တစ်လောကလုံး၏ ရန်သူ
Vol. 87 Ch. 1296
ရွှစ်…
ဖန်သားအလင်းရောင်သည် ထက်ရှသော သတ်ဖြတ်လိုစိတ်နှင့်အတူ ရုတ်တရက် ဆင်းသက်လာပြီး လေထုကို ဆုတ်ဖြဲကာ ဆူဇီမို၏ ဦးခေါင်းဆီသို့ ပြေးဝင်လာ၏။
ဖန်သားအလင်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို သယ်ဆောင်ထားပုံရပြီး ရပ်တန့်၍ မရနိုင်ပေ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်…
“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသ တာအိုအရှင်တွေကြားမှာ ပြိုင်ဘက်ကင်းနေပြီ.. နောက်ဆုံးမှာတော့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဒီတိုင်း ထိုင်မနေနိုင်တော့ဘူးပဲ”
“ဖန်သားနန်းတော်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က အထီးကျန်သိုင်းသခင်ကို တိုက်ရိုက်သတ်ဖြတ်ဖို့ ကြိုးစားနေတာပဲ”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်လာကြ၏။
ရုတ်တရက်ဆိုသလို…
အနက်ရောင်အရိပ်တစ်ခုသည် လူအုပ်ကြီးထဲကနေ ပျံသန်းထွက်ပေါ်လာပြီး ဖန်သားအလင်းရောင်ကို ပစ်တိုက်လိုက်၏။
အဲဒီမှာ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာခဲ့လေသည်။
အနက်ရောင်အရိပ်သည် ၎င်း၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလိုက်၏။ အဲဒါက ဧရာမ သုံးချောင်းထောက်မီးဖိုလက်နက်ဖြစ်၏။
အခြားတစ်ဖက်မှာတော့.. တိုက်ခိုက်လိုက်သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင် ဆုတ်လိုက်ရ၏။ သူသည် ပျက်ယွင်းနေသော အမူအရာရှိပြီး မီးဖိုလက်နက်ရှိရာဘက်သို့ စိုက်ကြည့်လိုက်၏။
“အဆုံးစွန်မီး..”
ဖန်သားနန်းတော် စွမ်းအားကြီးပုဂ္ဂိုလ်သည် အံကိုတင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်၏။
ထိုအခါမှသာလျှင်.. များစွာသော ကျင့်ကြံသူများသည် ဖြစ်ပျက်နေသည့်အရာများကို နားလည်သွားကြ၏။
စောစောက နောက်ဆုံးအခိုက်အတန့်တွင် ဖန်သားနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဆူဇီမိုကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သော်လည်း ထိုသူကို အသွန်းတစ်ရာဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ကယ်တင်ပေးလိုက်၏။
“မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
အဆုံးစွန်မီးက ဖြည်းဖြည်းချင်း ထရပ်ပြီး သူ၏အကြည့်က မီးတောက်များဖြင့် တောက်လောင်နေသည်ဟု ထင်ရ၏။
“ဒီနေ့က ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲပဲ.. စောစောတုန်းက ဓမ္မဝိသေသ တာအိုအရှင်တွေ များစွာက အရှက်သိက္ခာမဲ့စွာနဲ့ ဇီမို့ကို အတူဝိုင်းပြီး တိုက်ခိုက်ခဲ့တုန်းကတောင် ငါ ဘာမှမပြောခဲ့ဘူး.. နောက်ဆုံး အခုတော့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကပါ အရှက်မဲ့လာပြီပေါ့လေ”
“အဆုံးစွန်မီး.. အဲဒါက ဒီနေ့ ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက် တိုက်ပွဲနဲ့ ဘာမှမဆိုင်ဘူး.. ဒါက ငါတို့လို ထိပ်သီးဂိုဏ်းကြီးတွေနဲ့ အထီးကျန်သိုင်းသခင်ကြားက ရန်ငြိုးရန်စပဲ”
ကောင်းကင်စင်ရော်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း စိမ်းသက်သော အမူအရာနှင့်တူ ရှေ့သို့ ထွက်ရပ်လိုက်၏။
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် ခက်ထန်ကြမ်းကြုတ်သော အော်ရာတစ်ခုရှိပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“အဲဒါ အမှန်ပဲ.. ငါတို့နဲ့ အထီးကျန်သိုင်းသခင်ကြားက ရန်ငြိုးရန်စကို ဒီနေ့ အဆုံးသတ်ရမယ်”
“ရန်ငြိုးရန်စကို အဆုံးသတ်ချင်တယ်ဆိုလည်း ရတယ်လေ”
အဆုံးစွန်မီးက ပြောလိုက်၏။
“ကျင့်ကြံရေးလောကဆိုတာ ပဋိပက္ခတွေနဲ့ အမြဲတမ်း ပြည့်နှက်နေတာ.. ရန်ငြိုးရန်စဆိုတာ ရှောင်လွှဲလို့ မရဘူး.. ဒါပေမဲ့လို့ မင်းတို့တွေက အရေအတွက်နဲ့ ဝါစဉ်အားကိုးနဲ့ တခြားသူကို အနိုင်ကျင့်ချင်တယ်ဆိုရင်တော့ ငါ ဒီမှာ ရှိနေသရွေ့ အဲဒါမျိုး အဖြစ်ခံမှာ မဟုတ်ဘူး”
“အဆုံးစွန်မီး.. ဒီကိစ္စမှာ ဝင်မပါဖို့ မင်းကို အကြံပေးလိုက်မယ်”
အင်မော်တယ်ဓားက ဘေးကနေ အေးစက်စွာ လှောင်ရယ်လိုက်၏။
“ဒီနေ့ အထီးကျန်သိုင်းသခင်ကို ဘယ်သူကမှ မကာကွယ်နိုင်စေရဘူး… သူက သေချာပေါက် သေရမယ်”
အဆုံးစွန်မီးက ကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိဘဲ သူ၏ မီးဖိုလက်နက်ကို သိမ်းဆည်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဘာလဲ.. မင်းတို့ခေါ်တဲ့ အထက်လမ်းဂိုဏ်းဆိုတာတွေက အရှက်သိက္ခာဆိုတာ ဘာလဲတောင် မသိကြတော့ဘူးလား”
“ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်နဲ့ ရင်ဆိုင်ဖို့အတွက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက တကယ်ပဲ ပူးပေါင်းတိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်.. အင်မော်တယ်ဂိုဏ်းတွေရဲ့ ဖြောင့်မတ်မှန်ကန်မှုဆိုတာ ဘယ်လိုမျိုးလဲ”
နှင်းပုံတောင်ကြားမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ရှေ့သို့ ထွက်ရပ်လိုက်၏။
“အထီးကျန်သိုင်းသခင်က သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့တာ သက်ရှိအားလုံးအတွက် ကောင်းချီးမင်္ဂလာပဲ.. သူက အံ့မခန်းအကျိုးဆောင်မှုနဲ့ ထာဝရတည်တံ့တဲ့ မှတ်ကျောက်တစ်ခုကို တည်ဆောက်ပြီးသွားပြီ.. ခင်ဗျားတို့တွေက သူ့ကိုဆက်ပြီး ဒုက္ခပေးမယ်ဆိုရင် အဲဒါက လောကမှာရှိတဲ့ ကျင့်ကြံသူအားလုံးရဲ့ စိတ်နှလုံးကို စိတ်ပျက်စေမှာပဲ”
“အဲဒါ အမှန်ပဲ”
အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ရှင်းသန့်လေပြေဘုရားကျောင်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း ခေါင်းညိတ်လိုက်၏။
“အဲဒါက ပုဂ္ဂိုလ်ရေး ရန်ကြွေးဆိုပေမဲ့လို့.. ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက စွမ်းအားကြီးပုဂ္ဂိုလ်တွေက ပူးပေါင်းတိုက်ခိုက်ကြမယ်ဆိုတာ ဘာသဘောလဲ.. ခင်ဗျားတို့တွေကို နောင်လာမယ့်မျိုးဆက်တွေက လှောင်ပြောင်ကဲ့ရဲ့ကြမှာ မကြောက်ဘူးလား”
အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းတွင် ထိပ်သီးဂိုဏ်းကြီးတိုင်းက ဆူဇီမိုနှင့် ရန်ငြိုးရန်စရှိသည်တော့ မဟုတ်ပေ။
စင်ကြယ်အပျိုစင်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း ရှေ့သို့ထွက်ရပ်လာပြီး လှောင်ရယ်လိုက်၏။
“အဲဒီ အင်မော်တယ်ဂိုဏ်းက လူတွေက ပြောလိုက်ရင်တော့ ဖြောင့်မတ်မှန်ကန်တာနဲ့.. စေတနာအရင်းခံတာနဲ့.. တကယ့်လက်တွေ့မှာတော့ အကောက်ကြံတာတွေ.. ယုတ်မာတာတွေနဲ့ ပြည့်နှက်နေတာပဲ.. တကယ့်ကို ဟာသပဲ”
“အောမီတောဖော”
ဒီပင်္ကရာကျောင်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း ရှေ့သို့ ထွက်ရပ်လာသည်။
“ဒကာ အထီးကျန်သိုင်းသခင်က သက်ရှိအားလုံးအတွက် အန္တိမအကျိုးဆောင်မှုတစ်ရပ်ကို ပြုလုပ်ပေးခဲ့ပြီးပြီ… ခင်ဗျားတို့တွေက တကယ်ပဲ အခုလို မလုပ်သင့်ဘူး”
အထီးကျန်သိုင်းသခင်သည် တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့ခြင်းသည် ကျင့်ကြံရေးလောကနှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးအပေါ် ကြီးမားစွာ ရိုက်ခတ်မှု ရှိခဲ့၏။
ထိုဖြစ်ရပ်တစ်ခုတည်းကပင် ဆူဇီမို၏ နာမည်ဂုဏ်သတင်းကို အထွတ်အထိပ်ထိ ဆွဲတင်သွားခဲ့လေသည်။
သိပ်မကြာမီ.. အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကြားမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားကြ၏။
ဆူဇီမိုကို သတ်ဖြတ်ချင်သော သူများကို အင်မော်တယ်ဓားက ဦးဆောင်ထား၏။
အဆုံးစွန်မီးနှင့် အခြားသူများကတော့ ဆူဇီမိုဘက်ကနေ ရပ်တည်ကြ၏။
တကယ်တော့ နှင်းပုံတောင်ကြားနှင့် ရှင်းသန့်လေပြေဘုရားကျောင်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဆူဇီမိုဘက်ကနေ ပြောဆိုပေးကြသော်လည်း သူတို့သည် အထီးကျန်သိုင်းသခင်အတွက်နှင့် အခြားသော စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် အသေအကြေ တိုက်ခိုက်လိုကြခြင်း ရှိချင်မှရှိပေလိမ့်မည်။
“ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီ”
ရွှေကျီးကန်း တတိယမင်းသားက လူသားကျင့်ကြံသူများကြားမှ ပဋိပက္ခများကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်၏။
“လူသားမျိုးနွယ်က ဒီလိုပုံစံမျိုးနဲ့ ရှေးဟောင်းခေတ်စစ်ပွဲတုန်းက ငါတို့ကို ဘယ်လိုအနိုင်ယူသွားလဲ ငါ တကယ်ပဲ နားမလည်နိုင်ဘူး”
ယက္ခဖုန်ထျန်က လှောင်ရယ်လိုက်၏။
ဖြောင်း.. ဖြောင်း..
နှစ်ဖက်စလုံးက အကြိတ်အနယ် လွန်ဆွဲနေကြချိန်မှာ ဘေးဘက်မှာရှိသော တစ်စုံတစ်ယောက်သည် လက်ခုပ်တီး၍ ကျင့်ကြံသူများစွာ၏ အကြည့်ကို ဆွဲဆောင်လိုက်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်က နောက်ဆုံးမှာ ထွက်လာခဲ့လေပြီ။
ဆူဇီမို ပေါ်ထွက်လာကတည်းက သူသည် ဘေးကနေသာ အေးစက်စွာဖြင့် စောင့်ကြည့်နေခဲ့၏။
အခြေအနေက တင်းမာလာသောအခါ ယခု သူက ရှေ့သို့ ထွက်လာခဲ့လေပြီ။
“အားလုံးပဲ.. ဆက်ပြီးတော့ ငြင်းခုံနေစရာ မလိုပါဘူး”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က အလေးအနက်မထားဟန်ဖြင့် ပြုံးလိုက်၏။
“ကျုပ်တို့က တာအိုအရှင် အထီးကျန်သိုင်းသခင်ကို အရင်မေးကြည့်ရအောင်.. ခင်ဗျားက ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ရဲ့ တိုက်ပွဲအတွက် ဒီနေ့ ဒီကိုလာတာ မဟုတ်ဘူးဆိုရင်.. ခင်ဗျားက ဘာအတွက် လာတာလဲ”
ထိုမေးခွန်းက သော့ချက်ဖြစ်၏။
ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းမနေဘဲ လှောင်ရယ်မောပြီး အင်မော်တယ်ဓားနှင့် အခြားသူများဘေးရှိ ညဝိညာဉ်ကို လက်ညိုးထိုးလိုက်၏။
“ဘာမှ ဖုံးကွယ်နေစရာ မလိုဘူး.. ငါ ဒီနေ့ ဒီကိုလာတာ သူ့ကို ခေါ်သွားဖို့ပဲ”
“အာ…”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ထိတ်လန့်တကြား ရေရွတ်သံများက ထွက်ပေါ်လာ၏။
ညဝိညာဉ်သည် ကြမ်းကြုတ်ခက်ထန်၍ သွေးအေးရက်စက်သော ကမ္ဘာဦးတဗူးဖြစ်၏။
ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်မှုအပြင်.. ကျင့်ကြံသူများ အားလုံးသည် ဤနေ့ ဤနေရာမှာ စုဝေးလာကြသည်မှာ ညဝိညာဉ်၏ သေဆုံးမှုကို တွေ့မြင်လိုသောကြောင့်ဖြစ်၏။
သို့သော် ယခုအခါ ဆူဇီမိုသည် အလွန်တရာ အန္တရာယ်များသော ကမ္ဘာဦးတဗူးကို ခေါ်ထုတ်သွားချင်သည်ဟု ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ကြေညာလာခဲ့၏။
“ကောင်းတယ်ကွာ.. ကောင်းတယ် ကောင်းတယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲရှိ အပြုံးက သိပ်သည်းစုဖွဲ့လာခဲ့၏။
“အထီးကျန်သိုင်းသခင်ဆိုတဲ့အတိုင်းပါပဲလား.. ခင်ဗျားက တကယ့်ကို ပွင့်လင်းပြီးတော့ ရိုးဖြောင့်တာပဲ”
ကမ္ဘာဦးတဗူးသည် မျိုးနွယ်စုတစ်သောင်း၏ ရန်သူဖြစ်လေသည်။
ဆူဇီမို၏ အပြုအမူသည် မျိုးနွယ်စုတစ်သောင်း၏ ဆန့်ကျင်ဘက်မှာ ရပ်တည်လိုက်ခြင်းနှင့် တူညီလေသည်။
ထိုကမ္ဘာဦးတဗူးက ဆက်လက်ရှင်သန်ကြီးထွားလာမည်ဆိုလျှင်.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် မည်သို့သော သွေးချောင်းစီးမှုများ ဖြစ်ပေါ်မလာမလဲ စဉ်းစားမကြည့်ရဲပေ။
အဲဒါက မမျှော်မှန်းနိုင်သော အန္တရာယ်တစ်ခုဖြစ်၏။
သူက သေကိုသေရပေမည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများသည် ထိုအချက်နှင့် ပတ်သက်၍ လုံးဝ ယုံမှားသံသယ မရှိကြပေ။
ဤတစ်ခေါက်တွင်တော့ နှင်းပုံတောင်ကြားမှ စွမ်းအားကြီးပုဂ္ဂိုလ်ပင်လျှင် မျက်မှောင်ကြုတ်ပြီး သတိပေးလိုက်၏။
“အထီးကျန်သိုင်းသခင်.. အရူးမလုပ်ပါနဲ့.. ခင်ဗျားက သူ့ကို ကယ်တင်ချင်တယ်ဆိုရင် ခင်ဗျားကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး”
အဲဒါက တကယ့်ကို စိတ်ရင်းမှန်ကန်သော စကားလုံးများဖြစ်၏။
ကံဆိုးစွာနှင့်ပင်.. ဆူဇီမိုက စိတ်ပိုင်းဖြတ်ထားခဲ့လေပြီ။
သူသည် သူ၏ ဝှက်ဖဲဖြစ်သော အစစ်အမှန်နဂါးခန္ဓာအပြင်.. ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပြီဖြစ်၏။ သူက နောက်ပြန်လှည့်စရာ အကြောင်းမရှိတော့ပေ။
အဆုံးစွန်မီး၏ အမူအရာကလည်း သုန်မှုန်လာခဲ့၏။
“မင်းဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားသင့်တယ်”
အဆုံးစွန်မီးက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။
“အဲဒီအချိန်ကျရင်.. မင်းက တစ်လောကလုံးကို ဆန့်ကျင်ပြီးသား ဖြစ်သွားလိမ့်မယ်.. ငါတောင်မှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး.. မင်းက ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်ဆိုရင်တောင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဆက်လက်ရှင်သန်ဖို့ မလွယ်တော့ဘူး”
“ကျုပ်သိပါတယ်”
ဆူဇီမိုက စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။
“ဆရာ.. ဒီကိစ္စကို ထပ်ပြီးပြောစရာ မလိုတော့ဘူး.. ဒါက ကျုပ်ရဲ့ ဆုံးဖြတ်ချက်ပဲ.. ခင်ဗျားနဲ့ အသွန်းတစ်ရာဂိုဏ်းက ဒီကိစ္စမှာ ဝင်ပါစရာမလိုပါဘူး”
“စီနီယာကြိုးကြာ၊ နန်းကြည်… ခင်ဗျားတို့တွေလည်း ဝင်ပြီး တိုက်ခိုက်ပေးစရာ မလိုဘူး”
ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းဘက်သို့ လှည့်ပြီး ပြောလိုက်၏။
အဲဒီနောက် သူသည် စင်ကြယ်အပျိုစင်ဂိုဏ်းမှ နတ်ဆိုးမကျိကို ကြည့်ပြီး သူ၏ခေါင်းကို ဖြည်းညင်းစွာ ခါပြလိုက်၏။
သူသည် ညဝိညာဉ်ကို ကယ်တင်ဖို့ ရွေးချယ်မည်ဆိုလျှင် အဆုံးစွန်မီးနှင့် သူ၏မိတ်ဆွေများသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဘက်ကနေ ရပ်တည်ပေးလာမည်ဆိုတာကို သိထား၏။
သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် သူတို့သည် ဝဲကတော့တစ်ခုထဲမှာ သေချာပေါက် သက်ဆင်းပြီး သေကြေပျက်စီးရပေလိမ့်မည်။
အကြောင်းမှာ.. ဤတစ်ခေါက်တွင် သူသည် ဓားဂိုဏ်းနှင့် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့်သာမက.. ကျင့်ကြံသူများကြားတွင် ပုန်းလျှိုးနေသော ကမ္ဘာဦးမျိုးနွယ် ၉စုမှ ကြမ်းကြုတ်ခက်ထန်သော သတ္တဝါများနှင့်ပါ ရင်ဆိုင်ရတော့မည်ကို သိထားသောကြောင့်ဖြစ်၏။
ထို့ကြောင့်ပင်လျှင်.. ဆူဇီမိုသည် ညဝိညာဉ် ဖမ်းဆီးခံခဲ့ရသည့်အကြောင်းနှင့် ပတ်သက်၍ မျောက်နှင့် အခြားသူများကို သတင်းမပေးခဲ့ခြင်းဖြစ်သည်။