ကြောက်စရာကောင်းသော ဓားပညာရပ်
Vol. 87 Ch. 1299
ခရမ်းရောင်မီးတောက်..
အဆုံးစွန်မီး၏ အကြည့်က ဝင်ရောက်လာသူထံသို့ ရွေ့လျားသွားပြီး သူ၏မျက်လုံးက မီးဝင်းဝင်းတောက်လာ၏။
“မင်း ဘယ်လိုတောင် ထွက်လာရဲတာလဲ”
ခရမ်းရောင်မီးတောက်သည် အစတုန်းက အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ပြီး အဆုံးစွန်မီး၏ စီနီယာအစ်ကို ဖြစ်၏။ နောက်ပိုင်းတွင် သူက ဂိုဏ်းကို သစ္စာဖောက်ပြီး ငရဲမီးစံအိမ်ကို တည်ထောင်ခဲ့၏။
လွန်ခဲ့သည့် နှစ်ငါးဆယ်က… အဆုံးစွန်မီးသည် ကျင့်ကြံသူများကို ဦးဆောင်ပြီး ငရဲမီးစံအိမ်သို့ သွားကာ သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ ထိုသူတို့ကို ဖိနှိမ်ခဲ့၏။ ခရမ်းရောင်မီးတောက်သည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး အသက်လု၍ ထွက်ပြေးခဲ့ရ၏။
ထိုတိုက်ပွဲတွင် ငရဲမီးစံအိမ်သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀ယောက်ကျော်နှင့် ဓမ္မဝိသေသ တာအိုအရှင် အယောက် ၁၀၀ကျော်ကို ဆုံးရှုံးခဲ့ရ၏။ ငရဲမီးစံအိမ်က နေ့ချင်းညချင်း ဖျက်ဆီးခံလိုက်ရလေသည်။
ဤတိုက်ပွဲသည် လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ကျင့်ကြံရေးလောကတွင် ဖြစ်ပွားခဲ့သော ရှားရှားပါးပါး တိုက်ပွဲများထဲမှ တစ်ခုဖြစ်ပြီး အဆုံးစွန်မီး၏ စွမ်းအားကြီးမားသော နည်းလမ်းများက ကျင့်ကြံရေးလောကမှာ တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့၏။
ခရမ်းရောင်မီးတောက်သည် နှစ်ပေါင်းများစွာ သူ၏ဒဏ်ရာများကို ကုသပြီးနောက်.. ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့လေပြီ။
“ဂျူနီယာညီ.. ငါတို့ကြားက ရန်ငြိုးရန်စကို ဒီနေ့ ဒီမှာ အဆုံးသတ်ကြတာပေါ့”
ခရမ်းရောင်မီးတောက်က အငြိုးအတေး ကြီးမားသော အကြည့်နှင့်အတူ မကောင်းဆိုးဝါးဆန်ဆန် ပြောဆိုလိုက်၏။
“ဟမ်..”
အဆုံးစွန်မီးသည် အာရုံစိုက် ကြည့်ရှုပြီးနောက်.. သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ် ထောက်လှမ်းမှုဖြင့် ခရမ်းရောင်မီးတောက်သည် ပကတိပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်၏။
လွန်ခဲ့သည့် နှစ်ငါးဆယ်က ခရမ်းရောင်မီးတောက်သည် နောက်ပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာသာ ရှိနေခဲ့၏။ ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိပြီးနောက်.. အဆင့်သေးတစ်ဆင့်ချင်းစီ ကျော်ဖြတ်ရခြင်းက အလွန်တရာ ခက်ခဲလာခဲ့၏။
အဆုံးစွန်မီး၏ ပါရမီအရည်အချင်းနှင့်ပင်လျှင် သူ၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်းပေါင်းစည်းခန္ဓာအဆင့်မှာ နှစ်တစ်ရာကျော်အောင် ရှိနေခဲ့၏။
ဒါ့အပြင် အဆုံးစွန်မီးသည် ခရမ်းရောင်မီးတောက်ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့၏။ ဆယ်စုနှစ် အနည်းငယ်မျှနှင့် ခရမ်းရောင်မီးတောက်၏ ကျင့်ကြံမှုသည် နောက်တစ်ဖန် အဆင့်ချိုးဖျက်တက်လှမ်းပြီး ပကတိပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာခဲ့သည်ဆိုတော့…။
ခရမ်းရောင်မီးတောက်သည် အလွန်တရာ ထူးခြားကောင်းမွန်သည့် အခွင့်အလမ်းတစ်ခုကို တွေ့ကြုံရရှိပြီး ဤအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံလာနိုင်ခဲ့သည်ကို စဉ်းစားကြည့်ဖို့ မခက်ခဲပေ။
“အံ့ဩသွားတယ်မလား”
ခရမ်းရောင်မီးတောက်က အဆုံးစွန်မီး၏ မျက်လုံးထဲမှ တုန်လှုပ်မှုကို သတိထားမိသွားပြီး သွားဖြဲပြလိုက်၏။
“ငါတို့ရဲ့ တိုက်ခိုက်မှုမှာ ငါက အမြဲတမ်း ရှုံးနိမ့်သူပဲ.. ဒါပေမဲ့လို့ ဒီတစ်ခေါက်တော့ ငါက နိုင်ရမယ်.. နောက်ပြီး ဒီတစ်ခေါက် အနိုင်ရတာက လုံလောက်တာထက် ပိုတယ်.. ငါက မင်းကို ဒုတိယအခွင့်အရေး ပေးမှာ မဟုတ်တော့ဘူး”
ဝှစ်…
ခရမ်းရောင်မီးတောက်၏ သူငယ်အိမ်က တောက်ပသွားပြီး ဧရာမ လက်နက်မီးဖိုတစ်လုံးက ပျံသန်းထွက်ပေါ်လာ၏။
မီးဖိုအောက်တွင် လောင်ကျွမ်းနေသော အလွန်တရာ မကောင်းဆိုးရွားဆန်သည့် ငရဲမီးသည် အဆုံးစွန်မီးထံသို့ ပစ်ဝင်လာခဲ့၏။
“သွား..”
အဆုံးစွန်မီးက သူ၏ မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်ပြီး ဧရာမ လက်နက်မီးဖိုတစ်လုံးက ဆင်းသက်လာ၏။
ဒေါသူပုန်ထနေသော မီးတောက်များက မီးဖိုပေါ်မှာ လောင်ကျွမ်းနေကြ၏။
သို့သော်လည်း အဆုံးစွန်မီး၏ မီးတောက်များသည် လောကရှိ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့်အလား.. ပို၍ပင် ပူပြင်းတောက်လောင်နေ၏။
ယင်နှင့်ယန်…
မတူညီသော မီးတောက်နှစ်မျိုးသည် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
ဘုန်း..
ကျယ်လောင်သော မြည်သံနှင့်အတူ မီးညွန့် မီးလျှံများက ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်သွား၏။
ချစ်ချစ်တောက် ပူပြင်းသော နေနှစ်စင်းသည် ထိတွေ့ရိုက်ခတ်ပြီး မီးလုံးများစွာက ဘက်ပေါင်းစုံသို့ ပစ်လွင့်သွားသည့်အလား.. ကောင်းကင်ထက်ကနေ မီးမိုးတစ်ခုက ရွာသွန်းကျလာခဲ့၏။
အဲဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ တိုက်ခိုက်ရည်ခွန်အားဖြစ်၏။
သူတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါနိုင်ပြီး တောင်တန်းများကို ချေမွဖျက်ဆီးပစ်နိုင်၏။
အဆုံးစွန်မီးက တည်တံ့သော အမူအရာတစ်ခု ရှိနေ၏။
ထိုထိတွေ့ရိုက်ခတ်ခြင်းတွင် သူ၏ လက်နက်မီးဖိုက အမှန်တကယ်ပင် နောက်သို့ အနည်းငယ် ဆုတ်ခဲ့ရပြီး ခွန်အားအရာမှာ သူက အရေးနိမ့်သွားသည်။
ဘာပဲပြောပြော.. အဆင့်သေး သုံးဆင့်ကြားမှာ ကွာဟချက်တစ်ခု ရှိနေဆဲဖြစ်၏။ အဆုံးစွန်မီးသည် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို ကျင့်ကြံထားသည် ဆိုလျှင်တောင်.. သူတို့နှစ်ယောက်ကြား ဓမ္မစွမ်းအားများမှာ ကွာခြားချက်တစ်ခု ရှိနေဆဲဖြစ်၏။
သူက စိုးရိမ်ပူပန်မှုနှင့်အတူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
တိုက်ပွဲတစ်ပွဲတွင် ခွန်အားက အချက်အလက်များစွာထဲမှ တစ်ခုသာလျှင် ဖြစ်၏။
သူသည် မီးကို ယဉ်ပါးထိန်းချုပ်ခြင်း ပညာရပ်မှာ အထူးပြုလေသည်။
ခရမ်းရောင်မီးတောက်သည် ဓမ္မစွမ်းအားအရာမှာ သူ့ကို ဖိနှိမ်နိုင်သော်လည်း သူက အကြောက်အလန့် ကင်းမဲ့ပြီး ခရမ်းရောင်မီးတောက်ကို ဖိနှိမ်နိုင်သည်ဟု ယုံကြည်မှု ရှိနေဆဲဖြစ်၏။
သူ တကယ်တမ်း စိုးရိမ်ပူပန်သည်မှာ တစ်ဖက်ခြမ်းတွင်ရှိသော ဆူဇီမိုဖြစ်၏။
ယခုအချိန်တွင် ယန်ပေးချန်က ဓားဂိုဏ်းအဖွဲ့ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး စွမ်းအားကြီးပုဂ္ဂိုလ် အယောက် သုံးဆယ်ကျော်၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံထားရ၏။
သူကလည်း ခရမ်းရောင်မီးတောက်များဖြင့် တိုက်ခိုက်နေရပြီး အနိုင်ရရှိသူကို အချိန်တိုအတွင်း ဆုံးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုကတော့ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ယောက်တည်း ရင်ဆိုင်ရပေတော့မည်။ သူက ချက်ချင်းပင် သေကြေပျက်စီးသွားနိုင်၏။
“သခင်လေး..”
နန်းကြည်က အံ့အားတသင့် ရေရွတ်၍ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ ပြေးတက်သွား၏။
သို့သော်လည်း သူမသည် ဓမ္မဝိသေသ အဆင့်မှာသာ ရှိနေသေး၏။ သူမက နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ တိုက်ခိုက်ရည်ခွန်အားနှင့်ဆိုပါက အလွန်ဆုံး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် နှစ်ယောက်သုံးယောက်ကိုသာ ခုခံနိုင်ပေလိမ့်မည်။
ယခုအချိန်တွင် ရှေ့သို့ ထွက်လာခဲ့သော အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက အယောက်ငါးဆယ်ကျော်သွားခဲ့လေပြီ။
“အထီးကျန်သိုင်းသခင်.. မင်းက ဖန်သားနန်းတော်က မည်ကာမတ္တတပည့်နဲ့ ပြိုင်စံရှားတွေကို သတ်ဖြတ်ခဲ့တယ်.. ဒီနေ့ မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့”
ဖန်သားနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်က အော်ငေါက်၍ ရုတ်တရက် တိုက်ခိုက်လိုက်၏။
ဘန်း.. ဘန်း.. ဘန်း..
စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ပြီး ကမ္ဘာတုန်လောက်ဖွယ်ရာ ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။ ပေါင်းစည်းခန္ဓာ ဓမ္မလက်နက်များသည် ကြောက်စရာကောင်းသော စွမ်းပကားများနှင့်အတူ လေထုကို ဆုတ်ဖြဲလာကြ၏။
လေဟာနယ်တစ်ခုလုံးက တုန်ခါသွား၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ငါးဆယ်ကျော်၏ ဓမ္မပညာရပ်များသည် အရာရာတိုင်းကို ဝါးမျိုနိုင်သည်ဟု ထင်ရသော ဓမ္မစွမ်းအားပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမိုနှင့် နန်းကြည်ကဲ့သို့ ဓမ္မဝိသေသ တာအိုအရှင်များကို မပြောနှင့်… ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ထိုဓမ္မစွမ်းအားပင်လယ်အောက်မှာ အလောင်းပင်မကျန်ဘဲ အစိတ်စိတ်အမွှာမွှာ ချေမွဖျက်စီးခံရပေလိမ့်မည်။
“အား..”
ဆူဇီမိုက ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်ပြီး သူ၏လက်နှစ်ဖက်ဖြင့် ဓားပညာရပ်တစ်ခုကို ထုတ်ဖော်ကာ ဘက်ပေါင်းစုံသို့ ရူးသွပ်စွာ ဝှေ့ယမ်းထုတ်ဖော်လိုက်၏။
ဇီး.. ဇီး.. ဇီး…
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်က ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။
သူတို့သည် သိပ်သည်းများပြား၍ လောကကို ဆုတ်ဖြဲပစ်ချင်သည့်အလား.. သတ်ဖြတ်လိုစိတ်ဖြင့် တလိပ်လိပ်တက်လာ၏။
ကြယ်များစွာက ကောင်းကင်ထက်မှ ပေါ်ထွက်လာကြ၏။
ထိုကြယ်များ၏ လမ်းကြောင်းက အလွန်တရာ ဝရုန်းသုန်းကားဆန်ပြီး ထိတွေ့ရိုက်ခတ်ကုန်ကြ၏။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည့်အခါ.. ကြယ်များသည် နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အားအရ ပုံမှန်အခြေအနေမှာဆိုလျှင်.. ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ခုသည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ခြိမ်းခြောက်နိုင်ဖို့ လုံလောက်လေသည်။
ယခု ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများမှ လာပြီး သူတို့အားလုံးသည် ထိပ်တန်းအဆင့် ပေါင်းစည်းခန္ဓာ ပညာရှင်များ ဖြစ်ကြသော်လည်း သူတို့သည် ထိုသည်ကို မြင်သောအခါ ခေါင်းနပန်းကြီးသွားကြ၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင် ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည့် မြင်ကွင်းက မည်သို့သော မြင်ကွင်းမျိုးပါလိမ့်..။
အို…
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ငါးဆယ်ကျော်က ပင့်သက်ကို ရှိုက်လိုက်ကြ၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ၏ ရောင်ပြန်ဟပ်မှုကြောင့်လား.. သို့မဟုတ် တုန်လှုပ်မှုကြောင့်လား မပြောတတ်ပေ။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ဖြူဖပ်ဖြူလျော် ဖြစ်လာကြ၏။
“အဲ.. အဲဒါက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ရဲ့ စွမ်းအား ဟုတ်ရဲ့လား”
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ပြောစရာစကား မဲ့သွားကြ၏။
လူအုပ်ကြားထဲတွင် ပုန်းလျှိုးနေသော ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များပင်လျှင် သူတို့၏ မျက်လုံးကို မှေးကျဉ်းပြီး ပထမဆုံးအကြိမ်အဖြစ် ဆူဇီမိုကို အလေးအနက်ထားကာ သူတို့၏ ရင်ထဲရှိ အထင်အမြင်သေးမှုများကို တဖြည်းဖြည်း ဖယ်ထုတ်ပစ်လိုက်ကြ၏။
သူတို့သာ တူညီသောနေရာမှာ ရှိနေမည်ဆိုလျှင် သူတို့အနေဖြင့် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်ကို တစ်ယောက်တည်း ခုခံရင်ဆိုင်ဖို့က အတော်လေး ခက်ခဲလေသည်။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက်ငါးဆယ်ကျော်ကနေ ဖြစ်ပေါ်လာသော ဓမ္မစွမ်းအားပင်လယ်နှင့် ထိတွေ့ရိုက်ခတ်လိုက်၏။
ပင်လယ်သည် ဓားချီတစ်ထောင်ကျော်ကြောင့် ဇကာပေါက်ဖြစ်သွားပြီး ၎င်း၏ ဓမ္မစွမ်းအားများကလည်း လျင်မြန်စွာ လျော့ကျလာ၏။
ချွင်.. ချွင်.. ချွင်..
ပေါင်းစည်းခန္ဓာ ဓမ္မလက်နက်များစွာသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက တဖြန်းဖြန်းထွက်ကာ သူတို့က လွင့်ကန်ထွက်လာကြ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများက အရမ်းကို များပြားလွန်းလေသည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ အချို့သည် ဓမ္မစွမ်းအားပင်လယ်ကို ထိုးဖောက်ပြီး အဆုံးမဲ့ ထက်ရှမှုနှင့်အတူ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဆီသို့ ပစ်ဝင်လာခဲ့၏။
ဖောက်.. ဖောက်.. ဖောက်..
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် သူတို့၏ ခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ဓားချီကြောင့် သူတို့၏ ခန္ဓာကိုယ်များက ဖြတ်တောက်ခြင်း ခံလိုက်ကြရ၏။
ချက်ချင်းပင် ခြေလက်များက လေထဲမှာ လွင့်ပျံသွားပြီး သွေးမြူများက တဖွားဖွား ထွက်ပေါ်လာ၏။
ဤ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကံကောင်းသည်ဟု ဆိုရပေမည်။
နောက်ဆုံးမှာတော့.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကြွယ်ဝသော အသက်ဓာတ်အားနှင့် စွမ်းအားကြီးသော သွေးချီကို ပိုင်ဆိုင်ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်က ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ဖြတ်တောက်ခြင်း ခံရမည်ဆိုလျှင်တောင် သူတို့က အသက်ရှင်နိုင်သေး၏။
သို့သော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သူတို့၏ ဦးခေါင်းများက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။ သူတို့၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။
လူအုပ်ကြီးက တုန်လှုပ်ချောက်ချားသွားရ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက်ငါးဆယ်ကျော်သည် အတူပူးပေါင်း၍ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို တိုက်ခိုက်ခဲ့ကြ၏။ သို့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ် အချို့သည် နေရာမှာပင် သေဆုံးသွားပြီး သူတို့ထဲမှ အတော်များများက ထိခိုက်ဒဏ်ရာ ရရှိကုန်ကြ၏။
စွမ်းအားကြီးပုဂ္ဂိုလ်များက ဝရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။
“အဲဒါက ဘယ်လိုမျိုး ဓားတာအိုပါလိမ့်.. အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ”
“ငါကြားမိတာတော့.. အဲဒါက ရှေးဟောင်းမဟာဓားပညာရပ် သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ပဲ.. အထီးကျန်သိုင်းသခင်က အဲဒါကို အင်မော်တယ်ဓားဆီကနေ လုယူသွားတာလို့ ကြားမိတယ်”
“မထူးဆန်းတော့ဘူး”
သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ အင်မော်တယ်ဓား၏ အမူအရာက ပို၍ပင် သုန်မှုန်လာ၏။
သို့သော်လည်း သူက ဆူဇီမိုကို အရေးမစိုက်နိုင်သေးပေ။
အကြောင်းမှာ.. သူသည် ယခုအချိန်ထိ ယန်ပေးချန်၏ သတ်ဖြတ်လိုစိတ်ကနေ ရုန်းမထွက်နိုင်သေးသောကြောင့် ဖြစ်၏။