သားရဲဘုရင်ကို ကယ်တင်မည့်အစီအစဥ်
Vol. 52 Ch. 767
ကိစ္စတစ်ခုလုံး၏ အမှန်တရားကို လေ့လာပြီးနောက် ငွေရောင်လေးက အကြောပိတ်ခံလိုက်ရသလို အချိန်အတန်ကြာအောင် အေးခဲသွားခဲ့သည်။
သူက အရာအားလုံးကို ချေဖျက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သတင်းကောင်းမှာ သားရဲဘုရင်ကြီး မသေသေးပေ။
သားရဲဘုရင်ကြီး ရှိနေသရွေ့ သူတော်စင် သားရဲများ ပြန်လည်ရှင်သန်ရန်မှာ ဖြစ်နိုင်သေးသည် မဟုတ်လော။
သတင်းဆိုးမှာမူ သားရဲဘုရင်ကြီးသည် ယခုအခါတွင် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သောအနေဖြင့် ဂိမ်းကမ္ဘာထဲတွင်သာ စိတ်နှစ်ထားခဲ့သည်။
လက်ရှိတွင် ဂိမ်းကမ္ဘာထဲကနေ သားရဲဘုရင်ကြီးကို ဆွဲထုတ်ရန် နည်းလမ်းမရှိသေးပေ။
ငွေရောင်လေးက ဖေဖေဝမ် ကဲ့သို့ ဝတ္ထုများ ရေးနိုင်ရန်လေ့လာခဲ့ဖူးပြီး စာဖတ်သူများ ကြိုက်နှစ်သက်သည့် ဇာတ်လမ်းအမျိုးအစားကို သိရှိနိုင်ရန် စိတ်ပညာဆိုင်ရာ စာအုပ်များကို အထူးဖတ်ရှုခဲ့သည်။
သူ၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ သားရဲဘုရင်ကြီး လုပ်နေသည်မှာ စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်ရှာဖွေသည့် ပုံစံမှန်း ငွေရောင်လေး မှန်းဆမိခဲ့သည်။
သို့မဟုတ်လျှင် သားရဲဘုရင်ကြီးသည် ဂိမ်းကို မဖြေရှင်းဘဲ နှစ်ပေါင်းများစွာ ဂိမ်းဇာတ်ကြောင်းထဲတွင် အဘယ်ကြောင့် နစ်မွန်းနေခဲ့ပါမည်နည်း။
“တခြားနည်းလမ်း မရှိဘူး.. အခု ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဘုရင်ကြီး ဆော့နေတဲ့ဂိမ်းကို အဖြေရှာဖို့အတွက် အစွမ်းကုန် နည်းလမ်းရှာဖို့ပဲ"
ငွေရောင်လေးက အိပ်ပျော်နေဟန် ရှိသော သူ့ရှေ့ရှိ သားရဲကြီးကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"
ကျိုးရီက ခေါင်းညိတ်လိုက်ပြီး ချင်လန်ကို ကြည့်လိုက်သည်။
"သားရဲ ဘုရင်ကြီး ကစားနေတဲ့ဂိမ်းကို မင်းသိလား"
"ဒီဂိမ်းကို ဒက်ထရွိုက်- ကျင့်ကြံခြင်း လို့ခေါ်တယ်
ချင်လန်က ခေါင်းညိတ်လိုက်သည်။
အားလုံးက ချက်ခြင်း သဘောပေါက်သွား၏။
ဤဂိမ်းသည် အဟောင်း သို့မဟုတ် အသစ်ဟု ယူဆ၍မရသော ဂိမ်းတစ်ခုဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မကြာသေးမီကမှ ဂိမ်းကို ဇာတ်လမ်းအသစ်တစ်ပုဒ်ဖြင့် ပိုမိုခမ်းနားစွာ ဖန်တီးလိုက်သောကြောင့် ဖြစ်သည်။
ဤမတိုင်မီက ငွေရောင်လေးသည် ထိုဂိမ်းကို ကစားလိုသော်လည်း အခွင့်အရေးမရခဲ့ပေ။
ဂိမ်း၏ ဇာတ်လမ်းမှာ လူသားကျင့်ကြံသူများနှင့် စက်ရုပ်များကြားမှ ဖြစ်ရပ်များ အကြောင်း ဖြစ်၏။
ဤစိတ်ကူးယဉ်ကမ္ဘာတွင် "အမြှေးပါးထိန်းချုပ်မှုဘဝ"ဟုခေါ်သော အဖွဲ့အစည်းတစ်ခုသည် လူသားများကို ဝန်ဆောင်မှုပေးရန် အတွက် စမတ် စက်ရုပ် အမျိုးအစားကို တီထွင်ခဲ့သည်။
ထိုစက်ရုပ်များတွင် မတူညီသော လုပ်ဆောင်ချက်များစွာ ပါဝင်၏။
အိမ်မှုကိစ္စ၊ ပညာရေး၊ ကလေးများ အတွက်နှင့် လိင်မှုကိစ္စများအတွက် စက်ရုပ်များသည် လူသားများ၏ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့ကိုယ်တိုင်လည်း တွေးခေါ်နိုင်ကြသည်။
လူသားအားလုံးက စက်ရုပ်များ ပေးစွမ်းနိုင်သော လုပ်ဆောင်ချက်များကြောင့် ရွှင်မြူးနေကြစဉ် စမတ်စက်ရုပ်က တစ်စုံတစ်ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့သည့် ပထမဆုံးဖြစ်ရပ်သည် ဤကမ္ဘာတွင် ဖြစ်ပွားခဲ့သည်။
အကြောင်းရင်းမှာ ပိုင်ရှင်က အရက်အလွန်အကျွံ သောက်ပြီးနောက် သူ၏ စက်ရုပ်ကို အကြိမ်ကြိမ် စော်ကားခဲ့သောကြောင့် ဖြစ်သည်။
လူသားများကို ဘယ်တော့မှ မတိုက်ခိုက်ရန် ပရိုဂရမ် ထည့်သွင်းထားသော စက်ရုပ်သည် ပိုင်ရှင်၏ ရက်စက်ကြမ်းကြုတ်သည့် ဆက်ဆံမှုအောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အသိဥာဏ်ကို အမှန်တကယ် ဖော်ထုတ်နိုင်ခဲ့သည်။
ထို့နောက်တွင် စက်ရုပ်သည် ၎င်း၏ပိုင်ရှင်ကို ပုန်ကန်ခဲ့သည်။
အဆုံးသတ်တွင် "အမြှေးပါးထိန်းချုပ်မှုဘဝ"အဖွဲ့အစည်းသည် ချို့ယွင်းချက် ဖြစ်သွားသော စက်ရုပ်ကို ပြန်လည်သိမ်းဆည်းခဲ့သည်။
ဒဏ်ရာရခဲ့သော စက်ရုပ်ပိုင်ရှင်သည် အဖွဲ့အစည်းထံမှ လျော်ကြေးအဖြစ် ပေးဆောင်ခဲ့သည့် အဖိုးအခ၏ အဆသုံးဆယ်ကို ရရှိခဲ့သည်။
"နောက်ရော"
ကျိုးရီ ယခင်က ဤဂိမ်းကို မကစားဖူးသော်လည်း ငွေရောင်လေး ပြောပြသည့် ဇာတ်လမ်းကို နားထောင်ပြီးနောက် ဇာတ်လမ်းကို ရုတ်တရက် အလွန် စိတ်ဝင်စားသွားခဲ့သည်။
ငွေရောင်လေးက ခေါင်းညိတ်ပြီး ဇာတ်လမ်းကို ဆက်ရှင်းပြခဲ့သည်။
ထိုအချိန်က စက်ရုပ်၏ အာခံခဲ့ခြင်းမှာ ပိုင်ရှင်၏ ကံဆိုးမှု တစ်ရပ်သာ ဖြစ်သည်ဟု ယူဆသောကြောင့် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သည့် မီဒီယာမှ ဖော်ပြခြင်းမရှိခဲ့ပေ။
သို့သော် မမျှော်လင့်ဘဲ အလားတူဖြစ်ရပ်များ စတင် ဖြစ်ပွားခဲ့သည်။
ပထမ အဖြစ်အပျက် အပြီး နှစ်လအကြာတွင် တစ်စုံတစ်ယောက်သည် ၎င်း၏ စက်ရုပ်က အသက်ရှူမှုကို ထိန်းညှိရန်နှင့် ကျင့်ကြံရန်အတွက် ဝိညာဉ်ချီလှည့်ပတ်ရန် အမှန်တကယ် သင်ယူခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ထို့ပြင် စက်ရုပ်သည် ပိုင်ရှင်၏ ကျင့်ကြံခြင်း နည်းစနစ်ကိုပါ လျှို့ဝှက်လေ့လာခဲ့၏။
"စက်ရုပ်တွေက သူတို့ဘာသာ ကျင့်ကြံဖို့ သင်ယူနေတာ ဖြစ်နိုင်ပါ့မလား"
'ဖက်တီးလော'က သူ့သံသယများကို ထုတ်ဖော်လိုက်သည်။
"သာမန် စက်ရုပ်တော့ မဖြစ်နိုင်ဘူး.. လူသားပုံစံတူ မှော်ရတနာတစ်ခု ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်"
ဝမ်မင်က ပြန်ဖြေလိုက်သည်။
သူက ထိုသို့သုံးသပ်ရန် အရည်အချင်းပြည့်မီသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်မင်က ကိုယ့်ဘာသာကိုယ် သင်ယူနိုင်စွမ်းရှိသည့် နိုင်ငံခေါင်းဆောင် 001 ကို ဒီဇိုင်းဆွဲခဲ့သူ ဖြစ်သောကြောင့်ပင်။
၎င်းတွင် ဝမ်မင် ဝတ်ဆင်ထားသည့် "ဝမ်လင်း 1" နှင့် တူညီသော ပင်မစွမ်းအား အရင်းအမြစ်လည်း ရှိသည်။
နှစ်ခုစလုံးသည် အူတိုင်ဗဟိုချက် အတွင်း သိုလှောင်ထားသော ဝိညာဉ်စွမ်းအင်ဖြင့် အလုပ်လုပ်ခြင်း ဖြစ်၏။
သို့သော်လည်း နိုင်ငံခေါင်းဆောင် 001 ၏ ဒီဇိုင်းက ပို၍ အဆင့်မြှင့်သည်။
နိုင်ငံ ခေါင်းဆောင် 001သည် ကျင့်ကြံသူ၏ အသက်ရှုပုံစံကို တုပရန်အတွက် ဇီဝဘိုင်အိုနစ် နည်းပညာကို အသုံးပြုခြင်းဖြင့် ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ၎င်း၏ဗဟိုချက်တွင် သိမ်းဆည်းနိုင်သည်။
ယင်းသည် ပုံမှန် စက်ရုပ် နှင့် လူသားပုံစံတူ မှော်ရတနာတစ်ခုကြား ခြားနားချက် ဖြစ်သည်။
ဘိုင်အိုနစ် စက်ရုပ်များက မှော်ရတနာများ ဟုတ်မဟုတ် ဂိမ်းတွင် ရှင်းရှင်းလင်းလင်း မဖော်ပြထားသောကြောင့် အလေးအနက် ထားရန် မလိုအပ်ပေ။
သို့သော် ကိုယ်တိုင် လေ့ကျင့်သင်ယူနိုင်သည့် စက်ရုပ်အမျိုးအစားကို လက်ရှိနည်းပညာဖြင့် ဖန်တီးနိုင်သည်။
စက်ရုပ်တစ်ရုပ်ကို ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ် အလွန် ကြီးမားသည်။
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ ထိုကဲ့သို့ စက်ရုပ်များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
ဤစက်ရုပ်အမျိုးအစားသည် လက်ရှိတွင် စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေဆဲ ဖြစ်၏။
ယင်းက ညဦးစီးမှူးအဖွဲ့ အသုံးပြုခဲ့သည့် "မှော်ခရစ်စတယ်" နည်းပညာကဲ့သို့ပင်။
“တကယ်လို့ ဒီလိုမျိုး ဇီဝဘိုင်အိုနစ် စက်ရုပ်ကို ထုတ်လုပ်မယ်ဆိုရင် သေချာပေါက် သတိထားဖို့ လိုလိမ့်မယ်”
ဝမ်မင် ပြောစကားကို နားထောင်ရင်း ဖက်တီးလောက ရုတ်တရက် စိုးရိမ်သွားခဲ့သည်။
ဇီဝဘိုင်အိုနစ် စက်ရုပ်သည် ယခုအချိန်တွင် ခေတ်အမီဆုံး နည်းပညာအားလုံးကို ပေါင်းစပ်ဖန်တီးထားသည့် စက်ရုပ်တစ်မျိုး ဖြစ်၏။
၎င်းက လွတ်လပ်စွာ သင်ယူနိုင်စွမ်း ရှိ၍ လူသားထက် သာလွန်သွားခဲ့လျှင်..
စက်ရုပ်က အသိဥာဏ် ဖွံ့ဖြိုးလာသည်နှင့်အမျှ လူသားများကို အစားထိုးသွားပါမည်လော။
အားလုံးက အဖြေကို အနည်းငယ်မျှပင် စိတ်မကူးရဲကြပေ။
သို့သော် ယင်းမှာ သေချာပေါက် စဉ်းစားသင့်သည့် မေးခွန်းတစ်ခု ဖြစ်သည်။
လူသားများ တီထွင်ထားသော“စက်ရုပ်”သည် သူ့ဘာသာသူ တွေးခေါ်နိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံခြင်းကို သင်ယူပြီးနောက်တွင် ကမ္ဘာကြီးမှ လူသားများကဲ့သို့ လွတ်လပ်မှုကို ခံစားဖို့ ကြိုးစားမည်ဆိုလျှင် သင်၏ သဘောထားက မည်သို့နည်း။
ဤအသိဉာဏ်ရှိသော သတ္တဝါ အမျိုးအစားသစ်ကို လက်ခံပြီး သာယာဝပြောသော ကမ္ဘာ၏ အလှကို ၎င်းတို့နှင့် အတူ မျှဝေနိုင်မည်လော။
သို့မဟုတ် သင်က ဆန့်ကျင်ဘက်တွင် ရပ်တည်ပြီး ဤအသိဉာဏ်ရှိသော သတ္တဝါအသစ်များ၏ အုံကြွမှုကို တားဆီးရန် သင်၏ စွမ်းအားဖြင့် အလုံးစုံ လုပ်ဆောင်မည်လော။
"ဘာပဲဖြစ်ဖြစ် အရင်ဝင်ကြည့်ရအောင်"
ကျိုးရီက ပြောလိုက်သည်။
ငွေရောင်လေး "ဒါပေမယ့် ငါတို့ ဘယ်လိုဝင်ရမှာလဲ"
ဝမ်မင် ပြုံးလိုက်သည်။
"ဒီမှာ ငါတစ်ယောက်လုံးရှိတာ.. ဘာတွေ စိတ်ပူနေတာလဲ"
…...........
သားရဲဘုရင်၏ သင်္ချိုင်းတွင်းရှိ အဖွဲ့သည် ဂိမ်းထဲ စိမ့်ဝင်ရန် အစီအစဉ် ရှိနေပြီ ဖြစ်သည်။
တစ်ဖက်တွင်လည်း နွေရာသီစခန်းသွင်း လေ့လာရေးကို ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေခဲ့သည်။
တခြားတစ်ဖက်တွင်လည်း သေရွာပြန် ဥက္ကဌပိုင်သည် သူ၏ ခန္ဓာကိုယ်အသစ်နဲ့ တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။
ညသရဲဝိညာဥ်အင်ပါယာက အမှန်တကယ် မသေသေးသော်လည်း ဥက္ကဌပိုင်က ခန္ဓာကိုယ်ကို အပိုင်စီးထားလိုက်ပြီ ဖြစ်သည်။
ယခုအခါတွင် မြေပိုင်ရှင်လက်မှ လွတ်မြောက်လာသည့် လယ်သမားတစ်ဦး၏ ခံစားချက်မျိုးကို ဥက္ကဌပိုင် နားလည်နိုင်နေပြီ ဖြစ်သည်။
ညဦးစီးမှူးအဖွဲ့၏ အထွေထွေဌာနချုပ်သို့ပြန်ရောက်သောအခါ ဥက္ကဌပိုင်သည် ညသရဲဝိညာဥ်အင်ပါယာ၏ အသံကို တုပကာ အခြေစိုက်စခန်းကို ပြုပြင်ရန်နှင့် နေရာပြောင်းရန်စီစဉ်ခြင်းမပြုမီ လူတိုင်းအား စိတ်အေးစေခဲ့သည်။
ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ဥက္ကဌပိုင်သည် ညသရဲဝိညာဥ်အင်ပါယာ တည်ထောင်ခဲ့သည့် အင်ပါယာကို ကြည့်လိုက်သည်...
သူက ဤနေရာတွင် ထိုင်ပြီး အမြတ်အစွန်းများစွာကို ရိတ်သိမ်းနိုင်တော့မည် ဖြစ်၏။
ညသရဲဝိညာဥ်အင်ပါယာက စိတ်ဝိညာဉ် သိုလှောင်ခန်း၏ တစ်နေရာတွင် တစ်ယောက်တည်း အကျဉ်းချခံခဲ့ရသည်။
"ပိုင်ကျဲ.. မင်းငါ့ကို လုပ်ကြံဝံ့တယ်လား"
ဥက္ကဌပိုင်က ညသရဲဝိညာဥ်အင်ပါယာ၏ အသံကို တိုက်ရိုက်ကြားနိုင်ခဲ့သည်။
သူက ညသရဲဝိညာဥ်အင်ပါယာကို ချက်ချင်း မသတ်ခဲ့ဘဲ ပိတ်လှောင်ထားရန်သာ ရွေးချယ်ခဲ့သည်။
အကြောင်းရင်းမှာ ညသရဲဝိညာဥ်အင်ပါယာကို စိတ်ဝိညာဉ်သိုလှောင်ခန်းထဲ၌ နှိပ်စက်ညှဉ်းပန်းခံရခြင်း ဝေဒနာအား ခံစားစေလိုသောကြောင့် ဖြစ်သည်။
"ငါ့မှာ ဘာကြောင့် ဒီလိုမျိုး အရည်အချင်းတွေ ရှိနေလဲ သိချင်နေတယ် မဟုတ်လား"
ဥက္ကဌပိုင်က တိုးညှင်းစွာ တုံ့ပြန်ခဲ့သည်။