← Chapters

နတ်နယ်မြေ

Vol. 52 Ch. 777

နတ်နယ်မြေ

Vol. 52 Ch. 777

ဤဓားက သားရဲဘုရင်ကြီး တစ်ခါမှမမြင်ဖူးသည့် ဓားတစ်လက် ဖြစ်သည်။

သူက ဝိညာဉ်ဓား၏ လက္ခဏာကို စူးစမ်းလိုက်ရာ နက်နဲသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

အကြောင်းရင်းမှာ သူက ဤမက်မွန်သီးသစ်သားဓားပေါ်မှ အော်ရာကို သေချာစွာ မှတ်မိသောကြောင့်ဖြစ်၏။

"သားရဲဘုရင်ကြီး.. တစ်ခုခုကို အမှတ်ရသွားတာလား"

ကျိုးရီက သားရဲဘုရင်ကြီး မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ မေးလိုက်သည်။

ကျိုးရီသည် ကျင့်ခယ်၏ ဇစ်မြစ်အကြောင်းကို ဘာမှမသိပေ။

သို့သော်လည်း သူသည် မက်မွန်သစ်သားဓား၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို တွေ့ကြုံခံစားဖူးသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

အင်မော်တယ်စံအိမ်နှင့် တိုက်ပွဲတွင် ကျင့်ခယ်သည် မူလစိတ်ဝိညာဉ်နယ်ပယ်အတွင်း ဓားဘုရင်၏ ပြင်းထန်သော တိုက်ပွဲစွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။

ထို့အပြင် မိစ္ဆာဓားနတ်ဘုရား နှင့် ရင်ဆိုင်ခဲ့သည့် တိုက်ပွဲတွင် ပို၍ပင် ကြောက်စရာကောင်းသည့် ကမ္ဘာဖျက်ဓားကို အသုံးပြုလိုက်သည်။

ဤအခြေအနေအထိ ရောက်ရှိလာပြီးကတည်းက သားရဲဘုရင်ကြီးသည် သူ့တွင် ဖုံးကွယ်စရာ ဘာမျှမရှိဟု ခံစားမိသည်။

အဘယ်ကြောင့်ဆိုသော် သူလုပ်နေသမျှ အရာအားလုံးသည် ကောင်းကင်တာအို ရတနာသေတ္တာကို ဖွင့်ရန် အတွက် ဖြစ်သောကြောင့်ပင်။

သူက ဝှက်ထားသော သဲလွန်စများကို ရှာဖွေရန် ဂိမ်းတွင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။

ယခုတော့ သူသည် အမှောင်ထဲတွင် အလင်း တစ်စုံတရာ တွေ့ရှိလိုက်သကဲ့သို့ ဤမှော်ဆန်သော မက်မွန်သစ်သားဓားတွင် မျှော်လင့်ချက်ကို နောက်တစ်ကြိမ် မြင်တွေ့ခဲ့ရသည်။

"တစ်နေရာရာမှာ သခင်ကျင့်ခယ်ဆီက ဖြာထွက်တဲ့ အော်ရာနဲ့ အလွန်ဆင်တူတဲ့ အော်ရာ တစ်ခုကို ငါ ခံစားခဲ့ရတယ်"

သားရဲဘုရင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေ လို့ခေါ်တဲ့ ဒဏ္ဍာရီလာ နယ်မြေကို မင်းတို့တွေ ကြားဖူးလား မသိဘူး”

အားလုံးက တခဏမျှ လေးနက်သော အတွေးထဲ နစ်မြုပ်သွားကြသည်။

ကျိုးရီက မကြာသေးမီ လများအတွင်း ကြီးမားသော အဖြစ်အပျက် များစွာတွင် ဆက်တိုက် ဆိုသလို ပတ်သက်နေခဲ့ပြီး ရာဇဝတ်ကောင်ကြီး များစွာကိုပင် ဖမ်းယူနိုင်ခဲ့သည်။

သို့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် နှိုင်းယှဉ်လျှင် သူ၏အတွေ့အကြုံများက နည်းပါးသောကြောင့် ထိုနယ်မြေအကြောင်း မကြားဖူးပေ။

ဖက်တီးလော"ဒီနယ်မြေအကြောင်းကို အခုမှ ပထမဆုံးအကြိမ် ကြားသိခဲ့ရတာပါ.. ဒီနယ်မြေက ဘယ်လိုနယ်မြေလဲ"

ငွေရောင်လေး "ငယ်ငယ်က ငါ့မျိုးနွယ်စုရဲ့ စာအုပ်တွေထဲမှာ ဖော်ပြထားတာ မြင်ဖူးတယ်.. ဒါပေမယ့် အသေးစိတ်တော့ မရှင်းပြတတ်ဘူး"

ငွေရောင်လေး၏ စကားကိုကြားလျှင် ကျိုးရီနှင့် ဖက်တီးလောသည် သူ့ကို ကြည့်လိုက်ကြသည်။

သူတော်စင် သားရဲမျိုးနွယ်စုသည် သက်တမ်းရှည်သောမျိုးနွယ်စု ဖြစ်၏။

ဤအသက် ရှစ်ထောင်အရွယ် ငွေရောင်လေးက သိပ်ပြီး ရင့်ကျက်ပုံ မပေါ်သော်လည်း အတော်လေး သိထားသည်ဟု ဆိုရမည်။

ယင်းက အချို့သော ကျင့်ကြံသူများ အသက်ရှည်ခြင်းကို ဇွဲမလျှော့ဘဲ လျှောက်လှမ်းရသည့် အကြောင်းရင်း အမှန်လည်း ဖြစ်သည်။

အသက်ရှည်ရှည်နေရမည် ဆိုလျှင် မတူကွဲပြားသည့် အရာများကို သေချာပေါက် ခံစားရမည် မဟုတ်ပါလား။

“ကောလဟာလအရတော့ ဒီနယ်မြေက လုံလောက်တဲ့ ကောင်းကင်တာအို အရေအတွက်ကို ပိုင်ဆိုင်ထားသရွေ့ တက်လှမ်းနိုင်တဲ့ နတ်ဘုရားနယ်မြေ တစ်ခုပါပဲ”

"နတ်ဘုရားနယ်မြေလား.. ဒီလိုနေရာ တကယ်ပဲရှိလား"

ဝမ်မင် သံသယဖြစ်မိသည်။

"တစ်ချိန်က ငါလည်း မင်းတို့လို မယုံကြည်ခဲ့ပေမယ့် စတုတ္ထမျိုးဆက် သားရဲဘုရင်ကြီးက ငါ့ကို သားရဲဘုရင်ကြီး ရာထူး လွှဲပြောင်းပေးပြီးတဲ့နောက်မှာ ငါ့ရဲ့ သံသယတွေ ပျောက်ကွယ်သွားခဲ့တယ်... နတ်ဘုရားနယ်မြေက အမှန်တကယ်ရှိပေမဲ့ နဂါးငွေ့တန်းဂလက်ဆီရဲ့ အပြင်ဘက်မှာ တည်ရှိတာပါ"

သားရဲဘုရင်ကြီးက ရှင်းပြလိုက်သည်။

ဝမ်မင်က ထိုစကားများကို ချက်ချင်း နားလည်လိုက်သည်။

အကယ်၍ နတ်ဘုရားနယ်မြေက နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်တွင် အမှန်တကယ် ရှိနေလျှင် သူတို့အနေဖြင့် အတည်ပြုနိုင်မည် မဟုတ်ပေ။

အကြောင်းရင်းမှာ လက်ရှိ သိပ္ပံနှင့် နည်းပညာ အဆင့်အရ ကမ္ဘာပေါ်တွင် လွှတ်တင်ခဲ့သည့် ဂြိုလ်တုများ အားလုံးသည် နဂါးငွေ့တန်း ဂလက်ဆီ အပြင်ဘက်တွင် အလင်းနှစ် တစ်ရာခန့်ကိုသာ စူးစမ်းလေ့လာနိုင်ကြသောကြောင့် ဖြစ်သည်။

မိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို ရှာဖွေရာတွင် အင်မော်တယ်ကျန်းရွမ်သည် နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်ရှိ ဆယ်ပုံတစ်ပုံကိုပင် မရောက်ရှိခဲ့ပေ။

နဂါးငွေ့တန်းဂလက်ဆီကို ကျော်လွန်၍ ပျံသန်းမည် ဆိုလျှင် အနည်းဆုံး အနှစ်တစ်သောင်းလောက် အချိန်ယူရလိမ့်မည် ဖြစ်၏။

ထို့ကြောင့် အင်မော်တယ်ကျန်းရွမ်က ဝေးဝေးလံလံထိ မသွားဘဲ မိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို တစ်ကြိမ်ထဲဖြင့် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ နတ်ဘုရားနယ်မြေက အမှန်တကယ်ရှိခဲ့လျှင် ဝမ်လင်း ကဲ့သို့ စွမ်းအားရှင်လေးများ ရှိနေပါမည်လော။

ယင်းမှာ တကယ်တမ်း ဝမ်မင် စိုးရိမ်မိသည့် အဓိကအချက် ဖြစ်သည်။

ဤတစ်ခေါက် သားရဲဘုရင်၏ သင်္ချိုင်း ခရီးစဉ်က ပစ်မှတ်ကို မထင်မှတ်ဘဲ ထိမိသွားသလို သူခံစားမိသည်။

အနည်းဆုံးတော့ သူက ဝမ်လင်း၏ ကမ္ဘာဦးချီကို လေ့လာရန် နောက်ထပ် လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်ပါလား။

သူ့တစ်သက်တာတွင် နတ်ဘုရားနယ်မြေသို့ ရောက်ရှိရန် နဂါးငွေ့တန်းဂလက်ဆီ ဘက်သို့ သွားလာနိုင်သည့် မှော်ရတနာတစ်ခုကို တီထွင်နိုင်သရွေ့ ဝမ်လင်း၏ ကမ္ဘာဦးချီကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်ခု ရှိလာနိုင်ပေမည်။

"ကောလဟာလအရ တာအိုအင်မော်တယ်ဖြစ်မှ နတ်ဘုရားနယ်မြေကို တက်လှမ်းနိုင်မယ်လို့ သိရတယ်.. အဲဒီမှာက လူတစ်ဦးချင်းစီရဲ့ ကောင်းကင်တာအို အရေအတွက်နဲ့ ပတ်သက်ပြီး အလွန်တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ ရှိတယ်.. ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ငါလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး"

သားရဲဘုရင်ကြီးက ခေါင်းခါယမ်းလိုက်သည်။

သူတော်စင် သားရဲဘုရင်၏ စွမ်းအားသည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဆက်တိုက် လက်ဆင့်သွားနိုင်သော်လည်း မျိုးဆက်လေးဆက်ပြီးနောက်တွင် သားရဲဘုရင်၏ စွမ်းအားသည် အင်မော်တယ် အရှင်မြတ် အဆင့်တွင်သာ ရှိတော့သည်။

သူ့တွင် ကောင်းကင်တာအို နှစ်ဆယ်ကျော်ရှိသော်လည်း တာအိုအင်မော်တယ်၏ စံနှုန်းနှင့် ဝေးနေသေးသည်မှာ ထင်ရှားသည်။

“နတ်ဘုရား နယ်မြေကို ရောက်ဖို့ နည်းလမ်းရှိလား”

ဝမ်မင်က ဆက်မေးလိုက်သည်။

ဤကိစ္စက ဝမ်လင်း နှင့် ပတ်သက်သောကြောင့် သူက ပို၍ အာရုံစိုက်ခဲ့သည်။

ထိုနယ်မြေ၌ ဝမ်လင်းနှင့် ကျင့်ခယ်တို့၏ လျှို့ဝှက်ချက်များကို ရှင်းပြနိုင်သည့်အရာများ ရှိနိုင်သည်ဟု သူခံစားမိသည်။

ထို့အပြင် ဝမ်မင်သည် သုတေသနဌာနသို့ ပြန်ရောက်လျှင် သူ၏ အသိပညာကို ချဲ့ထွင်ရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။

ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများသည် မိမိတို့ကိုယ်ကို စကြာဝဠာ၏ ဗဟိုချက်အဖြစ် ကြာမြင့်စွာ ရှုမြင်ခဲ့ကြသည်။

လက်ရှိ ပကတိအင်မော်တယ်များ အပါအဝင် လူအများစုသည် နတ်ဘုရားနယ်မြေ၏ တည်ရှိမှုကို မသိနိုင်ဟု သူ ယုံကြည်ခဲ့သည်။

နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်ဆယ်ပါးသည် နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်၏ အဝေးတွင် ကောင်းကင် နတ်ဘုရားများကိုပင် အန်တုနိုင်သည့် နယ်မြေတစ်ခု ရှိမှန်းသိလိုက်ရလျှင် မည်သို့ ခံစားရနိုင်ပါသနည်း။

သူတို့၏ လက်ရှိခွန်အားဖြင့် နတ်ဘုရားနယ်မြေသို့ ရောက်ရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ဝမ်မင်က ထိုနတ်ဘုရားနယ်မြေမှ အင်မော်တယ်များသည် ဆန္ဒရှိလျှင် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာရန် ဖြစ်နိုင်သည်ဟု သေချာပေါက် တွက်ဆခဲ့သည်။

သို့ဆိုလျှင် ကမ္ဘာမြေပေါ်၌ သူတို့ကို အမှောင်ထဲကနေ စောင့်ကြည့်နေသော အနန္တတန်ခိုးရှင်များ ရှိနိုင်ပါသလော။

နတ်ဘုရားနယ်မြေ နှင့် ကမ္ဘာမြေ အကြားရှိ ယဉ်ကျေးမှု ကွာဟချက်က မည်မျှ ကျယ်ပြန့်ပါသနည်း။

ဤမေးခွန်းများအားလုံးသည် ဝမ်မင် ​​အမှန်တကယ် စဉ်းစားရမည့် မေးခွန်းများ ဖြစ်သည်။

ဝမ်မငိ စဉ်းစားနေစဉ်တွင် ကျိုးရီက မေးခွန်းတစ်ခု ထုတ်ခဲ့သည်။

"တကယ်လို့ ကမ္ဘာပေါ်မှာ ကောင်းကင်တာအို စံနှုန်းနဲ့ပြည့်မီပြီး နတ်ဘုရားနယ်မြေကို တက်လှမ်းသွားတဲ့ လူတွေ အမှန်တကယ် ရှိခဲ့ရင် အချက်အလက်တွေက ဘာကြောင့် လုံးဝမရှိရတာလဲ"

“သူတို့ကိုယ်တိုင် သတိမထားမိတဲ့အတွက် အချက်အလက်တွေကို ချန်ထားခဲ့မှာ မဟုတ်ဘူး.. သူတို့က လူပျောက်စာရင်းကဲ ဝင်နေလိမ့်မယ်.. ပုံမှန်အားဖြင့် နှစ်စဥ်နှစ်တိုင်း လူတွေက အကြောင်းပြချက်မရှိ ပျောက်သွားကြပြီး ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြဘူး.. ဒါ့အပြင် နတ်ဘုရားနယ်မြေနဲ့ ပတ်သက်ပြီး ကမ္ဘာမြေပေါ်မှာ ကောလာဟလတောင် အနည်းငယ်ပဲ ရှိတယ်.. ဒါကြောင့် သိရှိသူနည်းပါးတာ မထူးဆန်းပါဘူး"

သားရဲဘုရင်ကြီးက ပြောကြားခဲ့သည်။

“နတ်ဘုရားနယ်မြေထဲ ဝင်တဲ့ နည်းလမ်းကိုတော့ နောက်ဆုံး ဘုရင်ကြီးက ငါ့ကို ပြောပြခဲ့တယ်.. မင်းတို့ တကယ်ပဲ ကောင်းကင်တာအို ရတနာသေတ္တာကို ဖွင့်နိုင်ရင် ငါအကုန်ပြောပြမယ်"

သားရဲဘုရင်ကြီးက ပြောလိုက်သည်။

"ဒါက လွယ်ပါတယ်"

ကျိုးရီက ခေါင်းညိတ်လိုက်၏။

ထို့နောက် မက်မွန်သစ်သားဓားကို တရိုတသေ ပြောလိုက်သည်။

"သခင်ကျင့်ခယ်.. သခင်ကျင့်ခယ် အပေါ်မှာပဲ မူတည်တော့တယ်"

စက္ကန့်အနည်းငယ်အတွင်း ကျင့်ခယ်၏ ဓားကိုယ်ထည်က အနည်းငယ် တုန်ခါလာသည်။

ရုတ်တရက်ဆိုသလိုပင် အညိုရောင် ဝိညာဉ်အလင်းရောင်သည် အညိုရောင်အင်္ကျီပေါ်တွင် အဖြူရောင်ဝတ်ရုံကို ထပ်ဝတ်ထားသော ကလေးတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည် ။

"ဒါက သခင်ကျင့်ခယ်ရဲ့ တကယ့်ပုံစံလား"

'ဖက်တီးလော'က စိတ်လှုပ်ရှားမှုကြောင့် မူးလဲလုနီးပါး ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် သားရဲဘုရင်ကြီးသည် ကျင့်ခယ် ထံမှ ထွက်လာသော အော်ရာကြောင့် တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။

ဆယ်နှစ်သား အသွင်အပြင်ရှိသည့် ဤဓားဝိညာဥ်သည် ကောင်းကင်တာအို ရတနာသေတ္တာ ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ့လက်ကလေးကို ဆန့်ထုတ်ကာ သစ်ကြားသီးကို ဖျစ်ညှစ်ထားသလိုမျိုး ဆတ်ခနဲ ဆုပ်ကိုင်လိုက်သည်။

ခရက်..

ကောင်းကင်တာအို ရတနာသေတ္တာ ထံမှ ကွဲအက်သွားသော အသံတစ်ခု ထွက်ပေါ်လာသည်။

All Chapters