ဆက်တိုက်သတ်ဖြတ်ခြင်း
Vol. 88 Ch. 1309
အစစ်အမှန် နဂါးခန္ဓာသည် ဓမ္မဝိသေသအဆင့်မှာသာ ရှိနေသေးပြီး လက်ရှိ ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပေါင်းစည်းခန္ဓာ ပညာရှင်များနှင့် အဆင့်ကြီးတစ်ဆင့်လုံးလုံး ကွာဟနေ၏။
ဓမ္မဝိသေသအဆင့်မှာပင်လျှင် ညဝိညာဉ်သည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ လိုက်လံဖမ်းဆီးမှုကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
သို့သော်လည်း အစစ်အမှန် နဂါးခန္ဓာက ညဝိညာဉ်နှင့်မတူ ကွဲပြားလေသည်။
အစစ်အမှန် နဂါးခန္ဓာသည် သန့်စင်သော နဂါးတစ်ကောင် မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်နှင့် သွေးချီကို အန္တိမသားရဲနတ်ဆိုးကျင့်စဉ်နှင့်အတူ ကျင့်ကြံထားပြီး သူ့တွင် သန်မာသော ဝှက်ဖဲများစွာ ရှိလေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် ယက္ခမျိုးနွယ်သည် ကိုယ်ကာယနှင့် မျိုးဆက်သွေးမှာ မထူးချွန်ကြဘဲ အစစ်အမှန် နဂါးခန္ဓာကိုယ်က သူတို့ထံသို့ ချဉ်းကပ်လာသည်နှင့် သူတို့က သေကြေပျက်သုဉ်းရပေလိမ့်မည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ နှာရောင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။
ကြောက်စရာကောင်းသော ကောင်းကင်ဘုံမျက်လုံးသည် တစ်ဖန်ပြန်လည် ပွင့်ဟလာပြီး အထဲမှာ ကစဉ့်ကလျားချီများက လှည့်ပတ်နေသည်ဟု ထင်ရ၏။ လောကတစ်ခု ပွင့်လှစ်သွားသည့်အလား လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာများက တလိပ်လိပ်ထကြွလာ၏။
အနက်ရောင် အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာလေသည်။
အစစ်အမှန် နဂါးခန္ဓာက မည်မျှပင် မြန်ဆန်သည်ဖြစ်ပါစေ… သူသည် ဤစက္ခုနည်းစနစ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်ဘုံမျက်လုံး ပွင့်ဟသွားသည့် အချိန်မှာပင်.. စက္ခုနည်းစနစ်က ဆင်းသက်လာခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် နှစ်ဖက်စလုံးက အရမ်းကို နီးကပ်နေပြီး ရှောင်ရှားဖို့က မဖြစ်နိုင်တော့ပေ။
အစစ်အမှန် နဂါးခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏မျက်လုံးက ပူပြင်းတောက်လောင်သော မီးတောက်နှစ်ခုနှင့်အတူ ဝင်းလက်တောက်ပလာကာ သွေးနီရောင် အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်ထွက်ပေါ်လာခဲ့လေပြီ။
အဲဒါသည် အစစ်အမှန် နဂါးခန္ဓာ နိုးထစေခဲ့သော ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည့် မီးပဒေသာနဂါးမျက်လုံး ဖြစ်၏။
“ဟမ်.. မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ နဂါးမျိုးနွယ်က အဲဒီကပြားတောကောင်က မီးပဒေသာနဂါးမျိုးရိုးက ပင်ကိုနတ်ဘုရားစွမ်းအားကို တကယ်ပဲ နိုးထစေထားတာပဲ”
ဝူရှဲ့၏ မျက်လုံးက တဖျပ်ဖျပ်လက်သွားပြီး သူက ပို၍ပင် သံသယဝင်လာ၏။
ရွှေကျီးကန်း တတိယမင်းသားက လှောင်ရယ်လိုက်၏။
“ဟီးဟီး.. ဒီတောကောင်က တော်တော်မိုက်မဲတာပဲ.. သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က စက္ခုနည်းစနစ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် မီးပဒေသာနဂါးမျက်လုံးကို သုံးတယ်ဆိုတော့ သက်သက်သေချင်နေတာပဲ”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ စက္ခုနည်းစနစ်သည် တစ်လောကလုံးမှာ အထွတ်အထိပ်ဖြစ်၏။
မီးပဒေသာနဂါးမျက်လုံး၏ စွမ်းအားသည် စက္ခုနည်းစနစ်များကြားတွင် ထိပ်တန်းအဆင့်မှာ ရပ်တည်လေသည်။ သို့သော်လည်း ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စက္ခုနည်းစနစ်နှင့် နှိုင်းယှဉ်လျှင် အဲဒါက နိမ့်ကျနေဆဲ ဖြစ်၏။
ဘုန်း…
ရွှေကျီးကန်း တတိယမင်းသားက စကားပြောလို့ မဆုံးသေးခင်မှာပင်.. သွေးနီရောင်အလင်းတန်းက နက်မှောင်သော အလင်းတန်းနှင့်အတူ ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။
“အား..”
စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုသည် နောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်ခွာသွား၏။
“ဟီးဟီး.. ငါပြောသားပဲ.. အဲဒီတောကောင်က ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နဲ့မှ စက္ခုနည်းစနစ်ချင်း သွားပြီးယှဉ်…”
ရွှေကျီးကန်း တတိယမင်းသားက လှောင်ပြောင်နေဆဲမှာပင် သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏အပြုံးက တောင့်တင်းသွား၏။
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် မယုံကြည်နိုင်မှုဖြင့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာကြ၏။
စက္ခုနည်းစနစ်ချင်း ထိတွေ့ရိုက်ခတ်မှုတွင် အနိုင်ရရှိသူကို ချက်ချင်းပင် ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များ တွေးထင်ထားသည်နှင့် မတူဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်သူမှာ အစစ်အမှန် နဂါးခန္ဓာ မဟုတ်ဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်နေ၏။
“အဲဒါ ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
နတ်ဘုရားဟန်လင်းက မျက်မှောင်ကြုတ်၍ အလိုလို ရေရွတ်လိုက်၏။
“ဒီတောကောင်က ဓမ္မဝိသေသအဆင့်မှာပဲ ရှိနေသေးတယ်.. ဒါတောင် သူက စက္ခုနည်းစနစ်ချင်း ယှဉ်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေလိုက်တာလား”
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က ကြောင်တိကြောင်တောင် ဖြစ်နေ၏။
“အဲဒါက မီးပဒေသာနဂါးမျက်လုံးတော့ မဟုတ်လောက်ဘူးနော်”
ရွှေကျီးကန်း တတိယမင်းသားက ခက်ထန်စွာဖြင့် ပြောဆိုလိုက်၏။
“မီးပဒေသာနဂါးမျက်လုံးက အဲ့လောက်ထိ စွမ်းအားမကြီးနိုင်ဘူးလေ”
အတိအကျဆိုရင်လျှင် အစစ်အမှန် နဂါးခန္ဓာ ထုတ်ဖော်လိုက်သော စက္ခုနည်းစနစ်သည် တကယ်ပင် မီးပဒေသာနဂါးမျက်လုံး မဟုတ်ဘဲ အစစ်အမှန် မီးပဒေသာမျက်လုံး ဖြစ်၏။ အကြောင်းမှာ သူ၏ မျက်လုံးထဲတွင် ဖန်တီးခြင်းကြာပဒုမ္မာထက်ပင် ပို၍သက်တမ်းရင့်နိုင်သော လောက၏ အဆုံးစွန်ရတနာတစ်ခုဖြစ်သည့် မီးပဒေသာကျောက်တုံး ရှိနေသောကြောင့်ပင်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စက္ခုနည်းစနစ်သည် မီးပဒေသာနဂါးမျက်လုံးထက် တကယ်ပင် ပို၍သန်မာ၏။
သို့သော်လည်း မီးပဒေသာကျောက်တုံးနှင့် ပေါင်းစည်းထားပြီးနောက်.. မီးပဒေသာနဂါးမျက်လုံး၏ စွမ်းပကားက နှစ်ဆကျော်ဖြစ်လာခဲ့၏။
တစ်ဖက်လူသည် အဆင့်တူချင်းမှာရှိသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ တာအိုအရှင်တစ်ယောက်သာဆိုလျှင် သူ၏နဖူးထက်ရှိ မျက်လုံးသည် ထိုထိတွေ့ရိုက်ခတ်မှုဖြင့် တစ်ခါတည်း ကန်းသွားပေလိမ့်မည်။
သို့သော် ယခုအခါ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် နာကျင်မှုကို ခံစားရပြီး သူ၏ ကောင်းကင်ဘုံမျက်လုံးမှ သွေးစတချို့ ထွက်လာရုံမျှသာ ဖြစ်၏။ သူ၏ အခြေခံအုတ်မြစ်က ပျက်စီးထိခိုက်သွားခြင်း မရှိဘဲ အချိန်တစ်ခု ယူပြီးလျှင် သူက သေချာပေါက် သက်သာပျောက်ကင်းလာပေလိမ့်မည်။
သို့သော်လည်း အစစ်အမှန် နဂါးခန္ဓာက သူ့ကို ထိုအခွင့်အရေး ထပ်မံပေးတော့မည် မဟုတ်ပေ။
စက္ခုနည်းစနစ်ချင်း ထိတွေ့ရိုက်ခတ်ပြီးနောက်.. အစစ်အမှန် နဂါးခန္ဓာသည် မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ အေးစက်စက် အမူအရာတစ်ခုသာ ရှိနေ၏။ သူက ရှေ့သို့ တက်လှမ်းပြီး သူ၏ နဂါးလက်သည်းကို ဆန့်ထုတ်ကာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်၏။
“ဗျစ်..”
နဂါးလက်သည်းသည် ထက်ရှပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းကို ချက်ချင်းပင် ထိုးဖောက်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။
အစစ်အမှန် နဂါးခန္ဓာသည် ကမ္ဘာဦးမျိုးနွယ်မှ နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ထပ်မံသတ်ဖြတ်လိုက်လေပြီ။
“အကြီးအကဲ…”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် သက်ရှိများစွာသည် ဒေါသူပုန်ထသွားပြီး အံ့အားတသင့် အော်ခေါ်လိုက်ကြ၏။
ရွှစ်… ရွှစ်.. ရွှစ်..
ဓမ္မဝိသေသအဆင့်ဖြစ်စေ.. ပေါင်းစည်းခန္ဓာအဆင့်ဖြစ်စေ.. ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သက်ရှိများစွာသည် သူတို့၏ ကောင်းကင်ဘုံမျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပြီး ကြောက်စရာကောင်းသော စွမ်းအားများကို ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာစေ၏။
ချက်ချင်းပင် လောကက တုန်ခါသွားပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ဆင်းသက်လာခဲ့လေပြီ။
အစစ်အမှန် နဂါးခန္ဓာ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးထားခဲ့ပြီဖြစ်ပြီး သူက ထိုနေရာကနေ ထွက်ခွာသွားခဲ့လေပြီ။ ဖျတ်ခနဲဆို သူသည် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များ ရှိရာဘက်သို့ ပြေးဝင်သွားလေသည်။
ဝှစ်… ဝှစ်… ဝှစ်…
အနက်ရောင် အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ဆင်းသက်လာကြ၏။ သူတို့သည် အစစ်အမှန် နဂါးခန္ဓာကို ထိခတ်မိစေခြင်း မရှိဘဲ ထိုအစား အချိန်မီမရှောင်တိမ်းနိုင်သော စုန်းမျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်နှင့် သွေးနွယ်ပင်မျိုးနွယ်ဝင်များကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေ၏။
ယက္ခမျိုးနွယ်သည် သူတို့၏ သိပ်သည်းကျစ်လစ်သော ကိုယ်ကာယနှင့် သွေးချီအပေါ် မှီခိုကာ အနက်ရောင် အလင်းတန်းများကို ရှောင်ရှားနိုင်ခဲ့၏။
“မင်းတို့တွေ ရူးသွားကြပြီလား.. ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်.. မင်းတို့ရဲ့ မျက်လုံးတွေကို ပိတ်လိုက်ကြစမ်း”
ရွှေကျီးကန်း တတိယမင်းသားက အော်ဟစ်ငေါက်ငမ်းလိုက်၏။
စက္ခုနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီးသည်နှင့် အဲဒါကို ပြန်လည်ရုတ်သိမ်းနိုင်တော့မည် မဟုတ်ပေ။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ပညာရှင်များစွာသည် ထိုအချင်းအရာကို တွေ့မြင်နေရသည်ဆိုလျှင်တောင် သူတို့က အဲဒါကို မထိန်းချုပ်နိုင်တော့ပေ။
ထိုအဖြစ်အပျက်ပြီးနောက်… ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင် ၁၀၀ကျော် အုပ်စုသည် ဝရုန်းသုန်းကား ဖြစ်ကုန်ကြ၏။
တကယ်တော့.. အနက်ရောင် အလင်းတန်းများစွာသည် လူသားမျိုးနွယ် လူအုပ်ကြီးဆီသို့လည်း ဝင်ရောက်သွားခဲ့လေသည်။
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များပင်လျှင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ စက္ခုနည်းစနစ်များကို မခုခံနိုင်ဘူးဆိုမှတော့ လူသားကျင့်ကြံသူများအတွက် ပို၍ပင် အခြေအနေဆိုးဝါးလေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် ထိုစက္ခုနည်းစနစ်ဖြင့် နေရာမှာပင် သတ်ဖြတ်ခံလိုက်ကြရ၏။
အသွန်းတစ်ရာဂိုဏ်းနှင့် ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် နောက်သို့ ဆုတ်ခွာသွားခဲ့ကြပြီဖြစ်ပြီး သူတို့က ထိုအဖြစ်ဆိုးကနေ လွတ်မြောက်သွားကြ၏။
အခြားတစ်ဖက်မှာတော့… အစစ်အမှန် နဂါးခန္ဓာသည် ဝရုန်းသုန်းကားဖြစ်နေမှုကြားတွင် စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဘေးသို့ ရောက်ရှိသွား၏။ သူက သူ၏ နဂါးလက်သည်းကို ဆန့်ထုတ်ပြီး စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းကို ကုတ်ဆွဲချလိုက်၏။
“ကောင်စုတ်.. မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ အရိုးဖြူတောင်ဝှေးကို ဝှေ့ယမ်းပြီး အလွန်တရာ မကောင်းဆိုးဝါးဆန်သော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
တစ္ဆေသရဲဆန်ဆန် အစိမ်းရောင် လက်ဝါးတစ်ဖက်က သူ၏ အရိုးတောင်ဝှေးပေါ်မှာ လျင်မြန်စွာ ဖြစ်ပေါ်လာ၏။
“ဂါး…”
အစစ်အမှန် နဂါးခန္ဓာသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး အလွန်တရာ ကျယ်လောင်၍ ရှင်းလင်းသော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။
နဂါးဟိန်းဟောက်သံက နေရာတစ်ဝှမ်း ပဲ့တင်ထပ် မြည်ဟည်းသွား၏။
စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည် တဆတ်ဆတ် တုန်ယင်သွားပြီး သူ၏မျက်လုံးနှစ်ဖက်က ပြူးထွက်ကာ ချက်ချင်းပင် သွေးရောင်သန်းလာ၏။
နဂါးဟိန်းဟောက်သံသည် အစကတည်းက နဂါးမျိုးနွယ်၏ အသန်မာဆုံး သတ်ဖြတ်ခြင်း နည်းစနစ်ဖြစ်၏။
နဂါးဟိန်းဟောက်သံက မျိုးနွယ်စု အားလုံးကို တုန်လှုပ်သွားစေနိုင်၏။
အဲဒါက လူသားကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ဤအကွာအဝေး၌ သူတို့၏ ခန္ဓာကိုယ်က ထိုနဂါးဟိန်းဟောက်သံဖြင့် စုတ်ပြတ်သတ်သွားပေလိမ့်မည်။
စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်သည်လည်း အခြေအနေကောင်းလှသည် မဟုတ်ပေ။
သူ၏မျက်လုံးများက နီရဲလာပြီး သူ၏ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်နှင့် နားများတို့မှ သွေးများက စီးကျလာ၏။
အစကတည်းက စုန်းမျိုးနွယ်သည် မျိုးဆက်သွေးနှင့် ကိုယ်ကာယမှာ မထူးချွန်ကြပေ။
ဒါ့အပြင်.. သူ၏ လျှို့ဝှက်မန္တန် မပြီးဆုံးသေးခင်မှာပင် သူက နဂါးဟိန်းဟောက်သံဖြင့် ဟန့်တားနှောင့်ယှက်ခံရပြီး နေရာမှာပင် ကြောင်အ,ရပ်တန့်သွား၏။
အစစ်အမှန် နဂါးခန္ဓာကတော့ လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။ အေးစက်စက် အမူအရာနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသော နဂါးလက်သည်းက နဂါးဟိန်းဟောက်သံ မဆုံးသေးခင်မှာပင် ဆင်းသက်လာခဲ့ပြီဖြစ်ပြီး စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်ကို ဆုတ်ဖြဲပစ်လိုက်၏။
စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်က သေဆုံးသွားလေပြီ။
စုန်းမျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကဲ့သို့ ကမ္ဘာဦးမျိုးနွယ်များအတွက် သူတို့သည် သန်မာသော ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့ကို မပိုင်ဆိုင်ထားကြပေ။ အစစ်အမှန် နဂါးခန္ဓာက ဆင်းသက်ချဉ်းကပ်လာသည်နှင့် သူတို့က သေကြေပျက်သုဉ်းရပေတော့မည်။
အစစ်အမှန် နဂါးခန္ဓာသည် ဤနေရာသို့ ရောက်ရှိပြီးနောက်.. ဆက်တိုက်သတ်ဖြတ်မှုများကို ပြုလုပ်လာခဲ့လေပြီ။