်မှုအောက်တွင် ညဝိညာဥ်သည် လူသားသွင်ပြင်သို့ နောက်တစ်ဖန်ပြောင်းလဲသွားပြီး အားနည်းသွာသော အော်ရာနှင့် ညိုးငယ်နေသော အမူအရာနှင့်အတူ မြေပြင်ပေါ်မှာ လဲကျသွား၏။
“ကမ္ဘာဦးခေတ်တုန်းက အဲ့ဒီတောကောင်က မျိုးနွယ်စုပေါင်းစုံရဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သေကြေပျက်စီးစေခဲ့ပြီးတော့ အရမ်းကိုသွေးဆာရက်စက်ခဲ့တယ်”
“သူ့ကိုကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင် ထျန်ဟွမ်ကုန်းမြေတိုင်ကြီးမှာ ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှုကို ရမှာမဟုတ်တော့ဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲ့လိုဆိုမှတော့... အဲ့ဒီတောကောင် ဗြောင်းဆန်အောင်မွှေနှောက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ စတင်မလာအောင် သူ့ကိုသတ်လိုက်တာက ပိုကောင်းတာပေါ့”
“အမှန်ပဲ... သူ့ကိုသတ်ပစ်”
“အဲ့ဒီတောကောင်ရဲ့အသားက အရမ်းကိုအဟာရဓာတ်ပြည့်ဝတယ်လို့ ကျုပ်ကြားထားတယ်... သူ့ကိုသတ်ပြီး ကျုပ်တို့က သူ့ကိုအညီအမျှခွဲဝေယူကြရမယ်”
လူအုပ်ကြီးထဲမှ အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း ၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ ကျောင်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း မည်သည့်ကန့်ကွက်မှုမှ မရှိဘဲ သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
ဤကဲ့သို့ကြီးမားသည့် အန္တရာယ်ကို ဆက်လက်ကြီးထွားခွင့်ပေးစရာအကြောင်းမရှိပေ။
“ညဝိညာဥ်က အဖမ်းခံလိုက်ရတာ မထူးဆန်းတော့ဘူး... လက်စသတ်တော့ ခင်ဗျားတို့က ပဟေဠိနန်းတော်က ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီကို ရရှိထားတာပဲ”
ရုတ်တရက် လူအုပ်ကြီး၏ အပြင်ဘက်မှ အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာ၏။
ကျင့်ကြံသူများအားလုံးက လှည့်ကြည့်လိုက်ကြ၏။
အနက်ရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်သည် လေထဲကနေ ပျံသန်းလာ၏။ သူသည် ကြော့ရှင်းသောသွင်ပြင်ရှိသော်လည်း သူ၏ မျက်နှာပေါ်တွင် ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ခုရှိနေ၏။
“မင်း... နောက်ဆုံးတော့ ဒီကိုရောက်လာပြီပေါ့လေ”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အလေးမနက်ထားဟန်ဖြင့် ပြုံးလိုက်၏။
“ငါကဖြင့် စောင့်ရတာ ကြာလှနေပြီ”