← Chapters

အစစ်အမှန် နဂါးခန္ဓာ

Vol. 88 Ch. 1308

အစစ်အမှန် နဂါးခန္ဓာ

Vol. 88 Ch. 1308

ယက္ခဖုန်ထျန် သေဆုံးသွားသည့် ခဏမှာပင် ကောင်းကင်နှင့်မြေကြီးတောင်ကြားက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဤမြင်ကွင်းသည် လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သေဆုံးသွားခြင်းထက် များစွာပို၍ တုန်လှုပ်စရာကောင်း၏။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပေါင်းစည်းခန္ဓာ ပညာရှင်များသည် လူသားမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များကို အလွယ်တကူ ဖိနှိမ်နိုင်၏။ အဆုံးစွန်မီးကဲ့သို့ လူသားမျိုးနွယ်မှ ပြန်ဝင်စား မွန်းစတားတစ်ယောက်ပင်လျှင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ထံမှ လှုပ်ရှားကွက်တစ်ကွက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။

သို့သော် ယခုအခါ ကမ္ဘာဦးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် အားလုံး၏ ရှေ့မှောက်မှာပင် အမျိုးအမည် မသိရသော သက်ရှိတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်၏။

“အဲဒါ ဘယ်သူလဲ”

“တခြား ဘယ်သူကများ အထီးကျန်သိုင်းသခင်ကို ကူညီပြီး ယက္ခမျိုးနွယ်က ပညာရှင်တစ်ယောက်ကိုတောင် သတ်ဖြတ်ရဲတာပါလဲ… သူ့ရဲ့ နည်းလမ်းက အရမ်းကို ရက်စက်တယ်.. အဲဒါက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်လား.. ဒါမှမဟုတ် မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်များလား”

ကျင့်ကြံသူများ အားလုံးသည် လှမ်းမျှော်ကြည့်ရှုလိုက်ပြီး ကြောင်အ,မှင်တက်သွားကြ၏။

အတိအကျဆိုရလျှင် သွေးနီရောင်ပုံရိပ်ကို လူသားတစ်ယောက်ဟု လုံးဝ မသတ်မှတ်နိုင်ပေ။ သူက ပေ၃၀ကျော် မြင့်မားပြီး သူ၏ သွေးနီရောင်ဆံပင်များက မီးတောက်များကဲ့သို့ဖြစ်ကာ တစ်ကိုယ်လုံးကို သွေးနီရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး မီးလုံးနှစ်လုံးနှင့် ဆင်တူသော တောက်ပသည့် မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထား၏။

အဲဒါက သေချာပေါက် ပြင်ပမျိုးနွယ်ဝင်တစ်ယောက် ဖြစ်၏။

သူ၏ ကြီးမားသော လက်သည်းပေါ်မှာ လက်ဆစ်များက ပြူထွက်နေပြီး သတ္တုရောင်ဖြင့် တလက်လက်တောက်ပနေ၏။ သူ၏ လက်သည်းများက အရမ်းကို ထက်ရှပြီး ၎င်းထံမှ ယက္ခဖုန်ထျန်၏ မသတီစရာ သွေးများက တစက်စက် စီးကျနေ၏။

ထူးဆန်းသည့်အချက်မှာ ထိုပြင်ပမျိုးနွယ်၏ ဘယ်ဘက်လက်ကသာလျှင် ကြောက်စရာကောင်းသော လက်သည်းတစ်ဖက် ဖြစ်နေခြင်းပင်။ သူ၏ ညာဘက်လက်ကတော့ အလွန်တရာ နုနယ်ပြီး လူသားတစ်ယောက်၏ လက်နှင့် သိပ်ပြီး မကွာခြားပေ။

သွေးနီရောင်ပုံရိပ်ထံမှ အလွန်တရာ ကြမ်းကြုတ်သော အော်ရာတစ်ခုက ဖြာထွက်နေပြီး သူ၏သွေးချီက တလိပ်လိပ် ထကြွနေ၏။ သူက ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ရင်ဆိုင်ရလျှင်တောင် အရေးနိမ့်ခြင်း မရှိပေ။

ကျင့်ကြံသူများသည် သွေးနီရောင်ဆံပင် ပြင်ပမျိုးနွယ်ကို ကြည့်ပြီး သူတို့သည် ကမ္ဘာဦးမျိုးနွယ်ဝင်တစ်ယောက်ကို ကြည့်ရှုနေသည့်အလား ခံစားရ၏။

“အဲဒီအပြင်လူကလည်း ကမ္ဘာဦးမျိုးနွယ် ၉စုထဲကများလား”

“အဲ့လိုတော့ မဟုတ်လောက်ဘူး.. ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှာ သူ့ပုံစံနဲ့ တူတဲ့မျိုးနွယ် မရှိလောက်ဘူး ထင်တယ်”

“အဲဒီ့အပြင်လူက နဂါးတစ်ကောင်နဲ့ နည်းနည်းတူနေသလိုပဲ”

“အား.. မင်းပြောမှပဲ ငါသတိရတယ်.. ငါ တစ်ခုခုကိုတောင် အမှတ်ရသွားပြီ”

ကျင့်ကြံသူတစ်ယောက်က ပြန်ပြောင်းစဉ်းစားရင်း ပြောဆိုလိုက်၏။

“ငါကြားတာကတော့.. အသင်္ချေနယ်မြေမြို့တော်မှာတုန်းက အထီးကျန်သိုင်းသခင်က နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး ပြင်ပမျိုးနွယ်တွေကို သတ်ဖြတ်ခဲ့တယ်လို့ ပြောတယ်.. အဲဒီတုန်းက သူက အခုလိုမျိုး နဂါးတစ်ပိုင်းသွင်ပြင်ပဲ ထင်တယ်”

“ဒီအပြင်လူက အထီးကျန်သိုင်းသခင်လို့ မင်းက ပြောချင်နေတာလား.. အဲ့လိုတော့ မဟုတ်လောက်ဘူးနော်”

ထိုအတွေးက တကယ့်ကို ရယ်စရာကောင်း၏။ တာအိုအရှင် အထီးကျန်သိုင်းသခင်သည် အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး ဘေးမှာ မတ်တတ်ရပ်နေ၏။ အထီးကျန်သိုင်းသခင်က သူတို့ရှေ့ရှိ သွေးနီရောင်ဆံပင် ပြင်ပမျိုးနွယ်နှင့် အရမ်းကို ကွာခြားနေ၏။

ထိုသွေးနီရောင်ဆံပင်နှင့် ပြင်ပမျိုးနွယ်က အထီးကျန်သိုင်းသခင်ဆိုလျှင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အနက်ရောင်ဆံပင်နှင့်လူက ဘယ်သူပါလဲ။

အဲဒါက တာအိုအရှင် အထီးကျန်သိုင်းသခင်ရဲ့ ကိုယ်ပွားတစ်ခုများ ဖြစ်နေမလား။

တကယ်တော့… ကျင့်ကြံသူအချို့သည် အမှန်တရားကို ခန့်မှန်းမိနေကြပြီဖြစ်၏။

ထိုသွေးနီရောင်ပုံရိပ်သည် အစစ်အမှန် နဂါးခန္ဓာကိုယ် ဖြစ်၏။

အစစ်အမှန် နဂါးခန္ဓာကိုယ်က ပေါ်ထွက်လာသည့် ခဏမှာပင် သူက လုံးဝ ထိန်ချန်ခြင်း မရှိဘဲ သူ၏ နဂါးတစ်ပိုင်းသွင်ပြင်သို့ ချက်ချင်းပြောင်းလဲကာ ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များနှင့် ရင်ဆိုင်လိုက်၏။

ဆူဇီမိုသည် သူ၏ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ သူ့အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

သူသည် သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ် ပေါက်ကြားသွားမည့်အကြောင်းကို လုံးဝ ဂရုမစိုက်ပေ။

သူ့မှာ အစစ်အမှန် နဂါးခန္ဓာကိုယ်တစ်ခု ရှိသည်ကို လူတိုင်းက သိရှိသွားမည်ဆိုလျှင်တောင် အဲဒါက ကိစ္စမရှိပေ။ ထိုအတွက်ကြောင့် နဂါးမျိုးနွယ်ကလည်း ရောပါငြိစွန်းလိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ ဤအစစ်အမှန် နဂါးခန္ဓာသည် နဂါးမျိုးနွယ်၏ သခင်လေးဖြစ်သည်ဆိုတာကို မည်သူကမှ မသိရှိသောကြောင့် ဖြစ်၏။

နဂါးတစ်ပိုင်း ပြင်ပမျိုးနွယ်ဝင်တစ်ယောက်က နဂါးမျိုးနွယ်၏ သခင်လေး ဖြစ်လိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။

တကယ်တော့.. အဲဒါက ပကတိ မှန်ကန်သည်တော့လည်း မဟုတ်ပေ။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ တစ်စုံတစ်ယောက်က သံသယဝင်နေ၏။

ဝူရှဲ့သည် သူ၏မျက်လုံးကို မှေးကျဉ်းပြီး စိမ်းဖန့်ဖန့် အလင်းရောင်ဖြင့် တောက်ပလာကာ သူက အတွေးနက်နေ၏။

ထိုစဉ်တုန်းက ဝူရှဲ့ ထွက်ခွာသွားပြီးမှသာလျှင် အစစ်အမှန် နဂါးခန္ဓာနှင့် လုံစန်းအကြား တိုက်ပွဲက ဖြစ်ပွားခဲ့၏။

အဲဒါကြောင့် သူသည် ဆူဇီမိုကို နဂါးတစ်ပိုင်းသွင်ပြင်နှင့် တွေ့မြင်ဖူးခြင်း မရှိခဲ့သည့်အတွက် ချက်ချင်း မမှတ်မိနိုင်ပေ။

သို့သော်လည်း ဝူရှဲ့သည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီး အတွေ့အကြုံကြွယ်ဝကာ ထက်ရှသော အမြင်ရှိ၏။ သူရှေ့ရှိ နဂါးကြေးခွံများနှင့် သွေးနီရောင်ဆံပင်ရှိသော ပြင်ပမျိုးနွယ်တစ်ယောက်သည် နဂါးအရိုးတောင်ကြားမှာ သူတွေ့မြင်ခဲ့ဖူးသော နဂါးမျိုးနွယ်မှ သခင်လေးနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေမည်ဟု သူက ဝိုးတဝါး ခံစားမိလိုက်၏။

“ဒီတောကောင်က ဘယ်ကနေ ရောက်လာတာလဲ”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က အေးစက်စွာ ပြောဆိုလိုက်၏။

ရွှေကျီးကန်း တတိယမင်းသားက နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။

“တကယ်ပဲ ဒီတောကောင်မှာ နဂါးမျိုးနွယ်မှာ မျိုးဆက်သွေးအော်ရာ ရှိနေတယ်… သူက နဂါးမျိုးနွယ်က ကပြားတောကောင်တစ်ကောင် ဖြစ်လောက်တယ်”

“ဟားဟား.. ငါက ဘယ်လိုစွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်လဲလို့ တွေးနေတာ”

နတ်ဘုရား ဟန်လင်းက ညင်သာစွာ ပြုံးလိုက်၏။

“လက်စသတ်တော့.. သူက ဓမ္မဝိသေသ အဆင့်မှာ ရှိနေတာပဲ.. ယက္ခဖုန်ထျန်က တော်တော်နမော်နမဲ့နိုင်တာပဲ.. သူ့ရဲ့ သေဆုံးမှုအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရလိမ့်မယ်”

ထိုစကားလုံးများက မမှားယွင်းပေ။

အစစ်အမှန် နဂါးခန္ဓာသည် ရုတ်တရက် ထွက်ပေါ်လာပြီး ယက္ခဖုန်ထျန်က အငိုက်မိသွားသောကြောင့်သာ မဟုတ်လျှင် သူက ဤကဲ့သို့ အလျင်အမြန် သတ်ဖြတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ထိုစဉ်မှာပင်.. လေပြေတစ်ချက် တိုက်ခတ်သွားပြီး နက်မှောင်နေသော အလင်းတန်းနှစ်ခုက အလွန်တရာ မြန်ဆန်စွာဖြင့် ပေါ်ထွက်လာကာ အစစ်အမှန် နဂါးခန္ဓာ၏ နောက်သို့ တိတ်တဆိတ် ရောက်ရှိလာ၏။

ရုတ်တရက် ထွက်ပေါ်လာသော အလင်းတန်းနှစ်ခုသည် ဓမ္မဝိသေသအဆင့် ယက္ခနှစ်ကောင် ဖြစ်၏။

ယက္ခနှစ်ကောင်သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ယက္ခဖုန်ထျန်အတွက် လက်စားချေချင်နေကြ၏။ ထိုသို့ဖြင့် သူတို့သည် တိတ်တဆိတ် လှုပ်ရှားလိုက်ပြီး သူတို့၏ ဆေဘာကွေးများကို ကိုင်မြှောက်ကာ အစစ်အမှန် နဂါးခန္ဓာ၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။

သူတို့၏ ရှေ့မှောက်တွင် သွေးနီရောင်ဆံပင်နှင့် သက်ရှိက မည်သည့်အရာကိုမှ သတိမထားမိသည့်အလား.. လှည့်ကြည့်လာခြင်း မရှိပေ။

ယက္ခနှစ်ကောင်၏ မျက်လုံးထဲတွင် ကြမ်းကြုတ်ခက်ထန်သည့် အလင်းက ဖျပ်ခနဲလက်သွား၏။

သွေးနီရောင်ဆံပင်နှင့် သက်ရှိ၏ ဦးခေါင်းက ပြတ်ကျသွားပြီး သွေးများက ပန်းထွက်လာသည်ကိုပင် သူတို့က မြင်ယောင်မိလာကြ၏။

သို့သော်လည်း.. သူတို့၏ လှုပ်ရှားမှုသည် အစစ်အမှန် နဂါးခန္ဓာ၏ အာရုံခံသတိစိတ်ကနေ ဖုံးကွယ်မထားနိုင်ဘူးဆိုတာကို သူတို့က မသိရှိကြပေ။

“မင်းတို့ကတော့ သေချင်နေပြီပဲ”

ရုတ်တရက်ဆိုသလို…

အစစ်အမှန် နဂါးခန္ဓာသည် စကားတစ်ခွန်းပြောပြီး လှည့်ကြည့်ခြင်း မရှိဘဲ သူ၏လက်ကို လက်ပြန်လွှဲယမ်းလိုက်၏။ နတ်ဆင်တစ်ကောင်၏ နှာမောင်းကဲ့သို့ သူ၏လက်သည် ပြင်းထန်သော အင်အားနှင့်အတူ ယက္ခတစ်ကောင်ကို လွှဲရိုက်ချလိုက်၏။

ဘန်း…

ထိုယက္ခက မည်သည့်စကားမှ မပြောနိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းစုတ်ပြဲသွားပြီး လေထဲမှာ သွေးရောင်က ဖြာလက်သွား၏။

ယက္ခတစ်ကောင်၏ ခန္ဓာကိုယ်ကို သာမန်ကာလျှံကာ ရိုက်ချက်တစ်ချက်ဖြင့် ချေမွဖျက်ဆီးပစ်နိုင်သည်မှာ မည်သို့သော ခွန်အားမျိုးပါလဲ…။

အခြားသော ယက္ခသည် တုန်လှုပ်သွား၏။ သူက ထပ်မံ၍ မစဉ်းစားနိုင်ခင်မှာပင် နဂါးလက်သည်းတစ်ဖက်က သူ၏ ဆေဘာကွေးကို ဖမ်းဆုပ်သွားခဲ့ပြီဖြစ်၏။

ဆေဘာကွေးသည် ကြောက်စရာကောင်းသော နဂါးလက်သည်းချက်မှာ အပိုင်းပိုင်းကြေမွသွား၏။

“အို..”

သူက နဂါးလက်သည်းကို ဆန့်ထုတ်‌ပြီး ယက္ခ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ ထိုသူ၏ အမြုတေစိတ်ဝိညာဉ်ကိုပါ ချေမွဖျက်ဆီးပစ်လိုက်၏။

တစ်ခဏအတွင်းမှာပင် ယက္ခနှစ်ကောင်က သေဆုံးသွားခဲ့လေပြီ။

“ဒီမွန်းစတားက ဘယ်နေရာက ရောက်လာတာလဲ.. သူက ယက္ခမျိုးနွယ်ကို ကြက်ကလေး ငှက်ကလေးလို အလွယ်တကူ သတ်ဖြတ်နေတာပဲ”

“ညဝိညာဉ်လို့ ခေါ်တဲ့ အဲဒီတဗူးရဲ့ တိုက်ခိုက်ရည်ခွန်အားကို ငါတို့ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ဘူး.. ဒါပေမဲ့လို့ ငါ့အထင်တော့ ဒီသွေးနီရောင်ဆံပင်နဲ့ သက်ရှိကမှ တကယ့် အစစ်အမှန် တဗူးပဲ”

လူအုပ်ကြီးက ပြောစရာစကားမဲ့သွားကြ၏။

ဒီတစ်ခေါက် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ လက်ရှိအခြေအနေသည် လူတိုင်း တွေးထင်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့လေပြီ။

ကျင့်ကြံသူများ အားလုံးသည် တိုက်ပွဲမြေပြင်ကို ငေးကြည့်နေရင်း မလှမ်းမကမ်းတွင်ရှိသော ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုရှိနေကာ သူ၏မျက်လုံးများက ထူးဆန်းသော သွေးရောင်အလင်းဖြင့် တောက်ပနေသည်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကလည်း သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်၏။

“ဒီတောကောင်က စိတ်ဝင်စားစရာပဲ”

ရွှေကျီးကန်း တတိယမင်းသားက မျက်မှောင်ကြုတ်လိုက်၏။

“သူက အဆင့်တူချင်းမှာတောင် ယက္ခမျိုးနွယ်ဝင်တွေကို အလွယ်တကူ သတ်ဖြတ်နိုင်တာပဲ”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က မျက်ခုံးကို ပင့်လိုက်၏။

“ဒီဘက်မျိုးဆက်မှာ ယက္ခမျိုးနွယ်က အားနည်းသွားတဲ့ပုံပဲ”

“အဲ့လိုလား..”

အစစ်အမှန် နဂါးခန္ဓာ၏ အော်ရာက တရုန်းရုန်း ထကြွလာပြီး သူက အော်ပြောလိုက်၏။

“အဲဒါဆိုလည်း မင်းတို့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ဘယ်လောက်စွမ်းလဲ ငါစမ်းကြည့်ရသေးတာပေါ့”

အစစ်အမှန် နဂါးခန္ဓာသည် ဤနေရာသို့ ရောက်ရှိလာရခြင်းမှာ ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များကို သတ်ဖြတ်ဖို့ဖြစ်ပြီး သူက စကားပြောခြင်းဖြင့် အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင်.. ဤကောင်းကင်ဘုံမျက်လုံးမျိုးနွယ် သက်ရှိသည် အဆုံးစွန်မီးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့၏။ ထို့ကြောင့် အစစ်အမှန် နဂါးခန္ဓာသည် သူ့ကို‌ ပစ်မှတ်ထားလာခြင်းမှာ အဆုံးစွန်မီးအတွက် လက်စားချေလိုခြင်းလည်း ဖြစ်၏။

“ဟမ့်”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောဆိုလိုက်၏။

“မင်းကတော့ သေချင်နေတာပဲ ဖြစ်ရမယ်… မင်း ငါ့ကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ”

“မင်းက ငါသတ်ရမယ့်သူမလို့ပဲ”

သူ့စကား မဆုံးသေးခင်မှာပင် အစစ်အမှန် နဂါးခန္ဓာသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် တည်တံ့သော အမူအရာတစ်ခု ရှိလာ၏။

ထိုအခိုက်အတန့်မှသာလျှင်.. အစစ်အမှန် နဂါးခန္ဓာကိုယ်မှ ထုတ်ဖော်ထားသော ကြမ်းကြုတ်ခက်ထန်၍ ချစ်ချစ်တောက် ပူလောင်သည့် အော်ရာကို သူက ခံစားမိလိုက်၏။ အဲဒါသည် အရာရာတိုင်းကို ဆုတ်ဖြဲပြီး သက်ရှိအားလုံးကို လောင်ကျွမ်းပြာချပစ်ချင်သည့်အလားပင်။

“အဲဒါတော့ ဆိုးပြီ.. ဒီတောကောင်ရဲ့ သွေးချီက အရမ်းကို သန်မာနေတာပဲ”

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် ထိတ်လန့်သွားသည်။

All Chapters