← Chapters

မင်းအသက်နဲ့ပြန်ပေးဆပ်ဖို့အချိန်ပဲ

Vol. 87 Ch. 1297

မင်းအသက်နဲ့ပြန်ပေးဆပ်ဖို့အချိန်ပဲ

Vol. 87 Ch. 1297

“ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ... အထီးကျန်သိုင်းသခင်က ဒီတောကောင်က ကမ္ဘာဦးခေတ်က မွှေနှောက်ဖျက်ဆီးခဲ့တဲ့ တဗူးဆိုတာ သိနေတာတောင် သူက အဲ့ဒီသတ္တဝါကို ကယ်တင်ချင်နေတုန်းပဲ... အထီးကျန်သိုင်းသခင် ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က မှင်သေသေဖြင့် မေးလိုက်၏။

“အော်မီထောဖော်... ဒကာ အထီးကျန်သိုင်းသခင် ဒီကိစ္စက အရမ်းကိုအရေးကြီးတယ်... ဒီတဗူးက ကြီးထွားလာမည်ဆိုရင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အတောမသတ်နိုင်တဲ့ သွေးလွှမ်းမှုတွေဖြစ်လာလိမ့်မယ်”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်၏ ကိုယ်တော်က သူ၏ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်၏။

“အဲ့ဒါအမှန်ပဲ... ငါတို့ အဲ့ဒါကို ခွင့်ပြုမပေးနိုင်ဘူး”

“ဒီတောကောင်က ရိုင်းစိုင်းကြမ်းကြုတ်ပြီးတော့ သွေးဆာရက်စက်တဲ့ သဘာဝရှိတယ်.. ငါတို့က သူ့ကိုသွားခွင့်ပေးလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ ပြဿနာအကြီးကြီးသေချာပေါက် ဖြစ်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်သူမှ ချမ်းသာရာရမှာမဟုတ်ဘူး”

လူအုပ်ကြီးက အသည်းအသန် ဝင်ရောက်ပြောဆိုလိုက်ကြ၏။

တကယ်တော့... ကျင့်ကြံသူများသည် တဗူးမျိုးနွယ်အကြောင်း လုံးဝနားလည်ထားခြင်းမရှိသလို ညဝိညာဥ်နှင့်လည်း နက်ရှိုင်းသော ရန်ငြိုးရန်စတစ်စုံတစ်ရာမရှိပေ။

သူတို့သည် ရှေ့သို့ထွက်ရပ်လာခြင်းမှာ ညဝိညာဥ်ကို ကြောက်ရွံ့နေသောကြောင့်သာဖြစ်၏။

ရုတ်တရက် ဆူဇီမိုက လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မော၍ သူ၏ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

“သူက ရိုင်းစိုင်းကြမ်းကြုတ်ပြီးတော့ သွေးဆာရက်စက်တယ်လို့ ခင်ဗျားတို့က ပြောတယ်... အခု ခင်ဗျားတို့ကို ကျုပ်မေးမယ်... အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်က လူသားကျင့်ကြံသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လာတဲ့အချိန် သူတို့ကို ဖိနှိမ်ဖို့အတွက် ခင်ဗျားတို့တွေထဲ ဘယ်သူက ရှေ့ထွက်ခဲ့လဲ”

“အဲ့ဒါခင်ဗျားလား.... ဒါမှမဟုတ် ခင်ဗျားလား”

ဆူဇီမိုက လူအုပ်ကြီးကို လက်ညိုးထိုး၍အော်ပြောလိုက်၏။

လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွား၏။

မည်သူကမှ ပြန်မဖြေကြပေ။

လက်ရှိကျင့်ကြံသူအများစုသည် အသင်္ချေနယ်မြေမြို့တော်မှ တိုက်ပွဲကို မတွေ့မြင်ဖူးခဲ့သော်လည်း ဖြစ်ပျက်ခဲ့သည့်အရာများနှင့်ပတ်သက်၍ အကြမ်းဖျင်းနားလည်သဘောပေါက်ထားကြ၏။ ဆူဇီမိုနှင့် ညဝိညာဥ်ကြောင့်သာမဟုတ်လျှင် ထိုစဥ်တုန်းက လူသားပြိုင်စံရှားများမှာ အသင်္ချေနယ်မြေမြို့တော်မှာ အမြစ်ဖြတ်ချေမှုန်းခံရ၍ မြှုပ်နှံခံခဲ့ရပေလိမ့်မည်။

“ညဝိညာဥ်ရဲ့ဘိုးဘေးက ကမ္ဘာဦးခေတ်တုန်းက ရိုင်းစိုင်းကြမ်းကြုတ်ပြီးတော့ ရက်စက်သတ်ဖြတ်ခဲ့တယ်ဆိုရင်တောင် အဲ့ဒါက သူနဲ့ဘာပတ်သက်လို့လဲ”

ဆူဇီမိုက ပြောလိုက်၏။

“ညဝိညာဥ် ငယ်ငယ်ကလေးတည်းက သူကြီးထွားလာတာကို ကျုပ်ကစောင့်ကြည့်ခဲ့ရတယ်... သူက သတ်ဖြတ်တဲ့နေရာမှာ တော်ပေမယ့်လို့ အကြောင်းအရင်မရှိဘဲ ဘယ်သူ့ကိုမှ မသတ်ဖြတ်ခဲ့ဘူး”

လူအုပ်ကြီးထံမှ စကားသံ ထွက်ပေါ်မလာကြတော့ပေ။

ဆူဇီမိုက လှည့်ပတ်ကြည့်ရှုလိုက်၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတွင် ကျင့်ကြံသူများက သိပ်သည်းစွာရပ်နေကြ၏။ အဲ့ဒီမှာ ဂိုဏ်းနှင့်အဖွဲ့အစည်းပေါင်းစုံ စုဝေးနေကြသော်လည်း ကျင့်ကြံသူအများစုသည် မှင်သေသေဖြင့် ရှိနေကြ၏။

မည်သူကမှ သူ၏ ယုတ္တိတန်သော သဘောတရားကို နားထောင်လိုခြင်းမရှိကြပေ။

ကျင့်ကြံသူများစွာ၏ စိတ်နှလုံးထဲတွင် သူတို့၏ ပထမဆုံးထင်မြင်ချက်က စွဲထင်သွားခဲ့ပြီဖြစ်၏။ ဆူဇီမိုက သူ၏ခေါင်းကို ညင်သာစွာ ခါလိုက်၏။

သူက ထိုကိစ္စကို ထပ်မံ၍ ရှင်းပြနေလည်း အပိုပင်ဖြစ်ကြောင်း နားလည်လိုက်၏။

“ဟီးဟီး... ခင်ဗျားကတော့ အဲ့ဒါ ပြောရတာလွယ်တာပေါ့”

ကောင်းကင်စင်ရော်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်က လှောင်ရယ်လိုက်၏။

“ကျားသစ်တစ်ကောင်က ဘယ်တော့မှ သု့အရောင်ကိုပြောင်းလဲမှာမဟုတ်ဘူး... ဒီတောကောင်ရဲ့ မျိုးဆက်သွေးက သတ်ဖြတ်ခြင်းနဲ့ သွေးဆာရက်စက်မှုတွေနဲ့ ပြည့်နှက်နေတာ... သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုစတင်လာတဲ့အချိန်ကျရင် တားဆီးဖို့နောက်ကျသွားလိမ့်မယ်”

“အထီးကျန်သိုင်းသခင်... ခင်ဗျားဒီကိစ္စကို သေသေချာချာပြန်စဥ်းစားသင့်တယ်... မိုက်မိုက်မဲမဲ လျှောက်မလုပ်နဲ့”

နှင်းပုံတောင်ကြား၏ စွမ်းအားကြီးပုဂ္ဂိုလ်က စိတ်စေတနာကောင်းဖြင့် လေးနက်စွာပြောလိုက်၏။

“ခင်ဗျားက... သူဒုက္ခရောက်တာကို မကြည့်ရက်ဘူးဆိုရင်တောင် သူ့ကိုကယ်ဖို့ကတော့ မဖြစ်နိုင်ဘူး”

“အားလုံးက ဒီနေ့မှာ စုဝေးလာကြပြီ... ဓမ္မဝိသေသတာအိုအရှင်တွေကို ထည့်မတွက်ဘူးဆိုရင်တောင် ထိပ်သီးဂိုဏ်းကြီးတွေက စွမ်းအားကြီးပုဂ္ဂိုလ်အရေအတွက်ကိုလည်း တစ်ချက်ကြည့်လိုက်ဦး”

“ခင်ဗျားက... ညဝိညာဥ်ကို မကယ်နိုင်မဲ့အချက်ကိုထားလိုက်ဦး အဲ့လိုလုပ်မယ်ဆိုရင် ခင်ဗျားတောင်မှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

အဆုံးစွန်မီးတစ်ယောက်သာမဟုတ်ပေ... နှင်းပုံတောင်ကြားမှ စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း ထိုသို့ပြောနိုင်လေသည်။

ဓားဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားသောအင်မော်တယ်ဂိုဏ်းများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ဤနေရာသို့ရောက်ရှိလာခြင်းမှာ ဆူဇီမိုကို ကိုင်တွယ်ဖို့ဖြစ်နိုင်လေသည်။

သူတို့သည် ဖောက်မထွက်နိုင်သော ထောင်ချောက်တစ်ခုကို ဤနေရာမှာ ကြိုတင်ခင်းကျင်းထားပြီး အဲ့ဒါက ပုရွက်ဆိတ်တောင်မှ မလွတ်မြောက်နိုင်ပေ။

ဆူဇီမိုက တိုက်ခိုက်ရဲသည်နှင့်အမျှ သူက သေရပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ယနေ့ ညဝိညာဥ်ကို သတ်ဖြတ်ဖို့သည် လူတိုင်း၏ အဓိကရည်ရွယ်ချက်ဖြစ်နေ၏။

အဲ့ဒါကိုတားဆီးဖို့ ရှေ့သို့ထွက်ရပ်လာသော မည်သူမဆို သတ်ဖြတ်ချေမှုန်းခံရပေလိမ့်မည်။

အဆုံးစွန်မီးက ထိုသို့မလုပ်နိုင်ပေ။

သူနောက်ဘက်ရှိ အသွန်းတစ်ရာဂိုဏ်းပင်လျှင် ထိုသို့မလုပ်နိုင်ပေ။

ဒီလှိုင်းများနှင့်ရင်ဆိုင်ရချိန်တွင် အလိုက်သင့်မျောပါသူက ရှင်သန်နိုင်ပြီး ဆန်တက်သူကတော့ သေရပေလိမ့်မည်။

“ရှောင်းနင်ကိုသေချာကြည့်ထား... သူလုံးဝထွက်မသွားစေနဲ့”

ယန်ဆေးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ယောင်ယန်... နင့်ကိုလည်း တိုက်ခိုက်ခွင့်မပေးနိုင်ဘူး”

စင်ကြယ်အပျိုစင်ဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ကလည်း ဖြည်းဖြည်းချင်း ပြောလိုက်၏။

စင်ကြယ်အပျိုစင်ဂိုဏ်းနှင့် ယန်ဆေးဂိုဏ်း လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ မည်သည့်ဘက်ကိုမှ အကူအညီမပေးဖို့ဖြစ်​လေသည်။

လက်ရှိအခြေအနေသည် အလွန်တရာသိသာထင်ရှားနေ၏။ အထီးကျန်သိုင်းသခင်ကို ကူညီပေးမည့်မည်သူမဆို ဓားဂိုဏ်းနှင့် ကစဉ့်ကလျားအမြုတေဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများ၏ မဟာရန်သူဖြစ်လာပေလိမ့်မည်။

ဒါ့ပြင်... ပဟေဠိနန်းတော်က ဤကိစ္စကို ဧည့်ခံကျင်းပပေးနေ၏။

ပဟေဠိနန်းတော်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ တစ်မူထူးခြားသော အဆင့်အတန်းတစ်ခုရှိပြီး ကျင့်ကြံသူအများစုက သူတို့ကို မေးခွန်းမထုတ်ဝံ့ကြပေ။

အဆုံးစွန်မီး၏အမူအရာက သုန်မှုန်လာခဲ့၏။

ယနေ့ကိစ္စသည် ညှိနှိုင်းဆွေးနွေးလို့မရတော့မည့် အခြေအနေတစ်ခုထိ ရောက်ရှိသွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

“အစ်ကိုကြီး... ခင်ဗျားထွက်သွားသင့်တယ်”

ထိုစဥ်မှာပင် ညဝိညာဥ်က တံတွေးကိုမျိုချပြီးပြောလိုက်၏။

အစက သူ၏လည်ပင်းထဲတစ်ဝိုက်တွင် နစ်မြုပ်နေသော သံကွင်းသည် တစ်ဖန်ကျုံ့ဝင်သွားပြီး ထက်ရှသော ဆူးချွန်များက ထိုးစိုက်ကာ လတ်ဆက်သောသွေးများက စီးကျလာ၏။

ကောင်းကင်ဘုံနတ်ဘုရားသော့၏ ချုပ်နှောင်မှုအောက်တွင် ညဝိညာဥ်သည် ထိုစကားတစ်ခွန်းကိုပြောဖို့အတွက် ပြင်းထန်သောနာကျင်မှုကို ကြိတ်မှိတ်ခံစားလိုက်ရ၏။

သို့သော်လည်း ဆုတ်ဖြဲလာသောနာကျင်မှုကို ခံစားနေရလျှင်တောင် သူက ဆူဇီမိုရှိရာသို့ခေါင်းကိုမော့၍ ကြည့်လိုက်၏။

“အစ်ကိုကြီး... သူတို့က ခင်ဗျားကိုသတ်ချင်နေကြတာ သူတို့ရဲ့ထောင်ချောက်ထဲမှာ ကျဆင်းမသွားစေနဲ့”

“မပူနဲ့... ညဝိညာဥ် ငါမင်းကို သေချာပေါက်ခေါ်ထုတ်သွားမယ်”

ဆူဇီမိုသည် ညဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများကိုကြည့်ရင်း သူ၏အကြည့်က ပို၍အေးစက်လာပြီး သူ၏ဘေးပတ်လည်ရှိ သတ်ဖြတ်လိုစိတ်က အစိုင်အခဲအဖြစ် ဖွဲ့လုနီးပါးဖြစ်လာခဲ့၏။

ကောင်းကင်ထက်တွင် ဧရာမကြယ်များက တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာ၏။

“ကျွတ်...ကျွတ်... မင်းတို့ရဲ့ ညီကိုစိတ်ဓာတ်က တကယ့်ကို နက်ရှိုင်းနေတာပဲ”

အင်မော်တယ်ဓားက လှောင်ရယ်လိုက်၏။

“တကယ့်ကို ပြီးပြည့်စုံနေတာပဲ... ငါက မင်းတို့နှစ်ယောက်ကို ဒီနေ့ငရဲကိုပို့ပေးမယ်”

“ဒီကိစ္စနဲ့ မဆိုင်တဲ့လူဘယ်သူမဆို လမ်းဖယ်ပေးကြ”

ဆူဇီမိုက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး အေးစက်စွာပြောလိုက်၏။

“ငါက... ဒီနေ့ ညဝိညာဥ်ကို ငါနဲ့အတူ ခေါ်ထုတ်သွားမယ်... ငါ့ကိုတားမယ့် ဘယ်သူမဆို သတ်ဖြတ်ခံရမယ်”

“တော်တော်အပြောကြီးနေပါ့လား”

ကစဉ့်ကလျားအမြုတေဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က လှောင်ရယ်လိုက်၏။

“မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ... မင်းကိုယ်မင်း တစ်လောကလုံးနဲ့ ဆန့်ကျင်ရလောက်အောင် သန်မာနေပြီလို့ ထင်နေတာလား”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က မှင်သေသေဖြင့်ပြောလိုက်၏။

“ငါ အဲ့ဒါကို ထပ်ပြောမယ်... အထီးကျန်သိုင်းသခင်ကို ကူညီပေးမဲ့ ဘယ်သူမဆို ကျင့်ကြံရေးလောကတစ်ခုလုံး ၊ လူသားမျိုးနွယ်နဲ့ မျိုးနွယ်စုတစ်သောင်းကို ဆန့်ကျင်တာနဲ့အတူတူပဲ သူတို့က လောကရဲ့ အပြစ်ပေးခြင်းကိုခံရမယ်”

“ဟားဟားဟားဟား... “

အင်မော်တယ်ဓားက ဟားတိုက်ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာ မင်းက တခြားတွေကို သတ်ချင်နေသေးတာလား... ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ”

“အင်မော်တယ်ဓား... မင်းအသက်နဲ့ပြန်ပေးဆပ်ဖို့ အချိန်ရောက်ပြီ”

ရုတ်တရက် လူအုပ်ကြီး၏ အပြင်ဘက်မှ အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက ခြောက်ကပ်အက်ကွဲ၍ နက်ရှိုင်းနေသော်လည်း အဲ့ဒါက ကြောက်စရာကောင်းသော မိစ္ဆာစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

“အဲ့ဒါဘယ်သူလဲ...”

အင်မော်တယ်ဓားက ထိတ်လန့်တကြားဖြစ်သွားပြီး အလိုလိုအော်ဟစ်လိုက်၏။

ထိုအသံက ရင်းနှီးနေပုံရသော်လည်း သူက အဲ့ဒါကို မယုံကြည်နိုင်ဆဲ ဖြစ်နေ၏။

“အခုလိုအချိန်မျိုးမှာ ဘယ်သူကများရှေ့ကို ထွက်ရဲတာပါလိမ့်”

ကျင့်ကြံသူများအားလုံးသည် အသံထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။

မလှမ်းမကမ်းလေထဲတွင် အနက်​ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူ၏ဖြူဖွေးနေသော ဆံပင်များက ပခုံးပေါ်မှာ ပြန့်ကျနေပြီး သူ၏မျက်လုံးများက ပိန်းပိတ်အောင် နက်မှောင်နေ၏။ သူ၏လက်နှစ်ဖက်ကို တွဲလောင်းချထားပြီး သူ၏ညာဘက်လက်ထဲတွင် မိစ္ဆာချီများရစ်ခွေနေသော ဆေဘာတစ်လက်ရှိနေ၏။

“အား... အဲ့ဒါက အဆူရာပဲ”

“ဘယ်အဆူရာလဲ... အဲ့ဒါက ယန်ပေးချန်လား”

“ယန်ပေးချန်က သေသွားပြီမလား... အဆူရာဆေဘာကိုတောင် အဆူရာဂိုဏ်းကို ပြန်ပေးလိုက်ပြီလေ... လက်ရှိအဆူရာက အခြားတစ်ယောက်ဖြစ်နေပြီပဲ”

လူအုပ်ကြီးက ဆွေးနွေးပြောဆိုလိုက်ကြ၏။

ဆူဇီမိုသည် အဆူရာကိုတစ်ချက်ကြည့်ပြီး သူ၏ရင်ထဲမှာနာကျင်သွား၏။

နှစ်ပေါင်းတစ်ရာနီးပါးမတွေ့ခဲ့ရပြီးနောက် အဆူရာ၏ဆံပင်များက လုံးဝဖြူဖွေးသွားခဲ့လေပြီ။ ဤနှစ်များအတွင်း သူသည် မည်ကဲ့သို့သော နာကျင်မှုမျိုးကို ကြိတ်မှိတ်ခံစားခဲ့ရသလဲ... မသိနိုင်ပေ။

“ဒါ... ဒါပေမယ့် မင်းရဲ့အမြုတေစိတ်ဝိညာဥ်ဒဏ်ရာက... အို မဖြစ်နိုင်ဘူး”

အင်မော်တယ်ဓားသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသော ယန်ပေးချန်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဥ်က မည်သည့်ဒဏ်ရာမှမရှိတော့သည်ကို သူက တုန်လှုပ်ဖွယ်ရာတွေ့ရှိလိုက်ရ၏။

“ယန်ပေးချန်... နောက်ဆုတ်နေစမ်း မင်းက အဆူရာဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ... မင်းကြောင့်နဲ့ ဂိုဏ်းတစ်ခုလုံးကို ဒုက္ခမရောက်စေနဲ့”

အဆူရာဂိုဏ်းမှ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ရှေ့သို့ထွက်လာပြီး အေးစက်စက်အမူအရာနှင့်အတူ ယန်ပေးချန်ကို ငေါက်ငမ်းလိုက်၏။

အဆူရာဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က ထိုသူကို တားဆီးခြင်းမရှိပေ။

“မင်းကဘယ်သူလဲ”

ယန်ပေးချန်၏အကြည့်က ထိုသူ့ထံသို့ရောက်ရှိသွားပြီး စိတ်ခံသားချက်ကင်းမဲ့စွာဖြင့် မေးလိုက်၏။

“ငါက လက်ရှိအဆူရာပဲ”

ဓမ္မဝိသေသတာအိုအရှင်သည် ဂုဏ်ယူဝံ့ကြွားသော အမူအရာတစ်ခုရှိပြီး သူ၏လက်ကိုဝေ့ယမ်းလိုက်သောအခါ အဆူရာဆေဘာက ပေါ်ထွက်လာ၏။

“မင်းလိုမျိုးကောင်ကို... အဆူရာလို့ခေါ်ဖို့ ထိုက်တန်လို့လား”

ယန်ပေးချန်က ထိုဓမ္မဝိသေသတာအိုအရှင်၏ ဦးခေါင်းဆီသို့ လက်ပြန်လွှဲ၍ ခုတ်ပိုင်းချလိုက်၏။

အနက်ရောင်အလင်းတန်းတစ်ခုက မွန်းကျပ်ဖွယ်ရာ သေခြင်းအော်ရာနှင့်အတူ လေထုကို ဆုတ်ဖြဲသွား၏။

“ဗြစ်...”

သူ့ကိုယ်သူ အဆူရာဟု ရည်ညွှန်းခေါ်ဆိုသော မည်ကာမတ္တတပည့်သည် မတုံ့ပြန်နိုင်ခင်မှာပင် သူသည် ယန်ပေးချန်၏ ဆေဘာချက်ဖြင့် ထက်ခြမ်းလှီးဖြတ်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားခဲ့ပြီဖြစ်၏။

All Chapters