← Chapters

အနိုင်ယူလို့ မရနိုင်သော

Vol. 87 Ch. 1304

အနိုင်ယူလို့ မရနိုင်သော

Vol. 87 Ch. 1304

တိုက်ပွဲဝင်အလောင်း ဆယ်လောင်းကျော်သည် ပြာအဖြစ် လောင်ကျွမ်းသွားပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့က အချိန်မီ မရှောင်တိမ်းနိုင်ဘဲ စတုရတီတာအိုမီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

အသက်ရှူချိန် အနည်းငယ်အတွင်း သူတို့သည် စတုရတီတာအိုမီးဖြင့် ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်များက ပျက်စီးသွားကြ၏။ များစွာသော စွမ်းအားကြီးပုဂ္ဂိုလ်များသည် အလိုလိုနောက်ဆုတ်လိုက်ကြ၏။

ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ညဝိညာဉ်ရှိရာသို့ လျှောက်လှမ်းသွား၏။

သူ၏လမ်းတွင် ပိတ်ရပ်နေသော မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ ဓမ္မလက်နက်ကို ဆင့်ခေါ်လိုက်သည့် ခဏမှာပင်.. ကောင်းကင်ဘုံမိစ္ဆာတံစဉ်က သူ့ထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ချွမ်း…

ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် ထိုဓမ္မလက်နက်နှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများကို လွင့်စင်ထွက်လာစေ၏။

မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများနှင့် အရွတ်များ ကျိုးပြတ်သံကို ကြားလိုက်ရ၏။ သိပ်မကြာခင်.. သူ၏လက်နှစ်ဖက်က ပျော့ခွေစွာဖြင့် တွဲလောင်းကျသွား၏။

၉၉ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ခွန်အားအရာမှာ အန္တိမဓမ္မဝိသေသ တစ်ခုထက် အဆင့်တစ်ခုလုံးလုံး ပိုမိုမြင့်မားသွားလေသည်။

အစကတော့.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် ဆူဇီမိုကို နေရာမှာပင် ထိန်းချုပ်ပြီး အန္တိမဓမ္မဝိသေသ သုံးခုကို ဖိနှိမ်ထားနိုင်ခဲ့ကြ၏။

သို့သော်လည်း ပေါင်းစည်းထားသော ဤ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အန္တိမအဆင့်ကို ကျော်လွန်သွားပြီး ပေါင်းစည်းခန္ဓာအဆင့်၏ အထက်သို့ပင် ရောက်ရှိလာ၏။

“ဖောင်း”

ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းကျဆင်းလာပြီး မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်ကို နှစ်ပိုင်းလှီးဖြတ်လိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဉ်သည် ဖျက်ဆီးခံရပြီး သေဆုံးသွားလေသည်။

သူ၏ သန်မာသော ကိုယ်ကာယနှင့် တုန်လှုပ်စရာကောင်းသော မျိုးဆက်သွေးအပေါ် မှီခိုပြီး စိန်ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် မဖျက်ဆီးနိုင်သော စိန်တောင်ဝှေးတစ်လက်ကို ကိုင်ဆောင်ကာ ဆူဇီမို၏ လမ်းကြောင်းကို တားဆီးဖို့ ကြိုးစားလိုက်၏။

ဆူဇီမို၏ ဓမ္မဝိသေသသည် ဖန်တီးခြင်းကြာခုံကို ဆုပ်ကိုင်ပြီး စိန်ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းဆီသို့ ပစ်ပေါက်ချလိုက်၏။

ဘုန်း…

ဖန်တီးခြင်းကြာခုံသည် စိန်တောင်ဝှေးနှင့် ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။

စိန်ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် နာကျင်စွာ အော်ဟစ်၍ သူ၏လက်ဖဝါးက စုတ်ပြဲသွား၏။ သွေးများက ပန်းထွက်လာပြီး သူ၏ စိန်တောင်ဝှေးက သူ့လက်ထဲကနေ လွင့်စင်ထွက်သွား၏။

“ဥုံ..”

သူက နောက်သို့ဆုတ်ချင်မိသော်လည်း ဆူဇီမို၏ ဓမ္မဝိသေသသည် ပို၍ပင် မြန်ဆန်ပြီး သက္ကတမန္တန်ကို ရွတ်ဆိုလိုက်၏။ ဖန်တီးခြင်းကြာခုံသည် သူ့ကို ဖုန်မှုန့်အဖြစ် ဖိချေလိုက်ပြီး သွေးများကို အဘက်ဘက်သို့ ပြန့်ကျဲသွားစေ၏။

တစ်ချိန်တည်းမှာပင်…

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ၏ အခြားလက်တစ်ဖက်သည် လေထဲမှာ လွှဲယမ်း၍ မီးတောက်များဖြင့် လောင်ကျွမ်းနေသော မိုးကြိုးကျာပွတ်နှင့်အတူ နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ပစ်ရိုက်ချလိုက်၏။

ဖောင်း..

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် သေသည့်တိုင်အောင် ရိုက်နှက်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်စီးသွား၏။

၉၉ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ထိပ်သီးဂိုဏ်းကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် မခုခံနိုင်သော အလွန်တရာ ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်လိုက်၏။

အဲဒါသည် အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းပစ်နိုင်သည့် အန္တိမမိစ္ဆာနတ်ဆိုးတစ်ပါးနှင့် တူနေ၏။

သူသွားလေရာ နေရာတိုင်း စွမ်းအားကြီးပုဂ္ဂိုလ်များစွာက ဖိနှိမ်ခံရလေသည်။

ကောင်းကင်တစ်ဝိုက်မှာ သွေးများက နီစွေးသွား၏။ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ သွေးများက ပြန့်ကျဲနေပြီး အလွန်တရာ ကြောက်စရာကောင်းနေ၏။

လေထဲကနေ ပုံရိပ်များက တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့၏။

တစ်ခဏအတွင်းမှာပင်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀ယောက်ကျော်သည် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ လက်ချက်ဖြင့် သေဆုံးကုန်ကြ၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားပင်လျှင် သွေးများဖြင့် နီစွေးလာခဲ့၏။

ထိုသည်ကို သတိထားမိသောအခါ.. ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းလာသည်ဟု ထင်ရ၏။

“မင်းက ဘာကိုရယ်တာလဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အပြုံးကို​ မြင်သောအခါ ယန်ပေးချန်၏ အမုန်းတရားက ပို၍ပင် ရူးသွပ်ပေါက်ကွဲလာပြီး သိပ်သည်းပြင်းထန်လာခဲ့၏။ သူသည် ချင်ဖျန်ယန် သေဆုံးသွားခဲ့သည့် အလယ်ပိုင်းတိုက်မှ ဝါးသစ်တောထဲသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ထင်ရ၏။

သူ့ရှေ့မှ လူကြောင့်သာ မဟုတ်လျှင် သူတို့၏ တည်နေရာက ပေါက်ကြားသွားလိမ့်မည် မဟုတ်ပေ။

သူ့ရှေ့မှ လူကြောင့်သာ မဟုတ်လျှင် ဖျန်ယန်က သေရခဲ့လိမ့်မည် မဟုတ်ပေ။

“မင်းက ရှေ့ကို ထွက်လာပြီဆိုမှတော့.. ငါ မင်းကို အရင်သတ်မယ်”

ယန်ပေးချန်၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာချီက သိပ်သည်းစုဖွဲ့လာပြီး အမုန်းမိစ္ဆာဆေဘာက တဇီဇီမြည်ကာ တုန်ခါလာ၏။ သူ၏အော်ရာက တစ်ဖန်မြင့်တက်လာပြီး အတောမသတ်နိုင်သည့် နက်မှောင်နေသော ဆေဘာအရိပ်များကို ကောင်းကင်ဘုံလျှို့ဝှက်ချက်ဆီသို့ ထုတ်ဖော်လိုက်၏။

အဆုံးမဲ့သော ထိုအမုန်းတွင် အေးစက်ချောက်ချားဖွယ်ရာကောင်းသော သတ်ဖြတ်လိုမှုပင် ပါဝင်နေ၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်က တုန်လှုပ်သွားရ၏။

အမုန်းသုတ္တန်သည် ရှေးဟောင်းခေတ်က နံပါတ်တစ် မိစ္ဆာနည်းစနစ်တစ်ခု ဖြစ်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ လူတစ်ယောက်၏ နှလုံးသားထဲရှိ အမုန်းတရားက ပိုမိုသန်မာလေလေ… အမုန်းမိစ္ဆာချီများက ပို၍ ကြောက်စရာကောင်းလေလေဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း ပို၍သန်မာလာပေလိမ့်မည်။

ဒါ့အပြင် ယန်ပေးချန်၏ ရုန်းကန်ပေါက်ကွဲအားတွင် အမုန်းမိစ္ဆာသုတ္တန်၏ စွမ်းအား ပါဝင်ရုံသာမက အဆူရာ၏ စွမ်းအားလည်း ပါဝင်လေသည်။

မိစ္ဆာကျင့်ကြံရေး နည်းစနစ်နှစ်ခုကို ပေါင်းစည်းခြင်းဖြင့် အမုန်းနှင့် သတ်ဖြတ်ခြင်း၏ စွမ်းအားကြီးမားသော ဆေဘာစိတ်ဆန္ဒတစ်ခုကို ဖြစ်ပေါ်လာစေပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို လွှမ်းခြုံသွားလေသည်။

အစကတော့ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ယန်ပေးချန်နှင့် ရင်ဆိုင်တိုက်ခိုက်နေနိုင်၏။

သို့သော်လည်း ယန်ပေးချန်က ဤတိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက်.. ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ့ထံသို့ ကပ်ဘေးတစ်ခု ချဉ်းကပ်လာသည့်အလား ခေါင်းနပန်းကြီးလာခဲ့၏။

“မဟန်တော့ဘူး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ဆုံးသွားပြီး သူ၏ အမူအရာကလည်း ညိုမည်းလာ၏။

“ဒီဆေဘာစိတ်ဆန္ဒက အရမ်းကို သန်မာလွန်းတယ်… ငါ အဲဒါကို မခုခံနိုင်တော့ဘူး”

ထိုဆေဘာစိတ်ဆန္ဒ၏ စွမ်းအားသည် ပေါင်းစည်းခန္ဓာအဆင့်၏ အကန့်အသတ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း သူက ခံစားမိလိုက်၏။

“ဖျက်ဆီးချေမှုန်းခြင်း မြူခိုး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ဟိန်းဟောက်၍ သူ၏ခန္ဓာကိုယ်မှ ကြွယ်ဝသော ဓမ္မစွမ်းအားများကို တလိပ်လိပ်ထွက်လာစေပြီး သူ၏ဘေးပတ်လည်တွင် မီးခိုးရောင်မြူခိုးများကို ဖြစ်ပေါ်လာစေ၏။

သူ၏ပုံရိပ်က မြူခိုးများကြားမှာ ပျောက်ကွယ်သွားလေသည်။

ဖောင်း.. ဖောင်း.. ဖောင်း..

အမုန်းမိစ္ဆာချီနှင့် အဆူရာမိစ္ဆာချီသည် မြူခိုးများထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားပြီး ကြီးမားပြင်းထန်သော ထိတွေ့ရိုက်ခတ်မှုကို ဖြစ်ပေါ်စေသည့်အလား ထိုမြူခိုးများက လျင်မြန်စွာ လွင့်မျောသွား၏။

အမုန်းနှင့် အဆူရာမိစ္ဆာနည်းစနစ်ကနေ ဖန်တီးထားသော ဆေဘာစိတ်ဆန္ဒသည် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..။ အဲဒါက ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ထွက်လမ်းများ အားလုံးကို ချိပ်ပိတ်ထားခဲ့လေပြီ။

သူ့မျက်နှာပေါ်ရှိ အပြုံးတစ်ချက်သည် ယန်ပေးချန်၏ သိပ်သည်းပြင်းထန်သော အမုန်းတရားနှင့် အမျက်ဒေါသတို့ကို နှိုးဆွမိသွားလိမ့်မည်ဟု ကောင်းကင်ဘုံလျှို့ဝှက်ချက်က ထင်မှတ်မထားခဲ့ပေ။

“တကယ့် သောက်ရူးနားကန်းပဲ”

သူသည် မြူခိုးများကြားမှာ သူ၏ ဣန္ဒြေကို ဆုံးရှုံးလာပြီး စိတ်ထဲကနေ ကျိန်ဆဲကာ သူ့မျက်လုံးထဲတွင် သွေးရောင်အလင်းက ဖျပ်ခနဲလက်သွား၏။

ဆေဘာစိတ်ဆန္ဒသည် အရမ်းကို ကြမ်းကြုတ်ခက်ထန်ပြီး မဟေဠိနန်းတော်၏ ထွက်ပြေးခြင်း နည်းစနစ်နှင့်ပင်လျှင် သူက ရုန်းထွက်နိုင်ခြင်း မရှိပေ။

ရုတ်တရက်ဆိုသလို…

သွေးရောင်အလင်းတစ်ခုက မြူခိုးများကြားမှာ ဖျပ်ခနဲလက်သွား၏။

သွေးရောင်အလင်းတန်းတစ်ခုသည် အမုန်းနှင့် အဆူရာမိစ္ဆာချီ ပေါင်းစည်းထားသော ဆေဘာစိတ်ဆန္ဒကြားကနေ လှစ်ခနဲ ပြေးထွက်သွား၏။

မြူခိုးများက ပျက်ပြယ်သွားပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့လေပြီ။

သွေးရောင်အလင်းသည် ခပ်လှမ်းလှမ်းမှာ ရပ်တန့်၍ သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလိုက်၏။ အဲဒါက ထွက်ပြေးလွတ်မြောက်သွားသော ကောင်းကင်ဘုံလျှို့ဝှက်ချက်ဖြစ်၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အမူအရာက ပျက်ယွင်းနေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာတချို့ ရှိနေကာ ယန်ပေးချန်ကို ကြောက်ရွံ့နေဆဲ အမူအရာဖြင့် ကြည့်နေ၏။

ယန်ပေးချန်၏ အမူအရာက အေးစက်လာပြီး ထိုသူနောက်သို့ လိုက်လံဖမ်းဆီးခြင်း မရှိပေ။

ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ နည်းလမ်းများအရ ထိုသူက ဤထွက်ပြေးခြင်း နည်းစနစ်ကို အသုံးပြုဖို့ ရွေးချယ်မည်ဆိုလျှင် သူ့အနေဖြင့် အချိန်တိုအတွင်း ထိုသူ့ကို လိုက်မီနိုင်ဖို့ ခက်ခဲကြောင်း သူက ကောင်းကောင်းသိထား၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်နောက်ကို လိုက်ဖို့အတွက်နှင့် သူက အင်မော်တယ်ဓားကို ထွက်ခွာခွင့် မပေးနိုင်ပေ။

အင်မော်တယ်ဓားက ယနေ့ သေရပေမည်။

ယန်ပေးချန်သည် ဓားဂိုဏ်းဘက်သို့ တစ်ဖန်လှည့်ပြီး ပြေးဝင်သွား၏။

စောစောက အဖြစ်အပျက်ကို ဆူဇီမို တွေ့မြင်ခဲ့မည်ဆိုလျှင် ကောင်းကင်ဘုံလျှို့ဝှက်ချက် အသုံးပြုခဲ့သော ထွက်ပြေးခြင်း နည်းစနစ်သည် သူ အလွန်တရာ ရင်းနှီးကျွမ်းဝင်ခဲ့သည့် သွေးစတေးထွက်ပြေးခြင်း ဖြစ်ကြောင်း သူက တုန်လှုပ်ဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။

“ခရမ်းရောင်မီးတောက်.. မင်းက ဂိုဏ်းကို သစ္စာဖောက်ပြီး ဂိုဏ်းသားအချင်းချင်းလည်း တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်.. ဒီနေ့က မင်းကို သုတ်သင်ကွပ်မျက်ရမယ့် နေ့ပဲ”

အခြားတစ်ဖက်မှာတော့ အဆုံးစွန်မီးသည် ဟိန်းဟောက်၍ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သမာဓိတာအိုမီးက သိပ်သည်းစုဖွဲ့လာခဲ့၏။

အဆုံးမဲ့သော မီးတောက်စွမ်းအား စီးကြောင်းတစ်ခုသည် ခရမ်းရောင်မီးတောက်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို လောင်ကျွမ်းလာစေ၏။

“အား..”

ခရမ်းရောင်မီးတောက်သည် သူ၏ ခေါင်းကိုမော့၍ အလွန်တရာ နာကျင်သော အမူအရာဖြင့် အော်ဟစ်လိုက်၏။

အော်ဟစ်လိုက်သော သူ့ပါးစပ်ထဲမှ မီးတောက်များက လျှံတက်လာပြီး သူ၏အသားများက ကွဲထွက်ကာ ပုံပျက်ပန်းပျက်ဖြစ်အောင် လောင်ကျွမ်းသွားစေ၏။

သူသည် ယခုအချိန်ထိ တောင့်ခံနိုင်နေသေးခြင်းမှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသောကြောင့် ဖြစ်၏။ မဟုတ်ပါက.. သူသည် ပြာအဖြစ် လောင်ကျွမ်းသွားသည်မှာ ကြာနေခဲ့လေပြီ။

သို့သော်လည်း သူသည် ဤနေရာရှိ မျိုးဆက်သွေးစွမ်းအားကို မစုပ်ယူနိုင်ခဲ့ပေ။ ထိုသို့ဖြင့် သူ၏ ဓမ္မစွမ်းအားသည် ခမ်းခြောက်လာပြီး သူက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သမာဓိတာအိုမီးသည် သူ့ခန္ဓာကိုယ်၏ အတွင်းအပြင် လောင်ကျွမ်းနေပြီး သူ့ကို လုံးဝ လွှမ်းခြုံသွားခဲ့ပြီဖြစ်၏။

လေထဲတွင် ခရမ်းရောင်မီးတောက်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဧရာမ လူပုံသဏ္ဌာန် မီးလုံးတစ်လုံးသာလျှင် ကျန်ရစ်ခဲ့၏။

တဖြည်းဖြည်းနှင့် ထိုမီးလုံးသည် အသက်ဓာတ်ကို ဆုံးရှုံးသွားပြီး မီးစက်မီးပွားများအဖြစ် ပြောင်းလဲကာ ပြန့်ကျဲသွား၏။

အဆုံးစွန်မီးသည် ထိုသည်ကို မြင်သောအခါ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိလာ၏။ သူသည် သူတွေးထင်ထားခဲ့သည့်အတိုင်း ဝမ်းသာပျော်ရွှင်မှုကို မခံစားရပေ။

ခရမ်းရောင်မီးတောက်က ဘာပဲပြောပြော သူ၏ စီနီယာအစ်ကို ဖြစ်ခဲ့၏။ တကယ်ဆို သူသည် အသွန်းတစ်ရာဂိုဏ်းသို့ ဝင်ရောက်ခဲ့စဉ်က သူ၏ စီနီယာအစ်ကို ခရမ်းရောင်မီးတောက်သည် ကျင့်ကြံရေးလမ်းကြောင်းဆီသို့ သူ့ကို ဦးဆောင်ခဲ့သည့် မြင်ကွင်းများကိုပင် သူက ပြန်လည်မြင်ယောင်လာ၏။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်သည် တဖြည်းဖြည်း ဝေးကွာသွားပြီး ပြန်လည်ညှိနှိုင်းလို့ မရသည့် ဤအခြေအနေထိ ရောက်ရှိသွားလိမ့်မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။ နောက်ဆုံးမှာတော့ ခရမ်းရောင်မီးတောက်က သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီဖြစ်၏။

ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီး လောကတွင် ဖြစ်ပျက်လာမည့် အရေးကိစ္စများကို ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

All Chapters