← Chapters

အမုန်း၏ စွမ်းပကား

Vol. 87 Ch. 1300

အမုန်း၏ စွမ်းပကား

Vol. 87 Ch. 1300

“အား..”

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ် အယောက် ၃၀ကျော်၏ ဝန်းရံပိတ်ဆို့မှုတွင် ယန်ပေးချန်က အမုန်းမိစ္ဆာဆေဘာကို ကိုင်စွဲပြီး ရုတ်တရက် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

ထိုဟိန်းဟောက်သံသည် ပူဆွေးဝမ်းနည်း၍ ချောက်ချားစရာကောင်းနေ၏။ အဲဒါကို ကြားရသော လူတိုင်းသည် သိပ်သည်းပြင်းထန်သော နာကျင်မှုနှင့် အမုန်းတရားကို ခံစားမိလိုက်ကြ၏။

အဲဒါသည် အမုန်းသုတ္တန်မှ လာသော အသံပိုင်း တိုက်ခိုက်မှုတစ်ရပ် ဖြစ်၏။

ဆူဇီမိုသည် တာအိုအရှင် အမုန်းနှင့် တိုက်ခိုက်ခဲ့စဉ်က ထိုသူသည် ဤအသံပိုင်း လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့လေသည်။

သို့သော်လည်း ယန်ပေးချန်နှင့် နှိုင်းယှဉ်လျှင် တာအိုအရှင် အမုန်း၏ လျှို့ဝှက်အတတ်က အတော်လေးကို နိမ့်ကျနေသေး၏။

ပြင်းထန်ရက်စက်သည့် ပြောင်းလဲမှုများကို တွေ့ကြုံခံစားရခြင်း မရှိဘဲ တာအိုအရှင် အမုန်းသည် အမုန်းသုတ္တန်တွင် ပါရှိသော နာကျင်မှု၊ မျှော်လင့်ချက် ပျက်သုဉ်းမှုနှင့် အမုန်းတရားတို့ကို နက်နက်ရှိုင်းရှိုင်း နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယန်ပေးချန်ကတော့ မတူပေ။

ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းနှင့် တာမင်းမန္တာန်ကဲ့သို့ အသံပိုင်း လျှို့ဝှက်အတတ်များကို အစကတည်းက သိရှိထားခဲ့၏။ သူတို့ကို ထုတ်ဖော်သည့်အခါ သူသည် တိုက်ခိုက်မှုအတိုင်းအတာကို ထိန်းချုပ်နိုင်ပြီး အခြား မဆိုင်သည့်သူများကို မတော်တဆ ထိခိုက်နာကျင်စေနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယန်ပေးချန်၏ အသံပိုင်း လျှို့ဝှက်အတတ်က အားလုံးအပေါ် သက်ရောက်စေနိုင်သော တိုက်ခိုက်မှုတစ်ရပ်ဖြစ်၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားထဲရှိ ကျင့်ကြံသူများ အားလုံးသည် ထိုဟိန်းဟောက်သံမှ ထိတွေ့ရိုက်ခတ်မှုကို တွေ့ကြုံခံစားလိုက်ရ၏။

လူတိုင်းသည် ဝမ်းနည်းမှု၊ မျှော်လင့်ချက် ပျက်သုဉ်းမှုနှင့် အမုန်းတရားတို့ကို ခံစားမိလိုက်ကြ၏။ ၎င်းနှင့် အနီးဆုံးတွင် ရှိနေသော ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကြောင်အ,မှင်တက်၍ တုန်လှုပ်ချောက်ချားသော အမူအရာများ ရှိလာကြ၏။

ချွင်.. ချွင်..

အမုန်းမိစ္ဆာဆေဘာသည် တဇီဇီ အော်မြည်၍ တုန်ခါလာခဲ့၏။ ၎င်းသည် ယန်ပေးချန်၏ ရင်ထဲမှ အမုန်းတရားများကို ခံစားမိသောအခါ အလွန်တရာ စိတ်လှုပ်ရှားလာခဲ့၏။

“ငါ့ရဲ့ အမုန်း”

ယန်ပေးချန်၏ မျက်လုံးက အသူရာချောက်နှက်နှစ်ခုကဲ့သို့ ပိန်းပိတ်အောင် နက်မှောင်သွားလေသည်။ ပူဆွေးဝမ်းနည်းဖွယ်ရာ ဟိန်းဟောက်သံနှင့်အတူ သူသည် ရှေ့သို့ တက်လှမ်းပြီး ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ထံသို့ လွှဲ၍ ခုတ်ပိုင်းချလိုက်၏။

အမုန်းမိစ္ဆာဆေဘာသည် နက်မှောင်နေသော အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့​၏။

ဆေဘာသွားက ဆင်းသက်မလာခင်မှာပင် ကန့်သတ်မဲ့အမုန်း၏ သတ်ဖြတ်လိုစိတ်က နက်မှောင်နေသော မိစ္ဆာချီစီးကြောင်းများအဖြစ် အသွင်ပြောင်းလဲပြီး ဓားဂိုဏ်းမှ ပေါင်းစည်းခန္ဓာကို ရစ်ပတ်လိုက်ကြ၏။

ဓားဂိုဏ်းမှ ပေါင်းစည်းခန္ဓာက မည်သို့ပင် ထက်ရှပါစေ.. သူသည် သူ့ဘေးပတ်လည်တွင်ရှိသော မိစ္ဆာချီများကို ဖြတ်တောက်နိုင်ခြင်း မရှိပေ။

“ဗျစ်..”

အမုန်းမိစ္ဆာဆေဘာသည် ဆင်းသက်လာပြီး ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်ကို နှစ်ပိုင်းထိုးခွဲလိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးသွား၏။

ယန်ပေးချန်၏ ဘေးပတ်လည်တွင်ရှိသော အမုန်းမိစ္ဆာချီသည် အတောမသတ် တလိပ်လိပ်တက်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အသူရာချောက်နက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ထင်ရ၏။ ၎င်းသည် ဘေးပတ်လည်တွင် ရှိသော ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဝါးမျိုပစ်ချင်သည့်အလား စုပ်ယူနေ၏။

“ငါ.. အရာရာတိုင်းကို မုန်းတယ်”

ယန်ပေးချန်သည် နောက်တစ်ဖန် ဟိန်းဟောက်၍ ဓားဂိုဏ်းမှ နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ဆေဘာဖြင့် ခုတ်ပိုင်းချလိုက်၏။

“ပျက်စမ်း”

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်သည်လည်း အထင်ကြီးစရာကောင်းလေသည်။ သူက အသက်ဓာတ်အားလုံးကို ဖျက်စီးပစ်နိုင်သည့် ဓားချီတစ်ခုကို ထုတ်ဖော်ပြီး သူ့ကို ချုပ်နှောင်လာသော အမုန်းမိစ္ဆာချီများကို ဖြတ်တောက်လိုက်၏။ သူသည် ရုန်းထွက်သွားနိုင်ခဲ့ပြီး အမုန်းမိစ္ဆာဆေဘာကို လွှဲ၍ ခုတ်ပိုင်းချလိုက်၏။

အမုန်းမိစ္ဆာဆေဘာက ဝင်းလက်တောက်ပလာလေသည်။

ခွမ်း..

အားလုံး၏ ရှေ့မှောက်မှာပင် စွမ်းအားကြီးပုဂ္ဂိုလ်၏ ဓားသည် အမုန်းမိစ္ဆာဆေဘာ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။

အမုန်းမိစ္ဆာဆေဘာသည် ဆက်လက်၍ ခုတ်ပိုင်းကျဆင်းလာပြီး ဓားဂိုဏ်းမှ နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်လိုက်၏။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် အထွတ်အထိပ် ဓားတာအိုတစ်ခုကို ထုတ်ဖော်တော့မည့်ဆဲဆဲမှာပင် သူ၏မျက်လုံးက ယန်ပေးချန်၏ မိစ္ဆာဆန်သော မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားပြီး​ နေရာမှာပင် အေးခဲရပ်တန့်သွား၏။

သူ၏မျက်လုံးများက မိစ္ဆာချီဖြင့် တဖြည်းဖြည်း စွန်းထင်းခြင်း ခံလိုက်ရ၏။

အနက်ရောင်မိစ္ဆာချီသည် သူ၏ခန္ဓာကိုယ်ကနေ စတင်၍ ဖြန့်ကြက်ထွက်ပေါ်လာ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ဝိညာဉ်သည် ယန်ပေးချန်၏ စက္ခုနည်းစနစ်ဖြင့် ညှို့ယူခံလိုက်ရပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

အမုန်းမိစ္ဆာဆေဘာက နောက်တစ်ဖန် ခုတ်ပိုင်းကျလာ၏။

ဦးခေါင်းတစ်လုံးက လွင့်ပျံထွက်သွားလေသည်။

ဓားဂိုဏ်းမှ ဤစွမ်းအားကြီးပုဂ္ဂိုလ်က သေသည့်တိုင်အောင် နိုးထမလာခဲ့ပေ။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ် သုံးယောက်ကို ခုတ်ချက်သုံးချက်နှင့်အတူ သတ်ဖြတ်ပြီးနောက်.. အဆူရာ၏ စွမ်းပကားသည် လက်ရှိကျင့်ကြံသူတိုင်းကို နောက်တစ်ဖန် တုန်လှုပ်သွားစေပြီး ဆူညံပွက်လောရိုက်သွားစေ၏။

“အမုန်းသုတ္တန်က တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏မျက်လုံးကို မှေးကျဉ်းပြီး တီးတိုးရေရွတ်လိုက်၏။

သူသည် အစကနေ ယခုအချိန်ထိ တိုက်ခိုက်ခြင်း မရှိဘဲ ဘေးကနေ ထွက်၍ ရပ်ကြည့်နေ၏။

“အားလုံးပဲ မကြောက်ကြနဲ့… ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားဝင်္ကပါကို ဆင့်ခေါ်ပြီး ဓားဝင်္ကပါရဲ့ စွမ်းအားနဲ့အတူ အဲဒီအဆူရာကို သတ်လိုက်ကြရအောင်”

အင်မော်တယ်ဓားက အလောတကြီး သတိပေးလိုက်၏။

ရှေးဟောင်းခေတ်က ဓားဧကရာဇ်သည် ရှေးဟောင်းဓားပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်သော ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို ရရှိခဲ့၏။

သို့သော်လည်း ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်သည် ကျင့်ကြံရ မလွယ်ကူဘဲ ၎င်း၏ သတ်ဖြတ်လိုစိတ်က အရမ်းကို သန်မာလွန်း၏။ ၎င်းက အရမ်းကို စွမ်းအားကြီးမားပြီး မဆင်မခြင် ပြုမူမိမည်ဆိုလျှင် တန်ပြန်ရိုက်ခတ်မှုကို တွေ့ကြုံခံစားရနိုင်၏။

အနည်းဆုံး အခြေအနေမှာ ချီသွေဖည်ခြင်း ဖြစ်လေသည်။

အဆိုးဆုံးအနေဖြင့် သူတို့၏ သွေးလည်ပတ်စီးဆင်းမှုက လုံးဝပျက်စီးသွားပြီး နေရာမှာပင် သေဆုံးသွားနိုင်၏။

နောက်ပိုင်းတွင်.. ဓားဧကရာဇ်သည် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်မှ အသက်မဲ့ဓားပညာရပ်ကို ထုတ်နုတ်ခဲ့လေသည်။ ၎င်းသည် ယခင်ကလောက် စွမ်းအားမကြီးမားတော့သော်လည်း ကျင့်ကြံဖို့အတွက် အတော်လေး လွယ်ကူသွားပြီး ဤနေ့ ဤအချိန်ထိ ဓားဂိုဏ်းက လက်ဆင့်ကမ်းလာခဲ့၏။

ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားကွက်ကို ထုတ်ဖော်ဖို့ဆိုလျှင် ၎င်းကို ဓားဝင်္ကပါတစ်ခု၏ ပုံစံဖြင့်သာ ထုတ်ဖော်နိုင်ကြ၏။ စွမ်းအားကြီးပုဂ္ဂိုလ်များစွာက ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားကွက်မှ သတ်ဖြတ်လိုစိတ်ကို မျှဝေခွဲယူခြင်းဖြင့် သတ်ဖြတ်လိုစိတ်မှ တန်ပြန်ရိုက်ခတ်မှုကို တားဆီးနိုင်မည်ဖြစ်၏။

ဝှစ်.. ဝှစ်… ဝှစ်…

ကျန်ရှိနေသော ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ စိတ်ကို တည်ငြိမ်စေပြီး ဓားဝင်္ကပါတစ်ခုကို ခင်းကျင်းကာ အေးစက်၍ ခက်ထန်ကြမ်းကြုတ်သော ဓားချီစီးကြောင်းများကို လှည့်ပတ်လိုက်ကြ၏။

ချက်ချင်းပင် ကမ္ဘာမြေက တုန်ခါလာခဲ့၏။

နဂါးမြွေတစ်ကောင် နိုးထလာသည့်အလား.. ဧရာမ အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

ကမ္ဘာမြေ၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည့်အခါ နဂါးမြွေက ထွက်ပေါ်လာပေလိမ့်မည်။

ယန်ပေးချန်သည် အလေးမထားသော အမူအရာတစ်ခုနှင့်အတူ ဝင်ရောက်လာသော ဓားချီကို ကြည့်လိုက်၏။ သူ၏ အဖြူရောင်ဆံပင်များက ကခုန်နေပြီး သူ၏ အနက်ရောင် မျက်လုံးများက အသက်မဲ့နေ၏။

တစ်စုံတစ်ယောက်သည် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားကွက်ကို တစ်ယောက်တည်းဖြင့် ကျင့်ကြံထားမည်ဆိုလျှင် သူတို့က သူ့ကို ခြိမ်းခြောက်နိုင်ကောင်း ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

ယခုအခါ.. ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားဝင်္ကပါကို ထုတ်ဖော်လိုက်သော်လည်း သူတို့သည် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားကွက်မှာ ရှိသည့်ရှိထိုက်သည့် ထက်ရှမှုကို လုံးဝ ဆုံးရှုံးနေရ၏။

ဇီး.. ဇီး.. ဇီး..

ယန်ပေးချန်ပေါ်ရှိ မိစ္ဆာချီများက တလိပ်လိပ်တက်လာပြီး နက်မှောင်နေသော မိစ္ဆာချီပင်လယ်တစ်ခုကို ဖြစ်ပေါ်စေကာ ဝင်ရောက်လာသော ဓားချီများအားလုံးကို ဝါးမျိုလိုက်၏။

ထိုမျှသာမက.. မိစ္ဆာချီပင်လယ်သည် ဘေးပတ်ဝန်းကျင်တွင်ရှိသော ဓမ္မစွမ်းအားများ အားလုံးကို စုပ်ယူဝါးမျိုပြီး အဆက်မပြတ် ကြီးထွားကာ ပို၍ပင် သိပ်သည်းပြင်းထန်သော အမုန်းမိစ္ဆာချီများကို ဖြစ်ပေါ်လာစေ၏။

“ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားဝင်္ကပါတဲ့လား.. ပျက်စမ်း”

ယန်ပေးချန်သည် အော်ငေါက်၍ အမုန်းမိစ္ဆာဆေဘာကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။ သူက လေထဲသို့ ခုန်တက်ပြီး အောက်သို့ ငုံ့ကြည့်ကာ သူ၏ အောက်ဘက်ရှိ ဓားဝင်္ကပါကို ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

ဘုန်း..

အဲဒီမှာ ကျယ်လောင်သော မြည်ဟည်းသံက ထွက်ပေါ်လာ၏။

ဓားများစွာက ပြန့်ကျဲ ကျဆင်းသွား၏။

စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် ဖြူဖပ်ဖြူလျော် မျက်နှာများနှင့်အတူ နောက်သို့ ခုန်ဆုတ်လိုက်ကြ၏။

ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ ဆိုးဆိုးဝါးဝါး အမူအရာများနှင့်အတူ ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။

“အင်မော်တယ်ဓား.. ဒီနေ့ ဓားဧကရာဇ်က ပြန်လည်ရှင်သန်လာမယ်ဆိုရင်တောင်.. သူက မင်းကို ကယ်တင်ပေးနိုင်မှာ မဟုတ်တော့ဘူး”

ယန်ပေးချန်သည် အင်မော်တယ်ဓားရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး စကားကို တစ်လုံးချင်း ပြောလိုက်၏။ သူ၏ အသံက ခြောက်သွေ့အက်ကွဲနေပြီး သိပ်သည်းပြင်းထန်သော အမုန်းတရားများ ပါဝင်နေ၏။

နောက်ဆုံးမှာတော့… အင်မော်တယ်ဓား၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု တစ်စွန်းတစ်စက ဖျတ်ခနဲ ပေါ်ထွက်လာ၏။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်.. ကျုပ်တို့က တစ်ဖက်တည်းသားတွေပဲ… ခင်ဗျားက ဘာကို စောင့်နေသေးတာလဲ”

အင်မော်တယ်ဓားက အော်ဟစ်ပြောဆိုလိုက်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်က အရေးမစိုက်ဟန်ဖြင့် ပြုံး၍ သူ၏ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွား၏။ သူသည် ခေါက်ယပ်တောင်ကို ဆုပ်ကိုင်ပြီး ယန်ပေးချန်ရှိရာသို့ ဝင်ရောက်လာခဲ့၏။

“ကိစ္စက ဒီလိုဖြစ်လာပြီဆိုမှတော့.. အဆူရာရဲ့ အမုန်းမိစ္ဆာကျင့်ကြံရေး နည်းစနစ်ကို စမ်းကြည့်ရတော့မှာပဲ”

အခြားတစ်ဖက်မှာတော့…

ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်ကို ထုတ်ဖော်ပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ကို နေရာမှာပင် သတ်ဖြတ်ကာ ကျန်ရှိနေသော စွမ်းအားကြီးပုဂ္ဂိုလ်များကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေ၏။

ဝရုန်းသုန်းကား အခြေအနေကို ချိန်ဆပြီး သူသည် အင်္ကျီလက်စကို ဝှေ့ယမ်းကာ ယခုတင် ရှေ့သို့ ဝင်ရောက်လာသော နန်းကြည်ကို ဆန်းကြယ်တောင်ထွတ်ရှိရာဘက်သို့ ပြန်ပို့ပေးလိုက်၏။

“မလာခဲ့နဲ့.. နင်က ဒီတိုက်ပွဲမှာ ဝင်မပါနိုင်ဘူး”

ဆူဇီမို၏ အသံက ပြတ်သား၍ ပြန်လှန်မေးခွန်းမထုတ်ဝံ့ပေ။

“ဒါပေမဲ့.. သခင်လေး..”

နန်းကြည်က ငြင်းဆန်လိုနေသေး၏။

အင်မော်တယ်ကြိုးကြာအိုကြီးက သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။

“နန်းကြည်.. ဇီမိုပြောတာကို အရင်နားထောင်လိုက်.. နင်က ရှေ့ကို တက်သွားမယ်ဆိုရင်တောင် သူက နင့်ကို ဂရုစိုက်နေရတာနဲ့တင် စိတ်အာရုံ ပျက်ယွင်းရလိမ့်မယ်”

နန်းကြည်သည် လက်မခံချင်သော်လည်း နေရာမှာပင် ရပ်တန့်​ပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကာ တိုက်ပွဲနယ်မြေကို စောင့်ကြည့်နေ၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီသုံးခုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ခြိမ်းခြောက်နိုင်ခဲ့ရုံသာမက ၎င်းသည် ထိပ်သီးဂိုဏ်းကြီးများကို ပို၍ပင် ဒေါသအမျက်ထွက်လာစေ၏။

သူတို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။ သူတို့က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကြောင့် ဘယ်လိုလုပ် နောက်ဆုတ်ပေးနိုင်ပါ့မလဲ။

“အထီးကျန်သိုင်းသခင်.. မင်းက အဲဒီဓမ္မပညာရပ်ကို ဘယ်လောက်ကြာကြာ ထုတ်ဖော်နိုင်မလဲ ကြည့်ရသေးတာပေါ့”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

“ကစဉ့်ကလျားအမြုတေဂိုဏ်းက စွမ်းအားကြီးပုဂ္ဂိုလ်တို့.. နားထောင်ကြ.. ခင်ဗျားတို့ အားလုံးက အစွမ်းကုန်ကို ထုတ်ဖော်ပြီး အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်သတ်ဖြတ်ရမယ်”

“အားလုံးပဲ တိုက်ကြ.. အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ပဲ.. သူက ငါတို့အားလုံးကို ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါမယုံဘူး”

ကောင်းကင်စင်ရော်ဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

အစကတော့.. ဆူဇီမိုကို တိုက်ခိုက်လာသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်မှာ အယောက် ၅၀သာ ဖြစ်၏။

တစ်ခဏအတွင်းမှာပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀၀ကျော်က စုစည်းလာခဲ့ကြပြီဖြစ်၏။

All Chapters