← Chapters

အနာဂတ်ကို မျှော်ချင့်သောတီထွင်မှု

Vol. 52 Ch. 780

အနာဂတ်ကို မျှော်ချင့်သောတီထွင်မှု

Vol. 52 Ch. 780

နိုင်ငံ့ခေါင်းဆောင်နှင့် ဥက္ကဌချီ မျှော်လင့်ထားသလိုပဲ၊ ဝမ်မင်က သူ မသေချာသည့် မည်သည့်အရာကိုမှ မလုပ်တတ်ချေ။

ထို့ကြောင့် ဝမ်မင်ကို တားဆီးရန် နိုင်ငံခေါင်းဆောင်က ဘာမှ မလုပ်ခဲ့ပေ။

တစ်ဖက်တွင်လည်း ဝမ်မင်၏ စက်ရုပ် ချပ်ဝတ်တန်ဆာအတွက် စွမ်းဆောင်ရည် စမ်းသပ်မှုဟု ယူဆနိုင်ပေသည်။

တကယ်တမ်းတွင် နိုင်ငံခေါင်းဆောင်သည် ဤစက်ရုပ် ချပ်ဝတ်တန်ဆာ မည်မျှ အစွမ်းထက်မလဲ ဆိုသည်ကို အလွန် သိချင်နေခဲ့၏။

ထိုဝတ်စုံက ခြေသလုံးအိမ်တိုင် အင်မော်တယ်ကို အမှန်တကယ် ယှဥ်နိုင်ပါမည်လော။

ထိုးနှက်ချက် အနည်းငယ် ခံနိုင်ရည်ရှိလျှင်ပင် ဝတ်စုံအတွက်ကြီးမားသော အောင်မြင်မှု တစ်ခုဟု ယူဆနိုင်နေပြီ ဖြစ်သည်။

အကြောင်းရင်းမှာ ချပ်ဝတ်တန်ဆာကို ထိန်းချုပ်သည့်လူက သာမန်လူသာ ဖြစ်သောကြောင့်ပင်။

အနာဂတ်တွင် ဤချပ်ဝတ်တန်ဆာကို အစုလိုက်အပြုံလိုက် ထုတ်လုပ်သည့် ကာလသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်း အိပ်မက်များကို ကန့်သတ်ခံထားရသည့် ဝမ်မင်လို လူများသည် ပုံမှန်လူတစ်ဦးလိုပင် ကျင့်ကြံခြင်းလောက၌ ခြေဆန့်ရန့် ဤချပ်ဝတ်တန်ဆာကို အားကိုးနိုင်မည် ဖြစ်သည်။

ဤသည်က အနာဂတ်ကို ပြောင်းလဲပေးနိုင်မည့် တီထွင်မှုအသစ်တစ်ခုဖြစ်၏။

ထို့အပြင် နိုင်ငံခေါင်းဆောင်သည် ဝူကျန်းကျွင်း၏ တိုက်ပွဲကို အခွင့်ကောင်းယူပြီး ဝမ်မင် နှင့် ဦးဆောင်ဆရာများကြားရှိ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူကို ရှာဖွေရန် ရည်ရွယ်ထားခဲ့သည်။

သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေအတွက် အာကာပြင် ထွက်ပေါက် ပြန်မဖွင့်မီ နာရီဝက်သာ လိုတော့၏။

ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက ဤနေရာတွင် ရှိနေဦးမည်မှာ သေချာသည်။

လူတိုင်းက ဤနေရာတွင်စုဝေးနေ၍ လျှို့ဝှက် ဆန်းကြယ်သေ ကျင့်ကြံသူလည်း ဤနေရာတွင် ရှိနေမည် မဟုတ်ပါလား။

နိုင်ငံခေါင်းဆောင်က သဲလွန်စအချို့ကို ရှာဖွေနေခဲ့သည်။

“နိုင်ငံခေါင်းဆောင်”

ကွပ်ကဲရေးဌာနက ရန်ပွဲအား ရပ်သင့် မရပ်သင့် ပြတ်ပြတ်သားသား ညွှန်ကြားချက်များ မရရှိသေးသောကြောင့် ဥက္ကဌချီက နိုင်ငံခေါင်းဆောင်ကို မေးမြန်းလိုက်သည်။

"ချီချီလေး.. စိတ်မပူပါနဲ့.. ငါ အခြေအနေကို ထိန်းချုပ်ထားမယ်.. လိုအပ်ရင်တော့ သူတို့ နှစ်ယောက်လုံးကို ခွဲထုတ်မယ်"

နိုင်ငံခေါင်းဆောင်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

…...............

ဝူကျန်းကျွင်းက မလှုပ်မရှားဖြစ်နေပြီး ကောင်းကင်ယံမှ ဝမ်မင်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

အနည်းဆုံးတော့ နေရထိုင်ရ ခက်စရာ မလိုဘဲ နှစ်ဖက်စလုံးကို ပြေလည်အောင် ဖျောင်းဖြပေးဖို့ ဆရာများထဲမှ တစ်ဦးဦးက အတတ်နိုင်ဆုံး ကူညီလာမည်ဟု သူ မျှော်လင့်ခဲ့သည်။

သို့သော် ပြဿနာမှာ သူတို့ကို ဟန့်တားဖို့ ဆရာတစ်ယောက်မှ မလာခဲ့ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကပင် ဥက္ကဌချီသည် နောက်ဆုံး ညွှန်ကြားချက်များ ပေးပို့ခြင်းဖြင့် နိုင်ငံခေါင်းဆောင်၏ အမိန့်ကို တုံ့ပြန်ခဲ့သည်။

ကွပ်ကဲရေး စင်တာသည် ဝူကျန်းကျွင်းမှ လွဲ၍ အခင်းဖြစ်ပွားရာနေရာရှိ ​ဆရာများအားလုံးနှင့် တိုက်ရိုက် ချိတ်ဆက်ထား၏။

ယခု ကွက်ကဲရေးစင်တာက သူတို့ကို ​မရပ်တန့်ရန် အမိန့်ပေးခဲ့သည်။

ဝူကျန်းကျွင်းကမူ ထိုအမိန့်ကို သတိမထားမိပေ။

သူက တစ်ခဏမျှ စောင့်ဆိုင်းနေခဲ့ပြီးမှ အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး ဝမ်မင်ကို လေးနက်စွာ ပြောလိုက်၏။

"ဆရာဝမ်.. အခုလက်လျှော့ရင် သိပ်နောက်မကျသေးဘူးနော်"

ဝူကျန်းကျွင်းက စည်းချက်နှင့် အသံလှိုင်း မှော်စွမ်းရည်များတွင် အားသာသူ ဖြစ်သည်။

ဤစကားက သတိပေးစကား ဖြစ်သော်လည်း စင်စစ် အသံလှိုင်း မှော်အမျိုးအစား တစ်ခုလည်း ဖြစ်သည်။

ဝမ်မင်ကိုသာ ရည်ရွယ်ထားသောကြောင့် ဤမှော်စွမ်းရည်သုံးစကားကို ကြားရသောအခါတွင် ကြည့်ရှုနေသူများသည် သာမန်ထက် ထူးထူးခြားခြား ခံစားရမည် မဟုတ်ပေ။

ထို့အပြင် ဝမ်မင်က သာမန်လူတစ်ဦးဖြစ်မှန်း ကောင်းစွာ သိရှိထားသောကြောင့် သူ၏ ခွန်အားတစ်ဝက်ကို လျှော့ချထားခဲ့သည်။

ခြေသလုံးအိမ်တိုင် အင်မော်တယ်၏ မှော်အသံလှိုင်းသည် သာမန်လူကို မူးဝေစေရန် လုံလောက်၏။

သူက ဝမ်မင်ကို တမင်တကာ ဖိအားပေးပြီး နောက်ပြန်ဆုတ်စေလိုခြင်း ဖြစ်သည်။

သို့သော် ဝူကျန်းကျွင်း အံ့အားသင့်လောက်အောင်ပင် စက်ရုပ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဝမ်မင်သည် လေထဲတွင် တရွေ့ရွေ့ ပျံဝဲနေပြီး တုန်လှုပ်ခြင်း အလျဥ်း မရှိပေ။

"ဝူကျန်းကျွင်း.. မင်းက မင်းရဲ့အင်အား တစ်ဝက်လောက်ကို သုံးခဲ့တာလား"

ဝမ်မင် ရယ်လိုက်သည်။

“တကယ်တော့ မင်း အလျော့ပေးဖို့ မလိုပါဘူး.. ငါတီထွင်ခဲ့တဲ့ မှော်ရတနာကို ငါယုံကြည်မှုရှိတယ်”

ဝူကျန်းကျွင်း မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်မင်က သူခွန်အားမည်မျှ အသုံးပြုခဲ့သည်ကိုပါ သိရှိနေ၍ သူ အံ့သြသွားခဲ့သည်။

“ငါက တွက်ချက်မှုတွေ လုပ်ဖို့အတွက် ချပ်ဝတ်ရဲ့ စွမ်းရည်ကို အဆင့်မြှင့်ထားပါတယ်.. ရာနှုန်းပြည့် အမှားအယွင်းကင်းတယ်လို့ မပြောဝံ့ပေမယ့် 95% ကျော် မှန်ကန်မယ်လို့တော့ အာမခံတယ်”

ဝမ်မင် ပြုံးလိုက်သည်။

သားရဲဘုရင်၏ သင်္ချိုင်းမှ မထွက်ခွာမီတွင် ဝမ်မင်သည် ဝမ်လင်း1 အား တတိယမြောက် အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့သည်။

ယခုအခါ ဝမ်လင်း1တွင် ကြာရှည်ခံနိုင်ရည်ရှိခြင်း၊ အချိန်တိုအတွင်း အားသွင်းနိုင်ခြင်းတို့ ပိုင်ဆိုင်ထားသည့် အပြင် စွမ်းအင်နည်းသွားသောအခါ အစိတ်အပိုင်းများကို စွန့်ထုတ်ခြင်းဖြင့် စွမ်းအင် တည်ဆောက်နိုင်စွမ်းရှိသည့် ဗဟိုစင်တာတစ်ခုလည်း ရှိသည်။

စွမ်းအင်နည်းသောအခါတွင် ဝမ်လင်း1၏ ဗဟိုချက် စင်တာသည် ရန်သူ အသုံးပြုသော မှော်စွမ်းအားများကို အတင်းအကျပ် စုပ်ယူနိုင်ပြီး သူ့အလိုလို ပြန်လည်အားဖြည့်ရန်အတွက် ဝိညာဉ်စွမ်းအင်များကို ထုတ်ယူနိုင်ပြီ ဖြစ်သည်။

သို့သော် ဤသည်က စက်ရုပ် ချပ်ဝတ်တန်ဆာ အတွက် လေးလံသည့် ဝန်ထုပ်ဝန်ပိုးဖြစ်၍ နောက်ဆုံး နည်းလမ်းအနေဖြင့်သာ အသုံးပြုမည် ဖြစ်၏။

ပုံမှန်အခြေအနေတွင်မူ ဝမ်မင်သည် ဝမ်လင်း1ကို တစ်ပတ်ဆက်တိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။

တိုက်ပွဲတွင် စွမ်းအားအပြည့် သုံးလျှင် နှစ်နာရီအထိ ကြာရှည်ခံနိုင်သည်။

ဗဟိုချက်အပြင် ဝမ်မင်သည် ဝမ်လင်း1၏ စွမ်းရည်များကို အလုံးစုံ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။

တကယ်တမ်းတွင် ဤအရာများသည် ချင်လန်၏ အကူအညီကြောင့်သာ ဖြစ်သည်။

ချင်လန်၏ အမြစ်များက အကြွင်းအကျန် နယ်မြေ အတွင်းမှ ပြင်ပကမ္ဘာသို့ တိုက်ရိုက် ဆန့်ထွက်နိုင်သောကြောင့် ဝမ်မင်က ချင်လန်၏ အမြစ်များကို ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်ရန် တောင်းဆိုပြီး သုတေသနဌာနမှ နိုင်ငံခေါင်းဆောင် 001၏ မိုက်ခရိုချစ်ပ်တစ်ခုကို ရယူခိုင်းခဲ့သည်။

ချစ်ပ်ထဲတွင် လက်ရှိ ကမ္ဘာ့မှော်ရတနာများ၏ ဒေတာများ ထည့်သွင်းထားသည်။

ဥက္ကဌချီ နှင့် နိုင်ငံခေါင်းဆောင် ထင်ထားသလိုပင် ဝမ်မင်သည် သူ မသေချာသည့်အရာကို ဘယ်တော့မှ လုပ်မည် မဟုတ်ပေ။

"သတ္တိရှိရှိနဲ့ ငါ့ဆီလာစမ်းပါ ဝူကျန်းကျွင်း.. ဒါက ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး.. ငါအသစ် တီထွင်ထားတဲ့ သိပ္ပံမှော်ရတနာအတွက် စွမ်းဆောင်ရည် စမ်းသပ်မှုတစ်ခု လုပ်မလို့ပါပဲ”

ဝူကျန်းကျွင်းက စိန်ခေါ်မှုကို အင်တင်တင် လုပ်နေသောကြောင့် ဝမ်မင်က ခြားနားသော ရှုထောင့်ကနေ ဖျောင်းဖြလိုက်သည်။

"ငါ မင်းကို စိတ်ရင်းမှန်နဲ့ စိန်ခေါ်နေတာပါ.. မင်းလက်မခံရင် ငါစိတ်မကောင်း ဖြစ်ရလိမ့်မယ်"

ဝူကျန်းကျွင်းက နှုတ်ခမ်းများကို ဖိကိုက်ကာ တုံ့ဆိုင်းနေဆဲ ဖြစ်သည်။

ဆယ်ကျော်သက် တစ်ယောက်က သူ့ရှေ့မှာ မြင်းကြီးစီးနေသော ဗိုလ်ချုပ်ကို စိန်ခေါ်လိုက်သည့် တီဗီဒရမ်မာထဲမှ စကားတစ်ခွန်းကို သူ ရုတ်တရက် တွေးမိလိုက်သည်။

{စိတ်ဝိညာဥ်ကောင်းကင်အင်ပါယာ.. မင်းမြင်းပေါ်ကဆင်းပြီး ငါနဲ့ တိုက်ခိုက်ရဲလား}

ဝူကျန်းကျွင်းက လက်ရှိအခြေအနေနှင့် ပတ်သက်၍ အကျပ်ရိုက်နေသည်။

ဝမ်မင်က သာမန်လူတစ်ယောက် ဖြစ်သော်လည်း ဝူကျန်းကျွင်း သွားမထိရဲပေ။

ဤ "အသန်မာဆုံးဦးနှောက်"ကို မတော်တဆ ထိခိုက်မိခဲ့လျှင် သူ မည်သို့ တာဝန်ယူနိုင်ပါမည်နည်း။

ဝမ်မင် တစ်စုံတစ်ရာ ထိခိုက်သွားသည်က တိုင်းပြည်၏ ဆုံးရှုံးမှုဟုပင် တင်စား၍ရသည် မဟုတ်ပါလား။

သို့သော် သူ ယခု လက်မခံလျှင် အင်ပါယာဆရာ အဖြစ် သူ၏ အရည်အချင်း အကဲဖြတ်မှုကို တိုက်ရိုက် ထိခိုက်စေပြီး သူရဲဘောကြောင်သူဟု ထင်ခံရမည် ဖြစ်သည်။

အရည်အချင်းပြည့်မီသော ရွှေတံဆိပ်ရ ဆရာအရေအတွက်မှာ တစ်နှစ်လျှင် တစ်သောင်းသာ ရှိသည်။

သို့သော် အင်ပါယာဆရာ အရေအတွက်မှာမူ တစ်ရာမျှသာ ရှိ၏။

နှိုင်းယှဉ်ကြည့်လျှင် အင်ပါယာဆရာများ အတွက် အရည်အချင်း အကဲဖြတ်မှုသည် ပို၍ ခက်ခဲပြီး ကဏ္ဍပေါင်းစုံကိုပါ ထည့်သွင်းစဉ်းစားလေ့ ရှိသည်။

တိုက်ပွဲဝင် အင်အားသည် စံသတ်မှတ်ချက်များထဲမှ တစ်ခုသာဖြစ်သည်။

အတန်းအဆင့် အောင်မြင်မှု၊ အရည်အသွေး၊ ဂုဏ်သိက္ခာ၊ ကျောင်းသားအမြင် စသည်ဖြင့် အရာအားလုံးသည် အလွန် အရေးကြီးသည်။

ထို့ကြောင့် နောက်မဆုတ်သာသော အနေအထားတွင် ဝူကျန်းကျွင်းသည် သူ့အတွက် အကောင်းဆုံး ဖြစ်နိုင်မည့်အရာကို ရွေးချယ်ခဲ့သည်။

"ဆရာဝမ်.. ငါ အစွမ်းကုန် တိုက်မယ်ဆိုရင် မင်းအတွက် တရားမျှတမှာ မဟုတ်ဘူး.. မင်းဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာရဲ့ တိုက်ပွဲဝင်စွမ်းအားက ဘယ်အဆင့်ရှိလဲ အတိအကျ ပြောပြနိုင်မလား.. ဒါမှ ငါ့ရဲ့ ပိုလျှံနေတဲ့ ခွန်အားတွေကို ပိတ်ဆို့ပြီး မင်းကို မထိခိုက်အောင် လုပ်နိုင်မယ်"

ထိုခဏဝယ် ဝမ်မင်သည် သူ့လက်ကို တိုက်ရိုက် ဝှေ့ယမ်းလိုက်တယ်။

"ဝူကျန်းကျွင်း.. မင်းကို ဘာလို့ ရွေးချယ်ခဲ့တာလဲ သိလား "

ဝူကျန်းကျွင်း "???"

ဝမ်မင် "ဘာလို့လဲဆိုတော့ ဒီမှာရှိနေတဲ့ ဆရာတွေ အားလုံး အတူတူ ဝိုင်းတိုက်ကြရင်တောင် ငါ့ရဲ့ ချပ်ဝတ်တန်ဆာကို အနိုင်ရမှာ မဟုတ်လို့ပဲ"

All Chapters