← Chapters

ဥက္ကဌပိုင်ကို ထောက်ပံ့သူ

Vol. 52 Ch. 773

ဥက္ကဌပိုင်ကို ထောက်ပံ့သူ

Vol. 52 Ch. 773

“ဒီကောင်းကင်တာအို ရတနာသေတ္တာကို အထူးပစ္စည်းတစ်ခုနဲ့ပြုလုပ်ထားတယ်.. ငါအကြိမ်ပေါင်းများစွာ ချိုးဖျက်ဖို့ကြိုးစားခဲ့ပြီးပြီ.. ဒါပေမဲ့ လုံးဝမရခဲ့ဘူး.. ဒါက လုံးဝမပျက်စီးနိုင်တဲ့ သေတ္တာတစ်လုံးပဲ”

သားရဲဘုရင်က ခေါင်းခါယမ်းလိုက်သည်။

သားရဲဘုရင်ပြောခဲ့သည့်အတိုင်းဆိုလျှင် ဤကောင်းကင်တာအိုရတနာသေတ္တာ၌ မျိုးတုန်းသွားသောသူတော်စင်သားရဲမျိုးနွယ်များကို ပြန်လည်ရှင်သန်စေမည့် လျှို့ဝှက်ချက်တစ်ခု ပါရှိနေပုံရသည်။

ဤအတိုင်းသာဆိုလျှင် ကောင်းကင်တာအို ရတနာသေတ္တာအတွင်း၌ ဝှက်ထားသောအရာသည် ကံကြမ္မာကိုပင် ပြောင်းလဲပစ်နိုင်သောစွမ်းအားရှိနေသည်မှာ သက်သေပြရန်လုံလောက်ပေသည်။

သားရဲဘုရင်ကြီးက သေတ္တာကိုဖွင့်ရန်အတွက် စကားဝှက်ကိုအဆက်မပြတ် ရှာဖွေနေခဲ့သည်။

ထို့ပြင် ကောင်းကင်တာအိုအကြောင်း သူသိထားသည့် အရာများအပေါ် အခြေခံ၍ ဂိမ်းထဲတွင် သဲလွန်စများကို ရှာဖွေနေခဲ့၏။

“စကားဝှက်ကို ထပ်ခါတလဲလဲ အပြောင်းအလဲလုပ်ပြီး ထည့်ကြည့်တယ်.. နှစ်ပေါင်းနှစ်ထောင်ကျော်လောက်စမ်းသပ်ခဲ့ပေမဲ့ ဖွင့်လို့မရခဲ့ဘူး”

သားရဲဘုရင်က သက်ပြင်းချလိုက်သည်။

သူ့မျက်နှာတွင် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေသောအမူအရာ ဖြစ်ပေါ်နေသည်။

“ဘယ်နှကြိမ်လောက် စမ်းသပ်ခဲ့လို့လဲ”

ဝမ်မင်က မေးခွန်းထုတ်လိုက်သည်။

သားရဲဘုရင်က သူ၏မှတ်ဉာဏ်ကို အလျင်အမြန် ပြန်လည်ရှာဖွေပြီးနောက် ပြန်ဖြေလိုက်သည်။

“ငါက ၁၄၅၂၂၃၅၆ ကြိမ်မြောက်စမ်းသပ်ခဲ့တယ်.. ဒါပေမဲ့အလုပ်မဖြစ်ခဲ့ဘူး”

လူတိုင်း “……….”

“သွားပြီ.. ဒါဆိုရင်တော့ ပက်စ်ဝေါ့ရှာဖို့ အရမ်းခက်သွားပြီ”

ကောင်းကင်တာအိုရတနာသေတ္တာကို ဖွင့်သည့်လုပ်ငန်းစဉ်က သူတို့ထင်ထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးနေပုံရသည်။

“စကားဝှက်က အင်္ဂလိပ်အက္ခရာနဲ့ ဂဏန်းသင်္ချာတွေကို ရောနှောထားတာများလား”

ဝမ်မင်က မေးလိုက်သည်။

“သေချာတော့မသိဘူး.. အရှေ့တိုင်း ဒါမှမဟုတ်အနောက်တိုင်းက ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အက္ခရာတွေဖြစ်နိုင်တယ်”

သားရဲဘုရင်ကြီးက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ဂိမ်းလောကကို စူးစမ်းလေ့လာပြီးနောက်မှာ သဲလွန်စတွေကို လုံးလုံးလျားလျား မဖော်နိုင်ခဲ့ရင်တောင်မှ စကားဝှက်က အင်္ဂလိပ်အက္ခရာပဲလို့ ငါထင်တယ်”

“ဒါဆိုငါတို့က ဘယ်တော့မှဖွင့်နိုင်တော့မှာလဲ”

ငွေရောင်လေး၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သော အမူအရာအချို့ ရှိနေပေသည်။

ကောင်းကင်တာအို ရတနာသေတ္တာက အနောက်ဘက်သို့ခရီးသွားခြင်း ဇာတ်လမ်းထဲမှ ဖုန်းရှန်းစီရင်စု၏ ပုံပြင်ကို တွေးမိစေသည်။

ဖုန်းရှန်းစီရင်စု၏ အမတ်ကြီးသည် ကျောက်စိမ်းဧကရာဇ်ကို စော်ကားခဲ့သောကြောင့် စီရင်စုတစ်ခုလုံး မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရသည်။

စီရင်စုတစ်ခုလုံး ကြက်သားထမင်းဖြင့် ပူဇော်ပသသည့်တိုင်အောင် မိုးမရွာခဲ့ပေ။

တစ်နည်းအားဖြင့်ပြောရလျှင် ဇာတ်လမ်းထဲက ကျောက်စိမ်းဧကရာဇ်သည် အမတ်ကြီးကို အခက်တွေ့စေခဲ့သည်။

သို့သော် သားရဲဘုရင်ကြီး လက်ထဲရှိ ရတနာသေတ္တာ၏ ပြဿနာကတော့ မတူညီပေ။

အကယ်၍သာ ရတနာသေတ္တာ၏ စကားဝှက်က ဂဏန်းသင်္ချာနှင့် အင်္ဂလိပ်အက္ခရာတို့ကို ပေါင်းစပ်ထားမည်ဆိုလျှင် သားရဲဘုရင်သည် အစောပိုင်းကတည်းကပင် စကားဝှက်ကိုဖော်ထုတ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် ကျင့်ကြံခြင်းအက္ခနှင့် အမှန်တကယ်ပင် ရောနှောထားခဲ့သည်။

သူ၏ လက်ရှိအခြေအနေဖြင့် ဤပဟေဠိကို ဖြေရှင်းရန်ကြိုးစားခြင်းသည် နောက်ထပ် အနှစ်တစ်သောင်းခန့် အချိန်ယူရပေမည်။

“ဘုရင်ကြီးကို မေးစရာရှိတယ်.. ဒီကောင်းကင်တာအို ရတနာသေတ္တာကို ပေးခဲ့တဲ့သူက ဘယ်လိုပုံစံလဲ ဆိုတာ တိတိကျကျပြောပြပေးလို့ရမလား”

ကျိုးရီက မေးလိုက်သည်။

သားရဲဘုရင်ကြီးက သေချာ ပြန်ရှင်းပြလိုက်သည်။

“ဒီစီနီယာကြီးက ငါအရင်က တစ်ခါမှမြင်ဖူးတဲ့ ပစ္စည်းတစ်ခုနဲ့ပြုလုပ်ထားတဲ့ တာအိုဝတ်စုံကို ဝတ်ဆင်ထားတယ်.. ငါတို့မိစ္ဆာတောင်ကြားမှာ ကမ္ဘာပေါ်က အရင်းအမြစ်တွေကို အားလုံး ပါဝင်နေပေမဲ့ အဲဒီပစ္စည်းကို ငါလုံးဝမသိခဲ့ဘူး”

သားရဲဘုရင်ထံမှ ထိုစကားကိုကြားလျှင် ကျိုးရီနှင့် ငွေရောင်လေးတို့သည် ခွန်၏ ဝမ်းဗိုက်ထဲကနေ ဝမ်လင်း ကယ်ဆယ်ခဲ့သည့် ရှေးဟောင်းဝတ်စုံဝတ် မိန်းကလေးကို ချက်ချင်းတွေးမိလိုက်သည်။

ယခုအခါတွင် သူမက မေ့မျောနေသေးပြီး အင်မော်တယ်ထုန်ရာ၏ ဂန္ဓမာကျွန်းတွင် ဆေးကုသမှုခံယူနေရသည်။

သူမ ဝတ်ထားသည့် စတိုင်ကျသော တာအိုဝတ်စုံသည်လည်း ယခင်က သူတို့ မမြင်ဖူးသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ကျိုးရီနှင့် ငွေရောင်လေးတို့ နှစ်ယောက်စလုံးက ထိုနှစ်ယောက်အကြားတွင် ဆက်စပ်မှုရှိမရှိ သိချင်နေကြသည်။

“အဲဒီစီနီယာကြီးမှာ ထူးခြားတဲ့အင်္ဂါရပ်တွေရော ရှိလား”

ဝမ်မင်က သူ့မေးခွန်းကို ဆက်မေးလိုက်သည်။

“ငါသေချာမသိဘူး”

သားရဲဘုရင်ကြီးက ခေါင်းခါယမ်းလိုက်သည်။

“ဒီစီနီယာကြီးက ရှင်းရှင်းလင်းလင်း မြင်စေချင်ပုံမရဘူး.. သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို မှော်စွမ်းရည်တွေနဲ့ လွှမ်းခြုံထားတယ်.. သူတော်စင်ဘုရင်မျက်လုံးကို အသုံးပြုခဲ့ပေမဲ့လည်း ငါ့ရဲ့အမြင်အာရုံက အတော်လေး မှုန်ဝါးနေခဲ့တယ်.. သေချာတာတစ်ခုက ဒီလူကြီးရဲ့ မျက်လုံးအကြည့်ပဲ”

“သူ့အကြည့်က ဘယ်လိုပုံစံလဲ”

လူတိုင်းကသိချင်စိတ်ပြင်းပျသွားကြသည်။

“အဲဒီစီနီယာကြီးမှာ အေးစက်စက် ငါးမသာ မျက်လုံးတွေရှိတယ်”

သားရဲဘုရင်က ပြောလိုက်သည်။

လူတိုင်း “???”

ညဦးစီးမှူးအဖွဲ့၏ အထွေထွေဌာနချုပ်တွင် သေမင်းခံတွင်းဝမှ ပြန်လာသော ဥက္ကဌပိုင်သည် ပြန်လည် နိုးထရန် အတွက် သူ၏ ကြီးမားသော အစီအစဉ်ကို စတင်ခဲ့သည်။

သူက ညသရဲဝိညာဉ်အင်ပါယာကို ဝိညာဉ် သိုလှောင်ခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး ဌာနချုပ်ရှိ လူတိုင်းကို သူ၏ အထောက်အထားအမှန်အား တိုက်ရိုက်ကြေညာခဲ့သည်။

ယခုအခါတွင် ညဦးစီးမှူးအဖွဲ့၏ ခေါင်းဆောင်သည် ဥက္ကဌပိုင်ကျယ် တရားဝင်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ညသရဲဝိညာဉ်အင်ပါယာ မဟုတ်တော့ပေ။

ထို့ကြောင့် သူ၏အမိန့်ကို မနာခံသောသူသည် သေရလိမ့်မည်ဖြစ်သည်။

ယခုသူ့တွင် ညသရဲဝိညာဉ်အင်ပါယာ၏ ကိုယ်ခန္ဓာရှိနေသဖြင့် သူက အဆင့်၉ ပကတိအင်မော်တယ် အဆင့်တွင် ရှိနေခဲ့သည်။

ဤကဲ့သို့ အစွမ်းထက်သော ခန္ဓာကိုယ်သည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော မိမိကိုယ်ကိုယ် ပြန်လည်ကုသနိုင်စွမ်းအား ပိုမိုမြင့်မားလာစေခဲ့သည်။

ညသရဲဝိညာဉ်အင်ပါယာ ပြောခဲ့သည့်အတိုင်းပင် ဥက္ကဌပိုင်သည် အလွန်ရည်မှန်းချက် ကြီးမားသူ ဖြစ်သည်။

သူက အခြားသူ၏အရိပ်တွင် နေထိုင်ရန် ဘယ်သောအခါမှဆန္ဒရှိမည်မဟုတ်ပေ။

တကယ်တမ်းတွင် ညသရဲဝိညာဉ်အင်ပါယာသည် ဥက္ကဌပိုင်ကို အစောကတည်းက သတိထားမိခဲ့သည်။

ဤအတွက်အကောင်းဆုံးသက်သေမှာ ဥက္ကဌပိုင်က ဝမ်လင်းကိုလက်စားချေရန်ကြိုးစားနေချိန်တွင် ညသရဲဝိညာဉ်အင်ပါယာက သူ့ကိုတမင်တကာ မတားမြစ်ခဲ့ခြင်းဖြစ်သည်။

ဆိုရလျှင် ညသရဲဝိညာဉ် အင်ပါယာသည် ဝမ်လင်းမှ တစ်ဆင့် ဥက္ကဌပိုင်ကို ဖြုတ်ချချင်နေခဲ့သည်။

ပိုင်ကျယ်က စည်းပြင်ပတာအို၏ အစွမ်းကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်မည့် အခွင့်အရေးကို ဆုပ်ကိုင်ထားသောကြောင့်သာ အဆုံးသတ်တွင် သူက မမျှော်လင့်ဘဲ ခြေတစ်လှမ်း နောက်ကျကျန်နေခဲ့ရခြင်း ဖြစ်သည်။

“တိုးတက်မှုအသစ်တွေရှိလား”

ဥက္ကဌပိုင်က ဌာနချုပ်ရှိ ပလ္လင်ပေါ်တွင်ထိုင်နေရင်း သူ့ရှေ့ရှိနည်းပညာ ဝန်ထမ်းများကို စိုက်ကြည့်ကာ အသံနက်ကြီးဖြင့်မေးလိုက်သည်။

ဝမ်လင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သူကရှာဖွေခိုင်းထားခြင်း ဖြစ်၏။

သူက သေးငယ်သောသဲလွန်စတစ်ခုကိုပင် ကြိုးစား၍ရှာဖွေစေခဲ့သည်။

သူက ဝမ်လင်းနှင့် ဆက်စပ်နေသည့် ဝမ်လင်း၏ မိသားစုနှင့် သူငယ်ချင်းများ အကြောင်းကိုပါ သိချင်နေခဲ့သည်။

သို့မှသာ သူက အင်အားအပြည့်ဖြင့် လက်တုံ့ပြန်နိုင်လိမ့်မည်ဖြစ်သည်။

လက်စားချေလိုသောစိတ်ဖြင့် သတ်ပစ်ခြင်းသည် အနာကျင်ဆုံးအရာ မဟုတ်ပေ။

ထို့ကြောင့် သူက ထိုလူငယ်လေးအား ဝေဒနာ ပိုမိုခံစားရအောင် လုပ်ရပေမည်။

“ရှိပါတယ် သခင် ညသရဲဝိညာဉ်အင်ပါယာ”

သူ့ရှေ့မှ ဝန်ထမ်းက ပြန်ဖြေလိုက်သည်။

ထိုခဏမှာပင် စကားလုံး မှားသွားခဲ့သည်ကိုသိလိုက်သဖြင့် နည်းပညာရှင်၏ မျက်နှာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

ယခုအခါတွင် ဥက္ကဌပိုင်က ညသရဲဝိညာဉ်အင်ပါယာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီဖြစ်၍ အရှင်ပိုင်ဟုသာ ခေါ်သင့်ပေသည်။

သို့သော် နည်းပညာရှင်က အကျင့်ပါနေသဖြင့် ပြုပြင်ရန်ပျက်ကွက်ခဲ့ပြီး လျှာချော်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ်တစ်ခုလုံးကို ဖိအားများက ဖုံးလွှမ်းသွားခဲ့သည်။

“နောက်တစ်ခါထပ်ပြောမယ်.. ငါက အရှင်ပိုင်ပဲ”

ဥက္ကဌပိုင်က လေးလေးနက်နက်ပြောလိုက်သည်။

သူက လက်ချောင်းတစ်ချောင်းကို အသာအယာ လှုပ်လိုက်ရာ စကားမှားပြောမိသည့် နည်းပညာရှင်၏ ဘေးပတ်ပတ်လည်တွင် အာကာပြင်တစ်ခုက ချက်ချင်းပွင့်ဟသွားပြီး နည်းပညာရှင်၏ ဦးခေါင်းကို မျိုချလိုက်သည်။

သို့သော် နောက်ထပ်အခိုက်အတန့်မှာပင် ထိုဦးခေါင်းပြတ်နေရာ၌ ရွှေရောင်အလင်းတန်းများက လင်းလတ်သွားပြီး နည်းပညာရှင်၏ ဦးခေါင်းသည် ခန္ဓာကိုယ်ပေါ်တွင် တဖန် ပြန်ပေါ်လာခဲ့သည်။

ပြန်လည်၍ ရှင်ပြန်ထမြောက်လာသော နည်းပညာရှင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ လည်ပင်းကို စမ်းကြည့်လိုက်သည်။

လည်ပင်းပြတ်ခဲ့သည့်အစအန အနည်းငယ်မျှပင် သူမခံစားခဲ့ရပေ။

အရာအားလုံးက နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

အဖြစ်အပျက်များက အိပ်မက်တစ်ခုလိုပင်။

“လူတစ်ယောက်ကို ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ သတ်လိုက်တာက လွန်လွန်းတယ် ပိုင်ကျယ်”

နည်းပညာသမား ရှင်ပြန်ထမြောက်ပြီးနောက်တွင် အသံတစ်သံက လေထဲကနေ ထွက်ပေါ်လာသည်။

ထိုအသံကြောင့် ဥက္ကဌပိုင်က ချက်ချင်းပင် ပလ္လင်ပေါ်မှထရပ်လိုက်သည်။

ဤသည်က သူ့ဆရာ၏အသံ ဖြစ်သည်။

ဆိုရလျှင် စည်းပြင်ပတာအိုစွမ်းအားကို သူ့ထံ လွှဲပြောင်းပေးခဲ့သူလည်း ဖြစ်သည်။

All Chapters