← Chapters

သားရဲဘုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးခြင်း

Vol. 52 Ch. 766

သားရဲဘုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးခြင်း

Vol. 52 Ch. 766

ငွေရောင်လေးက သူ့မျက်လုံးများကိုပွတ်သပ်လိုက်ကာ အမြင်မမှားကြောင်း အတည်ပြုလိုက်သည်။

ဤသည်မှာအမှန်တကယ်ပင် ဧရာမ LCD TV ဖြစ်သည်။

သူက ရူးတော့မလိုပင် ခံစားလိုက်ရသည်။

ဒဏ္ဍာရီလာ သူတော်စင်သားရဲဘုရင်၏ အုတ်ဂူထားရှိရာ နေရာက LCD TVနှင့် တူလိမ့်မည်ဟု သူတစ်ခါမှ မမျှော်လင့်ခဲ့ပေ။

“ဘာလို့ဒါကြီးက LCD TVနဲ့ တူနေရတာလဲ”

ငွေရောင်လေးက အနည်းငယ် သဘောမတွေ့ ဖြစ်နေခဲ့သည်။

ချင်လန်က သူ့ကို ပြုံးပြုံးလေးသာ ကြည်နေခဲ့သည်။

“ငါမင်းစကားကို ပြင်ပေးပါရစေ.. ဒါ LCD TVနဲ့တူတာမဟုတ်ဘူး.. အမှန်တကယ် LCD TVပဲ”

လူတိုင်း “……….”

အလင်းရောင်က သူတို့ကို စခရင်၏ ရှေ့ဘက်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ထိုအချိန်မှာပင် ချင်လန်က သူ၏လက်ဖဝါးကို ဓာတ်ပြား တစ်ခုပေါ်သို့ တင်လိုက်ရာ အလင်းရောင်များက ထွက်ပေါ်လာခဲ့သည်။

“ကဲ.. အထောက်အထား စီစစ်ပြီးသွားပြီ.. ကျေးဇူးပြုပြီး ငါ့နောက်ကနေ လိုက်ခဲ့ကြပါ”

ချင်လန်က သူတို့လူစုကို ပြောလိုက်သည်။

“ဒီဓာတ်ပြားက ဘာကြီးလဲ”

“အဲဒါက ကုဒ်ဖတ်တဲ့ ကိရိယာပါ”

“……….”

ထိုခဏမှာပင် LCD TV၏ အတွင်းပိုင်းကို ဦးတည်သည့်လမ်းကြောင်းတစ်ခုက ရုတ်တရက် ပွင့်လာခဲ့သည်။

သူတို့က ထိုလမ်းကြောင်းအတိုင်း ဝင်သွားလိုက်ရာ ကြီးမားလှသော ခန်းမကျယ် တစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုခန်းမထဲတွင် စိမ်းလန်းသောဦးချိုများ၊ ခရမ်းရောင်မုတ်ဆိတ်များနှင့် ငွေရောင်သွားများရှိသည့် သားရဲကြီးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ရှိနေသည်။

သားရဲက အမြင့်ပေ ၃၀ကျော်ရှိပြီး တောင်ကြီးတစ်တောင်နှင့်ပင် တူနေသည်။

ထို့ပြင် ရေပိုက်များကဲ့သို့ ထူထဲသည့် ကြိုးလုံးများက သားရဲဘုရင်၏ ဦးခေါင်းနှင့် အနက်ရောင်သေတ္တာကို ချိတ်ဆက် ထားခဲ့သည်။

“ထင်တဲ့အတိုင်းပဲ.. ဘုရင်မင်းမြတ်က အသက်ရှင်နေသေးတာကိုး”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ငွေရောင်လေးက အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူက နောက်ဆုံး အသက်ရှင်ကျန်ရစ်သည့် သူတော်စင်သားရဲ မဟုတ်သောကြောင့်ပင်။

သူတော်စင်သားရဲ ကပ်ဆိုးကြီး ပြီးနောက်တွင် သူတော်စင်သားရဲများ ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း ငွေရောင်လေး ခံစားခဲ့ရသည်။

သို့သော်လည်း သူတော်စင်သားရဲဘုရင် အသက်ရှင်နေသေးသောကြောင့် ဖြစ်နိုင်ချေက ရှိလာခဲ့ပြီ ဖြစ်၏။

ဆိုရလျှင် သူတော်စင်သားရဲဘုရင်၏ သွေးသည် သူတော်စင်သားရဲအားလုံး၏ သွေးဗီဇလည်း ဖြစ်သည်။

မျိုးဗီဇများကို မျိုးပွားရန်အတွက် ဘုရင်ကြီး၏သွေးမှ မျိုးဗီဇထုတ်ယူရန်သာ လိုအပ်၍ မျိုးတုန်းသွားသော သူတော်စင်သားရဲများကို အသက်ပြန်ရှင်လာစေရန်မှာ လုံးလုံးလျားလျားဖြစ်နိုင်ချေရှိသော အချက် ဖြစ်သည်။

ထို့ပြင် ထွင်ထျန်းဟာက ခွေးသူတော်စင်၏အရိုးကို ကောက်ရထားသောကြောင့် ရှင်ပြန်ထမြောက်ရာတွင် အမြင့်ဆုံး မျှော်လင့်ချက် ရှိသူမှာ ခွေးသူတော်စင် ဖြစ်သည်။

ထို့ကြောင့် ခွေးသူတော်စင်က ပြန်လည်မွေးဖွားရန် အခွင့်အလမ်း ရှိနေပြီဟု ဆိုရမည်။

ငွေရောင်လေးက အတွေးနယ်ချဲ့ နေခဲ့ပြီး နှလုံးသားထဲတွင်လည်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေခဲ့သည်။

သူ့ရင်ထဲတွင် နှစ်ပေါင်းများစွာ ငြိမ်းသတ်ခဲ့ရသည့် မျှော်လင့်ချက်မီးတောက်သည် ချက်ချင်းဆိုသလို တဖန် တောက်လောင်ခဲ့ရသည်။

ထိုအချိန်တွင် သူ့ဘေးတွင်ရပ်နေသည့် ချင်လန်က သက်ပြင်းချ၍ ပြောလိုက်သည်။

“အရိုးသားဆုံးဝန်ခံရရင် ဒီကမ္ဘာမှာ သူတော်စင်သားရဲ တစ်ကောင် ကျန်ရှိနေမယ်လို့ ငါတကယ် မထင်ခဲ့မိဘူး.. သူတော်စင်သားရဲတွေ မျိုးတုန်းသွားပြီးနောက်မှာ မင်းတစ်ယောက်တည်း ကျန်ရစ်ခဲ့တာဆိုတော့ မင်းအတွက် အရမ်းကို ခက်ခဲနေမှာပဲ”

“ငါအဆင်ပြေပါတယ်”

ငွေရောင်လေးက ငိုမဲ့မဲ့ အမူအရာဖြင့် ပြောလိုက်သည်။

သူက အမှန်တကယ် ခက်ခဲခဲ့သော်လည်း ယခုအခါတွင်ညီနောင်ဗုံးပစ်နှင့် ဆရာလေးလင်းက သူ့အနားတွင် ရှိနေခဲ့ပြီ ဖြစ်သည်။

“ဘုရင်ကြီးက သူတော်စင်သားရဲတွေ သုတ်သင်ခံရလို့ သူ့ကိုယ်သူ အပြစ်တင်‌နေခဲ့တယ်”

ချင်လန်က ပြောလိုက်သည်။

“သူက ကမ္ဘာပေါ်မှာ သူတော်စင်သားရဲ ရှိနေသေးတယ်လို့ ထင်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံသူတွေက သူတော်စင်သားရဲအားလုံးကို သတ်စားလိမ့်မယ်လို့ သူတကယ် မထင်ခဲ့မိဘူး”

ထိုအချိန်တွင် ကျိုးရီသည် ထိတ်လန့်သော အမူအရာဖြင့် သူ့ရှေ့မှ ကြီးမားလှသော သားရဲကြီးကို ကြည့်နေခဲ့သည်။

သူတော်စင်သားရဲများ၏ ဘုရင်ဖြစ်သည့် သူတော်စင်သားရဲဘုရင်(ဝါ) မိစ္ဆာဘုရင်၏ ပုံစံအစစ်အမှန်ကို မြင်တွေ့ဖူးသူမှာ ရေတွက်လျှင် လက်တစ်ဖက်စာသာ ရှိသည်။

“သားရဲဘုရင်က ဒီလိုမျိုး ငြိမ်သက်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ”

ဝမ်မင်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"ဘုရင်ကြီးက သူတော်စင်သားရဲ တစ်ကောင်မှ မကျန်ရှိတော့ကြောင်း အတည်ပြုပြီးတဲ့နောက်မှာ ဒီလို အခြေအနေကို ရောက်ရှိသွားခဲ့တာပဲ”

ချင်လန်က မျက်မှောင်ကြုတ်၍ ပြောပြလိုက်သည်။

“သူက ဒီနန်းတော်ခန်းမထဲမှာ သူ့ကိုယ်သူ အကျဉ်းချထားခဲ့ပြီး ဘယ်သူနဲ့မှလည်း အဆက်အသွယ် မလုပ်တော့ဘူး.. ပြောရရင် ငါက ဘုရင်ကြီးရဲ့ တစ်ဦးတည်းသော မိတ်ဆွေပဲ.. အဖြစ်အပျက်ကို‌ အကြမ်းဖျင်း ပြောပြရရင် ဘုရင်ကြီးက အနှစ်တစ်ထောင်လောက် ဒုက္ခဆင်းရဲခံခဲ့ရတယ်”

“ငါ့ကိုသေချာလေးပြောပြပါလား”

ဝမ်မင်က မျက်ခုံးပင့်၍ မေးလိုက်သည်။

ချင်လန်က ခေါင်းညိတ်လိုက်သည်။

ဤလူတွေကို အထဲထိ ခေါ်သွင်းလာပြီး ကတည်းက သူ့တွင်ဘာမှဖုံးကွယ်စရာ မရှိတော့ပေ။

ဟုတ်ပါသည်၊ အရေးအကြီးဆုံးအချက်မှာ သူက သန့်စင်ခြင်းမီးလျှံကို ကြောက်ရွံ့နေသေးခြင်း ဖြစ်၏။

“ဘုရင်ကြီးက ဒီနန်းတော်ခန်းမထဲမှာပဲ သူ့ကိုယ်သူ နစ်မွန်းထားတာ ကြာခဲ့ပြီ.. သူ့မှာ ထူးထူးခြားခြား ဝါသနာတွေ မရှိပေမဲ့ ဂိမ်းဆော့ရတာကိုတော့ အရမ်းကြိုက်နှစ်သက်တယ်”

ချင်လန်က ပြောလိုက်သည်။

“ဘုရင်ကြီးက ဂိမ်းကစားရတာ ​ကြိုက်တယ်လား”

ဘုရင်ကြီးရဲ့ဦးခေါင်းမှာ ချိတ်ထားတဲ့ ကေဘယ်ကြိုးတွေက ဦးနှောက်အာရုံကြောတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး စိတ်ထဲမှာ ဂိမ်းလောကတစ်ခုကို ဖန်တီးနိုင်တယ်လေ.. ပြောရရင် အဲဒါက ဘုရင်ကြီး တစ်စုံတစ်ယောက်ကို ပိုက်ဆံတွေအများကြီးပေးပြီး ဖန်တီးခိုင်းထားတဲ့ ဂိမ်းစက်တစ်ခုပဲ”

“……….”

“ဒီအဖြစ်အပျက်တွေ စတင်ဖြစ်ပျက်တဲ့ အချိန်မှာ ဘုရင်မင်းမြတ်က ဂိမ်းအဆင့်တစ်ခုမှာ ပိတ်မိနေပြီး ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ လေ့လာနေခဲ့တယ်.. သူဂိမ်းထဲက ထွက်လာတဲ့အချိန်မှာတော့ သူတော်စင်သားရဲတွေက သုတ်သင်ရှင်းလင်းခံလိုက်ရလို့ ကုန်သွားခဲ့ပြီ.. ဒါကြောင့်ပဲ အဲဒီအချိန်ကစပြီး ဘုရင်ကြီးက သူ့ကိုယ်သူ အပြစ်တင်နေခဲ့တယ်.. အသက်ရှင်ကျန်ရစ်တဲ့ သူတော်စင်သားရဲတွေ မရှိတော့တာကို သိပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ဂိမ်းထဲမှာပဲ နှစ်မြုပ်လိုက်တော့တယ်.. သူက ဂိမ်းဗျူဟာလမ်းညွှန်ကို လုံးဝမဖတ်ဘဲ အနှစ်တစ်ထောင်လောက် ဂိမ်းလောကထဲမှာ နစ်မြုပ်ခဲ့ပြီး လက်တွေ့ဘဝကို ရင်ဆိုင်ဖို့ငြင်းဆန်ခဲ့တယ်”

ဘုရင်ကြီး၏ အဆုံးသတ်ကို ကြားလိုက်ရသောအခါတွင် ငွေရောင်လေး၏ မျက်ခုံးများက တုန်ယင်သွားခဲ့သည်။

သူက သူတော်စင်သားရဲဘုရင်ကို အလွန်မိုက်မဲသည်ဟု ထင်မြင်ခဲ့သည်။

ထိုအချိန်မှာပင် ချင်လန်က သက်ပြင်းချလိုက်သည်။

“မင်းအလာနောက်ကျသွားတာ နှမျောစရာပဲ.. ဘုရင်မင်းမြတ်ကသာ နောက်ထပ် သူတော်စင်သားရဲတွေ ကျန်ရှိနေသေးတာသိရင် အတိတ်ရဲ့ အရိပ်ဆိုးကနေ လွတ်မြောက်နိုင်မှာ အမှန်ပဲ”

“မင်းမှာ ဘုရင်ကြီးနိုးထလာဖို့ အတွက် နည်းလမ်းရှိလား”

ဝမ်မင်က မေးလိုက်သည်။

“နည်းလမ်းက ၂ခုရှိတယ်”

ချင်လန်က ခေါင်းညိတ်လိုက်သည်။

“ပထမနည်းကတော့ ဘုရင်ကြီး ဆော့နေတဲ့ဂိမ်းကို ပြီးစီးအောင်ကူညီဖို့ပဲ.. ဘုရင်ကြီးက ဒီဂိမ်းကို ပြီးစီးအောင် မဆော့ရသေးတဲ့အတွက် ဒီနှစ်တစ်ထောင် အတွင်းမှာ အခြားဂိမ်းတစ်ခုကို ပြောင်းမဆော့ခဲ့ရဘူး.. ဒီဂိမ်းကိုပြီးအောင် ဆော့နိုင်ရင်တော့ ဘုရင်ကြီးက အနည်းဆုံး နောက်ဂိမ်းတစ်ခုကို ပြောင်းဆော့လို့ရမှာ အမှန်ပဲ”

လူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။

“……….”

ဝမ်မင် “ဒါဆို ဒုတိယနည်းလမ်းကရော”

“ဒုတိယနည်းလမ်းက စောင့်ဆိုင်းတာပဲ.. ဘုရင်ကြီးက အစာစားဖို့ အတွက် အနှစ်၅၀၀မှာ တစ်ကြိမ် နိုးထလာလေ့ရှိတယ်.. သူက နှစ်၅၀၀ စားသုံးရတဲ့ပမာဏနဲ့ ညီမျှတဲ့ အစားအစာတွေကို တစ်ကြိမ်တည်း စားသုံးပြီး ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတယ်.. ပြီးမှ ဖြည်းဖြည်းချင်း အစာချေလေ့ရှိတယ်.. မင်းတို့စောင့်နိုင်တယ် ဆိုရင်တော့ ငါနောက်တစ်ခါ (food panda)ကနေ အော်ဒါမှာစားတဲ့ အခါကျရင် မင်းတို့ဆီ အကြောင်းကြားပေးမယ်လေ”

“အော်ဒါမှာစားတာလား”

“ဟုတ်တယ်”

ချင်လန်က ခေါင်းညိတ်လိုက်သည်။

“အားလုံးသိထားရမှာက သင်္ချိုင်းဝင်ပေါက်က တစ်ခုထက်ပိုပြီး ရှိတယ်.. ငါက ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်နိုင်ဖို့ အတွက် နေရာလွတ်တစ်ခုကို သစ်ပင်အမြစ်တွေ အသုံးပြုပြီး ဖွင့်ထားခဲ့တယ်.. အော်ဒါမှာတဲ့ အခါကျရင် အစားအစာ ပို့တဲ့သူတွေက အဲဒီနေရာထိ အရောက်ပို့ဆောင်ပေးကြတယ်.. ဒါပေမဲ့လည်း သင်္ချိုင်းနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းဆိုတော့ အန္တရာယ်များတာ အမှန်ပဲ.. နှစ်စဉ်နှစ်တိုင်း အော်ဒါပို့ဖို့ ကြိုးစားခဲ့တဲ့ ပို့ဆောင်ရေးဝန်ထမ်း အတော်များများက သေကြေပျက်စီးခဲ့ကြတယ်”

လူတိုင်း “……….”

မျှော်လင့်ထားသည့်အတိုင်းပင် သင်က ယခုခေတ်၌ ကျွမ်းကျင်မှုအချို့ မရှိဘဲ ပို့ဆောင်ရေးဝန်ထမ်းတစ်ဦး ဖြစ်မလာနိုင်ပေ။

ငွေရောင်လေးက ထူးချွန်သော သယ်ယူပို့ဆောင်ရေးသမားများနှင့် ပတ်သက်သည့် သတင်းအချို့ကို အမှတ်ရမိသည်။

ထိုသတင်းထဲတွင် အစားအသောက်ပို့ဆောင်ရေး ဝန်ထမ်းတစ်ဦးက ကုမ္ပဏီတစ်ခုလုံးကို ဒုက္ခပေးနေသည့် ဗိုင်းရက်စ်အား တားဆီးပေးခဲ့သည်။

ထို့ပြင် ပို့ဆောင်ရေးသမား တစ်ယောက်ကလည်း ပြတင်းပေါက်ကနေ မတော်တဆ ပြုတ်ကျခဲ့သည့် ကလေးငယ်ကို ကယ်တင်နိုင်ခဲ့သည်။

ဆိုရလျှင် ကမ္ဘာပေါ်၌ ပို့ဆောင်ရေးသမားများ မသွားနိုင်သည့် နေရာမရှိဟုပင် ထင်ရသည်။

တကယ်တမ်းတွင် သင်္ချိုင်းစောင့်ရသည့် အလုပ်က ငြီးငွေ့စရာလုံးဝမဟုတ်ပေ။

အနည်းဆုံးတော့ အစားအသောက်ကို အော်ဒါမှာစား၍ ရပေသည်။

All Chapters